Tuesday, June 25, 2013

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်(အပိုင်း၂-)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (အပိုင်း၂-) (စာပြင်နိုင်သမျှ ပြီးသမျှတင်ပေးမယ်တွေးပါတယ်-မျိုးမြင့်ချို)
၂။ ဖြစ်တည်မှုရဲတိုက်။
အနာဂတ်လူသားမျိုးဆက်များက နှစ်ဆယ်ရာစု၏ပထမတဝက် နှစ်ငါးဆယ် (၁၉၀၀­ ၁၉၅၀) ကို အဓိပ္ပါယ်ကင်းမဲ့မှုကြီးစိုးသည့်ခေတ် (Age of Meaninglessness) ဟု ခေါ်ဝေါ်သတ်မှတ်ကြပေ လိမ့်မည်။ အဘယ်ကြောင့်နည်း။ လူ့ဘဝ၏အဓိပ္ပါယ်ကင်းမဲ့မှုသဘော၊ ရည်ရွယ်ချက်မဲ့ခြင်း သဘောတို့သည် ထိုအချိန်ကာလအတွင်းပေါ်ထွက်လာခဲ့သော စာပေ၊ အနုပညာ၊ ဒဿန အတွေးအခေါ်များအပေါ် အရှိန်အဟုန်ကြီးစွာဖြင့်လွှမ်းမိုး စိမ့်ဝင်ထားသောကြောင့်ဖြစ်၏။ ဤသို့သော လူ့ဘဝ၏ အကာပြဲ့ပြဲ့အနှစ်မဲ့လှသည့် အဓိပ္ပါယ်ကင်းမဲ့မှုကိုမီးမောင်းထိုးပြသည့် ဒဿနတရပ်သည် ပေါ်ထွန်းခဲ့၏။ ထိုဒဿနသည် ပထမကမ္ဘာစစ်ကြီးအပြီး ပြင်သစ်နိုင်ငံ၌ အရှိန်ယူ၍ တဟုန်ထိုးထွန်းကားကျယ်ပြန့်ခဲ့သည်။ ယင်းဒဿနကား ဖြစ်တည်မှုဝါဒဖြစ်ပေသည်။ ဖြစ်တည်မှု Existence ဟူသော အင်္ဂလိပ်ဝေါဟာရသည် လက်တင်ဝေါဟာရ Ex­ sistere မှ ဆင်းသက်လာခြင်းဖြစ်သည်။ အနက်အဓိပ္ပါယ်အားဖြင့် “ပေါ်ထွက်လာသည်” stand out ဟုရပါသည်။ သို့ဖြင့် Existence ဟူသောဝေါဟာရသည် နာမ်အသွင်ဆောင်နေသော်လည်း ပြုမူလှုပ်ရှားမှု ကြိယာသဘောပို၍ဆောင်ယူပေသည်။ အစဉ်အလာ ဒဿနများကမူ Existence ကို မလှုပ်ရှားရပ်တည်နေသောနာမ်အဖြစ်သာ မှတ်ယူခဲ့ကြပေသည်။ တနေရာရာတွင်ရှိရုံသာ ရှိနေခြင်းသဘောဖြင့်သာ အနက်ကောက်ယူခဲ့ကြသည်။ ဖြစ်တည်မှုဝါဒီတို့ကမူ Existence ဟူသည် ရှင်သန်ဖြစ်ပေါ်နေခြင်း သဘောဖြင့်မှတ်ယူကြလေသည်။ ဖြစ်တည်မှုဟူသည် မလှုပ်မရှားရှိရုံသာရှိနေခြင်းသက်သက်ကို ဆိုလိုသည်မဟုတ်။ သီးခြားဝိသေသသဘောဖြင့် ပေါ်လွင်ထင်ရှားစွာ ရှင်သန်ဖြစ်ပေါ်နေခြင်းကိုသာဆိုလိုပေသည်။ ဤကမ္ဘာလောကကြီးထဲတွင် သက်ရှိသက်မဲ့ရုပ်ဝတ္ထုပစ္စည်းများ၊ သတ္တဝါများ အမျိုးမျိုးအစားစား အကွဲကွဲအပြားပြားရှိနေကြပါသည်။ အဖြစ်အပျက် အကြောင်းခြင်းရာ အချက်အလက်များအမှာလည်း ရေတွက်၍မရနိုင်အောင်များလှပါသည်။ ယင်းတို့အားလုံးထဲတွင် လူသားတဦးချင်းစီ၏ပုဂ္ဂလဘဝသည် ကျန်အရာအားလုံးကိုကျော်လွန်ပြီး ပေါ်လွင်ထင်ရှားထူးခြားစွာဖြင့် ဖြစ်တည်နေပေသည်။
