http://www.amnh.org/our-research/anthropology |
အဲဒီဒေသကို ဇိုးမီးယား Zomia လို့ နာမည်ပေးကြည့်ရအောင်။ အဲဒီနာမည်ကို ကျွန်တော်ပေးတာ မဟုတ်ဘူး။ ပါမောက္ခ Leach ဆီက ငှားသုံးထားတာပါ။ အဲဒီ ဇိုးမီးယားဒေသဟာ နိုင်ငံ (၈)နိုင်ငံရဲ့ နယ်စပ်ဒေသအဖြစ်နဲ့တည်ရှိပါတယ်။ ခင်ဗျားတို့သတိထားမိကြမလားတော့ မသိဘူး။ ဇိုးမီးယားရဲ့သဘောက နယ်နိမိတ်အပိုင်းအခြားတွေ (boundary)တွေကို ဂရုမစိုက်ပါဘူး။ (၁၉) ရာစုနှစ်အထိ အဲဒီ နယ်နိမိတ် (boundary)တွေ မရှိကြသေးပါဘူး။ အဲဒီမှာနေတဲ့တောင်ပေါ်သားတွေကလည်း ဒီနယ်နိမိတ် (boundary)တွေကို ဂရုမစိုက်ပါဘူး။ အဲဒီတော့ ဒီတောင်ပေါ်သားတွေလိုပဲ ကျွန်တော်တို့ နယ်နိမိတ်တွေကို ခဏလောက်မေ့ထားလိုက်ကြရအောင်။
ဒီ ဇိုးမီးယားရဲ့သဘောတရားဟာ ရှင်းပါတယ်။ ဒါပေမယ့် တခြားတဘက်မှာ အငြင်းပွားစရာတွေလည်း ရှိနေပြန်တယ်။ ဇိုးမီးယားဟာ ကမ္ဘာပေါ်မှာ အစိုးရတွေရဲ့အုပ်ချုပ်ရေးသိပ်မရောက်သေးတဲ့ အကြီးဆုံးနေရာ(၁)ခု ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့နေ့ရက်တွေဟာ မကြာခင်ကုန်ဆုံးတော့မှာပါ။ လွန်ခဲ့တဲ့ နှစ်(၁၅ဝဝ)လောက်ကိုပြန်ကြည့်ရင် ကမ္ဘာပေါ်မှာရှိတဲ့လူများစုကြီးဟာ ဒီလိုပဲ အုပ်ချုပ်သူမရှိဘဲနေခဲ့ကြတာကို တွေ့ရပါလိမ့်မယ်။ အခုအချိန်အထိ ယိုးဒယားနဲ့ဗီယက်နမ်မြေပြန့်သားတွေ ဟာ အဲဒီတောင်ပေါ်သားတွေကို သူတို့ရဲ့သက်ရှိထင်ရှားရှိနေသေးတဲ့ ဘိုးဘေးဘီဘင်တွေအဖြစ်မြင်ကြပါ တယ်။ တောင်ပေါ်ဒေသကိုသွားတာဟာ ကိုယ့်လူမျိုးတွေ အတိတ်ကဘယ်လိုနေခဲ့ကြတယ်ဆိုတာကို သွားပြီးလေ့လာတာနဲ့ပုံစံတူပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီလိုမမြင်ပါဘူး။ အဲဒီလူတွေဟာ အဲဒီတောင်ပေါ်မှာ အမြဲတမ်းနေလာကြတဲ့လူတွေမဟုတ်ကြပါဘူး။ ပိုပြီး တိတိကျကျပြောရရင် သူတို့ကို မြေပြန့်လွင်ပြင်တွေကနေ ထွက်ပြေးသွားကြတဲ့လူတွေအဖြစ် မြင်ပါတယ်။
ဒီတော့ ကျွန်တော်မေးချင်တာက သူတို့ဘာလို့ ဒီလိုထွက်ပြေးကြတာလဲ။
တကယ်တော့ သူတို့ဟာ မြေပြန့်ကအုပ်ချုပ်သူတွေကိုကြောက်လို့ထွက်ပြေးကြရတာပါ။ သူတို့ထွက်ပြေးရတဲ့အကြောင်းရင်း (၃)ခုရှိတယ်။
