Tuesday, June 25, 2013

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿန နိဒန်း) မောင်ကြည်သစ် (အပိုင်း၃-)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (အပိုင်း၃-) (စာပြင်နိုင်သမျှ ပြီးသမျှတင်ပေးမယ်တွေးပါတယ်-မျိုးမြင့်ချို)
၃။ နိရှေး (သို့မဟုတ်)အချိန်မကျမီရောက်လာသူ။
ဂျာမန်တွေးခေါ်ရှင်ကီး နိရှေး (Nietzche) ကလည်း ခရစ်ယာန်ဘာသာရေးအပေါ် အခြေပြုထားသည့်အနောက်တိုင်းယဉ်ကျေးမှုကို လုံးဝမကျေနပ်ခဲ့ပေ။ သူ့ခေတ်ရှိ အနောက်တိုင်းလူ့အဖွဲ့အစည်းသည် တဖြည်းဖြည်းကျဆင်း၍ ချွတ်ခြုံကျနေသည်။ အနောက်တိုင်းယဉ်ကျေးမှုသည်လည်း ယိုယွင်းပျက်စီးနေပြီဟု ရှူမြင်ခဲ့ပေသည်။ ထို့ကြောင့် လက်ရှိခံယူထားသောတန်ဖိုးများ၊နှုန်းစံများကို ဖျက်သိမ်းပြစ်ပြီး တန်ဖိုးသစ်များ နှုန်းစံသစ်များပြန်လည်ချမှတ်ရန်လိုအပ်နေသည်။ လက်ရှိ ချွတ်ခြုံကျပျက်စီးနေသော တန်ဖိုးဟောင်း၊ စံနှုန်းဟောင်းများကိုချေဖျက်ရန်အတွက် မိမိ လူ့လောကကိုရောက်ရှိလာခြင်းဖြစ်သည်ဟုဆိုခဲ့လေသည်။
ဥရောပတိုက်ကြီးတခုလုံးမှာ လူမှုဘဝပြုပြင်ပြောင်းလဲမှုကို မလုပ်မဖြစ်လုပ်ဖို့လိုအပ်နေသည်။ ဤသို့မလုပ်လျှင် လူသားများအတွက် ပူဆွေးဝမ်းနည်းစရာအချိန် ဆိုက်ရောက်လာလိမ့်မည်။ ဥရောပ တတိုက်လုံးသည်လည်း ဘေးဆိုးဒုက္ခ အမှောင်တိုက်ကြီးထဲသို့ကျဆင်းသွားလိမ့်မည်။ ဤသို့သော ဘေးဆိုးအန္တရာယ်ကြီးသည် မဝေးလှသောလက်တကမ်း အလိုမှာ ရောက်နေပြီဖြစ်၏။ ယင်းအန္တရာယ်ကြီးကား နတ္တိဝါဒ (Nihilism) ကြီးပင်ဖြစ်သည်ဟု နိရှေးက သူ၏ “အာဏာရလိုမှု စိတ်ဇောဆန္ဒ(Will to Power)စာအုပ်”ထဲတွင်ဖော်ပြသတိပေးခဲ့သည်။
အမှန်စင်စစ် ကဲကီးဂါဒ်နှင့်နိရှေးတို့၏ (၁၉)ရာစုသည် အနောက်တိုင်းတွင်အကောင်းမြင်ဝါဒ (Optimism) ထွန်းကားကြီး စိုးနေသော ခေတ်အချိန်အခါဖြစ်သည်။ သို့ရာတွင်နိရှေးတို့သည် သူတို့နေထိုင်ရာကမ္ဘာလောကကြီးကို ရှူမြင်ကြရာတွင် အဆိုးမြင်ဝါဒ (Pessimism) ရှူထောင့်မှ ကြည့်ခဲ့ကြသည်။ ခေတ်သစ်လူသား၏ စိတ်ဝိဉာဉ်သည် ဖျားနာနေပြီ။ ယိုင်နဲ့နေပြီ။ ချွတ်ခြုံကျပြီး ဘုန်းဘုန်းလဲတော့မတတ်ဖြစ်နေပြီဟုပင် ဆိုခဲ့သေည်။ ကမ္ဘာမြေပြင်ကြီးတခုလုံးပင် မကြာခင်မှာ တွန့်လိမ်ကောက်ကွေး ရွဲ့စောင်းသွားပြီး ရှူမြင်လို့မရလောက်အောင် ပုံပျက်ပန်းပျက်ကြီးဖြစ်သွားလိမ့်မည်ဟူ၍လည်း တင်စား၍ပြောခဲ့လေသည်။
