Saturday, June 1, 2013

ကာနယ်ချစ်ကောင်း (ကိုယ်ရေးအကျဉ်းမှတ်တမ်းတို)

0 comments


ကာနယ်ချစ်ကောင်း “အနှစ်၂ဝ မျှတိုင်းပြည်အတွက်လုပ်လာပြီးနောက် ကျနော်သည် ကိုယ့်ကိုယ်ကိုပြန်၍ ကြည့်လိုက်သောအခါကြိုးတိုက်ထဲသို့ ရောက်နေသည်ကိုတွေ့ရလေ သည်’’အထက်ပါစာပိုဒ်ကား ၁၉၆၁ခုနှစ်ဇွန်လ ၁ရက်နေ့က စတင်ထုတ်ဝေခဲ့သော‘အနှစ် နှစ်ဆယ်’စာအုပ်ထဲဗိုလ်ချစ်ကောင်း၏ နိုင်ငံတော်ပုန်ကန်မှုဖြင့်သေဒဏ်အမိန့်ချထားခြင်းခံရပြီး ကြိုးတိုက်ထဲရောက်နေပုံကိုရေးခဲ့သည့်စာပိုဒ်ဖြစ်သည်။
ဗိုလ်ချစ်ကောင်း၏အမည်ရင်းမှာ ကိုစိုးမောင်ဖြစ်သည်။ သခင်သန်းထွန်းဦးဆောင်သည့်ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၏တောတွင်း လက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူ့တပ်မတော်တွင်ဗိုလ်မှူးကြီး (ကာနယ်)ရာထူးဖြင့် နိုင်ငံရေးမှူးကြီးခန့်ထားခြင်းခံရသည့်အတွက် အမည်ရင်းပျောက်ပြီး ကာနယ်ချစ်ကောင်း(သို့မဟုတ်)ဗိုလ်မှူးချစ်ကောင်းဟူ၍သူ့အားခေါ်ဝေါ်ခဲ့ကြသည်။ ဗိုလ်မှူးချစ်ကောင်းသည်‘အနှစ်နှစ်ဆယ်အမည်ရှိစာအုပ်ကို ပထမအကြိမ်ထုတ်ဝေစဉ်က‘ဗိုလ်ချစ်ကောင်း’ အမည်တပ်ခဲ့သော်လည်းနောက်ပိုင်းထုတ်စာအုပ်များတွင် ‘ဗိုလ်မှူးချစ်ကောင်း’ဟုသုံးနှုန်းခဲ့လေသည်။

ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင်တဦးဖြစ်သောကာနယ်ချစ်ကောင်းခေါ် ရဲဘော်စိုးမောင်အား၁၉၂ဝ ပြည့်နှစ်တွင်မြင်းခြံမြို့နယ် လယ်သစ်ရွာ၌မြေတိုင်းစာရေးဦးအုံးဖေ၊ အမိဒေါ်အိတို့မှဖွားမြင်ခဲ့သည်။ ငယ်စဉ်ကမြင်းခြံမြို့ အေဘီအမ်ကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပြီး၁၉၃၈ ခုနှစ်တွင်မန္တလေးဥပစာကောလိပ်တွင် ဥပစာအထက်တန်း(I.S.C-Intermediate Senior Class) အောင်သည်အထိပညာသင်ကြားခဲ့သည်။

သူသည် စစ်ကြိုခေတ်ကျောင်းသားလှုပ်ရှားမှုတွင်ပါဝင်၍၊ မြင်းခြံခရိုင်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌနှင့်မြေအောက်တော်လှန်ရေး အင်အားစုခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သည်။ ကိုစိုးမောင်သည်မျိုးချစ်စိတ်ရှိသူဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသည့်ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A) သို့ဝင်ရန်မြင်းခြံမှ သခင်အုန်းတင်(နောင် ဗိုလ်အုန်းတင်)၊သခင်ဗိုလ်၊ ကိုဘကွန်း၊ကိုထွန်းမြင့်တို့နှင့်အတူ သူတို့ငါးယောက်မြင်းခြံဘူတာမှမီးရထားစီးလျှင် ပုလိပ်(ရဲ)များရိပ်မိမည်စိုးသဖြင့်မန္တလေးမြို့သို့ ဘတ်စ်ကားစီး၍သွားပြီးမန္တလေးဘူတာမှမီးရထားစီးကြသည်။

