Tuesday, June 25, 2013

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်(အပိုင်း၁-)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (အပိုင်း၁-) (စာပြင်နိုင်သမျှပြီးသမျှတင်ပေးမယ်တွေးပါတယ်-မျိုးမြင့်ချို)
၁။ စက်ရုပ်ချစ်သူ ပြဿနာ။
ဒီအမှာ စာဖတ်သူမိတ်ဆွေ..
သင့်အမှာ အရာရာပြီးပြည့်စုံနေသောချစ်သူတဦး ရှိနေသည်ဆိုကြပါစို့။ ဤချစ်သူများထံတွင် သင် စံထားမျှော်လင့်ထားသော အရည်အသွေး အချက်အလက်အားလုံးသည် ရှိနေသည်။ သူ၏ရုပ်ရည်ရူပကာအဆင်းမှာလည်း အပြစ်ဆိုစရာတကွက်တလေမျှမရှိ။ သင်၏လိုအင်ဆန္ဒ မှန်သမျှကိုလည်း ရွှေဆိုရွှေငွေဆိုငွေ ချက်ချင်းဖြည့်ဆည်းပေးနိုင်၏။ နောက်ဆုံး ပဉ္စပါပီကဲ့သို့ မကြုံစဖူးထူးကဲလှသောအတွေ့ထူးကိုလည်း ပေးစွမ်းနိုင်၏။ သို့သော် ဤချစ်သူနှင့်ပတ်သက်၍ အသိပေးစရာအချက်တချက်ကမူ ရှိပါသည်။ ယင်းမှာချစ်သူသည် သာမန်လူသားကဲ့သို့ လူသားမိခင်တဦးက ကိုးလလွယ်၍ဆယ်လဖွားခဲ့သူမဟုတ်ဘဲ ခေတ်လွန်စက်မှုသိပ္ပံပညာက တည်ဆောက်မွေးထုတ်ပေးလိုက်သော စက်ရုပ်တရုပ်ဖြစ်နေသည်ဟူသော အချက်ဖြစ်၏။ သူ့တွင် လူကမွေးလာသောလူသားကဲ့သို့ စိတ်ဝိညာဉ် (Soul) မပါရှိပေ။ ဤသည်ကလွဲ၍ ကျန်အရာအားလုံးနှင့်ပြီးပြည့်စုံနေသော ချစ်သူဖြစ်၏။ ဤသို့သော ချစ်သူကို သင့်ဘဝခရီးဖော်အဖြစ် ပေါင်းသင်းသွားလာရန်အတွက် လက်ထပ်နိုင်ပါမည်လော။
ဤသည်မှာ မျက်မှောက်ခေတ် အမေရိကန်ဒဿနဆရာကြီးဝီလျံဂျိမ်းစ် (William James) တင်ပြခဲ့သည့် ပြဿနာဖြစ်ပါသည်။ ဒဿနပညာရပ်အသိုင်းအဝိုင်းတွင် စက်ရုပ်ချစ်သူပြဿနာ (Problem of mechanical Sweetheart) ဟု လူသိများပါသည်။ စာဖတ်သူအနေဖြင့်လည်း ဤပြဿနာအပေါ် မည်သို့သဘောထားမည်နည်း။ “ဘာပဲဖြစ်ဖြစ်လက်ထပ်ယူမည်”ဟု ပြောမည်လော။ သို့တည်းမဟုတ် “ဟာ ... ဒါမျိုးကြီးကိုတော့ ဘယ်လက်ထပ်ယူနိုင်မှာလဲ” ဟု ပြောမည်လား။ သို့ဖြင့် ဤစက်ရုပ်ချစ်သူပြဿနာမှ တဆင့် လူ့လောကနှင့်စပ်လျဉ်း၍ စဉ်းစားတွေးတောစရာများ ပေါ်ထွက်လာပါသည်။ လူ့ဘဝတွင်ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များအားလုံးကို ဖြည့်စွမ်းရရှိပြီးပြီဆိုပါက ပြည့်စုံသွားပြီဟုထင်မြင်ယူဆကြသည် မဟုတ်ပါလော။ အဘယ့်ကြောင့် စိတ်ဝိညာဉ်ကို ထည့်သွင်းစဉ်းစားနေရပါသနည်း။ စက်ရုပ်ချစ်သူသည် မိမိ၏ရုပ်ပိုင်းလိုအင်ဆန္ဒမှန်သမျှကို အပြည့်အစုံ မိမိအားဖြည့်ဆည်းပေးနိုင်ပါလျှက်နှင့် စိတ်၏ဝိညာဉ်ဆိုတာလေးမပါသည့်အတွက် အဘယ်ကြောင့် ပြဿနာတက်သွားရပါသနည်း။ ယင်းစိတ်ဝိညာဉ်ဟူသည်မှာ အဘယ်နည်း။ မည်သည့်အရပ်၊ မည်သည့်နေရာတွင် ရှာဖွေတွေ့ရှိနိုင်ပါသနည်း။ ဤစိတ်ဝိညာဉ်ကို လူ့လောကတနေရာရာတွင်မတွေ့တွေ့အောင်ရှာယူလာပြီး မိမိ၏စက်ရုပ်ချစ်သူထဲသို့ထည့်သွင်း တပ်ဆင်ပေး၍မရနိုင်သလော။ ရုပ်ပိုင်းပြည့်စုံမှုထက် ဤစိတ်ဝိညာဉ်က ပို၍အရေးကြီးနေပါသလား။ ပိုပြီးတန်ဖိုးရှိနေပါသလား။