လူသားသည် အခြားသောသတ္တဝါများ၊ တိရိစ္ဆာန်များကဲ့သို့ သူ့ပတ်ဝန်းကျင်အနေအထား၊ အင်အားစုများနှင့် မျိုးရိုးစဉ်လာများ၏ ထုတ်လုပ်ချက်သက်သက် မဟုတ်ပေ။ ထို့ပြင် လူ့အဖွဲ့အစည်းအတွင်းမှ သာမန်အားဖြင့်ပေါ်ထွက်လာသောရလဒ်လည်း မဟုတ်ပေ။ လူဟူသည် အတိတ်ကာလအစဉ်အလာတို့၏လွှမ်းမိုးပြဌာန်းမှုအောက်တွင် နစ်မွန်းနေသူမဟုတ်၊ သမရိုးကျအစဉ်အဆက် ပုံသေကားကျစွဲကိုင်ထားသော ဟောင်းနွမ်းယိုယွင်းနေသည့်ဓလေ့ထုံးတမ်းအယူအဆများ၊ အပြုအမူကျင့်ဝတ်များ ၏ ဘောင်ခေတ်ကန့်သတ်ပြဌာန်းချက်များကိုထိုးဖေါက်၍ အညွန့်တလူလူဖြင့်ထွက်ပေါ်လာသူဖြစ်သည်။ ဖြစ်နိုင်ချေ လားရာမှန်သမျှဆီသို့ဦးတည်၍ အစဉ်အမြဲရှင်သန်လှုပ်ရှားနေသူဖြစ်ပေသည်။
ထို့ကြောင့်ဖြစ်တည်မှုဝါဒီတို့ဆိုလိုသည့် ဖြစ်တည်မှုဟူသည်မှာ လူသား၏ဖြစ်တည်မှုကိုသာ ရည်ညွှန်းခြင်းဖြစ်ပေသည်။ အခြားသက်ရှိသတ္တဝါ တိရိစ္ဆာန်များ၏ဖြစ်တည်မှု၊ ရုပ်ဝတ္ထုပစ္စည်းတို့၏ဖြစ်တည်မှု၊ နောက်ဆုံးစကြဝဠာကြီး၏ဖြစ်တည်မှုကို ရည်ညွှန်းသည်မဟုတ်။ ယင်းတို့နှင့်ပတ်သက်သောဖြစ်တည်မှုများကိုလည်း သူတို့ကစိတ်မဝင်စားကြ။ ထို့ပြင် လူသား၏ဖြစ်တည်မှု ဆိုရာ၌လည်း ယေဘုယျလူသားမျိုးနွယ်ကြီးတခုလုံး သို့တည်းမဟုတ် လူ့အဖွဲ့အစည်းတရပ်လုံး၏ဖြစ်တည်မှုကို ဆိုလိုသည် မဟုတ်ပါ။ လူသားတဦးချင်းစီ၏ဖြစ်တည်မှု (ဝါ)ပုဂ္ဂလဖြစ်တည်မှု (Individual Existence) ကိုသာညွှန်းဆိုခြင်း ဖြစ်ပါသည်။
“ဖြစ်တည်သည်” (Exit)၊ “ဖြစ်တည်မှု” ဟူသော ဝေါဟာရတို့ကို ဖြစ်တည်မှုဝါဒီတို့သည် တယောက်ချင်းစီ၊ တဦးချင်းစီဖြစ်သော ပုဂ္ဂလလူသားအတွက်သာ သုံးကြသည်။ သူတို့အတွက်“ဖြစ်တည်မှု”ဟူသည် သီးခြားလူသားတဦးစီနှင့်သက်ဆိုင်ပေသည်။ ထို့ကြောင့်လည်း မျက်မှောက်ခေတ် ဂျာမန်ဖြစ်တည်မှုဝါဒီဒဿနတွေးခေါ်ရှင် ဟိုင်ဒေဝါက ဤသို့ဆိုခဲ့ပါသည်။