၁၉ ရာစုကို အနောက်တိုင်း၏ အသိပညာနိုးထပွင့်လင်းသောခေတ်ဟု သတ်မှတ်ကြပါသည်။ ထိုခေတ်တွင်သဘာဝသိပ္ပံပညာသည် တဟုန်ုထိုး တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။ လူသားများ၏ နေ့စဉ်ဘဝဖြစ်ရပ်အသီးသီးတွင် သိပ္ပံပညာနှင့်စက်မှုပညာတို့က ထုတ်လုပ်ပေးလိုက်သော အရာဝတ္ထုပစ္စည်းများက နေရာယူတွင်ကျယ်လာသည်။ သိပ္ပံပညာနှင့်ကင်းသော လူ့ဘဝလူ့အဖြစ် ဟူသည်မရှိလောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့်လည်းလူသားတို့သည် သိပ္ပံပညာ၏စွမ်းအားကို အတိုင်းအဆမရှိ ယုံကြည်ကိုးစားခဲ့ကြသည်။ ကိုးကွယ်ခဲ့ကြသည်ဟုပင် ဆိုနိုင်ပေသည။် ဤသို့ဖြင့် လူသားတို့သည် သိပ္ပံပညာ၏ အကျိုးပြုအားသာချက်၊ ကောင်းကွက်များကိုသာ ရွေး၍ မြင်ခဲ့ကြသည်။ သပ္ပံပညာ၏ အကျိုးယုတ်စေသည့် အားနည်းချက်၊ ဆိုးကွက်များကိုမူ သတိမထားခဲ့ကြ မှန်းဆဆ၍မရဲလောက်အောင် အဖျက်စွမ်းအင်ရှိကြသော သိပ္ပံလက်နက် ခဲယမ်းမီးကျောက်များ၊ ဤလက်နက်များကိုအသုံးပြုသည့် စစ်ပွဲကြီးများ၊ စစ်သုံ့ပန်းနှိပ်စက်ရေး စခန်းကြီးများ၊ လူသားတို့၏ စိတ်ဓာတ်သိမ်ငယ်သွားမှုများကိုမူ မတွေးမိခဲ့ကြပေ။ ထိုအခြေအနေဆိုး၊ အဖြစ်ဆိုးကြီးများကို နိရှေးက ကြိုတင်မြင်ခဲ့ပြီး လူသားတို့အား သတိပေးခဲ့ခြင်းဖြစ်ပေသည်။
ထို့ပြင် နိရှေးက လူသားတွေ၏ အဆိုးဆုံးအဝိဇ္ဇာအမှာင်တိုက်ကြီးမှာ စက်မှုသိပ္ပံပညာတိုးတက်လာမှုနှင့် ဆင်ခြင်ခြင်းအဓိကဝါဒ ထွန်းကားလာမှုတို့ကြောင့် လူသားများကိုးကွယ်အားထားရာ “ထာဝရဘုရား သေဆုံးသွားပြီ” ဟူသည်ကို သဘောပေါက် နားမလည်နိုင်ကြခြင်းပင် ဖြစ်သည်။ ခေတ်သစ်လူသား၏ အတွင်းအဇ္ဈတစိတ်သဏ္ဍန်တွင် ထာဝရဘုရားမရှိတော့ခြင်းကို မရိပ်မိ၊ မသိရှိကြခြင်းပင်ဖြစ်သည်။ ဤသဘောကို လူအများနားလည်လာအောင် နိရှေးကအမျိုးမျိုး ရှင်းပြခဲ့လေသည်။
ဤလောကတွင် ထာဝရဘုရားဟူသည် မရှိတောေ့ကြာင်းကို သူ၏ “ပေါ့ပျက်ပျက်သိပ္ပံပညာ” (The Gay Science) တွင်အောက်ပါအတိုင်း ပုံဆောင်ကာတင်ပြခဲ့သည်။
