Wednesday, June 26, 2013

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်(အပိုင်း၅-)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်(အပိုင်း၅-) (စာပြင်နိုင်သမျှ ပြီးသမျှတင်ပေးမယ်တွေးပါတယ်-မျိုးမြင့်ချို)
၅။ ကဲကီးဂါးဒ်(သို့မဟုတ်) ဖြစ်တည်မှု လမ်းထွင်သူ။
၁၈၄၃ ခုနှစ်၊ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်၏လမ်းမများပေါ်တွင်“တခုခု” (Either/Or) ဟူ၍ လူငယ်များဟစ်အော်လေ့ရှိသည်။ လှောင်ပြောင်သရော်ခြင်း သဘောဖြင့် အော်ကြခြင်းဖြစ်ပေသည်။ “တစ်ခုခု” ဟူသည် ဒိန်းမတ်ဒဿန စာရေးဆရာကြီး ဆိုရန်ကဲကီးဂါးဒ် ၁၈၄၃ ခုနှစ်က ရေးသားထုတ်ဝေခဲ့သော စာအုပ်အမည် ဖြစ်ပေသည်။
ထိုအချိန်က ကိုပင်ဟေဂင်သတင်းစာကြီးတစောင်ဖြစ်သော “တိုက်သင်္ဘော” (TheCorsair)တွင်လည်း ကဲကီးဂါးဒ်ကို အပြင်းအထန်ရှူတ်ချသရော်ထားသောဆောင်းပါးများ၊ စာတမ်းများ အဆက်မပြတ်ပါဝင်ခဲ့သည်။ ထို့ပြင် သူ့ကို ရည်ညွှန်း၍ လှောင်ပြောင်ထားသည့်ကာတွန်းများကိုလည်း ဆက်တိုက်ထည့်သွင်းဖော်ပြခဲ့သည်။ “ခါးကုန်းလွန်းလှ၍ ဦးခေါင်းမြေစိုက်ဖြစ်နေသည့် တရားသူကြီးဆိုသူ၏ပုံ၊ ခြေထောက်နှစ်ချောင်းစလုံးခွင်ပြီးသိမ်နေသော်လည်း ကြယ်တာရာတို့ကို တမေတ့မြော မော့ကြည့်နေသူ၏ပုံ၊ အဿထိုရ်သိန္ဓောမြင်းကောင်းကြီးစီးထားသည့် ပုံပန်းအချိုးမကျလှသည့်ဂျော်ကီ၏ပုံ၊ ပရမ်းပတာဖြစ်နေသည့် စကြဝဠာကြီးအလယ်တွင် ယိုင်တိယိုင်တိုင် လှုပ်လီလှုပ်လဲ့ဖြစ်နေသည့် မှုန်ဝါးဝါးလူရိပ်ပုံ” စသည်ဖြင့် ကာတွန်းပုံများဆွဲ၍ ကဲဂါးဒ်ကိုခွတီးခွကျလှသူ၊ အောက်ခြေလွတ်သွားသည့်သူ၊ အမှန်တရားကို ရှာရင်းအမှန်တရားပျောက်သွား လသည့်လူအဖြစ်သရော်ခဲ့ကြသည်။ ကဲကီးဂါးဒ်အကြောင်း ရယ်စရာဟာသဝတ္ထုများကိုလည်း လှိုင်လှိုင်ကြီးဖော်ပြခဲ့ပေသည်။ ကဲကီးဂါးဒ်ဘက်မှ မည်သူမျှမရပ်ခဲ့ပေ။ “ယုတ်မာရက်စက် အညှာတာကင်းမဲ့လှသည့်စာပေလုပ်ကြံမှုကြီး ဖြစ်ပါပေတယ်”ဟူ၍သာ ကဲကီးဂါးဒ်က တကိုယ်တော်တုန့်ပြန်ပြောဆိုခဲ့ပေသည်။
သို့ရာတွင်၁၈၅၅ ခု နှစ်တွင် ကဲကီးဂါးဒ်ကွယ်လွန်ပြီး ခြောက်ရက်အကြာတွင်မူ ယင်း တိုက်သင်္ဘောသတင်းစာ၏ အယ်ဒီတာဖြစ်သူ ဂိုးရှမစ်ဒ် (Goldschmidt) က ကဲကီးဂါးဒ်သည် ဒိန်းမတ်နိုင်ငံတော်၏ အထက်မြက် အကြီးကျယ်ဆုံးသော စာရေးဆရာ ကြီးဖြစ်ပေသည်ဟု ရေးသားဂုဏ်ပြုခေဲ့ပသည်။
