မှတ်ချက်။ Human Geography
ရှုထောင့်အခြေခံဖြင့် concept များကို အကြမ်းဖျဉ်းတင်ပြ ထားခြင်းဖြစ်သည်။
လူမှုရေးသိပ္ပံသုတေသနပြုစုလိုသူများ၊ စိတ်ဝင်စားသူများ၊
ဘွဲ့လွန်ကျောင်း သူကျောင်းသားများအတွက်အရေးကြီးသည့်အချက်များကို ထောက်ပြထားသည်။
သမရိုးကျ သမားများအတွက် ဤစာတမ်းသည် အကျုံးမဝင်ပါ။ ဖတ်ပါက
အချိန်ကုန်သည်သာအဖတ်တင် မည်။ သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းစကားလုံးဖြင့်ပြောရလျှင်
ဖတ်ကောင်းမည်ဟု အာမ, မခံပါ။ Critical social science နှင့် progressive change ကို
လိုလားသည့် သုတေသနပြုသူများ၊ ကျောင်းသူကျောင်းသားများအတွက်သာရည်ရွယ်သည်။
အင်္ဂလိပ်စကားလုံးများကို မြန်မာသို့အဓိပ္ပါယ်ပြန်လျှင် မူရင်းအဓိပ္ပါယ်လွဲသွားနိုင်သဖြင့်
အချို့စကားလုံးများကို အင်္ဂလိပ်စာလုံး (သို့) အသံထွက်ဖြင့်သာတင်ပြထားသည်။
Convention နှင့် rule တိုင်းကို လိုက်နာစရာမလိုဟုခံယူ သည့်အတွက် နိဂုံးဖြင့်
ဤစာတမ်းကိုစသည်။
နိဂုံး လူမှုရေးသိပ္ပံသုတေသနပြုသူများ၊
သုတေသနလုပ်ရန်စိတ်ဝင်စားသူများ၊ ဘွဲ့လွန်ကျောင်းသူaကျာင်းသားများသည်
တိုင်းရင်းသားနှင့်လူ ဦးရေဆိုင်ရာစာတမ်းရေးရန်သုတေသနပြုရာတွင် အစိုးရစံနှုန်းများ၊
မှတ်တမ်းများ၊ စာရင်းဇယားများကို ပေတံသဖွယ်အသုံးပြုပြီး
သုတေသန လုပ် စာတမ်းရေးရမည်မဟုတ်။ ရှိပြီးသားစာရင်းများ၊ နံပတ်များ၊ အိုင်ဒီယာများကို
Framework (သို့) baseline အနေဖြင့်သုံးပြီး နေရာဒေသ တခုခုမှ ဒေတာကောက်ခြင်း၊
မိမိတွေ့ရှိချက်ကိုမှန်သည်ဟုသက်သေပြရန် ယခင်တွေ့ရှိသိပြီးသားများနှင့် ကိုက်ညီနှိုင်းယှဉ်ပြရမည်မဟုတ်။ ဤသို့သောစာတမ်းများသည်
သုတေသနမဟုတ်ပါ။ အပေါစားသန်းခေါင်စာရင်းသာ ဖြစ်ပေတော့မည်။ သုတေသနဆိုသည်မှာ ဖြစ်စဉ်များ၊
သိနှင့်ပြီးသားဖြစ်စဉ်များ၊ အိုင်ဒီယာများ၊ အချက်အလက်များကို စုံထောက်သဖွယ်ပြန်လည်ဆန်းစစ်ဝေဖန်ခြင်းဖြစ်သည်။ စုံထောက်ဆိုသော လူမျိုးမှာညစ်ပတ်တတ်သဖြင့်
နှိုင်းယှဉ်ကောင်းသောဥပမာမဟုတ်သော်လည်း သုတေသီများ၏အလုပ်မှာ
စုံထောက်အလုပ်ပင်ဖြစ်သည်။ ပညာရေးစုံထောက်ဟုဆိုလျှင် မှားမည်မထင်ပါ။ သို့သော်
အုပ်စုတစုအကျိုးအတွက်မဟုတ်ပဲ လူတိုင်းအတွက်လူမှုရေးတရားမျှတမှု (Social Justice)ကို
အလေးထားမှတ်ယူပြီး ဓမ္မဒိဌာန်ကျစွာအရာရာတိုင်းကို
ပြန်လည်ဆန်းစစ်သူများဖြစ်သင့်သည်။ သို့ရှိရာ သုတေသနပြုသူများသည်
အစိုးရမလိမ့်တပတ်လုပ်ထားသည့်အချက်များ၊ ယခင်သုတေသီများ
ရေးသားတင်ပြရှာဖွေတွေ့ရှိထားမှုများ၊ အိုင်ဒီယာများ စသည်တို့ ကို
ပြန်လည်စမ်းစစ်ရန်ဖြစ်သည်။ ဗဟုသုတအသစ်များ၊ ရှင်းပြချက်အသစ်များကိုထုတ်ပြရန်ဖြစ်သည်။ ဤသည်ကိုသာလျှင် သုတေသနဟု ဆိုနိုင်သည်။
နိဒါန်း ၂ဝ၁၄ ခုနှစ်တွင်
မြန်မာတဝှမ်းလူဦးရေစစ်တမ်းကောက်ခံရန်ရှိရာ မည်သည့်စနစ်ဖြင့်ကောက်ခံမည်၊
တိုင်းရင်းသားများကို မည်သို့ မည်ပုံသတ်မှတ်မည်၊ စာရင်းသွင်းကောက်ခံမည်