ဤနေရာတွင်ဒဿနဆိုင်ရာ မေးခွန်းများဝင်လာပါသည်။ စိတ်(သို့မဟုတ်) ဝိညာဉ်ဟူသည် အဘယ်နည်း။ “ရုပ် (Matter)” ဟူသည်မှာလည်း မည်သည့်အရာကိုခေါ်ပါသနည်း။ စိတ်နှင့်ရုပ်တွင်မည်သည်က ပို၍ ပဓာနကျသနည်း။ မည်သည်ကပို၍ အရေးကြီးသနည်း။ စသည့်မေးခွန်းများ၊ ပြဿနာများဖြစ်ကြသည်။ ယင်းတို့သည် ဒဿနဗေဒ၏ကဏ္ဍကြီးတရပ်ဖြစ်သော ရှိမှုဗေဒ (Ontology)နှင့် သက်ဆိုင်ပါသည်။ ရှိမှုဗေဒတွင်အဓိကအကျဆုံးမေးခွန်းမှာ “ဤလောက၏ အခြေခံအကျဆုံး အစစ်အမှန် အရှိတရား (Reality)ဟူသည် အဘယ်နည်း” ဟူ၍ ဖြစ်သည်။
အနောက်တိုင်း ဒဿနသမိုင်းတလျှောက်လုံးတွင် ဒဿနပညာရှင်အသီးသီးတို့သည် ဤမေးခွန်းအတွက် အဖြေအမျိုးမျိုးပေးကြပါသည်။ ရုပ်ဝါဒီများက အစစ်မှန်ဆုံးအရှိတရားသည် “ရုပ်” ဖြစ်သည်ဟုဆိုကြသည်။ နာမ်ဝါဒီများကမူ စိတ်(ဝါ)ဝိညာဉ်နာမ်တရားသည်သာ ဤလောက၏အခြေခံအကျဆုံး အရှိတရားဖြစ်သည်ဟုခံယူကြပါသည်။ သဘာဝဝါဒီ (Naturalist) များကလည်း သဘာဝတရား (Nature) သာလျှင် တကယ့်အစစ်အမှန်အခြေခံအရှိတရားဖြစ်သည်ဟု ဖွင့်ဆိုကြပါသည်။
ဖြစ်တည်မှုဝါဒသည် အထက်ပါအယူအဆများနှင့်ရှင်းရှင်းလင်းလင်း လမ်းခွဲထွက်ခဲ့သောဒဿနဖြစ်၏။ ဖြစ်တည်မှုဝါဒီတို့သည် ရုပ်ဟူသည် အဘယ်နည်း။ စိတ်ဟူသည် မည်သည့်အရာနည်း။ စိတ်နှင့်ရုပ်တွင်မည်သည်က ပို၍ အခြေခံကျသနည်း။ သဘာဝတရားသည်သာ အခြေခံဖြစ်သလော စသည့်ပြဿနာများကို စိတ်မဝင်စားကြပေ။ “လူဟူသည် အဘယ်နည်း” ဟူသောမေးခွန်းသည်သာ လူသားတို့အတွက် ဒဿနပညာအတွက် အရေးအကြီးဆုံးဖြစ်ကြောင်း သူတို့ကခံယူကြသည်။ လူသား၏ဘဝဖြစ်တည်မှုအပေါ်တွင်သာ ဂရုတမထား၍ သူတို့၏ အယူအဆများကို တင်ပြကြသည်။ လူ့ဘဝနှင့်မနီးစပ်နိုင်သော ယန္တိယသဘောဆောင်စကြဝဠာကြီးများ၊ လူ့ဘဝနှင့်အလှမ်းဝေးကွာလှသော ဒြပ်မဲ့စိတ်ကူးထည်နာမ်တရားများသည် လူ့လောကအတွက် မည်သို့မျှအရေးမပါနိုင်။ သို့အတွက်ယင်းတို့ကို အလေးထားမနေနိုင်ဟု ယူဆခဲ့ကြသည်။ လူသားများနှင့် လူ့လောကကြီးအတွက် တကယ့်အရေးအကြီးဆုံး၊ အဓိကအကျဆုံးအမှာ လူသားတဦးချင်းစီ၏ ပုဂ္ဂလဘဝဖြစ်သည်။ ယင်းသည်သာ တကယ့်အခြေခံအစစ်အမှန် အရှိတရားဖြစ်သည်ဟု ဖြစ်တည်မှုဝါဒကခံယူကြပေသည်။