၁။ စစ်မတိုက်ချင်လို့
၂။ စစ်ကနေ ထွက်ပြေးချင်လို့၊ ပြီးတော့
၃။ အုပ်ချုပ်သူတွေအတွက် အလုပ်မလုပ်ပေးချင်လို့ဆိုတဲ့ အကြောင်းတွေပဲဖြစ်ပါတယ်။
များသောအားဖြင့် သူတို့ဟာ ဟန်ဗဟိုအစိုးရကနေ ထွက်ပြေးကြတယ်။ သူတို့ရဲ့ဘဝနေပုံထိုင်ပုံတွေ ဘာထူးခြားမှုရှိသလဲဆိုတော့ သူတို့ဟာ လိုအပ်ချက်အရမဟုတ်ဘဲ သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဒီလိုနေဖို့ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။
ပထမဆုံးပြောချင်တာက သူတို့ဟာ တခြားကလာတဲ့အုပ်ချုပ်သူတွေကို ရှောင်ရှားခဲ့ကြတယ်။ နောက် တစ်ခုက သူတို့ရဲ့လူ့အဖွဲ့အစည်းအတွင်းမှာပဲ အစိုးရအုပ်ချုပ်ရေးထူထောင်တာကိုလည်း ရှောင်ရှားခဲ့ ကြတယ်။သူတို့နေခဲ့တဲ့နေရာတွေက တောင်ပေါ်အဝေးကြီးမှာရှိလို့ မြေပြန့်ကအစိုးရအုပ်ချုပ်သူတွေအနေနဲ့
ရောက်အောင်သွားဖို့ခက်လှပါတယ်။
တခါ တောင်ပေါ်သားတွေ ရွှေ့ပြောင်းတောင်ယာလုပ်ကြတယ်။ သူတို့ရဲ့စိုက်ခင်းတွေကို ခဏခဏပြောင်းကြတယ်။ ရွာတွေကို ခဏခဏ ရွှေ့ကြတယ်။ ဒါ့ကြောင့် အုပ်ချုပ်သူတွေ အခွန်လိုက်တောင်းဖို့ခက်သွားတယ်။ သူတို့စိုက်တဲ့အသီးအနှံက မြေကြီးအောက်မှာသီးတယ်။ ဥပမာ အာလူး၊ ပီလောပီနံလိုဟာမျိုး။ အဲဒီသီးနှံတွေဟာ ရင့်မှည့်ပြီးနောက်ပိုင်းမှာလည်း မရိတ်သိမ်းသေးဘဲပစ်ထားလို့ရတယ်။ တောင်ပေါ်သားတွေ ဒီလိုနဲ့ အန္တရာယ်ကနေ အချိန်မရွေးရှောင်တိမ်းနိုင်တယ်။ လိုအပ်ရင်လည်း တောထဲမှာ အမဲလိုက်၊ သစ်သီးသစ်ဥတွေ ခူးစားပြီး အသက်ဆက်ရှင်နိုင်ကြတယ်။
ဇိုးမီးယားဆိုတာ လွန်ခဲ့တဲ့ နှစ် (၂ဝဝဝ)အတွင်းမှာ လူတွေ သူတို့ကိုအုပ်ချုပ်မယ့်သူတွေဆီကနေ ထွက်ပြေးတိမ်းရှောင်ပြီး လာရောက်နေထိုင်ခဲ့ကြတဲ့ နေရာအရပ်တစ်ခုဖြစ်ပါတယ်။ ဒီတိမ်းရှောင်လာကြတဲ့ ထဲက တော်တော်များများဟာ အစပိုင်းတုန်းက မြေပြန့်မှာနေခဲ့ကြတဲ့လူတွေဖြစ်ပါတယ်။ သူတို့ရဲ့ပုံပြင်ဇာတ်လမ်းတွေထဲမှာ သူတို့ရွှေ့ပြောင်းလာခဲ့ကြတဲ့သမိုင်းကို တွေ့နိုင်ပါတယ်။ သူတို့ရဲ့ပုံပြင်တွေအရဆိုရင် ဒီတောင်ပေါ်သားတွေဟာ အရင်တုန်းက မြေပြန့်မှာနေခဲ့ကြတယ်။ သူတို့ကိုအုပ်ချုပ်တဲ့ ဘုရင်ရှိတယ်။ သူတို့မှာ စာပေအရေးအသားလည်း ရှိတယ်ဆိုတာ သိနိုင်ပါတယ်။