စသည့်မေးခွန်းများမှာအရေးကြီးသောမေးခွန်းများဖြစ်သည်။ မြန်မာနိုင်ငံတွင်
တိုင်းရင်းသား ၁၃၅ မျိုးရှိသည်ဟု အင်တာနက်စာမျက်နှာများ၊ ဂျာနယ်ဆောင်းပါးများ၊
စာအုပ်စာပေများတွင်ဖော်ပြကြသည်။ မဟာဝိဇ္ဖာစာတမ်းများပင်လျှင် တိုင်းရင်းသား၊
လူဦးရေစသည့်အကြောင်းအရာများကိုတင်ပြပါက မြန်မာပြည်တွင်တိုင်းရင်းသား ၁၃၅
မျိုးရှိသည်ဆိုသည့်အချက်ကို အခြေခံ baseline ယူပြီးတင်ပြကြသည်။
“တိုင်းရင်းသား”ဆိုသည့်အခေါ်အဝေါ်ကို Concept အရမဆွေးနွေးခင် အချက်တချို့ထောက်ပြချင်သည်။
(၁) Academic research များသည် သိပြီးသားအချက်များ၊ ဖြစ်စဉ်များ၊ အိုင်ဒီယာများ၊
တွေ့ရှိချက်များကိုသိရှိနားလည်ရုံမျှမဟုတ်။ စာတမ်း တစောင်ပြီးတစောင်မှတဆင့်
လက်ဆင့်ကမ်းသွားရုံမဟုတ်။ Academic research (အထူးသဖြင့် critical social science
research)၏ ရည်ရွယ်ချက်သည် သိရှိပြီးသားများကိုပြန်လည်ဆန်းစစ်ရန်ဖြစ်သည်။
အရိုးစွဲနေသောအယူအဆများ၊ အချက်အလက်များ၊ စနစ်များ၊ ဖြစ်စဉ်များ ကို ပြန်လည်လှုပ်ခါကာ
နောက်ထပ်တဖန်ဆန်းစစ်လေ့လာရန် (အင်္ဂလိပ်အခေါ်အဝေါ်ဖြင့် ပြောဆိုလျက်ရှိသော Unsettle၊
destabilize၊ problematize စသဖြင့်) ဖြစ်သင့်သည်။ မိမိလေ့လာဖြစ်သောမဟာဝိဇ္ဇာစာတမ်းအချို့တွင် “တိုင်းရင်းသား ၁၃၅ မျိုးရှိသည်”ဆိုသည့်အချက်ကို
problematize ခြင်း၊ unsettle ပြီး တဖန်ပြန်လည်လေ့လာခြင်းမဟုတ်ပဲ ၁၃၅ ဆိုသည်ကို
ပေတံသဖွယ်သုံးကာ ဒေသတစ်ခုတွင် မည်သည့် တိုင်းရင်းသားအရေအတွက် မည်မျှရှိသည်၊
မည်သည့်အုပ်စုများရှိသည်၊ ဤအုပ်စုအောက်တွင် ဤတိုင်းရင်းသားများရှိသည်၊
စသဖြင့်တင်ပြထား သည်ကိုသတိပြုမိသည်။ ထိုသုတေသနစာတမ်းများတွင်
စာတမ်း၏အဓိကအခြေခံအကြောင်းအရာဖြစ်သည့် “တိုင်းရင်းသား”ဆိုသည့် “ဝေါရဟာ”ကို
အခြေခံကျကျပြန်လည်ဆန်းစစ်ခြင်းမရှိ၊ ၁၃၅ မျိုး မည်သို့မည်ပုံဖြစ်လာသည်ဆိုသည့်
“ဖြစ်စဉ်”ကို ပြန်လည်ဆန်းစစ်ခြင်းမရှိ။ သိနှင့်ပြီးသားအုပ်စု ၁၃၅
မျိုးဆိုသည့်အချက်ပေါ်အခြေခံပြီး ဤတိုင်းရင်းသားတွင် မည်သည့်အုပ်စုများပါသည်၊
လူဦးရေးမည်မျှရှိသည် စသည့် အချက်အလက်များကို ကောက်ထားသည်ကိုတွေ့ရသည်။ သို့ရှိရာ ၁၃၅
မျိုး ရှိသည်ဟူသည့်အချက်ကို ဘုရားပေးကျမ်းပေး အလား ရှေးပဝေဏသီကတည်းကရှိခဲ့သကဲ့သို့
မှတ်ယူကြသည်။ အမှန်မှာ ထို ၁၃၅ မျိုးသတ်မှတ်ချက်သည် social construction ဖြစ်သည်။
အကြမ်းဖျဉ်းရှင်းရလျှင် social construction ဆိုသည်မှာ ပါဝါ၊
လူ့အဖွဲ့အစည်းအနေအထား၊ ရည်ရွယ်ချက်တခုခု စသည်တို့ကိုအခြေခံပြီး
လူတွေကဖန်တီးထားခြင်းဖြစ်သည်။ ၁၃၅ မျိုးသတ်မှတ်ချက်မှာ
အစိုးရကသူ့ရည်ရွယ်ချက်နှင့်သူ၊ သူ့နည်းသူ့စနစ်ဖြင့်သူ သတ်မှတ် ထားခြင်းဖြစ်သည်။
သို့ရှိရာ သုတေသနစာတမ်းများသည် အစိုးရသတ်မှတ်ချက်ကို
ဘုရားပေးကျမ်းပေးအမှန်တရားကဲ့သို့ မှတ်ယူရမည် မဟုတ်ပါ။ မည်သည့်ရည်ရွယ်ချက်၊
