Friday, June 14, 2013

လစ်ဘရယ်ဝါဒအကြောင်းဆွေးနွေးချက် အပိုင်း(၁)(ကိုဝတုတ်)

0 comments
တခါက နိုင်ငံရေးအတွေးအမြင်တွေကိုစိတ်ဝင်စားသူတွေနဲ့ လစ်ဘရယ်ဝါဒ အကြောင်းဆွေးနွေးဖို့ စ ကြည့်ဖူးတယ်။ ဆွေးနွေးမယ့်ပုံစံက လစ်ဘရယ်ဝါဒနဲ့ဆိုင်တဲ့ academic article တွေကို ဆွေးနွေးမယ့်လူတွေအားလုံး ဖတ်ကြည့်ပြီး မေး ကြ၊ မြန်းကြ၊ ဖြေကြ၊ ငြင်းကြ လုပ်ကြည့်ဖို့ပဲ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ပြီးအောင်မလုပ်ဖြစ်လိုက်ဘူး။ လုပ်ဖို့ဖွဲ့ထားတဲ့ facebook group လည်း အခုတော့ defunct ဖြစ်သွားပြီ။ ဒါပေမယ့် အဲဒီတုန်းက ပြောခဲ့တဲ့အကြောင်းအရာတချို့ကို စာဖတ်သူတွေစိတ်ဝင်စားနိုင်စရာရှိတယ်လို့ယုံတဲ့အတွက် အဲဒီတုန်းက မှတ်တမ်းတင်ပြီးကျန်ခဲ့သလောက်ကို အခု စာတတန်ပေတတန်ရေးချလိုက်တယ်။ အဲဒီတုန်းက Oxford တက္ကသိုလ်က လက်ရှိ နိုင်ငံရေးနဲ့လူမှုရေးသီအိုရီဆိုင်ရာ Chichele ပါမောက္ခ Jeremy Waldron ရဲ့ ဆုရအက်ဆေးကိုဖတ်ကြည့်ကြတယ်။ အက်ဆေးနံမယ်က Theoretical Foundations of Liberalism တဲ့။ ခုဆောင်းပါးမှာ ဒီအက်ဆေးကိုအခြေခံပြီး လစ်ဘရယ်ဝါဒ ဘာဆိုတာကို လေ့လာကြည့်ထားတယ်။
ပထမဆုံး လစ်ဘရယ်ဝါဒဆိုတာကို တိတိကျကျအဓိပ္ပါယ်ဖွင့်ဆိုနိုင်ဖို့ခက်တာကို အသိအမှတ်ပြုထားရမယ်။ လစ်ဘရယ်လို့ ကိုယ့်ဟာကိုယ်ခံယူထားသူအားလုံး တသမတ်ထဲသဘောတူတဲ့မူ principles တွေမရှိဘူး။ တနည်းအားဖြင့် လစ်ဘရယ်ဝါဒဆိုတာ ဒါပဲဟေ့ဆိုပြီး လက်ဆုပ်လက်ကိုင်ပြဖို့မဖြစ်နိုင်ဘူး။ lack of common characteristics ဒီလိုဖြစ်ရတာကလည်း ကနေ့အချိန်မှာ လစ်ဘရယ်လို့ တညီတညာသတ်မှတ်ထားကြတဲ့ဖီလော်ဆော်ဖာတွေက လစ်ဘရယ်ဝါဒထူထောင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူတို့စာတွေကိုရေးခဲ့ကြတာမဟုတ်ဘူး။ political theories in the West have not been developed self-consciously under any ideological rubric or classification (Waldron: 127) Hobbes, Locke, Rousseau တို့ အဓိကရေးခဲ့တာက ကနေ့ ကျနော်တို့ theory of representation ခေါ်တဲ့ ကိုယ်စားပြုမှုသီအိုရီတွေကို formulate လုပ်ခဲ့ကြတာဖြစ်တယ်။ သူတို့အရေး အသားတွေထဲမှာ အစိုးရက ပုဂ္ဂလလူသားကို ဘယ်လောက်ထိလွတ်လပ်ခွင့်ပေးသင့်လဲဆိုတဲ့အကြောင်းအရာတွေက အဓိက ပါနေတယ်။ ဒီကနေ ကနေ့ခေတ်မှာ လစ်ဘရယ်လို့ခံယူကြသူတွေက လွတ်လပ်ခွင့်နဲ့ဆိုင်တဲ့အကြောင်းအရာတွေကို သူတို့ စာတွေကနေထုတ်ယူဖွင့်ဆိုရင်း လစ်ဘရယ်ဝါဒဆိုပြီးထွက်လာတာလို့ အကြမ်းပြောလို့ရနိုင်တယ်။
နောက်တခါ လစ်ဘရယ်ဆိုတာကိုနားလည်ပုံခြင်းက အမေရိကားနဲ့ဥရောပလည်းတူချင်မှတူမယ်။ ဥပမာ အမေရိကားမှာ ကွန်ဆားဗတစ်ရဲ့ဆန့်ကျင်ဘက်က လစ်ဘရယ်လို့အလွယ်မှတ်ကြပေမယ့် အင်ဂလန်မှာတော့ လစ်ဘရယ်ဒီမိုကရက်ကို ကွန်ဆားဗတစ်နဲ့လေဘာကြားမှာထားတတ်ကြတယ်။ ကိစ္စရပ်တခုချင်းဆီမှာ လစ်ဘရယ်တွေ၊ ကွန်ဆားဗတစ်တွေ ဘယ်လို ရပ်တည်သလဲဆိုတာလေ့လာကြည့်ရင် သူတို့ရဲ့နိုင်ငံရေးရပ်တည်ချက်ကို မှန်းလို့တော့ရနိုင်မယ်။ ဥပမာ ကိုယ်ဝန်ဖျက်ချခွင့်နဲ့ လိင်တူလက်ထပ်ခွင့်ကိစ္စတွေကိုကြည့်ရင် လစ်ဘရယ်တွေနဲ့ကွန်ဆားဗတစ်တွေ ရပ်တည်ချက်ကပြတ်သားတယ်။ လစ်ဘရယ်တွေက ဒီကိစ္စရပ်တွေကိုထောက်ခံတယ်။ လစ်ဘရယ်တွေက လွတ်လွတ်လပ်လပ်လုပ်ခွင့်ကိုအားပေးတယ်လို့ ထင်စရာရှိပေမယ့် အကန့်အသတ်မထားတဲ့လွတ်လပ်ခွင့်မျိုး unfettered liberty or unrestricted freedom မျိုးက ကွန်ဆားဗတစ်ထောက်ခံသူတွေကြား ပိုတောင်ရေပန်းစားတတ်တယ်။ ဥပမာ ကွန်ဆားဗတစ်ကို ထောက်ခံသူတွေအဖြစ် သိထားကြတဲ့ မကြာသေးခင်ကအနားယူသွားတဲ့ အမေရိကန်ဗဟိုဘဏ်ဥက္ကဌအာလန်ဂရင်းစပန် Alan Greenspanနဲ့၊ စာရေးဆရာမ Ayn Rand တို့ရဲ့ရပ်တည်ပုံက ကွန်ဆားဗတစ်(ဤနေရာတွင်-လစ်ဘရယ်-ဖြစ်ရမည်ဟုမှတ်ထင်၏) တွေနဲ့တောင် ပိုနီးစပ်မယ်။ Ayn Rand ဆိုရင် လစ်ဘရယ်ဆန့်ကျင်သူလို့တောင်သိကြတယ်။
လစ်ဘရယ်ဝါဒရဲ့ဝိသေသလက္ခဏာတွေနဲ့ပတ်သက်ပြီး လစ်ဘရယ်တွေကြားထဲမှာတောင် တယောက်နဲ့တယောက် အတိအကျ သဘောမတူကြဘူး။ အဲဒီအခါ လစ်ဘရယ်ဝါဒနဲ့ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ဖို့ဆိုတာ ပိုတောင်ခက်သေးတယ်။ [စကားမစပ် အဲ့သလိုအဓိပ္ပါယ်ဖွင့်ဆိုဖို့ သဘောတူညီမှုမရသေးတဲ့ concepts တွေကို contested concepts လို့ခေါ်ကြတယ်။ နောက်ပိုင်း နိုင်ငံရေးဖီလော်ဆော်ဖီစာအုပ်တွေမှာ ဒီ contested