Saturday, June 8, 2013

သူပုန်ကြီးလို့ဖြစ်တာမဟုတ်တဲ့အစိုးရ မျိုးမြင့်ချို-ဇွန် ၈၊ ၂၀၁၃

0 comments
ဦး(ဗိုလ်)သိန်းစိန်က ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ”ပြန်လာကြပါ ပြန်လာကြပါ”ဆိုပြီး တစာစာခေါ်နေတာကြာပြီ။ ဘယ်နိုင်ငံသားတွေလို့တော့ တိတိကျကျမပြောဘူး။ ပြန်လာခဲ့လို့ပဲ ပြောတာ။ ဒါပေမယ့် ဟိုလူတယောက်ကတော့ ”လူတိုင်းမဟုတ်ဘူ၊ ပိုက်ဆံရှိတဲ့လူနဲ့ လူတော်တွေကိုပဲပြောတာ”လို့ဆိုတယ်။ ပိုက်ဆံရှိတဲ့သူကတော့ ထားပါတော့။ သူ့အထုပ်ကြီးရင်ကြီးသလောက် ပေါက်ရောက်ပြီး ဂွင်လည်းလှတာကိုး။ ”လူတော်”ဆိုတာက ဘာလဲမသိဘူး။ ဗိုလ်နေဝင်းခေတ်တုန်းကတော့ ခိုင်းကောင်းမယ့်ကောင်” လူကောင်း”ပဲ။ ခုတော်ကတော့ရော ဘယ်နေရာမှာ ဘယ်လိုတော်မှ”လူတော်”ဖြစ်သလဲမသိဘူး။ ခိုင်းဖို့သင့်တော်မယ့်ကောင် ”လူတော်”ဆိုရင်တော့ ”သေပြီဆရာ”ပဲ။ နောက်တချက်က ဒီခေတ်မှာ ”မသူတော်”နဲ့”လူတော်”ကို ဘာနဲ့ခွဲမလဲဆိုတဲ့ စံသတ်မှတ်ချက်ကလည်း ထွေးနေတယ်။ အခု ဦးသိန်းစိန်ပြန်လာစေ့ချင်/မစေ့ချင်မသေချာတဲ့လူတွေ တအုပ်တမကြီးပြန်လာစရာအကြောင်းနဲ့ လမ်းစမြင်နေရပြီ။ အဲ့ဒါကတော့ ပြည်တွင်းနေ ဘာသာရေးလူမျိုးရေး အကြမ်းဖက်သမားတွေကြောင့် ပြည်ပနိုင်ငံတွေမှာ အောက်ခြေသိမ်းအလုပ်တွေကို ကုန်းရုန်းလုပ်နေကြရတဲ့မြန်မာပြည်သားတွေထဲကတချို့ ပြန်လာကြမှာပဲ။ အဲ့လူတွေက လူတော်တွေဟုတ်/မဟုတ်ဘယ်သူပြောနိုင်မလဲ။ ရှိစုမဲ့စုလေးတွေပေါင်နှံရောင်းချပြီး သူများနိုင်ငံက သူများတွေမလုပ်ချင်တဲ့အလုပ်တွေကိုအောင့်အီးလုပ်ပြီး ပြည်တွင်းကမိသားစုကိုလည်းထောက်ပံ့ တိုင်းပြည်ကိုလည်းအခွန်ထမ်းရင်း တပင်တပမ်းဘဝအမောတွေနဲ့လူတွေပဲ။ သူတို့လည်း နိုင်ငံသားပဲ။ သူတွေပြန်လာကြရင် ဗိုလ်သိန်းစိန်အစိုးရကဘာလုပ်ပေးမလဲ။ သူတို့တင်မကဘူး သူတို့လုပ်စာကိုမှီခိုစားသောက်နေရတဲ့ ပါးစပ်ပေါက်တွေလည်း သန်းကို ဆယ်နဲ့ချီနေတာ။ ပြဿနာကိုသေးသေးလို့ ဖေါ့တွက်လျှော့တွက်ရင်မှားမယ်။ အမျိုး ဘာသာ သာသနာဆိုပြီးကြွေးကြော်နေကြတဲ့အကြမ်းဖက်ဝါဒီတွေကရော ဝံသာနုရက္ခိတတရားနဲ့ အဲ့ဒီပြန်လာမယ့်သူတွေကို ဘယ်လိုစောင့်ရှောက်မှာလဲ။ ပြည်တွင်းမှာ အတတ်ပညာ၊ ရင်းအနှီး၊ အဆက်အသွယ်၊ အဝန်းအဝိုင်းစတာတွေမရှိရင် စားဝတ်နေရေးအတွက် အလွယ်ဆုံးရှာလို့ရမယ့်အလုပ်က ယောင်္ကျားလေးတွေအတွက် ”တပ်ထဲဝင်” နဲ့ ”သင်္ကန်းစီး”။ (တကယ့်ယုံကြည်နှစ်လိုလို့ ”ဝင်သူ စီးသူ”ရှိတာမှန်ပေတဲ့ ဘယ်နှခိုင်နှုန်းဆိုတာ သေချာပေါက်ပြောဖို့ခက်တဲ့ကိစ္စ) မိန်းကလေးတွေကျတော့(ပြောရရင် မကြားဝံမနာသာ ဖြစ်မှာမို့)မပြောချင်ပါ။ အကြမ်းဖက်ဂိုဏ်းဖေါင်းဆောင်တွေနဲ့ နဲ့ဗိုလ်မင်းအောင်လှိုင်တို့ကတော့ လူသစ်စုဆောင်းရေးလုပ်ဖို့ ခြေလှမ်းပြင်နေလောက်ပြီ။ ဆိုတော့ စစ်ထဲမဝင်နိုင်တဲ့လူတွေကြတော့ ဘာလုပ်မလဲ။ လူဟာ လူပဲ၊ သူတော်စင်မဟုတ်ဘူး။ ငတ်ပြီး ငုတ်တုတ်တော့အသေမခံဘူး။ ခိုးရဲသူ ခိုးမှာပဲ။ လုရဲသူ လုမှာပဲ။ ဓါးမြတိုက်ရဲသူ တိုက်မှာပဲ။ သူပုန်ထဝံ့သူ ထမှာပဲ။ သူပုန်ထပြီး အာဏာလုကြခြင်းရဲ့ အရင်းခံက ငတ်မှု မွဲတေမှု ဆင်းရဲမှုပဲ။ အဲ့ဒါအားလုံးကိုအရင်းအကျဆုံး နည်းနဲ့ဖြေရှင်းတာဟာ လူ့အတန်းအစားအလိုက် ဖိနှိပ်မှုကိုတွန်းလှန်တာပဲ။ တော်လှန်တာပဲ။ အဲ့ဒါ အာဏာလုတာပဲ။  အဲ့သလို အာဏာတက်လုတဲ့အထိတော့ အစိုးရကအဖြစ်ခံမယ်မဟုတ်ဘူး။ ဖြစ်/မဖြစ်လည်း ယတိပြတ်မပြောနိုင်သေးဘူး။ အာဏာလုမယ့်သူ မပေါ်ခင်မှာပဲ သူ့လက်ထဲကအာဏာ သူပြန်သိမ်းမှာပဲ။ ဒါလည်း ထူးထူးဆန်းဆန်းကိစ္စတော့ မဟုတ်ဘူး။ လုပ်နေကြပဲ။ လက်ရှိအစိုးရကိုယ်တိုင်ကလည်း တိုင်းပြည်ရဲ့သယံဇာတတွေနဲ့ လူထုရဲ့ချွေးနှဲစာတွေကိုလုယက်ပြီးကြီးပွားနေတဲ့ လက်ဝါးကြီးအုပ်စစ်အရှင်းစနစ်ပဲ။ သူနဲ့အလိုတူခရိုနီတွေကိုသာ တိုက်ရာပါပစ္စည်းတချို့ ဝေစုခွဲပေးထားတာကလွဲ့လို့ ပြည်ချစ်စိတ်ရှိတဲ့အမျိုးသားဓနရှင်တွေကို ဘယ်လောက်မှမျက်နှာသာပေးတာ မတွေ့ရဘူး။ စစ်အာဏာရှင်နဲ့ခရိုနီဆိုတာ ”ဓါးမြနဲ့တိုက်ရာပါပစ္စည်းထုခွဲပေးသူ”ပဲ။ ဒီ့ထက်မပိုဘူး။ ဒီနေရာမှာ ရှေးလူကြီးတဲ့ပြောတဲ့စကား သွေးထွက်အောင်မှန်တယ်။ သူခိုးကြီးတော့ ဓါးမြ။ ဓါးမြကြီးတော့ သူပုန်။ သူပုန်ကြီးတော့ အစိုးရ...