Thursday, June 6, 2013

မက်ဒလင်းအောရိုက်နှင့်ဆွေးနွေးခြင်း (ဒေါက်တာသန်းငြိမ်း၏ပြောဆိုချက်များ)

0 comments
(မှတ်ချက် ကျနော်မနက်က ကူးယူဖော်ပြခဲ့တဲ့ (စိမ်းမြင့်)ရေးတဲ့ (အောက်ကြေးသမားအသံ ပီအာသံညံ)ဆောင်းပါးအပြင် ရှေ့ပိုင်းမှာတင်ပြီးသား ပီအာရ်နဲ့ပတ်သက်တဲ့ဆောင်း(၅)ခုနဲ့ ဆက်စပ်လေ့လာဖို့ပါ။ ကျနော့်အနေနဲ့ကတော့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဘာဖြစ်မလဲနဲ့ အဲ့ဒီရွေးကောက်ပြီးရင်ဘာဖြစ်မလဲဆိုတာတွေထက် ၂ဝ၁၅ မတိုင်ခင် ဘာတွေဖြစ်လာမလဲနဲ့ အဲ့ဒီဖြစ်လာမယ့်ဟာတွေက တိုင်းပြည်အပေါ် လူထုအပေါ်ဘယ်ထောင့်ကနေ ဘယ့်လောက် ဘာတွေသက်ရောက်မလဲကို ပိုစောကြောကြည့်လိုစိတ်ရှိပါတယ်။ ခုပြောနေတဲ့ပီအာရ်လို့ဆိုတဲ့ Proportional representative-PR လည်း အိမ်ဖြည့်နေရာကနေ တစတစနဲ့အိမ်ဦးခန်း နားရောက်လာနေပါပြီ။ ပြည်တွင်းကထုတ်တဲ့အသံမှာ အကျယ်လောင်ဆုံးက အင်န်ဒီအက်ဖ်ဖြစ် တာလည်း ထင်းနေပါတယ်။ ဒီမှာလည်း ဒီ ပီအာရ်အပြင် သူတို့ပါတီအာဘော်တစေ့တစောင်း ကို ကြည်ဖို့ပါ။ ဒီအရေးကို “လွှတ်တော်ရဲ့အဆုံးအဖြတ်အတိုင်း တည်စေရမည်”ဆိုပြီး ဗိုလ်ရွှေမန်းလက် “ဝ”ကွက်အပ်ပြီဆိုလို့ကတော့ ပြေးကြည့်နေစရာလိုမယ်မထင်ပါ။ မျိုးမြင့်ချို)
၂-၆-၂ဝ၁၃ ရက်နေ့က ရန်ကုန်မြို့၊ ချက်ထရီယမ်ဟော်တယ်မှာ နိုင်ငံရေးပါတီတွေနဲ့ မစ္စမက်ဒလင်းအောရိုက်တို့တွေ့ဆုံပွဲ ကို နေ့လည် ၂းဝဝ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို တက်တဲ့ပါတီက ငါးပါတီပါ။ NLD ၊ တစည၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားဒီမိုကရေစီပါတီသစ်နဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီတို့ဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ပါတီခေါင်းဆောင်ဒေါက်တာသန်းငြိမ်းနဲ့ လွှတ်တော်အမတ်ဒေါ်တင်နွယ်ဦးတို့ တက်ရောက်ခဲ့ပါတယ်။ NLD ကတော့ ဦးဝင်းထိန်နဲ့ဒေါ်မေဝင်းမြင့်၊ ဒီမိုကရက်တစ်ပါတီက ဦးသုဝေ၊ အမျိုးသားဒီမိုကရေစီပါတီသစ်က ဦးသိန်းညွှန့်၊ တစည က ဦးသိန်းထွန်း။ ထိုင်ခုံစီစဉ်တာက အတော်ထူးဆန်းတယ်။ စားပွဲတစ်ဖက်တစ်ချက်မှာထိုင်ကြရတော့ နိုင်ငံရေးပါတီတွေက တစ်ဖက်၊ မစ္စမက်ဒလင်းအောရိုက်တို့ကတစ်ဖက် မျက်နှာချင်းဆိုင်ထိုင်ကြရာမှာ မစ္စမက်ဒလင်းအောရိုက်ဘေးမှာ ဒေါက်တာ သန်းငြိမ်းကိုလာထိုင်ပါဆိုပြီး ဖိတ်ခေါ်တော့ ဒေါက်တာသန်းငြိမ်းလည်း မစ္စမက်ဒလင်းအောရိုက်ဘေးမှာ သွားထိုင်ရတယ်။ အမှန်က ဒေါက်တာသန်းငြိမ်းက မစ္စမက်ဒလင်းအောရိုက်နဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး စကားပြောချင်တာ။