concepts တွေကို မကြာခဏတွေ့ရပါလိမ့်မယ်။ အခု လူပြောများနေတဲ့ ethnicity ဆိုတာဟာလည်း contested concept တခုပဲ] ပြောခဲ့သလို လစ်ဘရယ်ဝါဒကို အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ဖို့ခက်တယ်၊ လစ်ဘရယ်ဝါဒနဲ့သာဆိုင်တဲ့ core elements ဆိုပေမယ့်လည်း ရှုဒေါင့်တခုကနေ ကြည့်ကြည့်မယ်ဆိုရင် လစ်ဘရယ်ဝါဒနဲ့ဆိုရှယ်လစ်ဝါဒကြား၊ လစ်ဘရယ်နဲ့ကွန်ဆားဗတစ်ကြား မတူညီတာတွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်စရာရှိတယ်။ နောက်တခါ ကိုယ့်ကိုကိုယ်လစ်ဘရယ်လို့ သတ်မှတ်နေသူတွေအားလုံးဆီမှာ ဘုံအဖြစ်ပါနေတတ်တာတွေ commonalities ကို ကွဲကွဲပြားပြားမြင်နိုင်စရာရှိတယ်။ Jeremy Waldron တင်ပြထားတဲ့အဲဒီရှုဒေါင့်ကို အခုဆောင်းပါးမှာ အဓိကလေ့လာကြည့်သွားမယ်။ လစ်ဘရယ်တွေနဲ့ပတ်သက်ပြီး သူအဓိပ္ပါယ်ကောက်ပုံက ဒီလို။
Briefly, I shall argue that liberals are committed to a conception of freedom and of respect for the capacities and the agency of individual men and women, and that these commitments generate a requirement that all aspects of the social should either be made acceptable or be capable of being made acceptable to every last individual. (Waldron: 128)
သူဖွင့်ဆိုချက်အရ လစ်ဘရယ်လို့ခေါ်နိုင်ဖို့ဆိုရင် liberty နဲ့ဆိုင်တဲ့ conception တခုခုကို လက်ကိုလက်ခံရမယ်။ [ရှေ့မဆက်ခင် ရှင်းထားသင့်တယ်လို့ ကျနော်ယူဆတာတခုကို ပြောချင်တယ်။ အဲဒါကတော့ concept နဲ့ conceptions ဘာကွာလဲဆိုတဲ့ အမေးပဲ။ concept တခုကို တယောက်နဲ့တယောက် အဓိပ္ပါယ်သတ်မှတ်ဖွင့်ဆိုပုံမတူတဲ့အခါ အမျိုးမျိုးသောဖွင့်ဆိုပုံတွေကို အဲဒိconcept ရဲ့ conceptions တွေလို့ ခေါ်တယ်။ ဥပမာ နိုင်ငံရေးဖီလော်ဆော်ဖီ၊ နိုင်ငံရေးသိပ္ပံမှာတွေ့ရတတ်တဲ့ concept တွေကပြောခဲ့တဲ့ liberty, equality, democracy, justice, power စသဖြင့် ရှိမယ်။ ဒါပေမယ့် ဒီ concept တခုချင်းစီမှာ ဖွင့်ဆိုပုံ ပြားနိုင်ပြီး ဒီအမျိုးမျိုးသော ဖွင့်ဆိုပုံတွေကိုတော့ conceptions လို့ခေါ်တယ်။ Concept ဆိုတာ general structure ဆိုရင် conception က particular specification ပေါ့။ ဒီလောက်ဆို ရှင်းမယ်ထင် ပါတယ်။]