အေဒီ (၁၄ဝဝ)အထိတော့ အဲဒီမှတ်တမ်းတွေကိုရှာဖို့မလွယ်ဘူး။ ဒါပေမယ့် အေဒီ (၁၄ဝဝ)နောက်ပိုင်း မှာတော့ အဲဒီ အထောက်အထားတွေဟာ ရှင်းရှင်းလင်းလင်းရှိလာပါတယ်။
Ming မင်းခေတ်နဲ့ Qing ချင်းခေတ်တွေမှာ စစ်မက်ထူပြောတယ်။ အတိုက်ခံရတဲ့ Hmong မှုန်းလူမျိုးတွေ Mien မြန်လူမျိုးတွေနဲ့တခြားလူမျိုးတွေဟာ တောင်ပေါ်ကိုတက်ပြေးကြတယ်။ သူတို့ဟာ (၁၉)ရာစုအလယ်ပိုင်းမှာ Taikping ထိုက်ဖင် အရေးတော်ပုံရယ်၊ Yunan ယူနန်နဲ့ Guizhou ကွေ့ကျိုးပြည်နယ်တွေမှာဖြစ်ပွားခဲ့တဲ့ Miao မြောင်သူပုန်နဲ့ Penthay ပန်းသေးသူပုန်ရန်ကြောင့် ထပ်ပြီးပြေးရပြန်တယ်။
ကျွန်တော်တို့တွေ့ရတဲ့ အစောဆုံး အခြေချသီးနှံစိုက်ပျိုးရးနဲ့ပတ်သက်တဲ့အထောက်အထားတွေဟာ လွန်ခဲ့တဲ့ နှစ်(၈ဝဝဝ)ထက် မစောပါဘူး။ အခြေချစိုက်ပျိုးရေးက လူတွေနဲ့စားစရာတွေကို တစ်နေရာထဲမှာစုပေးတယ်။ အဲဒီလိုနဲ့ အုပ်ချုပ်မှုစနစ်ဖြစ်ပေါ်လာပါတယ်။ အဲဒီမြို့ပြနိုင်ငံတွေဟာ မြေပြင်ပေါ်မှာအစက်အပြောက်ကလေးတွေသာသာ ရှိတာပါ။ အဲဒီမြို့ပြနိုင်ငံတွေရဲ့သြဇာအာဏာဟာ သူတို့ရဲ့ပတ်ဝန်းကျင် ကီလိုမီတာ (၂ဝဝ)လောက်အတွင်းမှာပဲ ရှိပါတယ်။ အဲဒါထက် မပိုပါဘူး။ အဲဒီနယ်ပယ်ရဲ့အပြင်ဘက်မှာရှိတဲ့လူတွေနဲ့ ထုတ်ကုန်ပစ္စည်းတွေကို ထိန်းချုပ်လို့မရနိုင်ပါဘူး။ သူတို့ဟာ အရမ်းကို ဟိုဟိုဒီဒီ ပြန့်ကြဲနေပါတယ်။ အဲဒီနေရာတွေကိုသွားပြီး ထိန်းချုပ်မယ်ဆိုရင်လည်း အကျိုးအမြတ်မရနိုင်ပါဘူး။ မြို့ပြနိုင်ငံတွေဟာ ဒီအပြင်ဘက်နေရာတွေကနေ အခွန်အတုပ်တွေမရကြပါဘူး။
ရောမ၊ တရုတ်နဲ့ မောရိယ (အိန္ဒိယ၊ Chandragupta)အစောပိုင်း အင်ပိုင်ယာတွေက အဲဒီအပြင်ဘက်ပိုင်းနေရာတွေကို “လူရိုင်းတွေနေတဲ့နေရာ”လို့ ခေါ်ကြပါတယ်။
တိုင်းပြည်တွေရဲ့နယ်နိမိတ်ဟာ
အမြဲတမ်းလူရိုင်းတွေနဲ့နယ်နိမိတ်အစပါပဲ။ လူရိုင်းတွေနဲ့ အုပ်ချုပ်မှုရှိတဲ့တိုင်းပြည်တွေရဲ့ဆက်ဆံရေးက (၂)မျိုးပဲရှိတယ်။ ပထမ အမျိုးအစားကတော့ ကုန်သွယ်ရေးပဲဖြစ်တယ်။
အစောပိုင်းတိုင်းပြည်တွေဟာ တောင်ပေါ်ကထုတ်ကုန်တွေကို ကိုယ်တိုင်စားသုံးဖို့ရော