လူ့သမိုင်းတလျှောက်တွင် လူသား၏ပုဂ္ဂလဘဝကိုရှူမြင်ခဲ့ကြသည့် စာရေးဆရာကြီးများ၊ တွေးခေါ်ပညာရှင်ကြီးများ အစဉ်အဆက် ရှိခဲ့ကြပါသည်။ သို့ရာတွင်အစဉ်အလာအရိုးစွဲလာခဲ့ကြသည့် ဘာသာရေးအစွဲများ၊ ထုံးဓလေ့အယူများ၊ အတွေးအမြင်ခံယူချက် များကို ပွင့်ပွင့်လင်းလင်းတင်ပြပြီး ရဲရဲတင်းတင်းဆန့်ကျင်ကာ လူသား၏ပုဂ္ဂလိကဘဝဖြစ်တည်မှုကို သတ္တိရှိရှိရှင်းရှင်း လင်းလင်းဖော်ထုတ်ပေးခဲ့သူ ကဲကီးဂါးဒ်ကဲ့သို့သောစာရေးဆရာမျိုး၊ တွေးခေါ်ရှင်မျိုးကမူ အတော်ပင်ရှားပါးလှပါသည်။
ဒဿနပညာအရ ကဲကီးဂါးဒ်သည် ဂျာမန်နာမ်ဝါဒီတွေးခေါ်ရှင်ကြီးဟေဂယ် (Hegel 1770­1831) ၏ ကြီးကျယ်ခမ်းနား ထည်ဝါလှသည့် ရုပ်လွန်တက္ကိကဒဿနစနစ်ကြီးကို အပြင်းအထန်ဆန့်ကျင်ခဲ့သူဖြစ်သည်။ ဟေဂယ်အလိုအရ အစစ်အမှန် တရားဟူသည် ရုပ်သဘောနှင့်ဘာမျှမဆိုင်။ နာမ်သဘောသက်သက်သာ ဖြစ်သည်။ ဤကမ္ဘာလောကကြီးဟူသည်မှာလည်း ယင်းအစစ်အမှန် နာမ်တရားကြီးဖြစ်သောအနန္တဝိဉာဉ်တော်ကြီး(Absolute Idea)ဝင်စားကိန်းဝပ်ပြီး တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက် လာရာ ဖြစ်စဉ်ကြီးဖြစ်သည်။ ယင်းဖြစ်စဉ်သည် လူသားတို့၏ထိန်းချုပ်နိုင်မှုနှင့် လုံးဝမသက်ဆိုင်ပေ။ လူသားတို့နှင့် လုံးဝကင်းလွတ်နေသည့် နိယာမတရားအတိုင်းဖြစ်ပေါ်တိုးတက်လျှက်ရှိသည်ဟု ဟေဂယ်က ယုံကြည်ပေသည်။
ဟေဂယ်ဆိုလိုသည်မှာ လူသားတို့သည် အနန္တဝိညာဉ်တော်တည်းဟူသော အစစ်အမှန်တရားကြီး၏ လက်အောက်ခံများ၊ ပြဌာန်းခံများသာဖြစ်ကြသည်။ ထို့ကြောင့် ယင်းအစစ်အမှန်တရားတို့၏တိုးတက်မှုဖြစ်စဉ်တွင် လူသား၏အခန်းကဏ္ဍသည် မည်သည့်နေရာကမျှ ပါဝင်ခြင်းမရှိပေ။ ကမ္ဘာလောကကြီး၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုများအတွက် လည်း လူသားသည် ဘာမျှဆောင်ကြဉ်းမပေးနိုင်၊ ပြုလုပ်မပေးနိုင်ဟု ဟေဂယ်က ပြောခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဤလောက၏အမွန်မြတ်ဆုံးတန်ဖိုးမှာယင်း အနန္တဝိဉာဉ်တော်ကြီး၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်အတွင်း၌သာ တည်ရှိသည်။ လူသားဟူသည်မှာ ဤဖြစ်စဉ်ကြီးဇွံ့ဖြိုးတိုးတက်ရေးအတွက် အဖြည့်ခံသက်သက်မျှသာ ဖြစ်သည်။ ဤလောကကြီးအတွင်း ဒြပ်မဲ့နာမ်အင်အားစုကြီး(ဝါ)အနန္တဝိဉာဉ်တော်ကြီးက ပြဌာန်းသတ်မှတ်ထားပြီးဖြစ်သော ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိရေးအတွက် နည်းလမ်းများ၊ အသုံးချခံများသာ ဖြစ်ပေသည်။ လူသားတို့ခံစားနေကြရသော ဒုက္ခဆင်းရဲခြင်းများ၊ သုခချမ်းသာခြင်းများတို့သည် ယင်းအနန္တဝိညာဉ်တော်ကြီး၏ဆုံးဖြတ်ချက် အလိုတော်အတိုင်းသာဖြစ်သည်။ အနန္တဝိဉာဉ်တော်အစစ်အမှန်တရားကြီးသည် နောက်ဆုံး အန္တိမပန်းတိုင်သို့အောင်အောင်မြင်မြင် ရောက်ရှိသွားသောအခါတွင် ဤကမ္ဘာလောကထဲရှိ ဆင်းရဲဒုက္ခဝေဒနာများ၊ အနိဌာရုံများသည် အားလုံးကင်းစင်ပပျောက်သွားပေလိမ့်မည်ဟု ဟေဂယ်က မိန့်ဆိုခဲ့လေသည်။
