Monday, June 10, 2013

မိမိကိုယ်မိမိပိုင်စိုးမှုနှင့်နိုင်ငံရေး- ကိုဝတုတ်

0 comments
မိမိကိုယ်မိမိပိုင်စိုးမှုနှင့်နိုင်ငံရေး- ကိုဝတုတ်-၂ဝ၁၂ ဇူလိုင်လထုတ် ခေတ်မောင်း အတွဲ ၁၊ အမှတ် ၃
လူဟာ နိုင်ငံရေးသတ္တဝါလို့ ခေါမအတွေးအခေါ်ပညာရှင် အရစ္စတိုတယ်က ဆိုတယ်။ လူ့သဘာဝက နိုင်ငံရေးနဲ့ကင်းလို့မရတဲ့သဘောကို ဆိုလိုချင်ပုံရတယ်။ လူရဲ့သဘာဝလို့ဆိုတဲ့အတွက် နိုင်ငံရေးနဲ့ကင်းလို့မရတဲ့ ဒီသဘောသဘာဝဟာ ဟိုးနှစ်နှစ်ထောင်ကျော်က လူသားရဲ့ သဘာဝဖြစ်သလို ကနေ့ခေတ် နှစ်ဆယ့်တရာစုလူသားရဲ့ သဘာဝလည်းဖြစ်တယ်။ အခု ဆောင်းပါးမှာ လူဟာ နိုင်ငံရေးသတ္တဝါ၊ တနည်း လူဟာ နိုင်ငံရေးနဲ့ကင်းလို့မရဘူးဆိုတဲ့အပြောကို နည်းနည်းလောက် ဋီကာချဲ့ကြည့်ချင်တယ်။