တဲ့။ တခုပဲ ဒီအစိုးရအတွက်ခြွင်းချက်ရှိတယ်။ ဘာလဲဆိုတော့ မတရားအုပ်ချုပ်နေတဲ့ ”မင်းကို၊ ဘုရင်ကို” ပုန်ကန်ပြီးကြီးလာလို့ ဖြစ်တဲ့ ”အစိုးရ”မဟုတ်တာပဲ။ ”လူထုကိုပုန်ကန်ပြီး ကြီးတဲ့အစိုးရဆိုတာဟာ မင်းကိုပုန်ကန်ပြီးကြီးတဲ့အစိုးရထက် ပိုဆိုးကြောင်း” အကျယ်ဝိတ္တာချဲ့ပြောနေစရာတောင် မလိုဘူး။ သေချာတာကတော့ တိုင်းတပါးမှာ ခွန်အားနဲ့ချွေးနဲ့ရင်းပြီးရုန်းနေကြရသူတွေဟာ ဘဝအတွက်၊ အသက်အတွက်၊ နေထိုင်မှုအတွက်၊ ဘဝလုံခြံမှုအတွက် ဟိုနိုင်ငံတွေမှာဘာအာမခံချက်မှမရှိတော့လို့ ပြည်တော်ပြန်လာပြီဆိုရင် မြွေပူရာကင်းမှောင့် ဗူးလေးရာဖရုံဆင့်ဖြစ်ရမှာက တိုင်းပြည်ပဲ။ ပြည်သူတွေပဲ။ စစ်တပ်မဟုတ်ဘူး၊ အကြမ်းဖက်ဝါဒီတွေမဟုတ်ဘူး။ ဖန်တီးထားပြီးသား ရှိရင်းစွဲပြဿနာတွေနဲ့ပေါင်းပြီး ခေါင်းမီးတောက်ကြရမှာက လူထုပဲ၊ တိုင်းပြည်ပဲ။ ဒါ့ကြောင့် ပြည်တွင်းနေအကြမ်းဖက်ဝါဒီတွေကို ပြည်တွင်းကနေဆန့်ကျင်ကြဖို့လိုသလို ပြည်ပနေအကြမ်းဖက်ဝါဒီတွေကိုလည်း ပြည်ပမှာနေကြသူတွေ ဝိုင်းဝန်းဖော်ထုတ်ဆန့်ကျင်ကြဖို့ပဲလို့မြင်တယ်။ အနည်းဆုံးလုပ်နိုင်တာက ဘာသာ/လူမျိုးအကြမ်းဖက်သမားနဲ့ပတ်သက်လို့ ခိုင်လုံတဲ့အထောက်အထားနဲ့ သိသာမြင်သာတဲ့လှုပ်ရှားမှုတွေတွေ့တိုင်း (မိမိနေထိုင်ရာ)သက်ဆိုင်ရာတိုင်းပြည်တွေက ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်းကလူတွေဆီ သတင်းပို့ကြဖို့ပါပဲ။ သူတို့ကို ရန်ပြန်လိုတာ၊ ရန်ကိုရန်နဲ့တုန့်ပြန်တာမလုပ်မိဖို့ပဲ။ ဗမာပြည်နဲ့ယှဉ်ရင် တခြားပြည်တွေမှာ ”တရားဥပဒေစိုးမိုးပြီး ဘက်လိုက်မှု”နည်းကြတာချည်းပါပဲ။ (မျိုးမြင့်ချို)


0 comments:

Post a Comment