လစ်ဘရယ်ဝါဒနဲ့ libertarianism
နောက်တခါ ရှေ့မဆက်ခင် libearalism နဲ့ တခါတလေ ကွဲပုံမရတဲ့ libertarianism ဆိုတဲ့ဝါဒတခုရှိတာကို နည်းနည်းလောက် တို့ထားချင်တယ်။ လစ်ဘရယ်ဝါဒတို့၊ libertarianism တို့ဆိုတာ ပြောခဲ့သလို တိတိကျကျအဓိပ္ပါယ်ဖွင့်ဆိုဖို့တော့ မလွယ်ဘူး။ ဒီအယူအဆတွေကို ဖော်နည်းကားလုပ်သူတွေကိုနမူနာပေးပြီး သူတို့အရေးအသားတွေကို နှိုင်းယှဉ်လေ့လာကြည့်ပြီး ဘာကွာသလဲဆိုတာဆန်းစစ်ကြည့်မယ်ဆိုရင် ခုမေးခွန်းရဲ့အဖြေကိုရနိုင်မယ်လို့ ကျနော်ယူဆတယ်။ ယေဘုယျအားဖြင့် ထင်ရှားတဲ့ contemporary philosophers တွေထဲမှာ လစ်ဘရယ်ဝါဒကို ကိုယ်စားပြုနိုင်သူအဖြစ် Rawls တို့၊ Ronald Dworkin တို့ကို သတ်မှတ်ကြပီး libertarian ကိုယ်စားလှယ်အဖြစ် Robert Nozick ကို ပြလေ့ရှိတယ်။ (တခုပြောစရာရှိတာက libertarian တွေမှာ လက်ဝဲ libertarian ရှိသလို (ဆိုရှယ်လစ် libertarian လို့လည်းခေါ်ကြတယ်။ ဥပမာ Michael Otsuka ရဲ့ Libertarianism without Inequalities ကိုကြည့်။) လက်ယာ libertarian လည်း ရှိတယ်ဆိုတာသတိပြုထားသင့်တယ်။ ရောဘတ်နောဇစ်က right-wing libertarian။) နောက်ပိုင်းမှာ ကျနော်တို့ သူတို့နှစ်ယောက်လုံးရဲ့ မူရင်းစာအုပ်တွေကိုဖတ်တဲ့အခါ လစ်ဘရယ်နဲ့ libertarian ကွာခြားချက်ကို ပိုပီးသဘောပေါက်လာစရာရှိတယ်။
လစ်ဘရယ်နဲ့ libertarians ကြားမှာကွာတာတွေအပြင် တူတာတွေလည်းရှိတယ်။ နှစ်ခုစလုံးမှာ liberty, individual freedom “ပုဂ္ဂလလွတ်လပ်ခွင့်” ကအရေးကြီးဆုံး value အဖြစ်ပါနေတယ်။ နှစ်ခုစလုံးက လစ်ဘာတီကို တခြား values တွေ (ဥပမာ equality ညီမျှမှုနဲ့ utility အသုံးတည့်မှု၊ အကျိုးရှိမှု) ထက် ပိုတန်ဖိုးထားတယ်။ နောက် ‘ဆင်တဲ့’ အချက်တခုက နှစ်ခုစလုံးက လူမှာ မွေးရာပါအခွင့်အရေး natural rights ရှိတယ်ဆိုတဲ့အချက်ကို သိပ်စောဒက မတက်ကြဘူး။ အတိအကျတော့ မတူဘူး။ ဒါပေမယ့် utilitarian တွေနဲ့နှိုင်းယှဉ်ကြည့်ရင် သူတို့နှစ်ခုကြားတူညီမှုကို ပိုသတိပြုမိလိမ့်မယ်။ utilitirian တွေနဲ့ libertarian တွေ၊ လစ်ဘရယ်တွေ အဓိကမတူတဲ့အချက်တချက်က လူမှာမွေးရာပါအခွင့်အရေး natural rights ရှိတယ်ဆိုတဲ့အချက်ကို utilitarian တွေက လက်မခံဘူး။ ရှည်မှာစိုးလို့ ဒီလောက်ပဲ အတိုချုံ့ပါရစေ။