ဟေဂယ်၏ ရုပ်လွန်တက္ကိကဒဿနစနစ်ကြီးကို ကဲကီးဂါးဒ်သည် မည်သို့မျှသဘောမတွေ့နိုင်ခဲ့ပေ။ ဟေဂယ်၏အနန္တဝိဉာဉ်တော် ဟူသည် ပုဂ္ဂလိကသဘောလုံးဝမပါသည့် ယေဘုယျသဘောကြီးသာဖြစ်သည်။ ထို့ကြောင့် ယင်းအနန္တဝိညာဉ်တော်ကြီး မဏ္ဍိုင်တည်ရာဤလောကကြီးတွင် ပုဂ္ဂလလူသားတဦးချင်းစီအတွက် ဖြေသိမ့်ကျေနပ်စရာ ဘာတကွက်မှမရှိဟု ကဲကီးဂါးဒ်က ဆိုခဲ့ပေသည်။
လူပုဂ္ဂိုလ်တဦးတယောက်သည် မည်မျှပင်ငယ်ငယ်၊ မည်သို့ပင်သေးသေး၊ သူ၏ ပုဂ္ဂလခံစားမှုသည် သူ့ဘဝအတွက်မူ စကြဝဠာကြီးတမျှ ကြီးကျယ်နိုင်ပေသည်။ ထို့ပြင် မိမိခံစားချက်သည် အခြားသူများ၏ခံစားချက်လောက် အရေးမကြီး၊ အရေးမပါဟူ၍လည်း မည်သူမျှထင်မြင်ယူဆကြမည် မဟုတ်၊ လူပုဂ္ဂိုလ်တဦးတယောက်၏ ခံစားချက်ဝေဒနာကို မည်သည့်စံနှုန်းနှင့်မျှ တိုင်းတာဆုံးဖြတ်၍ရနိုင်မည် မဟုတ်၊ ထို့ကြောင့် ဤလောကတွင်အရေးအကြီးဆုံးမှာ လူသားတို့၏ ပုဂ္ဂလလူ့ဘဝဖြစ်သည်ဟု ကဲကီးဂါးဒ်က ခံယူခဲ့သည်။
လူသားတဦးစီ၏ ဘဝတာပြဿနာများ၊ ကိစ္စများကို အမှန်အတိုင်း ရှူမြင်ခံယူနိုင်စေရန် လမ်းညွှန်ဖြေရှင်းပေးရန်မှာ ဒဿနပညာ၏ အဓိကတာဝန်ဖြစ်သည်။ ဆင်ခြင်မှုသက်သက်အပေါ်တွင်အခြေပြုထားသည့် ဒဿနစနစ်ကြီးများကို တည်ဆောက်ရန် မဟုတ်။ ဟေဂယ်သည် အနန္တဝိဉာဉ်တော်ကြီးကိုဗဟိုပြု၍ စကြဝဠာကြီးတခုလုံးနှင့်ပတ်သတ်သောဒဿနစနစ်ကို တည်ဆောက်ခဲ့သော်လည်း လူပုဂ္ဂိုလ်တဦးချင်းစီ၏ဘဝအကြောင်းကိုမူကား လုံးဝမဖော်ပြမရှင်းလင်းခဲ့ပေ။ ထို့ကြောင့် ဟေဂယ်၏ဒဿနစနစ်ကြီးသည် ဘာမျှတန်ဖိုးမရှိဟု ကဲကီးဂါးဒ်က ဝေဖန်သည်။
“ဆင်ခြင်ခြင်းသက်သက်၏ လမ်းညွှန်မျှုအောက်တွင်နေထိုင်ရခြင်းမှာ ကလောင်ထိပ်ဖျားသာသာရှိသည့် လမ်းညွှန်မြေပုံကလေးကို အားကိုးအားထားပြု၍ ဒိန်းမတ်နိုင်ငံအတွင်း ခရီးထွက်ရခြင်းနှင့်တူလှပါသည်”ဟု ကဲကီးဂါးဒ်က ဟေဂယ်တို့အားကိုးခဲ့သည့် ဆင်ခြင်ခြင်းသဘောကို ရှူတ်ချခဲ့ပေသည်။
ကဲကီးဂါးဒ်အနေဖြင့် ရှေးဂရိဒဿနဆရာကြီးဆိုကရေးတီးကိုမူ အထူးလေးစားခဲသ့ည်။ “ဆိုကရေးတီး၏ မိမိကိုယ်ကို မိမိ သိမြင်နားလည်ပါ” (know thyself) ဟူသောဆောင်ပုဒ်ကို အလွန်ပင်နှစ်ခြိုက်သဘောကျခဲ့သည်။ ထိုဆောင်ပုဒ်အတိုင်း ဒဿနတွေးခေါ်ခေါ် မြော်မြင်ခြင်း၏အဓိကရည်မှန်းချက်မှာ မိမိဘဝကို မိမိ မှန်မှန်ကန်ကန် သိမြင်နားလည်ရန်ဖြစ်သည်။ ကိုယ်နှင့်အနီးကပ်ဆုံးဖြစ်သော ကိုယ့်ဘဝကို ကိုယ်နားမလည်သေးဘဲ ကိုယ်နှင့် အလွန် အလှမ်းဝေးလှသည့်စကြဝဠာကြီးကို အမိဖမ်းပြီး ဆင်ခြင်နေခြင်းသည် ဘာမျှအဓိပ္ပါယ်မရှိဟု ကဲကီးဂါးဒ်က ယူဆပေသည်။
လူ့ဘဝဟူသည် အလွန်ပင်နက်ရှိုင်းကျယ်ပြောလှပေသည်။ ကြီးကျယ်လေးနက်လှပေသည်။ ထို့ကြောင့် လူ့ဘဝအကြောင်းကိုချဉ်းကပ်ရာတွင် အတွေးအခေါ်စနစ်ကြီးများ တက္ကိကပုံစံကြီးနှင့်မရနိုင်။ လူသားတဦးချင်းစီ၏ဖြစ်တည်မှုဘဝ (ဝါ) လူ့ဘဝကို ဒဿနစနစ်တခုအတွင်း ဘောင်ခတ်လေလ့ာ၍မရနိုင်ဟူ၍လည်း ခံယူခဲ့ပေသည်။
ထို့ပြင် ကဲကီးဂါးဒ်သည်ယေဘုယျသဘောကိုရှေ့တန်းတင်ပြီး ပုဂ္ဂလသဘောကိုသေးသိမ်စေခဲ့သည့် ဟေဂယ်၏အယူအဆ တရပ်ကိုလည်း အကြီးအကျယ်ဆန့်ကျင်ခဲ့သည်။ ဟေဂယ်အလိုအရ အနန္တဝိဉာဉ်တော်ကြီးဝင်စားနေသောစကြဝဠာကြီးတွင် ကြီးကျယ်ခမ်းနားလှသည့် မဟာအစီအမံရည်မှန်းချက်ကြီးတရပ်ရှိပေသည်။ ယင်းသည် လူသားတဦးချင်းစီ၏ရည်မှန်းချက်ကို မဆိုထားနှင့် လူသားတရပ်လုံး၏ရည်မှန်းချက်အားလုံးထက်ပင် ပို၍အရေးကြီး၏။ ပို၍လည်း အခြေခံကြလှ၏။ ထို့ကြောင့် လူသားတို့သည် မိမိကိစ္စ၊၊ မိမိရည်မှန်းချက်ကိုဘေးချိတ်ပြီး စကြဝဠာကြီး (ဝါ) အနန္တဝိဉာဉ်တော်ကြီး၏အန္တိအစီအမံ ရည်မှန်းချက်ကြီးအတွက် ကြိုးပမ်းအားထုတ် ထမ်းဆောင်ပေးကြရမည်ဟု ဆိုပေသည်။
ကဲကီးဂါးဒ်ကမူ “ဟေဂယ်၏အယူအဆ အဆိုပြုချက်ကိုလက်ခံလိုက်ပါက လူသားတို့အတွက်မည်သည့် အလားအလာမျှရှိတော့မည် မဟုတ်ပေ။ ဟေဂယ်၏ အနန္တဝိဉာဉ်တော်ကြီးမှသာ အလားအလာများဖြင့်ပြည့်လျှံသွားပေတော့မည်။ ဤသို့ဖြစ်သွားပါက လူသားတို့အတွက် မည်သည့်အကျိုးကျေးဇူးမျှ ရှိလာမည် မဟုတ်ပေ။ အကျိုးယုတ်ရန်သာ ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့သည် အနန္တဝိညာဉ်တော်၏လက်အောက်ခံ၊ ပြဌာန်းခံအစေအပါးဖြစ်သွားပြီး လူသားဂုဏ်သိက္ခာပျောက်ကွယ် သွားတော့မည့်အတွက်ဖြစ်သည်။ “လူသားတို့၏ ထူးခြားထင်ရှားလှသည့် ဖြစ်တည်မှုဘဝ” သည် ဘယ်တော့မျှ ခေါင်းထောင်ပေါ်ထွန်းနိုင်တော့မည်မဟုတ်သည့်အတွက်ကြောင့် ဖြစ်သည်” ဟု မြင်သိခဲ့ပေသည်။
ကဲကီးဂါးဒ်အလိုအရမူ လူသားတွင် မွန်မြတ်လှသည့် ဖြစ်နိုင်စရာအလားအလာ များစွာရှိသည်။ ယင်းအလားအလာများထဲမှ မိမိစိတ်ကြိုက်ရွေးချယ်လုပ်ဆောင်ရမည့် လူ့တာဝန်ရှိပေသည်။ ဤနေရာတွင် ကဲကီးဂါးဒ်သည် ဒဿနပညာရပ်ဆိုင်ရာ ဝေါဟာရနှစ်လုံးကို သုံးစွဲခဲ့သည်။ ယင်းတို့မှာ နှစ်ခုစလုံး (Both/And) နှင့် တခုခု (Either/Or) တို့ ဖြစ်ပါသည်။ နှစ်ခုစလုံးဟူသည် ဆိုးရွားလှသည့်ဘဝ (ဝါ) ငရဲဘုံကိုဦးတည်သောလမ်း ဖြစ်သည်။ တခုခုကမူ မွန်မြတ်သန့်စင်လှသည့် နိဗ္ဗာန်ဘုံအတွက်လမ်းပြဖြစ်သည်ဟု ကဲကီးဂါးဒ်က ဖွင့်ဆိုပါသည်။