“လူသာလျှင် ဖြစ်တည်၏။ ကျောက်တုံးတတုံးသည် ရှိ၏။ (Is)။ မဖြစ်တည်။ သစ်ပင်တပင်သည် ရှိ၏။ မဖြစ်တည်။ မြင်းတကောင်သည် ရှိ၏။ မဖြစ်တည်။ နတ်မိမယ်တပါးသည် ရှိ၏။ မဖြစ်တည်။ နောက်ဆုံး ဘုရားသခင်သည် ရှိ၏။ မဖြစ်တည်။ လူသာလျှင် ဖြစ်တည်၏” ဤစကြဝဠာလောကတခွင်တပြင်တွင် လူသာလျှင်ဖြစ်တည်နိုင်၏။ ဘုရားသခင်ဟူသည် ရှိသည်ဆိုစေဦးတော့ (ဟိုင်ဒေဂါတို့ ဆာ့တ်တို့သည် ဘုရားမဲ့ဝါဒီများဖြစ်ကြသည်) ထိုဘုရားသခင်သည် ဖြစ်တည်မှု မရှိနိုင်။ မဖြစ်တည်၊ ရှိရုံသာရှိပေလိမ့်မည်။ အဘယ်ကြောင့်နည်း။
လူသားသည် ထူးခြားသောသိစိတ်(Consciousness)ပိုင်ရှင်ဖြစ်၏။ ယင်းသိစိတ်သည် မီမိမဖြစ်သေးသော၊ ဖြစ်နိုင်စရာ အလားအလာအဖြစ်၊ အခြေအနေများဆီသို့ ရှေးရှူဦးတည်ဖြစ်ပေါ်နေပေသည်။ ယင်းအလားအလာများကို လူသည် မိမိဘဝပေးအခြေအနေအတွင်းမှနေ၍ လွတ်လပ်စွာရွေးချယ်ပြုမူနိုင်ပေသည်။ ထို့ကြောင့် လူတွင်သေချာရေရာမှုသဘော၊ မဖြစ်မနေဖြစ်ရမည့် လိုအပ်မှုသဘော (Necessary) မရှိပေ။
လူမှတပါး အခြားအရာတို့ကမူ သေချာရေရာမှုသဘော ရှိကြပေမည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် ပြဌာန်းခံထားရသော အရာများဖြစ်နေကြသောကြောင့် ဖြစ်ပေသည်။ ဥပမာ ­ စားပွဲဟူသောအရာဝတ္ထု၌ စားပွဲတလုံးတွင်ရှိကိုရှိနေရမည့်ဂုဏ်ရည် အနှစ်သာရလက္ခဏာတို့သည် ထပ်မံပြောင်းလဲစရာမလိုတော့ပေ။ ပြောင်းလဲသွားလျှင်လည်း စားပွဲမဟုတ်တော့ပေ။ ထို့ကြောင့် ယင်းကဲ့သို့သောအရာဝတ္ထုတို့သည် တည်မြဲနေကြသည်ဟုဆိုနိုင်သည်။ သို့သော် ယင်းတို့တွင် လူသားတို့ပိုင်ဆိုင်သော သိစိတ် မရှိကြပေ။ လူတဦး သေဆုံးသကဲ့သို့သေရသောအရာများ မဟုတ်ကြပေ။ တိရိစ္ဆန်များသည် သေဆုံးရသောသက်ရှိများဖြစ် သည်ဟုဆိုနိုင်လင့်ကစား လူကဲ့သို့ မိမိဖြစ်တည်မှုကိုလည်းကောင်း၊ မိမိ၏ လွတ်လပ်မှုကိုလည်းကောင်း၊ မိမိတို့သေဆုံးသည်ကို လည်းကောင်း သိရှိခံစားမှတ်ရှူနိုင်ကြသည်မဟုတ်။ လူကဲ့သို့ မရဏာနုဿတိကို ပွားများနိုင်ကြသူများ မဟုတ်ကြပေ။ ထို့ကြောင့် ဖြစ်တည်မှုဝါဒီတို့အတွက် ဖြစ်တည်မှုဟူသည် သိစိတ်လွတ်လပ်မှုတို့နှင့် တသားတည်း တသဘောတည်းဖြစ်ပေသည်။ ဤသို့သော ‘ဖြစ်တည်မှု’ ရှိသည့်အရာ၊ ဖြစ်တည်နိုင်သည့်အရာတို့မှာ ဤကမ္ဘာလောကတွင် လူသာလျှင်ရှိပေသည်။ ကျန်အရာမှန်သမျှသည် လူကဲသို့သိစိတ်မရှိ၊ လွတ်လပ်မှုမရှိ။ ထို့ကြောင့် ယင်းတို့သည် ရှိရုံသာရှိနေကြသော အရာများဖြစ်၏။ ဖြစ်တည်နေသောအရာများ မဟုတ်ပေ။ နတ်မိမယ်ဟူသည် လူ့စိတ်တွင်ရှိနေသည့်သဘော တရပ်သာ ဖြစ်၏။ ဖြစ်တည်မှု မဟုတ်ပေ။ ထိုနည်းတူ ဘုရားသခင်ဆိုသည်မှာလည်း ဖြစ်တည်မှု မဟုတ်ပေ။ လူ့စိတ်တွင်ရှိနေသည့်သဘောသာ ဖြစ်၏၊ မဖြစ်တည်။