သူတို့အစီအစဉ်အရ ညောင်လေးပင်မြို့သို့ဝင်၍သခင်ဇင် (နောင်ဗကပ ဥက္ကဋ္ဌ)နှင့်တွေ့ပြီးသခင်ဇင်က သူတို့ကိုရွှေကျင် (သို့မဟုတ်)ယိုးဒယား(ယခု ထိုင်းနိုင်ငံ)သို့လွှတ်ပေးရန်ဖြစ်သည်။ ညောင်လေးပင်တွင်သခင်ဇင်ကိုစုံစမ်း၍ မရ၊ထိုအချိန် (၁၉၄၁ခုနှစ်)ကသခင်များကိုအင်္ဂလိပ်နယ်ချဲ့အစိုးရကလိုက်လံဖမ်းနေချိန်ဖြစ်၍၊ သခင်ဇင်မှာတိမ်းရှောင်နေရသည်။ညောင်လေးပင်တွင် သခင်ဇင်ကိုမတွေ့ရသဖြင့်စိတ်ပျက်ပြီး သူတို့ငါးဦးမြင်းခြံသို့ ပြန်လာခဲ့ကြသည်။

၁၉၄၂ ဇန်နဝါရီတွင်စိတ်မကျေနပ်သဖြင့် ကိုစိုးမောင်သည်မြင်းခြံမှ ကိုဘဆက်၊ကိုကိုကြီးတို့နှင့်အတူ မန္တလေးမြို့သို့သွားပြီးဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ဝင်ခဲ့ကြသည်။

ကိုစိုးမောင်တို့ ဘီအိုင်အေတပ်ထဲဝင်စဉ်ကဗမာ့လွတ်လပ်ရေးတပ်မတော်သည် အင်အား၃၂,ဝဝဝထိရှိခဲ့သည်။ ယင်းသို့အင်းအားရှိဘီအိုင်အေတပ်ကို ဂျပန်အာဏာပိုင်တို့က“စည်းကမ်းမရှိ”ဆိုကာ ဖျက်သိမ်းပစ်လိုက်ပြီး ဗိုလ်ချုပ်အောင်ဆန်းကိုလည်း အဆင့်နှိမ့်ကာဗိုလ်မှူးကြီး (ကာနယ်)ရာထူးသာပေးပြီးတပ်အင်အားကိုလည်း တပ်ရင်းသုံးရင်းစာ ၃,ဝဝဝအထိ ချုံ့ပစ်လိုက် သည်။ စစ်ဌာနချုပ်ကိုလည်း ပျဉ်းမနားမြို့တွင်ဖွင့်လှစ်ခဲ့သည်။ ကိုစိုးမောင်၊ ကိုဘဆက်နှင့် ကိုကိုကြီးတို့သည်ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ)သို့ဆက်ဝင်ကြသည်။ ပျဉ်းမနားတွင်တပ်ရင်း ၄ သို့ ကိုစိုးမောင်တို့သည်ရိုးရိုးတပ်သားများအဖြစ် ဝင်ကြရသည်။ သူတို့၏ လခမှာဂျပန်ဒေါ်လာ ၇ကျပ်သာ ရသည်။

ကိုစိုးမောင်၊ ကိုဘဆက်နှင့်ကိုကိုကြီးတို့သုံးယောက် မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်သို့တက်ရန် အရွေးခံကြရသည်။ ဗိုလ်သင်တန်းတက်ရန် ရွေးချယ်ရာတွင် စာမေးပွဲအမျိုးမျိုးဖြင့်စစ်ဆေးသည့်အပြင်“ဇွဲစမ်း”သည်ဆိုကာအုတ်ခဲများကို တညလုံးသယ်ခိုင်းသည်။ နံနက်အာရုံတက်ခါနီးတွင်မှ“ဇွဲစမ်းပွဲကြီး”ပြီးတော့သည်။