တခြားတိုင်းပြည်တွေနဲ့ကုန်သွယ်ဖို့ပါ လိုအပ်ပါတယ်။ တိုင်းပြည်အပြင်ဘက်ကလူတွေကို
တိုင်းပြည်တွေက မအုပ်ချုပ်နိုင်တဲ့အတွက် သူတို့က အဲဒီအပြင်ဘက်ကလူတွေကို လွတ်လပ်တဲ့လူမျိုးတွေအဖြစ်နဲ့
ကုန်သွယ်ရေးလုပ်ကြရတယ်။ သူတို့ရဲ့ ကုန်သွယ်ရေးနဲ့မျှားရတယ်။ ဒုတိယအမျိုးအစားကတော့ ကျွန်ပြုတာ။
အစောပိုင်းနိုင်ငံတွေမှာ လူဦးရေမများသေးဘူး။ အေဒီ(၁၇ဝဝ)မှာ အရှေ့တောင်အာရှရဲ့လူဉီးရေက
တစ် စတုရန်းကီလိုမီတာမှာ လူ(၅)ယောက်ပဲနေတယ်။ ဒါပေမယ့် အနီးအနားမှာရှိတဲ့တရုတ်ပြည်မှာ
တစ်စတုရန်းကီလိုမီတာမှာ လူဦးရေ (၃၅)ယောက်ရှိတယ်။ အဲဒီကာလမှာ ကျွန်တွေဟာ
ကမ္ဘာ့ကုန်သွယ်ရေးမှာ အရေးအပါဆုံးနဲ့ တန်ဖိုးအရှိဆုံးကုန်ပစ္စည်းတွေဖြစ်ပါတယ်။ ဥပမာ
မလေးနိုင်ငံတွေဟာ ကျေးကျွန်ရှာဖွေဖမ်းဆီးပြီး ကျွန်ကုန်ကူးတဲ့အလုပ်တွေပေါ်မှာ
အခြေပြုခဲ့ကြပါတယ်။ စစ်ပွဲတွေတိုက်ကြတဲ့ရည်ရွယ်ချက်ကလည်း လူတွေကို ကျွန်အဖြစ်ဖမ်းပြီးခေါ်သွားဖို့ပဲဖြစ်ပါတယ်။
နယ်မြေလိုချင်လို့ မဟုတ်ပါဘူး။ ပြီးတော့ အဲဒီဖမ်းထားတဲ့လူတွေကို စစ်နိုင်တဲ့တိုင်းပြည်ရဲ့အလယ်ပိုင်းကို
ပြောင်းရွှေ့နေရာချထားပါတယ်။ အဲဒီ့ နိုင်ငံ့အပြင်ဘက်ကလူတွေကို အုပ်ချုပ်သူတွေက
ထိန်းချုပ်လို့မရပါဘူး။ ဒါပေမယ့် အဲဒီလူတွေကို သွားဖမ်းပြီး နိုင်ငံရဲ့အလယ်ပိုင်းကို
ခေါ်လာခဲ့လို့ရပါတယ်။ အဲဒီနိုင်ငံတွေအားလုံး ကျေးကျွန်တွေရဖို့နည်းလမ်း (၂)လမ်းသုံးကြတယ်။
ကိုယ်တိုင်သွားဖမ်းရင်ဖမ်း၊ မဖမ်းရင်လည်း အရောင်းအဝယ်လုပ်ပြီးရှာချင်လည်း ရှာကြတယ်။
ဉပမာ မန္တလေးနဲ့အင်းဝမှာနေတဲ့ လူဦးရေအများစုဟာ တခြားကနေ ရွှေ့ပြောင်းခံရတဲ့လူတွေနဲ့
သူတို့ရဲ့မျိုးဆက်တွေလို့ပြောကြပါတယ်။
နောက်မှအဆက်ကို ဆက်ဖတ်ပါ။
ပါမောက္ခရွှေရိုး ခေါ် James Scott ဟာ ယေးတက္ကသိုလ်က နိုင်ငံရေးသိပ္ပံနဲ့ မနုဿဗေဒSterling ပါမောက္ခဖြစ်သလို လယ်ယာသိသင်ဌာနရဲ့ ဒါရိုက်တာလည်းဖြစ်တယ်။ ပါမောက္ခရွှေရိုးဟာ ဗမာပြည်ကို အကြိမ်ပေါင်းများစွာရောက်ဖူးသလို သူ့ရဲ့ The Moral Economy of the Peasant: Rebellion and Subsistence in Southeast Asia ဆိုတဲ့စာအုပ်ဟာ ဗမာပြည်က ဆရာစံတောင်သူလယ်သမားအရေးတော်ပုံ၊ ၁၉၃ဝ ကမ္ဘာ့စီးပွားပျက်ကပ်က အရှေ့တောင်အာရှကလယ်သမားတွေရဲ့လူမှုဘဝတွေကို ဘယ်လိုဂယက်ရိုက်ခတ်ခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှအကြောင်းလေ့လာတဲ့ကျောင်းသားတိုင်း မဖတ်မနေရ ဖတ်ရတဲ့စာအုပ်ဖြစ်တယ်။ သူ့ရဲ့ Weapons of the Weak: Everyday Forms of Peasant Resistance, The Art of Not Being Governed: An Anarchist History of Upland Southeast Asia စတဲ့စာအုပ်တွေဟာ တကမ္ဘာလုံးက Anarchist မင်းမဲ့ဝါဒီတွေရဲ့သမိုင်းကိုစိတ်ဝင်စားသူတွေ ဖတ်ရှုမှီငြမ်းကြရတဲ့စာအုပ်တွေဖြစ်တယ်။
အခု ဆောင်းပါးကို ပါမောက္ခရွှေရိုးကိုယ်တိုင် ဗမာလိုရေးထားတာပါ။ ခေတ်မောင်းကို ပထမဆုံးဖော်ပြခွင့်ပေးတဲ့အတွက် ပါမောက္ခရွှေရိုးကို ခေတ်မောင်းက ကျေးဇူးတင်ပါတယ်။
နောက်မှအဆက်ကို ဆက်ဖတ်ပါ။
ပါမောက္ခရွှေရိုး ခေါ် James Scott ဟာ ယေးတက္ကသိုလ်က နိုင်ငံရေးသိပ္ပံနဲ့ မနုဿဗေဒSterling ပါမောက္ခဖြစ်သလို လယ်ယာသိသင်ဌာနရဲ့ ဒါရိုက်တာလည်းဖြစ်တယ်။ ပါမောက္ခရွှေရိုးဟာ ဗမာပြည်ကို အကြိမ်ပေါင်းများစွာရောက်ဖူးသလို သူ့ရဲ့ The Moral Economy of the Peasant: Rebellion and Subsistence in Southeast Asia ဆိုတဲ့စာအုပ်ဟာ ဗမာပြည်က ဆရာစံတောင်သူလယ်သမားအရေးတော်ပုံ၊ ၁၉၃ဝ ကမ္ဘာ့စီးပွားပျက်ကပ်က အရှေ့တောင်အာရှကလယ်သမားတွေရဲ့လူမှုဘဝတွေကို ဘယ်လိုဂယက်ရိုက်ခတ်ခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှအကြောင်းလေ့လာတဲ့ကျောင်းသားတိုင်း မဖတ်မနေရ ဖတ်ရတဲ့စာအုပ်ဖြစ်တယ်။ သူ့ရဲ့ Weapons of the Weak: Everyday Forms of Peasant Resistance, The Art of Not Being Governed: An Anarchist History of Upland Southeast Asia စတဲ့စာအုပ်တွေဟာ တကမ္ဘာလုံးက Anarchist မင်းမဲ့ဝါဒီတွေရဲ့သမိုင်းကိုစိတ်ဝင်စားသူတွေ ဖတ်ရှုမှီငြမ်းကြရတဲ့စာအုပ်တွေဖြစ်တယ်။
အခု ဆောင်းပါးကို ပါမောက္ခရွှေရိုးကိုယ်တိုင် ဗမာလိုရေးထားတာပါ။ ခေတ်မောင်းကို ပထမဆုံးဖော်ပြခွင့်ပေးတဲ့အတွက် ပါမောက္ခရွှေရိုးကို ခေတ်မောင်းက ကျေးဇူးတင်ပါတယ်။
0 comments:
Post a Comment