ကဲကီးဂါးဒ်ပြောချင်သည်မှာ ဤသို့ဖြစ်သည်။
လူပီသသောဘဝ (ဝါ) စစ်မှန်စွာဖြစ်တည်နေသည့်ဘဝသို့ ဦးတည်လျှောက်လှမ်းသူတဦးသည် သူ့ဘဝတလျှောက်တွင် ရွေးချယ်စရာများကို ပြတ်ပြတ်သားသား ဆက်တိုက်ရွေးချယ်ပြီးပြုမူ ဆောင်ရွက်ရပေမည်။ “ဒါမှမ ဟုတ်ရင်ဒါ” ဆိုပြီးတခုခုကို အခိုင်အမာဆုံးဖြတ်ချက်ချကာ ဆောင်ရွက်ရမည်ဖြစ်သည်။ ဤသို့ပိုင်ပိုင် နိုင်နိုင်ဆုံးဖြတ်ဆောင်ရွက်လိုက်ခြင်းသည် တစုံတဦး၏ထိန်းချုပ်ပြဌာန်းချက်ကိုမခံယူဘဲ မိမိဘဝကို မိမိဘာသာ တည်ဆောက်လိုက်ခြင်း ဖြစ်ပေသည်။ ဤသို့ တခုမဟုတ်တခု ဟူသောလမ်းကို ရွေးချယ်လိုက်သူသည် လူ့ဘဝ၏လွတ်လပ်မှု အရသာကိုခံစားနိုင်သူ ဖြစ်သည်။ သို့ရာတွင် ကိုယ်လမ်းကို ကိုယ်ကိုယ်တိုင်ရွေးချယ်လိုက်ရသည့်အတွက် ဖြစ်ပေါ်လာသမျှ အပေါ်တွင် ကိုယ့်မှာတာဝန်ရှိလာပေတော့သည်။ ဤသို့တာဝန်ရှိလာသည့်အတွက်လည်း စိုးရိမ်ပူပန်သောကများ ရှိလာရစမြဲဖြစ်သည်။ လူပီသသောလူ (ဝါ) စစ်မှန်စွာဖြစ်တည်နေသည့်လူသည် ရင်ဆိုင်ရမည့်စိုးရိမ်ပူပန်သောကများကို မကြောက်ရွံ့မတုန်လှုပ်ဘဲ ကိုယ့်တာဝန်ကိုယ်ယူနိုင်သူ ဖြစ်သည်။ မည်သူ့အဆုံးအဖြတ်ကိုမျှမခံဘဲ ကိုယ့်လမ်းကိုယ်ရွေးပြီး လှုပ်ရှားပြုမူဆောင်ရွက်နိုင်စွမ်းရှိသူ ဖြစ်ပေသည်။
ဤသို့ မိမိလျှောက်မည့်လမ်းကို ပြတ်ပြတ်သားသားမရွေးချယ်နိုင်ဘဲ ဟိုဟာပဲလုပ်ရတော့မလို ဖြစ်နေသည့် နှစ်ခုစလုံးသမားသည် လူမမည်ကာမတ္တလူသာ ဖြစ်ပေတော့သည်။ လူကျင့်လူကြံ မကျင့်ကြံနိုင်ဘဲ လူအဖြစ်မှဈာန်လျှောကျသွားကာ လူဖြစ်ရှူံးသည့်ဘဝသို့ ဆိုက်ရောက်သွားမည်သာဖြစ်သည်ဟု ကဲကီးဂါးဒ်က ဆိုခဲ့ပေသည်။
ကဲကီးဂါးဒ်အတွက် “နှစ်ခုစလုံး” အယူဝါဒသည် ကလိမ်ခြုံဝါဒ၊  အတုအယောင်ဝါဒဖြစ်သည်။ ကဲကီးဂါးဒ်က“လူသားတဦးဟာ တချိန်တည်းမှာ ခရစ်ယာန်တဦးအဖြစ်နဲ့လည်း နေမယ်။ သာမန်လောကီလူသားတဦးလိုလည်းနေမယ်ဆိုတာ မဖြစ်နိုင်ဘူး။ အဖြစ်တခုခု၊ ဘဝတရပ်ရပ်ကိုတော့ ပြတ်ပြတ်သားသား ရွေးချယ်ရမယ်။ ထာဝရဘုရားရဲ့လမ်းစဉ်ကိုလည်း လိုက်နာမယ်၊ လောကီလူ့ဘဝမှာလည်း ကာမဂုဏ်အာရုံတွေနဲ့ပျော်မွေ့နေမယ်ဆိုပြီး “နှစ်ခုစလုံး”လမ်းကို လျှောက်လို့မရဘူး။ ခရစ်ယာန်စစ်စစ်လည်း ဖြစ်ချင်တယ်။ ငွေကြေးချမ်းသာ ကြွယ်ဝအောင်လည်းရှာဖွေချင်တယ်ဆိုပြီး “နှစ်ခုစလုံး” တပြိုင်တည်းလုပ်လို့ မရနိုင်ဘူး။ ယေရှူခရစ်တော်ကိုလည်း