မည်သည့်နည်းနာများဖြင့်၊ မည်သို့သတ်မှတ်ခဲ့သည်၊ မည်သို့စာရင်းသွင်းခဲ့သည်၊
မည်သူ့အကျိုးအမြတ် အတွက်လုပ်ခဲ့သည်၊ မည်သူတွေနစ်နာခဲ့သည်၊ မည်မျှမှန်ကန်ပြီး၊
မည်မျှတရား/မတရားခဲ့သည်၊ မရည်ရွယ်ထားသော ကြိုမတွက်ထားသော ဆိုးကျိုးမည်သို့ရှိသည်
စသဖြင့် လေ့လာဆန်းစစ်ရမည်ဖြစ်သည်။ (၂) Social construction နှင့် ပတ်သက်သည့်
နောက်ထပ်အချက် တစ်ချက်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်လွတ်လပ်ရေးခေါင်းဆောင်များရေးဆွဲခဲ့သည့် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ
တိုင်းရင်းသား ၁၄၄ မျိုး ရှိသည်ဟုဆိုသည်။ ၁၉၇၃ ခုနှစ် လူဦးရေစစ်တမ်းကောက်ယူရန်
လူဝန်မှုကြီးကြပ်ရေးမှကောက်ယူသောစာရင်းတွင် တိုင်းရင်းသား ၁၄၃ မျိုးဟုဆိုသည်။
ဗိုလ်ချုပ်စောမောင်လက်ထက်တွင် ၁၃၅ မျိုးဟုတဖန်လုပ်ပြီး ယခု ဦးသိန်းစိန်လက်ထက်တွင်
လူဝင်မှုကြီးကြပ်ရေး အသစ်ပြန်ကောက်သည့်စာရင်းအရ တိုင်းရင်းသားလူမျိုး ၁ဝ၁ (သို့)
၁ဝဝ ဟု ဆိုသည်။ တိုင်းရင်းသားစာရင်းများအား ပြန်လည်ဆန်းစစ်လေ့လာ သည့် ဂါမဏိ
ရေးသားသောဆောင်းပါးတွင်မူ တိုင်းရင်းသား ၅ဝ ကျော်သာရှိသည်ဟုဆိုသည်။ ၁၉၅ဝ
ခုနှစ်များအတွင်း တက္ကသိုလ်များအကူ အညီဖြင့် အစိုးရမှကောက်ခံခဲ့သောစာရင်းများတွင်
တိုင်းရင်းသားလူမျိုး ၅ဝ ကျော်ဟုသာဆိုပြန်သည်။ သေချာသည်မှာ အလွဲကြီးလွဲနေသည်။
သုတေသနပြုစုသူများအနေဖြင့် ပြန်လည်အဖြေရှာရမည့်အချက်များမှာ- (က) လိုတိုးပိုလျော့
ဘာကြောင့်ဖြစ်နေရတာလဲ၊ (ခ) စံ၊ မူ၊ လူ၊ ရည်ရွယ်ချက်၊ စစ်တမ်းစနစ်မှားယွင်းမှု
စတဲ့အချက်တွေ ဘယ်လိုဖြစ်ခဲ့လို့လဲစသဖြင့် ဖြစ်သည်။ ကောက်ခံပြုစုရာတွင်
မှားယွင်းစွာစာရင်း သွင်းကောက်ခံခြင်း၊ အုပ်စုတူသော်လည်း အမည်ကွဲများဖြင့်
စာရင်းကောက်ခံခဲ့ခြင်း၊ ကွင်းဆင်းမှတ်တမ်းကောက်ခံသူများသည်
ဖြေဆိုသူ များပြောသည့်အတိုင်းမှတ်တမ်းတင်ခဲ့ခြင်းဖြစ်ကြောင်း အချို့ကထောက်ပြသည်။
တိုင်းရင်းသားအဖွဲ့အစည်းနှင့်ခေါင်းဆောင်အချို့ကလည်း အစိုးရအဆက်ဆက်မှ တိုင်းရင်းသားများအားသွေးခွဲရန်
အမျိုးတူအုပ်စုကို
လူမျိုးခြားများအဖြစ်ခွဲထုတ်စာရင်းသွင်းထားခြင်းဖြစ်သည်ဟုဆိုသည်။ မှားသည်မှန်သည်
မဆုံးဖြတ်လိုပါ။ ယခုအချိန်တွင် စင်ပြိုင်အိုင်ဒီယာများ (competing
ideas)နှင့်ပတ်သက်၍ critical လူမှုရေးသိပ္ပံသုတေသန များလိုအပ်နေသည်မှာတော့သေချာသည်။ “တိုင်း”
“ရင်း” “သား” “တိုင်းရင်းသား”ဆိုသည့်ဝေါဟာရကို သီအိုရီအရ
အတိုချုံးဆက်လက် တင်ပြပါမည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားကို အင်္ဂလိပ်လို
national races ဟု သုံးနှုန်းသည်။ ထိုအသုံးအနှုန်းသည်
ကိုလိုနီခေတ်ကအသုံး အနှုန်းဖြစ်ပြီး concept အရမှားသည်။ ယခုခေတ်လူမှုရေးသိပ္ပံ concept
များနှင့် ယှဉ်စဉ်းစားပါကလည်း မကိုက်ညီတော့ပေ။ Race သည် biological difference
(အသားအရောင်၊ ကော်ကေးရှန်း၊ အာဖရိကန် စသဖြင့် ဇီဝဗေဒခြားနားမှု)ကို ရည်ညွန်းသည်။