မတူတဲ့ထဲမှာတော့ အဓိကအချက် နှစ်ချက်ကို ပြောချင်တယ်။ decisive ဖြစ်တဲ့အချက်က လစ်ဘာတေးရီးယန်းတွေက လူမှာ မွေးရာပါအခွင့်အရေးရှိတယ်လို့ယုံတဲ့အပြင် ဒီအခွင့်အရေးကို လူ့ရဲ့ကိုယ်ပိုင်ပစ္စည်းအဖြစ် သဘောထားတယ်။ (Robert Nozick, Anarchy, p. 150) ဖီလော်ဆော်ဖီမှာတော့ ဒါကို self-ownership principle ဆိုပီးသိကြတယ်။ လူဟာ ကိုယ့်ကိုယ်ကို ကိုယ်ပိုင်တယ်၊ ကိုယ့်ဆန္ဒမပါဘဲ ဘယ်သူ့ကိုမှ ကိုယ့်ခန္ဓာကိုယ်နဲ့ ဒီခန္ဓာကိုယ်ကိုရင်းပီးရလာတဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ဘယ်သူ့ကိုမှ လွှဲပြောင်းဖို့ဝတ္တရားမရှိဘူးလို့ဆိုတယ်။ ဥပမာ ကိုယ်ဝန်ဖျက်ချခွင့်ရှိသင့်တယ်ဆိုပီးတောင်းဆိုတဲ့အခါမှာ မိန်းမတယောက်ဟာ သူ့ခန္ဓာကိုယ်ကို သူပိုင်သမို့ သူကြိုက်သလိုအသုံးချခွင့်ရှိသင့်တယ်ဆိုတဲ့ self-ownership principle ကို premise အဖြစ်ယူပြီး တောင်းဆိုကြတာဖြစ်တယ်။ (အသေးစိတ်သိချင်ရင် Judith Jarvis Thomson, In Defence of Abortion ဆောင်းပါးကိုဖတ်ကြည့်ပါ။) နောက် ဆက်စပ်နေတဲ့ဥပမာကတော့ Euthenasia မိမိကိုယ်မိမိ အဆုံးစီရင်ပိုင်ခွင့်ပေါ့။ ကိုယ့်ကိုယ်ပိုင်ပစ္စည်းကို ဘယ်သူကမှတောင်းခံပိုင်ခွင့်မရှိဘူးဆိုတော့ a fortiriori အစိုးရကလည်း တောင်းခံပိုင်ခွင့် မရှိတော့ဘူး။ ဒါ့ကြောင့် လစ်ဘာတေးရီးယန်းတွေက အများအတွက်(မရှိတဲ့လူတွေအကျိုးရှိစေဖို့)အခွန်ကောက်တာကို မတရားတဲ့လုပ်ရပ်၊ သူတို့အသား ပဲ့ပါသွားတဲ့လုပ်ရပ်အဖြစ် သဘောထားတယ်။ တဘက်မှာ လစ်ဘရယ်တွေကတော့ self-ownership principle ကို လက်မခံဘူး။ လစ်ဘရယ်တွေက လူဟာ ကိုယ့်ကိုယ်ကို အပြည့်အဝမပိုင်ဘူး။ တခြားလူတွေကလည်း ကိုယ့်န္ဓာနဲ့ ဒီခန္ဓာကို အရင်းပြုပီးရလာတဲ့လုပ်အား၊ အသီးအပွင့်စတာကို တောင်းခံခွင့်ရှိတယ်လို့ယူဆတယ်။ တနည်းအားဖြင့် ကိုယ်တယောက်ထဲ ကွက်ကွက်လေးထက် တခြားလူတွေရဲ့လိုအပ်ချက်ကိုပါ ထည့်စဉ်းစားရမယ်ဆိုတဲ့အချက်က လစ်ဘရယ်တယောက်အတွက် အဓိကလိုအပ်ချက်ပဲ။ အခု Waldron ရဲ့ဆောင်းပါးမှာ ဒီအချက်ကိုသတိပြုမိကြမယ်။ လူ့အဖွဲ့အစည်းကိုပုံစံချတဲ့အခါ ဒီအဖွဲ့အစည်းထဲနေထိုင်သူအားလုံး လက်ခံနိုင်စွမ်းရှိတဲ့ပုံစံမျိုးချရမယ်လို့ လစ်ဘရယ်တွေကယူဆတယ်။ သူတို့ဘာ့ကြောင့် ဒီလိုတောင်းဆိုရသလဲဆိုတာ ဒီဆောင်းပါးအပြီးမှာရှင်းသွားမယ်လို့ယူဆပါတယ်။
ဒီကနေ အရေးကြီးတဲ့နောက်ကွာခြားချက်တခုကို ဆက်သွားလို့ရပြီ။ အဲဒါက အစိုးရကို ဘယ်လိုသဘောထားမလဲ။ အစိုးရကို necessary evil အဖြစ် တချို့ ဖော်ပြလေ့ရှိတာကို သတိပြုမိကြမယ်။ ဒါပေမယ့် libertarian တွေက ဒီထက်ပိုတယ်။ သူတို့လိုချင်တဲ့အစိုးရက တကယ့် minimal government ပဲလိုချင်တယ်။ တချို့ libertarian တွေဆို အစိုးရဆိုတာ unnecessary evil လို့တောင်ပြောကြတယ်။ Robert Nozick စကားကိုငှားပြောရရင် အစိုးရဆိုတာ ညစောင့် night-watchman သာသာပဲတဲ့။ လူတယောက်နဲ့တယောက် သူ့ပစ္စည်းကိုယ့်ပစ္စည်း အလဲအလှယ်လုပ်တဲ့အခါ ပြသနာမပေါ်အောင် ကြားဝင်ကြပ်မတ်ပေးဖို့တာဝန်ပဲ အစိုးရဆီမှာရှိတယ်။ ချမ်းသာသူဆီကအခွန်ကောက်ပီး ဆင်းရဲသူဆီကိုပြန်ဖြန့်ပေးတဲ့အလုပ်မျိုးလုပ်ဖို့ တာဝန်မရှိဘူးလို့ဆိုတယ်။ အစိုးရဝင်မရှုပ်လေ ကောင်းလေပဲလို့ Libertarian တွေက သဘောထားတယ်။ တဘက်မှာ လစ်ဘရယ်တွေကတော့ လူ့အဖွဲ့အစည်းဆိုတာ အားလုံးအတွက်မို့ ပုဂ္ဂလလွတ်လပ်မှု libertyအပြင် အားလုံးအကျိုးရှိမယ့် တခြား social goods တွေကို တတ်နိုင်သမျှ မျှဝေပေးဖို့ အစိုးရမှာတာဝန်ရှိတယ်လို့သဘောထားတယ်။ အပေါ်မှာပြောခဲ့သလို များသောအားဖြင့် libertarian တွေက လင်္ကျာစွန်းတွေနဲ့ပို "ကီး"ကိုက်ပေမယ့် ဆိုရှယ်လစ် libertarian လို့ ကိုယ့်ကိုကိုယ်ခေါ်သူတွေရှိတာကိုလည်း သတိပြုသင့်တယ်။ ဒီကနေဆက်ပီး အတွေးဆန့်ကြည့်မယ်ဆိုရင်..ဆိုပါစို့ ပြည့်တန်ဆာအလုပ်ကို တရားဝင်ခွင့်ပြုသင့် လား၊ ဆေးခြောက် လွတ်လွတ်လပ်လပ်ရောင်းဝယ်ဖောက်ကားခွင့် ပြုသင့်လား စတဲ့မေးခွန်းတွေမှာ libertarian နဲ့ လစ်ဘရယ်တွေ ဘယ်လိုသဘောထားမျိုးတွေရှိမလဲဆိုတာ ဆက်လေ့လာကြည့်လို့ရနိုင်မယ် ထင်ပါတယ်။


0 comments:

Post a Comment