NLD ဦးဝင်းထိန်က ကျုပ်တို့ကပီအာကို လက်မခံနိုင်ဘူး။ ဒေါ်စုသမ္မတဖြစ်ရေးအတွက် အခြေခံဥပဒေကိုပြင်ရမှာလို့ ဆိုလိုက်တယ်။
ဒေါက်တာသန်းငြိမ်းက သူ့ပြောအလှည့်မှာတော့ ကျွန်တော်တို့နိုင်ငံမှာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီခေတ် အပြောင်းအလဲစတာက ၂ဝ၁ဝ ရွေးကောက်ပွဲကစတာဆိုတာကို အလေးအနက်ပြောချင်ပါတယ်။ ဒီထဲမှာပါတဲ့ အချို့ပါတီတွေက ၂ဝ၁ဝကို ဝင်ခဲ့ကြတယ်။ ဝင်တဲ့နေရာမှာလည်း ကျွန်တော်တို့က သိပ်မျှော်လင့်ချက်ကြီးကြီးထားခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် အခုလက်တွေ့ကတော့ ခင်ဗျားတို့အမြင်ပဲ။ ကျွန်တော်တို့မျှော်မှန်းတာထက်ကို အပြောင်းအလဲက ပိုပြီးတိုးတက်နေတာ ကိုတွေ့ရပါမယ်။
ပီအာနဲ့ပတ်သက်ပြီးပြောရရင် ကျွန်တော်တို့နိုင်ငံမှာ လွတ်လပ်ရေးရကတည်းက FPTP စနစ်နဲ့ ရွေးကောက်ပွဲတွေလုပ်လာရာမှာ ရလာဒ်ကမကောင်းခဲ့ဘူး။ ပါလီမန်ခေတ်မှာ ပါတီစုံမဟုတ်ဘဲ ဖဆပလတစ်ပါတီတည်းကြီးစိုးပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး လည်းမရနိုင်ခဲ့ဘူး။ ဒီမိုကရေစီလည်း ဆုံးရှုံးခဲ့ရတယ်။ ၁၉၉ဝခုနှစ်မှာကျွန်တော် NLD ပဲ။ ကျောက်တန်းမှာဝင်ပြိုင်တယ်။ ကျွန်တော်လည်း လွှတ်တော်ကိုယ်စားလှယ်ပဲ။ ကျွန်တော်တို့ LAND SLIDE နိုင်တယ်။ ဒါပေမယ့် ဒီမိုကရေစီလည်း မရဘူး။ အာဏာရှင်အောက်မှာ နှစ်၂ဝ လောက်နေခဲ့ရတယ်။ အခုကျွန်တော်တို့ပြောနေတဲ့ ပီအာဆိုတာ… မှန်ပါတယ်။ ၂ဝ၁၂ ခု ကြားဖြတ်ပြီးမှတင်တာ အကြောင်းရှိတယ်။ ဒီအရင် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ မတရားတွေအများကြီးဖြစ်ခဲ့တယ်။ ၂ဝ၁၂ မှာ တရားမျှမျှတတ လုပ်ခဲ့တယ်။ ဒါကြောင့် ၂ဝ၁၅ မှာလည်း မျှမျှတတလုပ်ဖို့အလားအလာရှိတယ်။ အဲ့ဒီအခါမှာ ရွေးကောက်ပွဲစနစ်ဟာ ကောင်းဖို့လိုတယ်။ မတရားတာလုပ်မယ်ဆိုရင် ဘယ်လိုရွေးကောက်ပွဲစနစ်သုံးသုံး ဘာမှ မထူးဘူး။ ပီအာဆိုတာဟာ ယနေ့ကမ္ဘာမှာ အများစုသုံးနေကြတယ်။ FPTP နဲ့ယှဉ်လိုက်ရင် ပီအာကိုသုံးတဲ့နိုင်ငံတွေက ပိုများနေတယ်။ ဥရောပမှာဆိုလို့ရှိရင် ၂၈ နိုင်ငံမှာ ၂၁ နိုင်ငံက ပီအာကိုသုံးနေတယ်။ တစ်ကမ္ဘာလုံးမှာ ဒီလောက်သုံးနေတဲ့ စနစ်တစ်ခု မကောင်းဘူးလို့ပြောမလား။