Nationalities ဆို သည့်ဝေါဟာရသည်လည်း နိုင်ငံတကာစံနှုန်းများနှင့်မကိုက်ညီတော့ပေ။
နိုင်ငံတကာတွင် Nationality ဆိုသည့်ဝေါ်ဟာရကို နိုင်ငံသား ဟု ယေဘုယျသုံးလျက်ရှိသည်
(ဥပမာ ပြည်ဝင်ခွင့်ဗီဇာဖောင်များ)။ မြန်မာပြည်ရှိလူမျိုးစုများ၏ခြားနားချက်မှာ
biology ထက် ယဉ်ကျေးမှု (ဓလေ့ထုံးစံ၊ ဘာသာစကား၊ အလေ့အထ၊ နေ့တဓူဝအပြုအမူ စသဖြင့်)
ကွဲပြားကြခြင်းဖြစ်သည်။ နိုင်ငံတကာတွင် “Ethnic” ဟုခေါ်သည်။ သို့ရှိရာ race နှင့်အက်သနစ်ကွာခြားချက်မှာ race သည် ဇီဝဗေဒနှင့်ဆိုင်ပြီး အပြောင်းအလဲခက်သည်။
အက်သနစ်မှာ အစဉ်ပြောင်းလဲလျက် ရှိပြီး အက်သနစ်ကွာခြားမှု (Ethnic difference)ကို
အင်္ဂလိပ်လို “socially constructed differences” ဟုအဓိပ္ပါယ်ဖွင့်ကြသည်။ မြန်မာနိုင်ငံ တွင်
အက်သနစ် (Ethnic) နှင့်မူရင်းဌာနေလူမျိုး (Indigenous or Native)ကိုရောထွေးကာ
တိုင်းရင်းသား (“တိုင်း” “ရင်း” “သား”) ဟု ခေါ်ဝေါ်သုံးစွဲကြသည်။ သို့ရှိရာ
ရောထွေးကုန်ပြီး အုပ်စုတစ်စုသည် “တိုင်း”ရဲ့လား၊ ဘယ် “တိုင်း” လဲ၊
အ“ရင်း”အခြာရဲ့လား၊ “သား”ရဲ့လား စသဖြင့်လုံးထွေးကုန်သည်။ အက်သနစ်ဆိုသည်မှာ လူစု
(cultural group)ပင် ဖြစ်သည်။ အက်သနစ်ကို မဆက်ခင် culture ဆိုသည့် စကားလုံးကိုရှင်းဖို့လိုသည်။ မြန်မာစကားတွင် culture ကို လူအုပ်စုတစ်စု၏ယဉ်ကျေးမှု
(သို့)ထုံးတမ်းစဉ်လာဟုဘာသာပြန်သဖြင့် ဒုက္ခရောက်တော့သည်။ ထုံးတမ်းစဉ်လာကို
မပြောင်းရဟုသတ်မှတ်သဖြင့် Culture ကိုလည်း မပြောင်းရဟုဖြစ်လာသည်။ အမှန်မှာ
culture ဆိုသည်မှာ မပြောင်းမလဲရမည့်လူတွေရဲ့
နှစ်ပေါင်းထောင်ချီဓလေ့ထုံးတမ်းစဉ်လာကိုဆိုလိုခြင်းထက်
လူအုပ်စု၏နေ့တဓူဝလုပ်ကိုင်နေထိုင်နှင့် အပြုအမူအယူအဆသာဖြစ်သည်။ အရှင်းဆုံးဆိုရလျှင်
Culture ဆိုသည့်အသုံးအနှုန်းမှာ လူမျိုးစုတွေအတွက်သာ သက်ဆိုင်သည်မဟုတ်
လူစု လူဝေးတိုင်းမှာ သူ့ culture နှင့်သူ ရှိသည်။ အမူအကျင့်ဟုသာ ဆိုပါစို့။ ဥပမာ
ဆိုင်ရာဆိုင်ရာကျောင်းသားများမှာလည်း သူ့ကျောင်း၊ မေ ဂျာ၊ နေရာစသဖြင့်အပေါ်လိုက်ပြီး
သူ့ culture နှင့်သူ ရှိသည်။ ဥပမာ တချို့ကျောင်းသားအုပ်စုများတွင်
လူမှုရေးဖက်အလေးထားပြီး တချို့ကျောင်းသားများတွင် ပညာရေး(အတန်းစာ)ကို
ပိုအရေးပေးသည်။ လူမှုရေး (သို့)အတန်းစာကိုအလေးပေးတာသည်ပင်
ထိုကျောင်းသား အုပ်စုများ၏ culture ဖြစ်သည်။ အခြေအနေနှင့်လူအပေါ်မူတည်ပြီး
ထိုအမူအကျင့်များမှာလည်း ပြောင်းလဲသွားတတ်သည်။ အက်သနစ် သည်လည်း ထိုနည်းတူပင်။
အပြုအမူအယူအဆ သတ်သတ်မှတ်မှတ်ရှိတဲ့လူစုလူဝေးကိုခေါ်ခြင်းဖြစ်သည်။ လူတစုတွင် ဘာသာ၊
စကား၊ လူအများပြုကျင့်သည့်ဓလေ့ထုံးတမ်း စသဖြင့်
အုပ်စုတစ်ခု၏သွင်ပြင်လက္ခဏာများရှိပြီး လူအစုအဝေးပြစရာရှိပါက
ထိုအုပ်စုသည် အက်သနစ်ဖြစ်သည်။ လူစုလူဝေးတစ်ခုဖြစ်သည်။ ထိုအုပ်စု၏ characteristics