ကိုစိုးမောင်တို့သုံးယောက်ကို ပျဉ်းမနားမှ ရန်ကုန်ဘူတာကြီးသို့ မီးရထားဖြင့်ပို့ကာ ဘူတာကြီးမှမင်္ဂလာဒုံသို့ ကားများဖြင့် ပို့ပေးသည်။ မင်္ဂလာဒုံရှိဗိုလ်သင်တန်းကျောင်းကို ဂျပန်လို“ခံဘုတောဝေါစေ”ဟုခေါ်သည်။

ကိုစိုးမောင်တို့တက်ရသည့်အပတ်မှာစစ်တက္ကသိုလ်ဒုတိယပတ်ဖြစ်သည်။ ဤဒုတိယပတ်တွင်ကျောင်းသား ၃ဝဝရှိ၍ တပ်ခွဲ နှစ်ခု ခွဲထားသည်။ ကျောင်းပြီးသည့်နောက် ၆လအကြာတွင် ကိုစိုးမောင်သည်ဒုဗိုလ်ဖြစ်လာသည်။ မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းတွင်ရှိစဉ် ကိုစိုးမောင်သည် မြေအောက်ကွန်မြူနစ်ပါတီကေဒါများဖြစ်ကြသည့် ဗိုလ်သိန်းတန် (ပထမပတ်ကျောင်းဆင်း)နှင့် ရဲဘော်ချစ်လှိုင်(ယခု ကိုကိုမောင်ကြီး)တို့၏စည်းရုံးမှုကြောင့် မြေအောက်ကွန်မြူနစ် ပါတီဝင်တဦးဖြစ်လာသည်။

ထို့နောက် ၁၉၄၄ခုနှစ်တွင် စစ်ဦးစီးဌာနချုပ်ရုံးတွင်အမှုထမ်းနေစဉ်အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့သို့လျှို့ဝှက်စေလွှတ်၍ အင်္ဂလိပ်တို့ဖွင့်လှစ်ထားသောစစ်ကျောင်း၌ ဂျပန်တိုက်ခိုက်ရေးနှင့်ပတ်သက်သည့် ပညာရပ်များကို သင်ကြားရန်တာဝန် ပေးအပ်ခြင်းခံရသည်။ ကိုစိုးမောင်နှင့်အတူသွားရောက်ခဲ့သူများမှာသခင်ဗိုလ် (ဂျပန်တော်လှန်ရေးကာလလေယာဉ်ပျက်ကျကာ သေဆုံးခဲ့သူ)၊မန်းဝင်းမောင် (နောင် နိုင်ငံတော်သမ္မတကြီး)၊ကိုကျော်ရင် (ကထိကဦးကျော်ရင်)၊ကိုအုန်းမောင် (လေထီး ဦးအုန်းမောင်)၊ကိုစောဟန်၊ ကိုသန်း၊ကိုဘသောင်းတို့ ဖြစ်ကြသည်။

အင်္ဂလိပ်တို့ဖွင့်လှစ်ထားသောဗမာပြည်ဌာနခွဲ (B.C.S) တွင်ဂျပန်တိုက်ခိုက်ရေးနှင့်ပက်သက်သည့် စည်းရုံးရေးပညာ၊ဝါဒဖြန့်ချိရေး၊ ရုပ်ဖျက်နည်း၊စကားဝှက်ရေးနည်း၊ စာလုံးမပေါ်အောင်ရေးနည်း၊ဖတ်နည်း၊ ပြောက်ကျားတပ်ဖွဲ့နည်း၊ဖောက်ခွဲဖျက်ဆီးနည်း၊ လက်နက်ငယ်များကိုကိုင်ဆွဲပစ်ခတ်နည်းစသည်တို့ကိုသင်ကြားခဲ့ရသည်။ ၁၉၄၅ဇန်နဝါရီ ၁၃ရက်နေ့တွင် သင်တန်းဆင်းပြီးသောအခါလေ့ကျင့်ခန်းဆက်ယူရန် ကိုစိုးမောင်၊သခင်ဗိုလ်၊ မန်းဝင်းမောင်၊ကိုအုန်းမောင်၊ ကိုသန်းတို့၅ ဦးအားသီဟိုဠ် (သီရိလင်္ကာ)နိုင်ငံသို့ ပို့ခဲ့သည်။