ကြည်ညိုတယ်၊ အာဏာပါဝါတွေကိုလည်းမက်မောတယ်ဆိုတာ “နှစ်ခုစလုံး”တချိန်တည်းမဖြစ်နိုင်ဘူး။  “နှစ်ခုစလုံး”ကို တပြိုင်တည်းရွေးလို့မရဘူး။ တခုမဟုတ်တခု (ဝါ) တခုခုကိုသာ ပြတ်ပြတ်သားသား ရွေးချယ်လုပ်ဆောင်ရမယ်။ နှစ်ခုစလုံးကိုရွေးပြီး နှစ်ခုစလုံးအယူဝါဒကို လက်ကိုင်ထားနေကြတဲ့ခရစ်ယာန်တွေဟာ အတုအယောင်ဘာသာရေးသမားတွေသာဖြစ်တယ်။ စစ်မှန်တဲ့ခရစ်ယာန်ဘဝမှ သွေဖည်နေတဲ့အယူအမှားနေကြသူတွေသာ ဖြစ်တယ်။ စစ်မှန်တဲ့ခရစ်ယာန်တဦးဖြစ်ဖို့ဆိုရင် ‘တခုခု’ လမ်းကိုရွေးရမယ်။ ထာဝရဘုရားရဲ့လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ရမယ်။ ဒါမှ အမှန်တရား သစ္စာတရားကို မျက်မှောက်ပြုနိုင်မယ်” ဟု ကဲကီးဂါးဒ်က ပြောကြားလေသည်။
ကဲကီးဂါးဒ်က သစ္စာတရားဟူသည် စာပေအယူဝါဒများကို ဖတ်ရှူလေ့လာပြီးနောက် ရရှိလာသည့်အရာမဟုတ်။ အဟုတ်တကယ်ရှိနေသည့်အဖြစ်တခု (ဝါ)ဘဝတခုသာဖြစ်သည်။ အသိဉာဏ်ပိုင်းဆိုင်ရာ အယူဝါဒကျမ်းဂန်များကို ဒိုးလိုမွှေပြီး သင်ကြားတတ်မြောက်သော်လည်း ခရစ်ယာန်ဘာသာတရား၏သစ္စာတရားကို မျက်မှောက်ပြုနိုင်မည် မဟုတ်ပေ။ ယေရှူသခင် နေထိုင်ကျင့်ကြံသွားသကဲ့သို့ စစ်စစ်မှန်မှန် စိုက်လိုက်မတ်တတ် ယုံယုံကြည်ကြည် လိုက်နာကျင့်ကြံမှုဖြင့်သာ သစ္စာတရားကိုချဉ်းကပ်နိုင်မည်။ မိမိသာ သစ္စာတရားနှင့်ထပ်တူဖြစ်လာမည်ဟု ဆိုခဲ့ပေသည်။ တနည်းအားဖြင့်ဆိုသော် သစ္စာတရား၏ဒြပ်မဲ့သီအိုရီသဘောတရားများမှတဆင့် မချဉ်းကပ်နိုင်။ တကယ့်လက်တွေ့ဘဝနှင့်ထပ်တူကျင့်ကြံနိုင်မှသာ ရရှိနိုင်မည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။
ဤသို့ဖြင့် ကဲကီးဂါးဒ်သည် အစဉ်အလာအနောက်တိုင်းဒဿနအယူဝါဒများကို ဆန့်ကျင်ကာ လမ်းခွဲထွက်ခဲ့သည်။  သစ္စာတရားနှင့်အစစ်အမှန်တရားဟူသည် ယေဘုယျသဘော(Universal)၊ ဓမ္မဓိဌာန်(Objective)မဟုတ်။ သီးခြားသဘော ပုဂ္ဂလဓိဌာန်သဘော(Subjective)သာဖြစ်သည်။ ထို့ပြင် သစ္စာတရားသည် ယုတ္တိဗေဒနှင့်သင်္ချာဆင်ခြင်ခြင်းတို့၏ကိစ္စမဟုတ်။ လူသား၏ ပုဂ္ဂလလူ့ဘဝကိစ္စသာဖြစ်သည်။ သို့ဖြစ်၍ ယုတ္တိဗေဒနှင့်သင်္ချာဆင်ခြင်ခြင်းတို့ကိုအခြေပြု၍ ယေဘုယျ ဓမ္မဓိဌာန်သဘောတို့ကိုရှာဖွေနေသည့်သိပ္ပံပညာသည် ပုဂ္ဂလလူ့ဘဝ၏သစ္စာတရားကို မည်သို့မျှမဖော်ထုတ်နိုင်ဟု ကဲကီးဂါးဒ်ကမိန့်ဆိုခဲ့ပေသည်။