(သို့) identity ခေါ် ဝိသေသလက္ခဏာများသည် ရာသက်ပန် တည်ငြိမ်မှုမရှိနိုင်ပါ။
ထိုဝိသေသလက္ခဏာများသည် culture ပေါ်အခြေခံထားခြင်းကြောင်းဖြစ်သည်။
အုပ်စုဝင်များကိုယ်တိုင်လည်း ယဉ်ကျေး မှု၊ ဓလေ့ထုံးစံစသည်တို့ကို လှေနံဓားထစ်ဆုတ်ကိုင်မထားပါ။
သူ့သဘောသဘာဝအရ စီးပွားရေး၊ နိုင်ငံရေးစသဖြင့်
လိုအပ်ချက်ပေါ်မူတည် ပြီးပြောင်းလဲခြင်း၊ ပြင်ခြင်း၊ အသစ်သွင်းခြင်း၊ ထုတ်ပြစ်ခြင်းစသဖြင့်လုပ်လေ့ရှိသည်။ ဥပမာ ဘာသာစကားဆိုပါစို့။ မြန်မာပြည်တွင်
ဗမာတိုင်းရင်း သားများနှင့်အထိစပ်များသည့်ရှမ်းဒေသများတွင် ရှမ်းစကားပြောရာတွင်
ဗမာစကားလုံးများကိုတွဲပြောတတ်ပြီး ထိုင်းမြောက်ပိုင်းသို့ပြောင်းရွှေ့ လာသောအခါ
ထိုင်းစာလုံးများနှင့်တွဲပြောကြသည်။ ရှမ်းလူမျိုးများအလေးထားသည့်ကျားဓာတ်ပုံ
ပန်းချီကားများကို ထိုင်းဘုရင်မိသားစုပုံနှင့် အတူအိမ်တွင်ချိတ်ဆွဲကြသည်။
အမေကျော်ဒွေးတော်လွမ်းကာ ထိုင်းဘုရင်မိသားစုပုံချိတ်ခြင်းမဟုတ်။ ဘုရင်ပုံရှိလျှင်
ရဲမဖမ်းသဖြင့် နိုင်ငံကူး လက်မှတ်မရှိသောရှမ်းအလုပ်သမားများက
သူတို့လုံခြုံရေးအတွက် လက်တွေ့ကျသောရည်ရွယ်ချက်ဖြင့် ချိတ်ဆွဲခြင်းဖြစ်သည်
(အမှန် တကယ် လေးစားတာလည်းဖြစ်နိုင်သည်)။ ထို့အတူ ရှမ်းလူမျိုးများ၏ထုံးစံတခုဖြစ်သည်ဟု
ယူဆထားသည့်ဆေးမင်ကြောင်ကို ထိုင်းတွင် အလုပ်လုပ်နေသောရှမ်းအလုပ်သမားများအနေဖြင့်
ရဲဖမ်းခံရခြင်းမှရှောင်ရှားရန် ဝှက်ထားတတ်၊ ဖျက်ထားတတ်ကြသည်။ ရှမ်းစကားထက်
ထိုင်းစကားသာပြောကြသည် (ရှမ်းနှင့် ထိုင်းစကားဆင်တူသည်)။ အဝတ်အစားများကို
ထိုင်းများနှင့်တူအောင်ဝတ်စားဆင်ယင်ကြသည်။ အားလုံးသည်
အမေကျော်ဒွေးတော်လွမ်းခြင်းမဟုတ်၊ ရဲဖမ်းခြင်းမှ ရှောင်ကြဉ်ရန်၊
အလုပ်ရှင်နှင့်ဈေးဝယ်သူများ ခွဲခြားနှိမ်ချခြင်းမှရှောင်ကြဉ် ရန်ဖြစ်သည်။ (ethnic
identity၊ ယဉ်ကျေးမှု၊ ဘုရင်မိသားစုဓာတ်ပုံ၊ ဆေးမင်ကြောင်နှင့်အဝတ်အစားဝတ်တာ
ဘာမှမဆိုင်ဟုငြင်းခုန်လိုသူများ ရှိချင်ရှိလိမ့်မည်။ ဤအချက်ကို အခြားစာတမ်းတွင်
အလျဉ်းသင့်ပါကဆွေးနွေးပါမည်)။
ထိုင်းနိုင်ငံရောက်ရှမ်းများနေထိုင်ပုံနှင့်အိုင်တန်တတီ (ဝိသေသလက္ခဏာ) ကို
University of California (Berkeley) မှ လူမှုရေးသီအိုရီပညာရှင် Judith Butler
၏ဝေါဟာရဖြင့် performative identity ဟု ခေါ်ဆိုနိုင်သည်။ အခြေအနေအရ အိုင်ဒန်တတီကို
performing (ဖျော်ဖျေထုတ်ဖော်ပြသ)လုပ်သည်ဟု နားလည်နိုင်သည်။ ဤအချက်သည်
အိုင်ဒန်တတီ၏အရေးကြီးသောသဘောသဘာဝတခုပင် ဖြစ်သည်။ (culture ဆိုသည့် concept နှင့်
ယှဉ်စဉ်းစားပါ)။ ဆိုလိုရင်းမှာ အက်သနစ်လူအုပ်စုတစ်စု၏အပြုအမူ၊ အလေ့အထများသည်
အမြဲထာဝရတည်မြဲနေသည်မဟုတ်။ လူမှုရေးပညာရှင် Stuart Hall အရဆိုရလျှင် Ethnic
identity ဆိုသည်မှာ ဖြစ်တည်ခြင်း “being” သာမဟုတ်၊ ဖြစ်လာခြင်း “becoming”
လည်းဖြစ်သည်။ အိုင်တန်တတီ များသည် အမြဲတရားသေမဟုတ်ကြောင်း၊