သာယာသော နံနက်ခင်းတခုတွင် အရူးတယောက်သည် မီးထွန်းထားသည့်မီးအိမ်တလုံးကို ကိုင်မြှောက်ပြီး လူစည်ကားရာဈေးထဲသို့ ဝင်လာသည်။ “ထာဝရဘုရား ဘယ်မှာပါလဲ၊ သူ့ကို ကျွန်တော် လိုက်ရှာနေတာပါ” ဟူ၍လည်း သူ့ပါးစပ်က အဆက်မပြတ်ဟစ်အော်လေ၏။ ထိုအချိန်တွင် ဈေးထဲ၌ ထာဝရဘုရားကိုမယုံကြည်သူများ အများအပြားရှိနေကြသည်။ သူတို့က အရူးကိုတယောက်တပေါက်ပြောဆိုပြီး လှောင်ပြောင်သရော်ကြသည်။ နောက်ဆုံးတွင်အရူးက “သြော်... ထာဝရဘုရားကို ကျုပ်တို့တတွေ သတ်ပစ်လိုက်ကြတာကိုး” ဟု မှတ်ချက်ချလိုက်သည်။ ထို့နောက် အရူးက ဆက်လက်၍ ပြောပြန်သည်။ “ပင်လယ်သမုဒ္ဒရာထဲကရေတွေကို ဘယ်လိုကုန်အောင် သောက်ကြမှာလဲ။ ကောင်းကင်ပြင် မိုးကုပ်စက်ဝိုင်းကြီး ပြောင်လက်သွားအောင် ဘယ်သူသုတ်ပစ်မှာလဲ။ ကျုပ်တို့ကမ္ဘာမြေကြီးကရော ဘယ်ကိုဦးတည်သွားနေသလဲ။ မဟူရာ အမှောင်တိုက်ကြီးထဲဆီကိုလား၊ ဘယ်ကိုလဲ။ ကျုပ်တို့လူသားဆိုတဲ့ကောင်တွေကရော ဘယ်ပုံဘယ်နည်း စခန်း သွားနေကြတာလဲ။ အာကာသဟင်းလင်းပြင်ကြီးထဲ ခရီးသွားရတဲအဖြစ်မျိုးနဲ့ ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက် သွားနေကြရတာလား။ လကွယ်ညသန်းခေါင်ချိန်မှာ ရောက်နေရသလို စမ်းတဝါးဝါးဖြစ်နေကြတာလား။ ဒါမှမဟုတ် မိုးစင်စင်လင်းချိန်ကျမှ မီးခွက်ထထွန်းတဲ့အဖြစ်မျိုးနဲ့ ရင်ဆိုင်နေရတာလား။ ဘယ်လိုလဲ။ တကယ်တော့ ကျုပ်တို့အားလုံးဟာ ထာဝရဘုရားကို ကိစ္စတုံးလုပ်လိုက်ကြတဲ့လူသတ်သမားတွေပဲ။ ကဲ ... အခုလောကအမှာ အစင်ကြယ်ဆုံးဆိုတဲ့မေတ္တာတရား အပြည့်ဆုံးဆိုတဲ့ လူသားတွေကိုကယ်တင်နိုင်တယ်ဆိုတဲ့ထာဝရဘုရားဆိုတာ မရှိတော့ဘူး။  သူ့နေရာကို ဘယ်သူက ဘယ်ပုံဘယ်နည်းနဲ့ အစားဝင်ကြမှာလဲ။ အင်းလေ ... နောက်ဆုံးတော့ ကျုပ်ဟာ အချိန်မတိုင်မီရောက်လာတဲ့သူပါပဲ” ဟု အော်ဟစ်မြည်တမ်းကာ သူ့မီးအိမ်ကိုလည်း ပေါက်ခွဲပစ်လိုက်လေသည်။