ကဲကီးဂါးဒ်၏ ဒဿနအယူအဆများသည် သူ့ခေတ်အခါက အလွန်ပင် သြဇာကြီးခဲ့သောဟေဂယ်၏ဒဿနနှင့် ထိပ်တိုက်ဆန့်ကျင်နေသည်ကို တွေ့ရပေသည်။ ဟေဂယ်အနေဖြင့် သစ္စာတရားဟူသည် သူ၏ ဒဿနစနစ်ကြီးအတွင်း တခုနှင့်တခု စနစ်တကျဆီလျှော်ကိုက်ညီနေမှုရှိနေခြင်းကို ဆိုလိုပေသည်။ သူ၏ အနန္တဝိဉာဉ်တော်ဟူသော အစစ်အမှန်အရှိတရားနှင့် ဆီလျှော်ကိုက်ညီမှုရှိမှာသာ အမှန်တရားဖြစ်နိုင်ပေသည်။ သစ္စာတရားဖြစ်နိုင်သည်။ ဆီလျှော်ကိုက်ညီမှုမရှိသည့်အရာမှန်သမျှသည် သစ္စာတရားမဖြစ်နိုင်ဟု ဆိုပေသည်။ တနည်းအားဖြင့် သူ၏ ယေဘုယျသဘောကြီးတခုလုံးအတွင်း အံဝင်ခွင်ကျဖြစ်နေမှသာ သစ္စာတရားဖြစ်နိုင်မည်ဟုဆိုလိုခြင်းဖြစ်ပေသည်။
ကဲကီးဂါးဒ်ကမူ ဟေဂယ်၏အယူအဆကို ပြောင်းပြန်လှန်ပစ်လိုက်လေသည်။ သူက လူဟူသည် ယေဘုယျသဘောကြီး တရပ်၏ပြဌာန်းခံအစိတ်အပိုင်း တခုမဟုတ်။ မမိမိဘာသာမိမိ စစ်မှန်စွာတည်ရှိနေသော ဝိသေသသဘောသာ ဖြစ်သည်။ ပုဂ္ဂလဓိဌာန်သဘောသာ ဖြစ်သည်။ လူပုဂ္ဂိုလ်တဦးချင်းစီသည် ယေဘုယျသဘောအားလုံးထက် မြင့်မြတ်ပေသည်။ အဘယ်ေ့ကြာင့်ဆိုသာ် လူပုဂ္ဂိုလ်တဦးချင်းစီ အမှန်တကယ် စစ်မှန်စွာဖြစ်တည်နေသကဲ့သို့ ယင်းယေဘုယျသဘောတရားတို့သည် စစ်မှန်စွာဖြစ်တည်မှုမရှိသောကြောင့်ဖြစ်ပေသည်။ အမှန်စင်စစ် လူသားတဦးစီကိုယ်တိုင်သည် အမှန်တရား (ဝါ) သစ္စာတရားတခုလုံးပင် ဖြစ်သည်။ လူပုဂ္ဂိုလ်တဦးချင်းစီသည် သစ္စာတရားနှင့်ထပ်တူထပ်မျှ ဖြစ်လာနိုင်သည်ဟု ကဲကီးဂါးဒ်က ဆိုခဲ့ပေသည်။
အနောက်တိုင်းဒဿနသမိုင်းတလျှောက်လုံးတွင် အစဉ်အလာအားဖြင့် ဒဿနတွေးခေါ်ပညာရှင်ကြီးများသည် ဝိသေသဖြစ်ရပ်များနှင့် ပုဂ္ဂလိကလူသားတို့ထက် ယေဘုယျသဘောတရားများ၊ အနှစ်သာရ(Essences)များကိုသာ အလေးပေးခဲ့ကြပေသည်။ ဆင်ခြင်ခြင်း၊ စိတ်ကူးယဉ် (Idea) စသည့် ဒြပ်မဲ့သဘော (Concrete) များကို ဒြပ်ရှိသဘောဆောင်နေသည့် အသွေးအသွားနှင့်ဖြစ်တည်နေသော လူ (ဝါ) လက်တွေ့မျက်တွေ့လူသားဘဝ (Flesh­and­blood human being) ထက် ပိုပြီးအရေးထားခဲ့ကြပေသည်။
ပြင်သစ်တွေးခေါ်ရှင်ကြီး ဒေကား (Descartes 1596­1650) က “ကျွန်ုပ်စဉ်းစားသည်၊ ထို့ကြောင့် ကျွန်ုပ်ရှိသည်” (I Think, therefore I am) ဟူ၍ ပြောခဲ့သေည်။ ကျွန်ုပ်တည်းဟူသော လူသားဖြစ်တည်ရီနေရခြင်းမှာ ကျွနုပ်စဉ်းစားခြင်းကြောင့် ဖြစ်သည်ဟုဆိုကာ လူသား၏တည်ရှိမှုသည် လူသား၏စဉ်းစားမှုအပေါ်မှီနကြောင်း ပြောခဲ့ပေသည်။ တနည်းအားဖြင့် စဉ်းစားခြင်းကို ရှေ့တန်းပို့ခဲ့ပေသည်။ ထိုနည်းတူ ဟေဂယ်ကလည်း “အစစ်အမှန်တရားဟူသည် ဆင်ခြင်နည်းကျခြင်း”(What is real is rational)ဟုဆိုခဲ့ပေသည်။ ဆင်ခြင်ခြင်းနှင့် အစစ်အမှန်တရားကို ထပ်တူပြုခဲ့ခြင်း ဖြစ်သည်။ လူ၏ဖြစ်တည်မှုကို မှေးမှန်စေခဲ့သောအယူအဆဖြစ်ပေသည်။ ဤသို့ဒြပ်ရှိသဘောတို့ကိုဘေးချိတ်ပြီး ဒြပ်မဲ့သဘောတို့ကို ကိုးကွယ်ခဲ့ကြသည့်တွေးခေါ်ရှင်ကြီးများကို ကဲကီးဂါးဒ်က ဤသို့သရော်ခဲ့သသည်။