အုပ်စုတစ်စုကိုသတ်မှတ်သည့် သတ်မှတ်ချက်များသည်အမြဲပြောင်းလဲနေကြောင်း၊
အုပ်စုတွင်းရှိ လူများကလည်း ဓလေ့များအပြုအမူများပြောင်းလဲကြောင်း
ကချင်လူမျိုးအကြောင်းလေ့လာသည့် Edmond Leach က ၁၉၅ဝ ကတည်း ကထောက်ပြပြီးဖြစ်သည်။
ချင်းနှင့်ကယားလူမျိုးအကြောင်းလေ့လာသည့် Dr. FK Lehman (aka) Chit Hlaing ကလည်း ၁၉၇ဝ
အတွင်းက အလားတူထောက်ပြပြီးဖြစ်သည် (FK Lehman နှင့် Edmond Leach
ရာနှုန်းပြည့်သဘောမတူကြသော်လည်း ဓလေ့များလက္ခဏာ များပြောင်းလဲသည့်အချက်ကို
နှစ်ယောက်လုံးထောက်ပြသည်)။ ထို့ကြောင့် အခြေအနေအရပြောင်းလဲသွားရသည်ကို
လိမ်သည်ညာသည် လည်းကောင်း၊ မစစ်တော့ဟုလည်းကောင်းသတ်မှတ်၍မရပါ။
ထိုင်းရောက်နေသည့်ရှမ်းများအား ရှမ်းအစစ်မဟုတ်တော့၍ မြန်မာနိုင်ငံမှရှမ်းဟု
မသတ်မှတ်တော့ပဲ မြန်မာနိုင်ငံသားမပေးတော့ဟုခွဲခြားမရပါ။ အခြေအနေနှင့်
အချိန်ပြောင်းလဲလာခြင်းအရ နေ့စဉ်ပြုမှုလိုက်စားမှုများ လည်းပြောင်းလဲလျက်ရှိရာ
အုပ်စုတစ်စုအားဤသို့ဖြစ်သည်၊ ဤသို့ရှိရမည်ဆိုကာ တရားသေသတ်မှတ်ခြင်းသည်
မှားယွင်းသည်။ ဖြစ်လာခြင်း (သို့)“ဖြစ်စဉ်” ကိုလျှစ်လျှူရှုပြီး ဤတိုင်းရင်းသားသည်
ဤသို့ဤမည်ဖြစ်သည်ဟုတရားသေမှတ်ယူထောက်ပြသော သုတေသန သည်
ခေတ်ပညာရှင်များလက်မခံနိုင်တော့သည့် Essentialist study ဖြစ်သည်။ - Social
Construction အက်သနစ်သည် Social construction ဖြစ်သည့်အတွက် အုပ်စုတစ်စု၏အမည်မှအစ
အစစအရာရာတိုင်းသည် ကံယကံရှင်များကိုယ်တိုင်ဖန်တီးထားခြင်း (နှင့်/သို့) ပြင်ပမှ
အဓမ္မညွန်းခြင်း(နှင့်/သို့) ကံယကံရှင်များကိုယ်တိုင်ဆန့်ကျင်ခြင်း၊
ပြင်ဆင်ခြင်းဖြစ်သည်။ ဥပမာ အက်သနစ်အမည်ဖြစ်သည့် ရှမ်း(သို့)သျှမ်းမှာ
ယခင့်ယခင်ကမရှိခဲ့ပါ။ ရှမ်းများက ယခုထက်ထိ သူတို့ကိုယ်သူတို့ တိုင်း
(Tai)ဟုခေါ်သည်။ ရှမ်းပြည်ကို မုံးတိုင်းဟုခေါ်သည်။ ကိုလိုနီခေတ်ပတ်ဝန်းကျင်တွင်
ရှမ်းများနှင့် လူမျိုးချင်းနီးစပ်သည့် တိုင်းလူမျိုးများနေထိုင်သည့် စယမ် (Siam)
- ယခုထိုင်းနိုင်ငံ-ကိုအခြေပြုပြီး စယမ် - စယမ်ဆိုရာမှ တဖြည်းဖြည်းပြောင်းလဲလာကာ
Shan (သျှမ်း)ဆိုပြီး ဖြစ်လာသည်။ ပတ်ကညောမှ ကရင်၊ ကယားလီမှကယားမှ ယခု ကရင်နီ
(Karenni)၊ ဂျိမ်းဖော်အုပ်စုတစုမှအစချီပြီး ကချင်စသည့်အမည်များဖြစ်လာသည်။
ဘာသာစကားဆိုလျှင်လည်း ယခင်က ကရင်နီ စာပေမရှိခဲ့သော်လည်း ယခု ကရင်နီဘာသာစာပေအသစ်ကို
၂ဝ၁၁ တွင် ကွယ်လွန်သွားသည့် ကရင်နီခေါင်းဆောင်ဟောင်း ထယ်ဗူးဖဲက တီထွင်ခဲ့သည်။
သို့ရှိရာ အုပ်စုနာမည်အပါအဝင် အခြားအရာများပြောင်းလဲခြင်းနှင့်ပတ်သက်ပြီး
အမှားအမှန်၊ ယခင်ရှိ/မရှိ စသည့်အငြင်းပွား ချက်များသည် social construction
သဘောသဘောဝကိုသတိမမူပဲ ငြင်းခုန်နေခြင်းဖြစ်သည်။
တိုင်းရင်းသားအုပ်စုများခွဲရာတွင်လည်း နာမည်တစ်မျိုးဖြင့်လူမျိုးငယ်တခုသည်
လူမျိုးကြီးတစ်ခုအောက်တွင်ပါသည်စသဖြင့်ရေးသားကြသည် (ဥပမာ ဓနုနှင့်ရှမ်းကို