နိရှေးက သူ၏ဒဿနကိုတင်ပြရာ၌ ဤသို့သောပုံဆောင်တင်စားချက်များ၊ နိမိတ်ပုံများဖြင့် ကဗျာဆန်ဆန်ရေးလေ့ရှိ၏။ အထက်ပါ ပုံဆောင်တင်ပြချက်တွင် နိရှေးက ထာဝရဘုရားသေဆုံးသွားပြီဖြစ်သည်။ ဤသို့ဆိုလျှင် ထာဝရဘုရားကိုဗဟိုပြု၍ လက်ခံလိုက်နာခဲ့ကြသော မှန်ခြင်း၊ မှားခြင်း၊ ကောင်းခြင်းဆိုးခြင်း စသည့်တန်ဖိုးများသည်လည်း မရှိတော့ကြပြီ။ ဤသို့ဆိုလျှင် မည်သည့်တန်ဖိုးနှုန်းစံများနှင့် မည်သို့စခန်းသွားကြမည်နည်း။ မှန်မှား ကောင်းဆိုး တန်ဖိုးနှုန်းစံများကိုအသစ်ဖန်တီးရန်ဆိုသည်မှာ လွယ်သည့်အလုပ်မဟုတ်။ အမှန်အမှားမသိဘဲ၊ အကောင်းအဆိုးမဆုံးဖြတ်နိုင်ပဲ လူတို့သည် ရောက်တတ်ရာရာသို့ ဦးတည်ရာမဲ့ သွားကြရတော့မှာလား။ ထာဝရဘုရားနေရာသို့ အစားဝင်မည့်လူသားတို့သည် အဓိပ္ပါယ်မဲ့အဖြစ်မျိုးရောက်သွားလျှင် မည်သို့လုပ်ကြမည်နည်း။ ဤအဖြစ် ဤဘဝသို့အရောက်မခံနိုင်ဟု နိရှေးက တင်ပြခြင်းဖြစ်ပေသည်။
အမှန်စင်စစ် နိရှေး၏ ဘုရားသခင်သေဆုံးသွားပြီဟူသော ကြွေးကြော်သံသည် အနောက်တိုင်းလူ့အဖွဲ့အစည်းကို အလွန်ထိတ်လန့်အားငယ်စေခဲ့ပေသည်။ လူ့ဘဝ ယုံကြည်မှုဆိုင်ရာဒုက္ခကိုလည်း ပေးအပ်ခဲ့ပေသည်။ အဘယ်ကြောင့်ဆိုသော် အနောက်တိုင်းလူသားများအတွက် ထာဝရဘုရားအပေါ် ယုံကြည်သက်ဝင်မှုသည် သူတို့ဘဝ၏အနှစ်သာရဖြစ်ပေသည်။ ဘဝ၏ အဓိပ္ပါယ်ရှိရာလည်း ဖြစ်ပေသည်။ ယခုကဲ့သို့ထာဝရဘုရား မရှိတော့ပြီဟုဆိုပါလျှင် မည်သည်ကို သွားအားကိုးရတော့မည်နည်း။ အတိုင်းအဆမဲ့ကျယ်ပြောလှသည့် လောကသမုဒ်ပြင်ကျယ်ကြီးထဲတွင် လူသားသည် ရေမျောကမ်းတင် ဖြစ်သွားရလေတော့သည်။ ထာဝရဘုရားမရှိတော့သည်အတွက် ဤလောကစကြဝဠာကြီးသည် ဘာမျှဖြစ်သွားသည်မဟုတ်။ လူသားများအတွက်မူ ဘဝအဓိပ္ပါယ်ပျောက်ကွယ်သွားရတော့သည်။ လူ့ဘဝလုံခြုံမှုပျက်ပြယ်သွားရတော့သည်။ လူ့ဘဝ၏ အနာဂတ်မျှော်လင့်ချက်များသည်လည်း ကြေပြုန်းသွားရလေတော့သည်။ ထို့ကြောင့်လည်း ဂျာမန်ဒဿနဆရာကြီး ဟိုင်ဒေးဂါးက “လူသားသည်စွန့်ပစ်ခံရသည့်အားကိုးမဲ့ဘဝသို့ ဆိုက်ရောက်သွားရတော့သည်။ လူသားတို့သည် ယုံကြည်ကိုးစားစရာနတ္တိ။ ဖြေဆည်စရာ ဘာမျှမရှိတော့ဘဲ ဆင်းရဲဒုက္ခပူဆွေးသောကများကို ပြင်းထန်လှစွာဖြင့် မရှူမလှလှ ခံစားရပေတော့မည်”ဟုဆိုခဲ့ပေသည်။