ဤသို့ဖြင့် ဖြစ်တည်မှုဝါဒီတို့သည် ဖြစ်တည်မှုဟုဆိုရာ၌ ပုဂ္ဂလလူသား တဦးချင်းစီကိုသာ ရည်ညွှန်းရှူမြင်ကြရပေသည်။ သူတို့အတွက် လူဟူသည် ဝိသေသသဘောဆောင်သော ပုဂ္ဂလိကအတွေ့အကြုံများကိုတိုက်ရိုက်ခံစားလျှက် အသက်ရှင်သန်နေသောသတ္တဝါဖြစ်သည်။ ယင်းလူပုဂ္ဂိုလ်တဦးချင်းစီတို့၏ဖြစ်တည်နေမှုသည် ထူးခြားလှပေသည်။ တဦးနှင့်တဦး လုံးဝမတူကြပေ။ တခုတည်းသောအရာကို တွေ့သိခံစားရပုံချင်း၌ပင် မတူကြပေ။ ဥပမာ တမျိုးတည်းသောငရုပ်သီးကို စားမိကြသူတိုင်း စပ်သည်ဟုပြောကြပေမည်။ “စပ်ခြင်း” အရသာကို စားမိသူတိုင်းခံစားကြရမည်သာ ဖြစ်သည်။ သို့သော် တဦး၏စပ်ခြင်းနှင့်တဦး၏စပ်ခြင်း အတူတူပင်ဖြစ်သည်ဟု ဆုံးဖြတ်နိုင်ပါမည်လော။ “ငါစပ်တာနဲ့မင်းစပ်တာ အတူတူပါပဲကွာ” ဟု မည်သည့် နှုန်းစံဖြင့်တိုင်းတာ၍ ပြောနိုင်မည်နည်း။ မပြောနိုင်ပါ။ မဆုံးဖြတ်နိုင်ပါ။  ထို့ပြင် တကြိမ်တခါ တွေ့ကြုံခံစားလိုက်ရသည့် ပုဂ္ဂိုလ်တဦး၏ခံစားချက်သည် ထိုပုဂ္ဂိုလ်တဦးတည်းအတွက်သာဖြစ်ရုံမျှသာမက ထိုတကြိမ်တည်းအတွက်သာ ဖြစ်ချေသည်။ ထိုခံစားချက်အတိုင်း နောက်တကြိမ်ထပ်မံ၍ ထပ်တူထပ်မျှ ခံစားချင်၍ရနိုင်မည် မဟုတ်တောပေ့။ “သင်သည် မြစ်တစင်းအတွင်းသို့ နှစ်ကြိမ်မဆင်းနိုင်” ဟူသော ရှေးဟောင်းဂရိတွေးခေါ်ရှင်ကြီးဟေရာကလိုက်တပ် (Heraclitus(ဘီစီ ငါးရာစု)ပြောစကား ကဲ့သို့ပင် ဖြစ်သည်။ ဖြစ်တည်မှုဝါဒီတို့သည် လူသား၏ပုဂ္ဂလဖြစ်တည်မှုကို ဤမျှလောက် ဂရုတမထားကြသူများ ဖြစ်ပါသည်။
သို့ရာတွင် ယနေ့လူ့အဖွဲ့အစည်းကြီးတရပ်လုံး၊ လူ့ယဉ်ကျေးမှုကြီးတရပ်လုံးကို သိပ္ပံပစ္စည်းများ၊ စက်မှုနည်းပညာများက လွှမ်းမိုးကြီးစိုးထားပေသည်။ ယင်းလွှမ်းမိုးကြီးစိုးမှုလောင်းရိပ်အောက်တွင် လူသားသည် သပ္ပံပညာကထုတ်လုပ်လိုက်သော ရုပ်ဝတ္ထုထုတ်ကန်ုပစ္စည်းများကဲ့သို့ ဖြစ်သွားလေသည်။ လူစင်စစ်မှနေ၍ စက်မှုသိပ္ပံပညာ၏အစေအပါးသဖွယ် ဖြစ်လာတော့သည်။ ထို့ပြင် လူသားများစီရင်ထုတ်ဖော်ထားကြသည့် နိုင်ငံရေးစနစ်များ၊ လူမှုရေးကျင့်ဝတ်များ၊ ဥပဒေကန့်သတ်ချက်များအကြားတွင် လူသား၏လွတ်လပ်မှု၊ တီထွင်ကြံဆမှုနှင့် ဂုဏ်သိက္ခာတို့သည် မှေးမှိန်သွားတောသ့ည်။ ဤသို့ဖြင့် စစ်မှန်စွာဖြစ်တည်နေရမည့် လူသား၏ပုဂ္ဂလဘဝသည် မည်သို့မျှ ထွန်းပလာစရာ မရှိတော့ပေ။
ဤအခြေအနေ ဤအဖြစ်အပျက်များကို ဖြစ်တည်မှုဝါဒီတို့က မလိုလားကြ။ ဤလူ့လောကတွင် လူသားအသီးသီး၏ စစ်မှန်သောလူ့ဘဝသည် ဂုဏ်သရေရှိရှိထွန်းပရမည်။ လူသားတို့၏ ပုဂ္ဂလိကဘဝဖြစ်တည်မှုဂုဏ်သိက္ခာကို ချိုးဖဲ့ဖျက်ဆီးပစ်နေသော အယူအဆဒဿနများ၊ ပညာရပ်များ၊ အခြေအနေများသည် ဤလောကအတွင်း၌ ရှိနေကြသည်။ ယင်းတို့ကို တော်လှန်တိုက်ဖျက် ဇာတ်သိမ်းပစ်ရမည်ဟု ဖြစ်တည်မှုဝါဒီတို့က ဆော်သြကြပါသည်။
ကဲကီးဂါးဒ်အလိုအရ လူ့လောကတွင် ပုဂ္ဂလလူ့ဘဝသည်အရေးအကြီးဆုံးဖြစ်သည်။ ယခင်က ပေါ်ပေါက်ခဲ့ကြသောအတွေးအခေါ် ဒဿနစနစ်များ (ပလေတိုဝါဒ၊ ဆင်ခြင်ခြင်းအဓိကဝါဒ၊ ဟေဂယ်ဝါဒ) သည် လူသား၏ပုဂ္ဂလဘဝအပေါ် အလေးမထားခဲ့ကြ၊ ထို့ကြောင့်လည်း လူ့ဘဝပြဿနာများကို ဘယ်ဝါဒ၊ ဘယ်စနစ်ကမျှ ကျေနပ်ဖွယ်ကောင်းအောင် ဖြေရှင်းမပေးနိုင်ခဲ့ကြ၊ သို့ဖြစ်၍ ထိုဝါဒစနစ်များသည် မည်သည့်တန်ဖိုးမျှ မရှိဟူ၍ ဆိုခဲ့ကြသည်။ ထို့ပြင် သူက (သူ့ခေတ်)ခရစ်ယာန်ဘာသာရေးတွင် ကလိမ်ခြုံအတုအယောင်ခရစ်ယာန်များသည် အများအပြားဖြစ်သည်။ ထို့ကြောင့် ပိုမိုပြင်းထန်ထိရောက်သော နောက်ထပ် ဘာသာရေးပြုပြင်ပြောင်းလဲမှုကြီးတရပ်ကို ဆင်နွှဲရမည်။ အဘယ်ကြောင့်ဆိုသော် ယခု လက်ခံထားသည့် အစဉ်အလာ ဘာသာရေးထုံးဓလေ့များကြောင့် လူသားတို့သည် ဘုရားသခင်အစစ်နှင့်လည်း ဆုံနိုင်မည်မဟုတ်ပေ။ တရားဓမ္မအစစ်ကိုလည်း နာကြာနိုင်မည်မဟုတ်ပေ။ ဤသို့ဖြင့် လူသားတို့သည် မည်သည့်ကိုယ်ကျင့်သိက္ခာသန့်စင်မှုမျှ မရှိကြတော့ပဲ အကုသိုလ်ဒုစရိုက်ကောင်များဖြစ်လာကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လက်ရှိလူ့လောကီ အခြေအနေများကိုရော၊ ဘာသာရေးအခြေအနေများကိုပါ အမြစ်ကလှန်ပြီး ပြင်းပြင်းထန်ထန်ပြုပြင်ပြောင်းလဲရမည်ဟု ဆိုပါသည်။

0 comments:

Post a Comment