ရှမ်းလူမျိုးအောက်တွင်ထည့်ထားသည်ကို ဘုရားပေးအမှန်တရားကဲ့သို့ယူဆကြသည်)။ အမှန်မှာ
ရှမ်းနှင့်ဓနုသည် လူမျိုးမတူသကဲ့သို့ ဘာသာစကားလည်းမတူပါ။ သို့သော် ဓနုများသည်
“ရှမ်းလူမျိုး”အောက်ရောက်နေသည်။ ထိုသို့ထည့်ထားခြင်းသည် တရားသေအမှန်တရား
အရှိတရားမဟုတ်ပါ။ စစ်တမ်းကောက်သူများ အစိုရများက စစ်တမ်းကောက်ချိန်က
သူ့ရည်ရွယ်ချက်၊ သူ့စနစ်၊ သူ့နားလည်မှုအရ မှတ်တမ်း တင်ထားခြင်း၊
သတ်မှတ်ထားခြင်း၊ စစ်တမ်းကောက်ထားခြင်းဖြစ်ရာ မှားချင်မှားနေပေမည်။
မြန်မာနိုင်ငံရှိတိုင်းရင်းသားများအုပ်စုခွဲခြင်းကို မြန်မာ အစိုးရချည်း
စိတ်ထင်ရာခွဲထားသည်မဟုတ်။ ကိုလိုနီခေတ်ကပင် ကိုလိုနီအရာရှိများ၊
ခရီးသွားမနုသဗေဒပညာရှင်ဆိုသူများက သူတို့ နားလည်သည့်အတိုင်း၊
အင်္ဂလိပ်အစိုးရအတွက်လေ့လာ အုပ်စုခွဲသွားခြင်းဖြစ်ပြီး ဦးနေဝင်းလက်ထက်မှ
ပြန်လည်အုပ်စုထပ်ခွဲခြင်းဖြစ်သည်။ အုပ်စုခွဲမှု နှစ်မျိုးလုံးတွင် လေ့လာသူများက
သူတို့စိတ်တိုင်းကျလေ့လာဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဒေသခံလူမျိုးစုများကို
တိုင်ပင်ခြင်း၊ ဆွေးနွေးခြင်း၊ ဆန္ဒကောက်ခံခြင်းအလျဉ်းမရှိခဲ့။
သူတို့အမြင်အတိုင်း“သွတ်သွင်း”ခဲ့ကြခြင်းဖြစ်သည်။ ထိုစစ်တမ်းများတွင်
လူမျိုးကြီးတခုအောက်ရောက်နေသောလူမျိုးတခုသည် ထိုလူမျိုးကြီးနှင့်
အုပ်စုချင်းလူမျိုးချင်း ဘာသာစကားချင်းတူချင်မှတူမည်။ စစ်တမ်းတွင်
နာမည်တမျိုးမျိုးဖြင့်ရေးထားသောလူမျိုးသည် အမှန်တကယ်ဟုတ်ချင်မှဟုတ်မည်။
စစ်တမ်းတွင်ကျန်ခဲ့သော (သို့)ချန်ခဲ့သောလူမျိုးသည်လည်း တိုင်းပြည်နှင့်မသက်ဆိုင်ဟု
တန်းပြီးယူဆ၍မရ။ ဆိုလိုရင်းမှာ တိုင်းရင်းသားသည် social construction ဖြစ်သကဲ့သို့
အုပ်စုခွဲခြင်းသည်လည်း social construction ဖြစ်သည်။ ဘုရားပေးကျမ်းပေး ပဝေဏသီ
သမိုင်းပေးအမှန်တရား အရှိတရားမဟုတ်။ လူမှုရေးသိပ္ပံသုတေသနများသည်
ဤကဲ့သို့သောဖြစ်စဉ်များကို စမ်းစစ်ရမည်ဖြစ်သည်။
-Ethnic Vs. Indigenous အက်သနစ်သည်
Indigenous (မူရင်းဌာနေလူမျိုး)နှင့်ကွာသည်။ ကနေဒါနိုင်ငံတွင် Red Indian (သို့)
Native Canadian (သို့) First Nations ဟုခေါ်သောလူမျိုးများသည် Native (သို့)
Indigenous (မူရင်းဌာနေလူမျိုး)များဖြစ်သည်။ “ဖြစ်သည်”ဟု ဆိုခြင်းထက်
“သတ်မှတ်သည်”ဟုဆိုပါကပိုမှန်မည်။ နှစ်ထောင်ပေါင်းများစွာကတည်းက
ကနေဒါတွင်နေထိုင်နေသူများဖြစ်သည့်အတွက် မူရင်းဌာနေလူမျိုးဟုသတ်မှတ်ထားခြင်းဖြစ်သည်။
နောက်ပိုင်းမှ ဝင်ရောက်လာသည့်ဗီယက်နမ်၊ မြန်မာ၊ အာရဗ်၊ တရုတ်၊ ကိုးရီးယား၊
အီသီယိုးပီးယန်း စသဖြင့်တို့ကို အက်သနစ်ဟုခေါ်သည်။ ဘာသာ၊ စကား၊
ဓလေ့နှင့်လူစုလူဝေဖြင့်ရှိနေခြင်းကြောင့် အက်စနစ်ဟုသတ်မှတ် ထားသည်။ Ethnic
Communities of Canada ခေါင်းစဉ်အောက်တွင် အိုင်းရစ်၊ တရုတ်၊