အစဉ်အလာအားဖြင့် အနောက်တိုင်းဒဿနများသည် တက္ကိကအခြေပြုဒဿန (Metaphysical Philosophy)နှင့် သံသယအခြေပြုဒဿန (Skeptical Philosophy)များ ဖြစ်ကြပါသည်။ တက္ကိကအခြေပြုဒဿနများသည် အခြေခံအတွေ့အကြုံ အကြောင်းခြင်းရာများကိုရှင်းလင်းရာ၌ အတွေ့အကြုံအားဖြင့်လက်လှမ်းမမီသော၊ အတွေ့အကြုံကိုကျော်လွန်နေသည်ဟူသော အရှိတရားတို့ကိုလက်ခံထားကြပြီး တင်ပြရှင်းလင်းကြသည်။ တဖက်က သံသယအခြေပြုဒဿနများကလည်း လူသားအတွေ့အကြုံဟူသည် တိကျသေချာခြင်းမရှိ။ ထို့ကြောင့် မည်သည့်အရာကိုမျှ တိတိကျကျမှန်မှန်ကန်ကန် သိနိုင်သည်မဟုတ်။ ရုပ်လွန်တက္ကိကခံယူချက်အားလုံးမှာလည်း မှန်မှန်ကန်ကန် အားကိုးထိုက်သည်မဟုတ်ဟု ယူဆကြသည်။
ဖြစ်တည်မှုဝါဒသည် ယင်းအယူအဆနှစ်ခုစလုံးကို ပယ်ဖျက်ပစ်ပေသည်။ သံသယဝါဒကိုဆန့်ကျင်၍ လူသားသည် သူ၏ကိုယ်ပိုင်ဖြစ်တည်မှု အခြေခံတရားကိုရှာဖွေတွေ့ရှိနိုင်သည်ဟု ဖြစ်တည်မှုဝါဒကခံယူပေသည်။ ထိုနည်းတူ အစဉ်အလာတက္ကိကဝါဒကိုဆန့်ကျင်၍ အစစ်အမှန်အရှိတရားဟူသည် ကျွန်ုပ်တို့တွေ့ကြုံခံစားရရှိသည့်အရာဖြစ်သည် ဟု ဖြစ်တည်မှုဝါဒကလက်ခံပေသည်။ ယင်းတို့ခံယူသောအရှိတရားသည် ရှင်သန်နေသည့်အရှိတရား (Lived Reality) ဖြစ်သည်။ ယင်းအရှိတရားသည်လူ့ဘဝအခြေအနေ(Human Condition)ကိုကျော်လွန်၍ ဖြစ်တည်နေသည် မဟုတ်။ လူ့ဘဝက လက်လှမ်းမမီသောအရာ မဟုတ်။ လူ့ဘဝအခြေအနေအတွင်း၌ ဖြစ်တည်နေသောအရာ ဖြစ်သည်ဟု ဖြစ်တည်မှုဝါဒီတို့က ယူဆကြပေသည်။
အနောက်တိုင်း ဒဿနသမိုင်းတွင်ယေဘုယျအားဖြင့် တွေးခေါ်ပုံ၊ တွေးခေါ်နည်း (ဝါ) အတွေးအခေါ် လမ်းကြောင်းနှစ်သွယ် ရှိပါသည်။ လမ်းကြောင်းတသွယ်မှာ လူသား၏ပြင်ပလောကတွင်ရှိသော သဘာဝတရား သို့မဟုတ် စကြဝဠာကိုဗဟိုပြု၍တွေးခေါ်ပါသည်။ ယင်းလမ်းကြောင်းကို အိုင်အိုနီယန်အစဉ်အလာ (Ionic Tradition)ဟု ခေါ်ဆိုပါသည်။ ကျန်အတွေးအခေါ်လမ်းကြောင်းကမူ သဘာဝတရားကိုသိရှိခံစားနေသောလူသားအားဗဟိုပြု၍ တွေးခေါ်ပါသည်။ လူသား၏သဘော၊ လူသား၏အနေအထား၊ လူသား၏ ဂုဏ်သိက္ခာတို့ကိုအလေးထားသည့် အတွေးအခေါ်လမ်းကြောင်း ဖြစ်ပါသည်။ ယင်းကို ဆော့ခရတ္တိအစဉ်အလာ (Socratie Tradition) ဟု ခေါ်ကြပါသည်။
ဖြစ်တည်မှုဝါဒသည် ဆော့ခရတ္တိတွေးခေါ်ပုံလမ်းကြောင်းကိုလိုက်သောဒဿန ဖြစ်သည်။ လူသား၏ဘဝ၊ အတွေ့အကြုံ အခြေအနေ၊ ခံစားမှုများကိုအခြေတည်၍ လူသား၏ဂုဏ်သိက္ခာကို ဖော်ထုတ်မြှင့်တင်ကာ လူသားကိုဗဟိုပြုစဉ်းစားတွေးခေါ်ခြင်းပြုသော မျက်မှောက်ခေတ် ဒဿနတရပ်ဖြစ်ပေသည်။

0 comments:

Post a Comment