“ဒြပ်မဲသ့ဘောများကိုဦးစားပေးလွန်းသူတဦးသည် လက်တွေ့ဘဝအရှိတရားများနှင့် အလွန်ကင်းကွာသွားပေသည်။ သူသည် လူ့ဘဝ၏ ဒြပ်ရှိ အရှိတရားတို့အပေါ် အမေ့မေ့အလျော့လျော့ဖြစ်လာပြီး မိမိ၏လူ့ဘဝဖြစ်တည်မှုကိုပင် သတိမမူနိုင်၊ မသိရှိနိုင်ဖြစ်ခဲ့သည်။ နောက်ဆုံးသာယာလှသောတနံနက်ခင်း အိပ်ယာမှနိုးအထတွင် မိမိဘဝသည် သေဆုံးသွားပြီဖြစ်ကြောင်း၊ မိမိဘဝဖြစ်တည်မှုသည် အချည်းနှီးအဓိပ္ပါယ်မဲ့ဖြစ်နေပြီဖြစ်ကြောင်းကို အထိတ်အလန့်တွေ့လိုက် ရလေတော့သည်” ယေဘုယျဒြပ်မဲ့သဘောကိုဦးစားပေးခဲ့ကြသည့် တွေးခေါ်ရှင်များသည် ကိုယ့်ဘဝကိုယ် မေ့နေကြသူများသာဖြစ်သည်ဟု ကဲကီးဂါးဒ်က ဆိုခဲ့ခြင်းဖြစ်ပေသည်။
မည်သို့ဆိုစေ အနောက်တိုင်းဒဿနသမိုင်းတလျှောက်တွင် တွေးခေါ်ရှင်အများစုသည် လူ့ဘဝဖြစ်တည်မှုထက် “အနှစ်သာရ ဒြပ်မဲ့တရားများကို ရှေ့တန်းတင်ဦးစားပေးကြကာ အနှစ်သာရသည် ဖြစ်တည်မှုထက် ရှေ့ကျ၏ (ဝါ) ပဓာနကျ၏” (Essence Precedes Existence) ဟုဆိုခဲ့ကြပါသည်။ သို့ရာတွင် လူ့ဘဝဖြစ်တည်မှုကိုဦးစားပေးခဲ့ကြသော ကဲကီးဂါးဒ်နှင့် ဖြစ်တည်မှုဝါဒီတို့ကမူ အထက်ပါအဆိုအမိန့်ကို ပြောင်းပြန်လှန်ပစ်ခဲ့ကြပေသည်။ သူတို့က“ဖြစ်တည်မှုသည်အနှစ်သာရထက် ရှေ့ကျ၏ (ဝါ) ပဓာနကျ၏” (Existence precedes Essence) ဟု ကြွေးကြော်ကြပါသည်။
ဤအဆို နှစ်ရပ်သည် ဖြစ်တည်မှုဝါဒနှင့် အခြားဒဿနဝါဒများအကြားခြားနားချက်ကို မီးမောင်းထိုးပြထားပေသည်။ ထို့ကြောင့် ယင်းတို့၏ဆိုလိုရင်း အဓိပ္ပါယ်ကိုကွဲကွဲပြားပြားနားလည်ရန် အရေးကြီးလှသေည်။ ရုတ်တရက်ဆိုပါလျှင် “ဖြစ်တည်မှုကို ရှေ့ကဦးဆောင်ထားသည့်အနှစ်သာရ” နှင့် “အနှစ်သာရကို ရှေ့ကဦးဆောင်ထားသောဇြစ်တည်မှု” ဟူသည် နားရှူပ်ထွေးစရာလို ဖြစ်နေပါသည်။ သို့ရာတွင် အသေအချာစဉ်းစားကြည့်ပါက အတန်ပင်ကွဲပြားခြားနားလှသည်ကို တွေ့ရပေမည်။ ထို့ပြင် ယင်း စကားရပ်တို့၏ နောက်ကွယ်မှ အတွေးအခေါ်အယူအဆသည် အလွန်ပင်အရေးပါလှပေသည်။ နှစ်ဆယ်ရာစု ဒဿနအတွေးအခေါ်ကို အလှည့်အပြောင်းဖြစ်စေခဲ့သောအယူအဆဟုလည်း ဆိုနိုင်ပေသည်။ ဤသို့ အရေးကြီးလှသည့်အယူအဆအတွက် ပြည့်စုံရှင်းလင်းလှသည့် အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ပြင်သစ် ဖြစ်တည်မှုဝါဒီ ယန်းပေါဆာ့တ်က ထွန်းညှိပြခဲ့ပေသည်။

0 comments:

Post a Comment