ဗီယက်နမ်စသဖြင့်ပါဝင်သည်။ (ဥပမာ ကနေဒါအစိုးရ အင်တာနက် စာမျက်နှာကိုကြည့်နိုင်သည်။ http://www.statcan.gc.ca/bsolc/olc-cel/olc-cel?catno=89-621-X&CHROPG=1&lang=eng)။
ထိုလင့်ခ်တွင်ဖော်ပြထားသော ကိုးရီးယား၊ ဗီယက်နန်စသည့်လူစုများမှာ
မူရင်းဌာနေလူမျိုးများမဟုတ်ပဲ၊ အက်သနစ်တွေဖြစ်ပြီး နိုင်ငံသားစည်းကမ်းနှင့်ညီပါက
နိုင်ငံသားဖြစ်ခွင့်ရှိပြီး နိုင်ငံသားအခွင့်အရေးအပြည့်အဝရကြသည်။
အင်တီးဂျီးနက်စ်ဟု သတ်မှတ်ခြင်းသည်လည်း ဘုရားပေးကျမ်းပေးမဟုတ်။ ပြသနာမရှိမဟုတ်။
ငြင်းခုန်နိုင်သောကိစ္စဖြစ်သည်။ လူအုပ်စုတစ်စုသည် နေရာဒေသ တစ်ခုတွင်အချိန်ကြာရှည်စွာနေထိုင်လာပြီး သူတို့သည်အင်တီးဂျီးနက်စ်ဖြစ်ပြီး အခြားအုပ်စုတစ်စု၏အင်တီးဂျီးနက်စ်ဖြစ်မှုကိုဆန့်ကျင်ကောင်း
ဆန့်ကျင်လိမ့်မည်။ သို့ရှိရာ အုပ်စုတစုအင်တီးဂျီးနက်စ်ဟုတ်သည်/မဟုတ်သည်ဆိုသည်မှာ
စင်ပြိုင်တောင်းဆိုရုန်းကန်မှုဖြစ်သည်။ သို့သော်
လူမှုရေးသိပ္ပံသုတေသနပြုသူများသတိပြုရမည်မှာ အာဒမ်နှင့်အေဝမှ
လူသားများဆင်းသက်လာသည်ဟူသည့်ဘာသာရေးအယူဝါဒကို လက်ခံသည်ဖြစ်စေ၊ ဒါဝင်၏ Evaluation
theory ကိုလက်ခံသည်ဖြစ်စေ လူသားများသည် တနေနေရာမှ လက်ရှိနေရာသို့ရွေ့ပြောင်းလာ
ကြခြင်းဖြစ်သည်။ မြေအောက်မှထိုးထွက်လာခြင်းမဟုတ်၊ ကောင်းကင်မှ ဆင်းလာခြင်းမဟုတ်။
အုပ်စုတိုင်းသည် သမိုင်းတချိန်ချိန်တွင် ဒေသ တခုခုသို့ရွှေ့ပြောင်းလာသည့် migrant
group များဖြစ်ရာ အင်တီးဂျီးနက်စ်ဖြစ်/မဖြစ်ဆိုသည့်အချက်မှာလည်း
အုပ်စုပေါ်မူတည်ပြီး၊ အချိန်အခါပေါ်မူတည်ပြီး ငြင်းခုန်ရနိုင်သည်။ သို့ရှိရာ
သုတေသနပြုသူများအနေဖြင့် အုပ်စုတစ်စုအားထောက်ခံပြီး
အခြားအုပ်စုအားဆန့် ကျင်ခြင်းမျိုးကိုရှောင်ရန်အရေးကြီးသည်။ သုတေသနပြုစုရာတွင်
အုပ်စုတစ်စုစုဖက်မှရပ်တည်ခြင်းထက် ထိုအုပ်စုများ
မူရင်းဌာနေလူမျိုးအဖြစ် အသိအမှတ်ပြုရန် မည်သို့မည်ပုံလှုပ်ရှားတောင်းဆိုသည်၊
စဉ်းစားသည်၊ သက်သေထူသည် စသည့်ကိစ္စရပ်နှင့်ဖြစ်စဉ်တို့ကို ဓမ္မဒိဌာန်ကျစွာ
မျှမျှတတလေ့လာတင်ပြရန်လိုသည်။ အထူးသဖြင့် Critical social science
သုတေသနပြုလိုသူများအနေဖြင့် သိပြီးသားဗဟုသုတများ၊ နားလည်မှုများ၊ အချက်အလက်များကို
problematize (or) unsettle ပြီး လူတိုင်းအတွက် လူမှုရေးတရားမျှတမှု (social
justice) နှင့် progressive change ကို ရှေးရှုပြီး နားလည်မှုအသစ်၊ ရှင်းလင်းချက်အသစ်များကို
ရှာဖွေဖော် ထုတ် တင်ပြနိုင်ရမည်။
စိုင်းလတ်
PhD Candidate - Geography (Human Geography), Simon Fraser University
MA Geography (Human Geography), York University
BA (Hon) International Development Studies, York University
PhD Candidate - Geography (Human Geography), Simon Fraser University
MA Geography (Human Geography), York University
BA (Hon) International Development Studies, York University
0 comments:
Post a Comment