ထို့နောက် စစ်ဘက်ဆိုင်ရာတို့၏စီစဉ်ချက်အရမြန်မာနိုင်ငံတွင် ဂျပန်တို့သိမ်းပိုက်ထားသောနယ်မြေများအတွင်းသို့လေထီးဖြင့်ဆင်း၍ ဖက်ဆစ်တိုက်ဖျက်ရေး၊ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး (ဖတပလ)တွင်ဝင်ရောက်ကာ ဖက်ဆစ်ဂျပန် တော်လှန်ရေး၌ပါဝင်ခဲ့သည်။

ထို့နောက် ၁၉၄၅စက်တင်ဘာလတွင်ချုပ်ဆိုခဲ့သော ကန္ဒီစာချုပ်အရဗမာ့တပ်မတော်ကို မြန်မာနိုင်ငံစစ်တပ်(ဘားမားရိုင်ဖယ်)အဖြစ် ပြောင်းလဲဖွဲ့စည်းသောအခါဗိုလ်မှူးချစ်ကောင်းသည် တပ်မတော်တွင်အမှုမထမ်းတော့ဘဲကွန်မြူနစ်ပါတီ၏ ကြွေးကြော်သံ အာဘော်ဖြစ်သော“ပြည်သူ့အာဏာဂျာနယ်”ထုတ်ဝေရေးအတွက်ကိုဗဟိန်းနှင့်အတူ စိုင်းပြင်းခဲ့သည်။၁၉၄၅ စက်တင်ဘာ၂၉ ရက်နေ့တွင်ပြည်သူ့အာဏာဂျာနယ် စတင်ထုတ်နိုင်ခဲ့သည်။

၁၉၄၆ ခု၊မေလတွင် အင်းစိန်ခရိုင်၊ထန်းတပင်မြို့၌ လူထုတန်းစီလှည့်လည်အင်အားပြပွဲအားပုလိပ်များက သေနတ်နှင့်ပစ်ရာလယ်သမားကြီး ၄ဦး ထိမှန်သေဆုံးခဲ့ရသောကြောင့်“ထန်းတပင် သေနတ်ပစ်မှုကြီး”အုံကြွမှုကြီးဖြစ်ပေါ်လာသည်။ ဗိုလ်မှူးချစ်ကောင်းသည်အဆိုပါသေနတ်ပစ်မှုကြီးနှင့်ပတ်သက်၍ ပြည်သူ့အာဏာဂျာနယ်မှနေ၍ပြင်းပြင်းထန်ထန်ကန့်ကွက်ရေးသားခဲ့သည်။

ထို့ပြင် ရမည်းသင်းအရှေ့ဘက်တွင်ရှိသောနန်းစွဲရာတောင်ပေါ်မှရေကို ရမည်းသင်းအထိဖောက်ယူနိုင်ရေးစီမံကိန်းတွင်ဒေသဆိုင်ရာပါတီအဖွဲ့အစည်းပေါင်းစုံနှင့်ပူးပေါင်း၍တက်တက်ကြွကြွဆောင်ရွက်ခဲ့သည်။ ၁၉၄၈ခု၊ မတ်လ၂၈ ရက်နေ့တွင်ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသောအခါဗိုလ်မှူးချစ်ကောင်းသည် ပျဉ်းမနားမှတဆင့်လိုက်ပါသွာခဲ့သည်။ထို့နောက် မကြာမီမှာပင်ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တဦးဖြစ်လာခဲ့သည်။ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့တပ်မတော်တွင်ဗိုလ်မှူးကြီး (ကာနယ်)ရာထူးဖြင့် နိုင်ငံရေးမှူးခန့်ထာခြင်းခံရသည်။