ဖြစ်တည်မှုဝါဒ မတိုင်မီအချိန်ကမူ အနောက်တိုင်းလူ့အဖွဲ့အစည်းတွင် ထာဝရဘုရားဟူသည် အနဓိဝရ၊ အနန္တသဘောဆောင်သည်ဟု အများကခံယူခဲ့ကြပေသည်။ မှန်မှား၊ ကောင်းဆိုးတည်းဟူသော ကိုယ်ကျင့်တရားနှုန်းစံများကို အဆုံးအဖြတ်ပေးသည့် အန္တိမမူလအခြေခံတရားကြီးဖြစ်သည်ဟူ၍လည်း ယူဆခဲ့ကြပေသည်။ ယခုကဲ့သို့ ထာဝရဘုရားသေဆုံးသွားသောအခါတွင် ထိုစဉ်ကလက်ခံခဲ့ကြသည့် သစ္စာတရားများ၊ ကောင်းမြတ်မှုများ၊ ကိုယ်ကျင့်နီတိ နှုန်းစံများသည်လည်း ထာဝရဘုရားနှင့်အတူ မြေမြှုတ်သင်္ဂြီုဟ်ပြီးသား ဖြစ်သွားပေတော့သည်။ ဤသို့သောအခြေအနေအဆိုးကြီးတွင် လူသားတို့သည် လူပီပီသသ(ဝါ)လူစစ်စစ်ဖြစ်အောင် မည်ကဲ့သို့ ကျင့်ကြံနေထိုင်ရမည်ကို မိမိတို့ဘာသာ မိမိ  မိမိတို့ကိုယ်ပိုင်ဘဝထဲမှ သင်ယူကျင့်ကြံကြရမည်ဟု ဖြစ်တည်မှုဝါဒီတို့က တင်ပြကြခြင်းဖြစ်ပေသည်။
ရုရှားစာရေးဆရာကြီးဒေါစ်တိုယက်စကီး (Dostoevsky) က “ထာဝရဘုရားသာ မရှေိတော့ဘူးဆိုရင် ဒီလောကမှာ အရာရာဖြစ်လာနိုင်စရာရှိတယ်။ ဖြစ်ချင်တာဖြစ်နေမယ့်ကမ္ဘာကြီးလည်းပေါ်လာလိမ့်မယ်”ဟုပြောခဲ့သည်။
ထိုသဘောအတိုင်းပင် နိရှေးက“ဒီလောကမှာ အထက်အောက်၊ ဘယ်ညာဆိုတာရှိတော့မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ လူသားတွေက အကန့်အသတ်မရှိတော့တဲ့နတ္တိအဖြစ်ထဲမှာ နေထိုင်သွားရမည့်အတွက်ကြောင့်ဖြစ်တယ်။ တိတိပပ အားထားစရာနှုန်းစံမရှိရင်တော့ ဒီလောကမှာ ဘာမှန်တယ်၊ ဘာမှားတယ်၊ ဘယ်ဟာက ကောင်းတယ်၊ ဘယ်ဟာက ဆိုးတယ်လို့ ဘယ်လိုမှသတ်မှတ် ပြောဆိုလို့ရမှာ မဟုတ်တောဘူ့း။ ဒီလိုနဲ့ လူတွေဟာ ကိုယ်ထင်တာသာအမှန်၊ ကိုယ်ဆန္ဒရှိတာသာ အကောင်းဆုံးလို့ခံယူလာကြပြီး ကိုယ်ဖြစ်ချင်တာပြော၊ ကိုယ်လုပ်ချင်တာလုပ်ဆိုတဲ့အခြေအနေဆိုးကို ဆိုက်ရောက်သွားလိမ့်မယ်။ အဲဒီလိုသာဖြစ်သွားရင် လူသားတွေအတွက် တရားမျှတမှုဆိုတာ ရှိတော့မှာမဟုတ်ဘူး။ သစ္စာတရားဆိုတာလည်း ပျောက်သွားလိမ့်မယ်။
အင်အားရှိတာသာအမှန် (Might is Right)ဆိုတဲ့ကမ္ဘာလောကကြီး ဖြစ်သွားလိမ့်မယ်။ လူတွေအတွက်မျှော်လင့်ချက် လုံးဝမရှိတော့တဲ့ အခြေအနေဆိုးကြီးဖြစ်လာလိမ့်မယ်”ဟု သတိပေးခဲ့ပေသည်။ “ဇာရသုစကြ၏မိန့်ကြားချက်”(ThusSuake Zarathustra) ဟူသော နိရှေး၏စာအုပ်ထဲတွင်လည်း သူတော်စင်ဇာရသုစကြက “ထာဝရဘုရား ကွယ်လွန်သွားပြီ” ဟု ကြွေးကြော်ခဲ့သည်။ လူသားကို ကယ်တင်နိုင်သူမှာ လူသာဖြစ်သည်။ အခြားဘာမျှမရှိပြီ။ ယင်းအခြေအနေသည် တကယ့်အစစ်အမှန်ဖြစ်သည်။ ယနေ့လူသားတို့မျက်မှောက်ပြု ရင်ဆိုင်နေရသည့်အဖြစ်မှန်လည်းဖြစ်သည်။ ယင်းအဖြစ်မှန်ပကတိအရှိတရားကို လူသားတို့သည် ရဲရဲကြီးရင်ဆိုင်ကြရမည်။ ဖုံးကွယ်လိမ်လည်ကြရန် မကြိုးစားကြနှင့်။ တကယ်လုပ်ရမည်မှာ ထာဝရဘုရားရှိစဉ်က လက်ခံခဲ့ကြသည့်တန်ဖိုးဟောင်းများ၊ စံနှုန်းဟောင်းများကိုချွတ်ခွာပြီး တန်ဖိုးသစ်နှုန်းစံသစ်များကို လူသားများကိုယ်တိုင် တည်ဆောက်ယူကြရန်ဖြစ်သည်။
သို့ရာတွင်လူအများစုမှာ ပကတိအခြေအနေကိုရင်ဆိုင်ကြရမှာ ကြောက်ရွံ့နေကြသည်။ အားကိုးရာရှာပြီး ရင်ဆိုင်ချင်ကြသည်။ “လူ” ဟူသော ဂုဏ်သိက္ခာကို မထောက်ချင်ကြ။ ကိုယ့်ကိုယ်ကို အားမကိုးချင်ကြ။ ထာဝရဘုရားကို အားကိုး၍မရတော့သည့်အဖြစ်၊ ကိုယ့်တန်ဖိုးကို ကိုယ်တည်ဆောက်ယူရတော့မည့်အဖြစ်တို့ကို ရဲရဲဝံ့ဝံ့ရင်မဆိုင်ချင်ကြ။ သတ္တိရှိရှိမဖန်တီးချင်ကြ။ ထို့ကြောင့်လည်းနိရှေးက “ဇာရသုစကြ၏ မိန့်ကြားချက်သည် လူအားလုံးအတွက်လည်းဖြစ်သည်။ မည်သူ့အတွက်မှလည်း မဟုတ်” ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ ဇာရသုစကြ၏ မိန့်ကြားချက်ကို လူအားလုံးလိုအပ်သည်မှာ အမှန်ဖြစ်သည်။ သို့သော် ယင်းမိန့်ကြားချက်ကို လက်ခံနိုင်ရန် မည်သူမျှအဆင်သင့်မဖြစ်ကြသေးဟုနိရှေးက မှတ်ချက်ချခဲ့သည်။
အမှန်စင်စစ်ထာဝရဘုရားမရှိတော့ပြီဟု နိရှေးဆိုခဲ့ခြင်းမှာ လူသားအား မိမိကိုယ်ကိုမိမိ အားကိုးကြရန် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ လူပုဂ္ဂိုလ်တဦးချင်းစီတွင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရမည့် လူ့တာဝန်ရှိသည်။ မိမိတန်ဖိုးကို မိမိဖန်တီးနိုင်ရမည်။ ဤလောကရှိ တန်ဖိုးဆုံးဖြတ်ချက်မှန်သမျှသည် လူသားများရှိနေကြသောကြောင့်သာ ပေါ်လာရခြင်းဖြစ်သည်။ ထို့ကြောင့် မိမိတို့လူသားများတွင်လူ့ဘဝ၊ လူ့လောကအတွက်တန်ဖိုးများ နှုန်းစံများတည်ဆောက်ကြရန်နှင့် ယင်းတန်ဖိုးနှုန်းစံတို့ကို ပို၍ပို၍ မြင့်မြတ်အောင် ဖန်တီးကြရန် တာဝန်ရှိသည်ဟုဆိုကာ နိရှေးသည် လူ့ဂုဏ်သိက္ခာမြှင့်တင်ရေးအတွက် ဆော်သြပေးခဲ့ပေသည်။

0 comments:

Post a Comment