နောက်တစ်ခုက အခြေခံဥပဒေနဲ့ပတ်သက်ပြီး အခြေခံဥပဒေပြင်ဆင်ရေးမှာ နံပတ်တစ်အနေနဲ့ လေးချက်ပြင်ဖို့အဓိကထားတယ်။ ပထမတစ်ခုက အခြေခံဥပဒေပြင်ဖို့ လွှတ်တော်အမတ် ၇၅% ကျော်ဖို့ဆိုတာကို လျှော့ပေးရမယ်။ အခြားနိုင်ငံတွေမှာ သုံးပုံနှစ်ပုံပဲလုပ်တယ်။ ဒုတိယတစ်ခုကတော့ သမ္မတနဲ့ ဒု-သမ္မတအရည်အချင်းနဲ့ပတ်သက်ပြီး ဒီပုဒ်မကိုပြင်တဲ့အခါမှာ ဘယ်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ ပါတီတစ်ခုအကျိုးဖြစ်ဖို့၊ အကျိုးယုတ်ဖို့ရည်ရွယ်ပြီး ပြင်ဆင်တာမဟုတ်ဘူး။ အကျိုးဖြစ်ဖို့ရည်ရွယ်တာကိုလည်း လက်မခံဘူး။ အကျိုးယုတ်အောင်လုပ်တာကိုလည်း လက်မခံဘူး။ ကျွန်တော်တို့ပါတ်ီက ပြင်ဆင်ချက်တင်ဖို့ရှိတဲ့နေရာမှာ သမ္မတ၊ ဒု-သမ္မတအဖြစ်ခန့်အပ်ခံရမယ့်သူရဲ့အိမ်ထောင်ဖက်ဟာ ကွယ်လွန်သွားလျှင်သော်လည်း၊ သို့မဟုတ် သူ ထိုရာထူးကိုဆက်ခံတဲ့အချိန်မှာ သူ့ရဲ့အိမ်ထောင်ဖက်ဟာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရလျှင်သော်လည်းဆိုပြီး ဒါကိုချွှင်းချက်ထားဖို့ဖြစ်တယ်။
စစ်သားလွှတ်တော်ကိုယ်စားလှယ် ၂၅% နှင့်ပတ်သက်၍ တပ်မတော်နှင့်ညှိနှိုင်း၍တစ်ဖြည်းဖြည်းလျှော့ချသွားဖို့ ဆိုပြီး ပြင်ဆင်ထားပါတယ်။
အရေးအကြီးဆုံးအနေနဲ့ပြောရရင် အခြေခံဥပဒေပြုပြင်ပြောင်းလဲရာမှာ တိုင်းရင်းသားများနဲ့ပတ်သက်ပြီး စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စု စနစ် တည်ဆောက်ဖို့တင်ပြထားတယ်။ ကျွန်တော်တို့ ဒီမိုကရေစီမိတ်ဆွေ ဆယ်ပါတီမှာပါတဲ့ တိုင်းရင်းသားငါးပါတီနဲ့ ညှိနှိုင်းဆွေးနွေးထားတာရှိပါတယ်။ တစ်ခုက တိုင်းရင်းသားပြည်နယ်တွေဟာ ပြည်ထောင်စုကနေခွဲမထွက်ဘူး။ နောက်တစ်ခုက ရှစ်ပြည်နယ်ဆိုတာကို သူတို့လက်မခံဘူး။ လက်ရှိပုံစံအတိုင်း၊ ဒါမှမဟုတ် ထပ်တိုးချဲ့နိုင်တယ်။ နောက်တစ်ခုက တိုင်းရင်းသားပြည်နယ်တွေမှာ စစ်မှန်တဲ့အာဏာခွဲဝေမှု၊ စီးပွားရေးခွဲဝေမှု၊ အခွင့်အရေးခွဲဝေမူတွေကို စာရွက်ပေါ်မှာတင်မက လက်တွေ့ကျင့်သုံးဖို့ဆိုတာတွေ ဖြစ်ပါတယ်။
ဒီမိုကရေစီအရေးမှာ တိုင်းရင်းသားတွေကို ဘေးဖယ်ထားတယ်ဆိုပြီး ပြောတာကတော့ ကျွန်တော်တို့အတွက်မှားနေပါတယ်။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီမိတ်ဆွေပါတ်ီများကို ၂ဝ၁ဝ ရွေးကောက်ပွဲကာလက တွေ့ဆုံဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားငါးပါတီ ပါပါတယ်။ ကျွန်တော်တို့ကတော့ တိုင်းရင်းသားတွေကို ဘေးဖယ်မထားပဲ လက်တွဲလုပ်ကိုင်နေပါတယ်။ မြန်မာပြည်ရဲ့ပြည်တွင်းစစ်ဟာ လက်ရှိနိုင်ငံဥပဓိရုပ်ကိုထိခိုက်စေတယ်ဆိုပြီး ယခုပြောဆိုနေခြင်းဟာ မှားနေပါတယ်။ မြန်မာပြည်ရဲ့ပြည်တွင်းစစ်ဟာ အခု အများကြီးအားလျှော့သွားပါပြီ။ အပစ်အခတ်ရပ်စဲရေးတွေလုပ်နိုင်ခဲ့သလို အခုနောက်ဆုံး ကချင်ကေအိုင်အိုနဲ့သဘောတူချက်တွေ လက်မှတ်ထိုးနိုင်ခဲ့ပါပြီ။ မြန်မာ့ပြည်တွင်းစစ်ဟာ နှစ်ပေါင်း ၆ဝ ကျော်ခဲ့ပြီး ကမ္ဘာမှာအရှည်ကြာဆုံးပြည်တွင်းစစ်လို့ သတ်မှတ်ခံထားရတယ်။ အရင်အချိန်တွေက ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေခဲ့ပေမယ့် နိုင်ငံဥပဓိရုပ်ထိခိုက်တယ်လို့ မပြောခဲ့ကြဘူး။ အခုလို အများစုပြေလည်နေတဲ့အချိန်ကျမှ ဒီလိုဖြစ်ချင်းဟာ နိုင်ငံဥပဓိရုပ်ကိုထိခိုက်စေတယ်လို့ပြောတာကို ကျွန်တော်တို့အနေနဲ့ လုံးဝလက်မခံပါဘူး။ ယခုဖြစ်ပေါ်နေတဲ့ ဘာသာရေးနဲ့လူမျိုးရေးကိစ္စတွေဟာ အမှန်တကယ် စိုးရိမ်စရာဖြစ်နေပါတယ်။ သာမန်အားဖြင့် ဒီဘာသာဒီလူမျိုးတွေဟာ နှစ်ပေါင်းများစွာ အေးအေးချမ်းချမ်းနေခဲ့ကြပါတယ်။ သူ့ဘာသာသူ ပြဿနာမရှိပေမယ့် အခုပြဿနာဖြစ်နေတာက နောက်ကနေ ဆွနေလို့၊ တွန်းနေလို့၊ ဖွနေလို့ဖြစ်တယ်။ အင်္ဂလိပ်ခေတ် ကုလား-ဗမာအဓိကရုဏ်းဖြစ်ခဲ့တယ်။ ဒါကလည်း အင်္ဂလိပ်ကဖန်တီးတာ။ ၁၉၆၇ မှာဖြစ်တဲ့ တရုတ်-ဗမာ အဓိကရုဏ်းမှာတော့ အစိုးရကလည်းဖွတယ်။ တရုတ်ကလည်း ဆွတယ်။ ဒါမျိုးတွေဖြစ်ရတာက နောက်ကနေဆွပေးနေတဲ့သူတွေရှိနေလို့ပါ။
ခင်ဗျားတို့ သတိထားစရာတစ်ခွန်း ပြောချင်ပါတယ်။ အခုတံခါးဖွင့်လိုက်တဲ့အခါ အနောက်နိုင်ငံတွေက ဝင်လာတယ်။ ဒီလိုဝင်လာတာဟာ အစိုးရအတွက် စိုးရိမ်စရာဖြစ်နေတယ်။ ကျွန်တော်တို့နိုင်ငံဟာ သေးပြီးဆင်းရဲတဲ့နိုင်ငံဖြစ်နေပေမယ့် ပထဝီနိုင်ငံရေးအရ အရေးကြီးတဲ့ နေရာဒေသဖြစ်နေပါတယ်။ တရုတ်၊ အိန္ဒိယနဲ့အာဆီယံအုပ်စုကြားမှာ တည်ရှိနေပါတယ်။ ဒါကြောင့်မို့ ခင်ဗျားတို့ဝင်တဲ့အခါ၊ ကိုင်တွယ်တဲ့အခါ အလွန့်ကိုသတိထားရပါတယ်။ အခုပဲ စိုးရိမ်လို့ အခြားနေရာတွေမှာ ပြဿနာဖြစ်နိုင်တဲ့အရိပ်အယောင်တွေ တွေ့နေရပြီ။ ဒါကြောင့်မို့ မြန်မာပြည်ကိုဝင်တဲ့အခါ အင်အားချိန်ခွင်လျှာမပျက်ဖို့ သတိထားဖို့လိုပါလိမ့်မယ်။ (ဒေါက်တာသန်းငြိမ်း ပြောဆိုခဲ့မှုများကို ပြည်သူအများသိအောင် ပြန်လည်တင်ပြခြင်းဖြစ်သည်။)
ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအင်အားစု
ယူတာက ဒီနေရာကပါ။ http://ndfmyanmar.org/?p=1164

0 comments:

Post a Comment