နိုင်ငံတော်အစိုးရသည်ဗိုလ်မှူးကြီးချစ်ကောင်းအား အရှင်(သို့မဟုတ်)အသေဖမ်းဆီးမိပါကဆုငွေငါးသောင်းကျပ်ချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ထို့နောက် ၁၉၅၇ခု၊ မတ်လ၉ ရက်နေ့တွင်ဗိုလ်မှူးချစ်ကောင်းနှင့် ကိုမောင်ကို(ပမညတ အမတ်ဦးမောင်ကို)တို့အဖမ်းခံရသည်။ ကိုမောင်ကိုသည်ဗိုလ်မှူးချစ်ကောင်းနှင့် ကျောင်းနေဖက်သူငယ်ချင်းဖြစ်သည်။

ဗိုလ်မှူးချစ်ကောင်းတို့ဖမ်းမိသောအချိန်နှင့်လွှတ်တော်တွင် ပမညတကဖဆပလအစိုးရအပေါ် အယုံအကြည်မရှိအဆိုတင်ချိန်နှင့်တိုက်ဆိုင်နေသလို၊ သူနှင့်အတူလေထီးဆင်းဖက်မန်းဝင်းမောင်ကို နိုင်ငံတော်သမ္မတကြီးအဖြစ်တင်မြှေက်ကြသောအချိန်နှင့်လည်းတိုက်ဆိုင်နေသည်။ ထို့ကြောင့်ပင်နေးရှင်းသတင်းစာက မန်းဝင်းမောင်ကသမ္မတအိမ်တော်သို့ပြောင်းပြီး ချစ်ကောင်းကထောင်သို့သွားသည် ဟုရေးသားခဲ့လေသည်။

ဗိုလ်မှူးချစ်ကောင်းအားဖမ်းမိပြီးနောက်(၁ဝ) လအကြာ(၁၉၅၈ ဇန်နဝါရီ၃ဝ) မှရုံးတင်တရားဆွဲခဲ့လေသည်။ သူ့အားအစိုးရက (၁)၁၉၄၈ မတ်လတွင်တောခိုခဲ့သည်။(၂) ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုဗဟိုစည်းရုံးရေးကော်မတီခေါင်းဆောင်တဦးဖြစ်သည်။ (၃)ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ဦးစီးဌာနချုပ်တွင် နိုင်ငံရေးမှူးကြီးဖြစ်သည်။ (၄)၁၉၅ဝ ပြည့်နှစ်တွင်ဖွဲ့စည်းသည့်ပြည်သူ့တပ်မတော်တွင်နိုင်ငံရေးမှူးကြီးဖြစ်သည်။ (၅)သူပါဝင်ဖွဲ့စည်းထားသည့် ဗဟိုစစ်ဦးစီးဌာနချုပ်၏ဦးဆောင်မှုဖြင့်ပျဉ်းမနားနယ်အတွင်းရှိ လက်နက်ကိုင်တပ်သားများသည်၁၉၅၂ တွင်အစိုးရတပ်များကိုတိုက်ခဲ့သည်၊ (၆)၁၉၅၃ တွင်မြောက်ပိုင်းဌာနချုပ် နိုင်ငံရေးမှူးကြီးဖြစ်သည်၊ (၇)တော်လှန်ရေးဂျာနယ် အယ်ဒီတာဖြစ်သည်။(၈) ကလော့စ်ဂစ်၏On War စာအုပ်ကို “စစ်၏အခြေခံဥပဒေသများ”အမည်ဖြင့်ဘာသာပြန်မှတ်စုရေးခဲ့သည်။ (၉)အလင်းရောင်သတင်းစဉ်တွင် “လူယောင်ဆောင်နေသောဘီးလူးများ၏လှည့်ဖျားမှုကိုသတိပြု”ဆောင်းပါးနှင့်“ပြည်သူ့တပ်မတော်ဆိုတာဘာလဲ”ဆောင်းပါးတို့ကိုရေးသားခဲ့သည်။ (၁ဝ)မသုံးလုံး (မန္တလေး၊မိတ္ထီလာ၊ မြင်းခြံ)ဒေသသို့သွား၍ နိုင်ငံရေးလမ်းစဉ်ကိုဝါဒဖြန့်ခဲ့သည်။(၁၁) ရဲဘော်လှဖေကိုရန်ကုန်သို့လွှတ်ပြီး ကွန်မြူနစ်ဝါဒဖြန့်စာရွက်စာတမ်းများကိုရိုက်ဝေရန်တာဝန်ပေးခဲ့သည်ဟူ၍စွဲချက်တင်ခဲ့သည်။

ထို့နောက် ၁၉၅၉ခု၊ ဒီဇင်ဘာလ(၁၄) ရက်နေ့တွင်ရန်ကုန်ခရိုင်ရာဇဝတ်တရားသူကြီးဦးသန်းနွဲ့သည်ကာနယ်ချစ်ကောင်း (ခေါ်)ဦးစိုးမောင်အား နိုင်ငံတော်သစ္စာဖောက်မှုဖြင့်ရာဇသတ်ကြီးပုဒ်မ၁၂၂ (၁)အရ သေဒဏ်ကျခံစေရန်အမိန့်ချမှတ်ခဲ့သည်။ ယင်းနောက်၁၉၆ဝ ပြည့်နှစ်သြဂုတ်လ(၈) ရက်၊တနင်္လာနေ့ (၂)နာရီအချိန်တွင် ကာနယ်ချစ်ကောင်းနှင့်ဂျပန်တော်လှန်ရေး၌ အတူတကွဆောင်ရွက်ခဲ့သောသမ္မတကြီးမန်းဝင်းမောင်(၁၉၁၆-၁၉၈၉)၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့်ကြိုးဒဏ်မှလွတ်မြောက်ကာ ထောင်မှလွတ်မြောက်သွားခဲ့လေသည်။ကာနယ်ချစ်ကောင်းသည် ထောင်ထဲ၌စုစုပေါင်း ဘားလမ်းအချုပ်ခန်း၌တစ်နှစ်နီးပါးနှင့်ကြိုး တိုက်ထဲတွင်ရှစ်လနီးပါးအပါအဝင်(၃) နှစ်နှင့်(၅)လတိတိကြာခဲ့သည်။ထို့နောက် ပြည်လမ်းဘူတာရုံအနောက်တွင်နေထိုင်၍“အနှစ် နှစ်ဆယ်”စာအုပ်ရေးသားနေစဉ်အတွင်း ၁၉၆၁ခုနှစ်၊ ဧပြီလ(၂၇) ရက် နေ့တွင်ပုဒ် (၅)ဖြင့်ထပ်မံဖမ်းဆီးခံရပြန်သည်။ ၁၉၆၃ခုနှစ်၊ ဧပြီ(၆) ရက်နေ့တွင်ထောင်မှပြန်လည်လွတ်မြောက်လာခဲ့သည်။

၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားသောအခါကာနယ်ချစ်ကောင်းသည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပြန်လည်ဆက်သွယ်ကာ တောခိုသွားခဲ့သည်။

ထို့နောက် ကာနယ်ချစ်ကောင်းခေါ်ရဲဘော်စိုးမောင်သည် ၁၉၆၆ခု၊ နိုဝင်ဘာလတွင်ဟင်္သတခရိုင် လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲတနေရာတွင် ကျဆုံးသွားခဲ့သည်။

ကာနယ်ချစ်ကောင်းသည်သာယာဝတီခရိုင်၊ စစ်ကွင်းမြို့နေဦးသာဖေ၊ ဒေါ်ယုတို့၏သမီးဖြစ်သူဒေါ်ခင်မျိုးညွန့် (ဗမာပြည်ကွန်မြူနစ်ပါတီဝင်) နှင့်၁၉၄၈ ခုနှစ်၊မေလတွင်လက်ထက်ကာ သားသမီးသုံးဦးထွန်းကားခဲ့သည်။သားသမီးများမှာ စိုးချစ်ထွန်း၊ခင်မာအေးချစ်၊ ခင်မေထွန်းချစ်တို့ဖြစ်သည်။

ဗိုလ်မှူးကြီးချစ်ကောင်းသည်ပြည်သူ့အာဏာဂျာနယ်၊ အလင်းရောင်သတင်းစဉ်၊ဒဂုန်မဂ္ဂဇင်းနှင့်အခြားစာနယ်ဇင်းများတွင်“မြင်းခြံစိုးမောင်”၊“အောင်ထွန်း”၊“ဗိုလ်မှူးချစ်ကောင်း”၊“ဗိုလ်ချစ်ကောင်း”စသည့်ကလောင်ကွဲများဖြင့်နိုင်ငံရေးဆိုင်ရာ စာပေများ မြောက်များစွာရေးသားခဲ့သည်။

၁၉၄ဝ ပြည့်နှစ်ဒဂုန်မဂ္ဂဇင်းတွင် မြင်းခြံစိုးမြင့်ကလောင်အမည်ဖြင့်ရေးသားခဲ့သော “နွားသိုးလောက”ဆောင်းပါးကြောင့်အစိုးရက ဒဂုန်မဂ္ဂဇင်းကိုအာမခံငွေတောင်းရာ၊ ဒဂုန်ကအာမခံငွေမတင်ဘဲ နှစ်ပေါင်းများစွာထုတ်ဝေခဲ့သောမဂ္ဂဇင်းကိုရပ်၍ပစ်လိုက်လေသည်။ အဆိုပါဆောင်းပါးမှာတော်လှန်ရေးအတွက်စည်းလုံးညီညွတ်ကြရန်လှုံ့ဆော်ထားပြီး၊ခေတ်နောက်ကြသောလူကြီးများကို သရော်ထားသည်။လူငယ်များကိုမူ အားအေးအားမြောက်ပြုထားသည်။ထို့ပြင် မင်းမဲ့ဝါဒသဘောထားများကိုလည်း ရေးသားဖော်ပြထားသည်။

ကာနယ်ချစ်ကောင်း၏ထင်ရှားသောစာအုပ်များမှာ“သိန်းဖေစခန်းမှသန်းထွန်းစခန်းသို့” (၁၉၄၅)၊“လေးဆယ့်တစ်” (၁၉၅၈)၊“အနှစ်နှစ်ဆယ်”(၁၉၆၁)၊“နိုင်ငံရေးအဘိဓာန်”(၁၉၆၃)၊“လူ့မူလအစ” (၁၉၆၃)တို့ဖြစ်သည်။ ဂျာမန်စစ်ဗိုလ်ချုပ်ကြီးကားလ်ဖွန်ကလော့စ်ဝစ် Karl Von Causewtg (၁၇၈ဝ-၁၈၃၁)On War စာအုပ်ကို “စစ်၏အခြေခံဥပဒေသများ”အမည်ဖြင့် တောတွင်း၌ဘာသာပြန်ဆိုခဲ့သော်လည်း အစိုးရ၏သိမ်းဆီးခြင်းခံရကာစာအုပ်အဖြစ်မထုတ်ဝေဖြစ်ခဲ့ချေ။
(မှတ်ချက် ဒီအထုပ္ဗတ္တိတိုကလေးကို ဘယ်သူပြုစုခဲ့တယ်ဘယ်နေရာ ဘယ်စာအုပ်အတွက်ပြုစုတယ်/ဖော်ပြပါတယ်လို့ သီးသန့်ညွှန်းပြချက်ကိုတော့ မတွေ့ရပါ။သိသူများရှိရင် ကွန်မန့်အနေနဲ့ဖြစ်ဖြစ် မက်ဆေ့ဂ်ျအနေနဲ့ဖြစ် ပြောပြပေးကြစေလိုပါတယ်။မျိုးမြင့်ချို
ယူတာက ဒီနေရာကပါခင်ဗျား https://www.facebook.com/kokyawmyo1978

0 comments:

Post a Comment