သက်ရှိသတ္တဝါတိုင်းဟာ၊ အရာတိုင်းဟာ သူ့ရဲ့ unique essence တနည်း တခြားသတ္တဝါတွေမှာ၊ တခြားအရာတွေမှာ မရှိတဲ့၊ သူ့မှာသာရှိတဲ့ အနှစ်သာရကို အကောင်းဆုံးဖော်ပြခြင်းဖြင့်သာ ဒီသတ္တဝါရဲ့ ပုဂ္ဂလဘဝ၊ ဒီအရာနဲ့သာဆိုင်တဲ့သတ္တိကို အပီပြင်ဆုံးဖော်ပြနိုင်တယ်။ ဥပမာ မျက်စိရဲ့ essence အနှစ်သာရဟာ မြင်ခြင်းဖြစ်တယ်။ နားနဲ့မြင်လို့မရ၊ နှာခေါင်းနဲ့မြင်လို့မရ၊ မျက်စိနဲ့သာ မြင်လို့ရတယ်။ မျက်စိဟာ မြင်ခြင်းဆိုတဲ့ သူ့ရဲ့ essence အရည်အသွေးကိုဖော်ပြခြင်းဖြင့်သာ မျက်စိ ပီသမယ်၊ မျက်စိစစ်မယ်။ အလွယ်ပြောရရင် မျက်စိလို့ခေါ်လို့ရမယ်။ အလားတူပဲ။ ကျားတွေ၊ ခြင်္သေ့တွေဟာ အသားစားသတ္တဝါ၊ တကောင်တည်းသာနေတဲ့သတ္တဝါလို့ပြောတဲ့အခါ အသားစားခြင်း၊ တကောင်တည်းသာနေခြင်း စတဲ့ essence အနှစ်သာရတွေကိုဖော်ပြခြင်းဖြင့်သာ ကျားဘဝ၊ ခြင်္သေ့ဘဝကိုအပီအပြင်ဖော်ပြနိုင်တယ်။ အရွယ်ရောက်ပြီး တကောင်တည်းမနေဘဲ အစုလိုက်နေပြီး သက်သတ်လွတ်စားနေတဲ့ကျားဟာ ကျားမပီသတဲ့ ကျား။ အလားတူပဲ လူဟာ နိုင်ငံရေးသတ္တဝါလို့ပြောတာဟာ လူဟာ သူ့ရဲ့သဘာဝကို တနည်း သူ့ရဲ့ essence ကို နိုင်ငံရေးမှာပါဝင်ဆောင်ရွက်ခြင်းဖြင့်သာ အကောင်းဆုံး ဖော်ပြနိုင်မှာ၊ အပြည့်အဝဖော်ပြနိုင်မှာဖြစ်တယ်လို့ပြောတာပဲ ဖြစ်တယ်။ ဒါဖြင့်ရင် လူ့ရဲ့သဘာဝ၊ လူမှာသာရှိတဲ့အရည်အသွေးခေါ် အနှစ်သာရ အင်ဂလိပ်လိုဆို essence က ဘာလဲ။ ဒီအနှစ်သာရတွေကို နိုင်ငံရေးမှာပါဝင်ဆောင်ရွက်မှ အပြည့်အဝဖော်ပြနိုင်ရတာဟာ ဘာ့ကြောင့်လဲ။ ဒီမေးခွန်းနှစ်ခုမှာ ပထမမေးခွန်းကို တိုတိုတုတ်တုတ်နဲ့ဖြေရရင် လူ့ရဲ့သဘာဝ၊ လူမှသာရှိနိုင်တဲ့အနှစ်သာရဟာ အင်ဂလိပ်လို freedom ခေါ်ခေါ်၊ ပါဠိလို ဝိမုတ္တိခေါ်ခေါ် ဗမာလိုတော့လွတ်မြောက်ခြင်း ဒါမှမဟုတ် အနှောင်အဖွဲ့ကနေကင်းလွတ်ခြင်းပဲ။ ဆိုတော့ လူဟာ နိုင်ငံရေးသတ္တဝါလို့ပြောတာဟာ လူဟာ နိုင်ငံရေးမှာပတ်သက်ခြင်းဖြင့်သာ သူ့ရဲ့သဘာဝဖြစ်တဲ့ လွတ်မြောက်ခြင်းကိုဖော်ပြနိုင်မယ်၊ လူပီသမှုကိုပြနိုင်မယ်လို့ ပြောချင်တာဖြစ်တယ်။ ကဲ ဒီအဆို မှန်မမှန် ဆန်းစစ်ကြည့်ရအောင်။
အရင်ဆုံး လူ့ရဲ့ essence တနည်း အနှစ်သာရလို့ဆိုတဲ့ လွတ်မြောက်မှုကိုကြည့်ရအောင်။ လွတ်မြောက်မှု တနည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင် မှုဟာ လူ့ရဲ့အနှစ်သာရလို့ပြောရတာ ဘာ့ကြောင့်လဲ။ တချို့တိရိစ္ဆာန်တွေဟာ လွတ်လပ်မှုကို လူထက်တောင်ဖော်ပြနိုင်ပုံရတာ သတိပြုမိကြ မယ်။ ငှက်တွေဟာ တနေရာက တနေရာကို အတားအဆီးမရှိသွားနိုင်တယ်။ သားရဲတိရိစ္ဆာန်တွေဟာလည်း အစာကို ကိုယ်စိတ်ဆန္ဒရှိတဲ့ အချိန်မှာ သင့်မသင့် စဉ်းစားနေစရာ မလိုဘဲ၊ တနည်း ကျင့်ဝတ်ဆိုင်ရာ စဉ်းစားချက်တွေရဲ့ကန့်သတ်မှုကိုမခံဘဲ စိတ်လာတဲ့အချိန်မှာ စားသောက်၊ အိပ်စက်၊ မိတ်လိုက်နိုင်ကြတယ်။ တဘက်မှာ လူမှာ ငှက်တွေ၊ သားရဲတိရိစ္ဆာန်တွေလို ကိုယ်လုပ်ချင်တာကို ကောက်လုပ်နိုင်တဲ့ အနေအထားမရှိတတ်ဘူး။ ဒီတော့ လူဟာ တိရိစ္ဆာန်လောက်တောင် မလွတ်လပ်ဘူးလို့ ထင်စရာရှိတယ်။
ဒါပေမယ့် တကယ်မှာ တိရိစ္ဆာန်တွေရဲ့ပြုမူပုံဟာ သူတို့ရဲ့ အဟိတ်တိရိစ္ဆာန်ဗီဇစိတ် impulse ကို၊ သူတို့ရဲ့တိရိစ္ဆာန်သဘာဝကို ဖော်ပြခြင်းသာ ဖြစ်ပြီး reasoning စဉ်းစားဆင်ခြင်မှုကနေပေါက်ပွားလာတဲ့ လုပ်ရပ်မဟုတ်ပေဘူး။ တိရိစ္ဆာန်တွေဟာ တခုခုမလုပ်ခင် ကောင်းမကောင်း၊ သင့်မသင့်ခွဲခြားပြီး ကောင်းတာသင့်တာကိုလုပ်နိုင်စွမ်းမရှိဘဲ ဆန္ဒရဲ့ညွှန်ကြားစေခိုင်းတာကို မစဉ်းစားမဆင်ခြင်ဘဲ ကာယရဲ့တဒင်္ဂလိုအပ် ချက်ကိုဖြည့်ဆည်းဖို့လုပ်ကြတာမျိုးသာဖြစ်တယ်။ တဘက်မှာ လူကတော့ လုပ်ရပ်တခုမလုပ်ခင် သင့်မသင့်၊ ကောင်းမကောင်းစဉ်းစားနိုင်စွမ်း ရှိတယ်။
လွတ်လပ်မှုဟာ ရွေးချယ်ပိုင်ခွင့်ရှိခြင်းဆိုရင် လုပ်ရပ်တခုကို လုပ်သင့်မလုပ်သင့်ရွေးချယ်နိုင်စွမ်းရှိတာဟာ လွတ်လပ်မှုရှိမရှိကို ဖော်ပြခြင်းလို့ ပြောရတော့မယ်။ လုပ်ရပ်တခုကို လုပ်သင့်မသင့်ရွေးချယ်နိုင်စွမ်းဟာ ဆင်ခြင်စဉ်းစားနိုင်စွမ်းရှိမှသာ ဖြစ်နိုင်မယ်။ တိရိစ္ဆာန်တွေမှာ ကောင်း မကောင်း၊ သင့်မသင့်ဆင်ခြင်စဉ်းစားနိုင်စွမ်းမရှိကြဘူး။ လူမှာသာ ရှိတယ်။ ဆင်ခြင်စဉ်းစားနိုင်စွမ်းဟာ လူနဲ့သာဆိုင်တယ်။ ဒီတော့ လွတ်လပ်မှု ရှိမရှိဆိုတာ ဆင်ခြင်စဉ်းစားနိုင်စွမ်းရှိမရှိနဲ့ဆိုင်တယ်လို့ပြဆိုပြီးသကာလ ဆင်ခြင်စဉ်းစားနိုင်စွမ်းရှိတဲ့လူမှာသာ လွတ်လပ်မှု ရှိနိုင်တယ်ဆိုတာကို လက်ခံရပေလိမ့်မယ်။ တနည်း လွတ်လပ်မှု၊ လွတ်မြောက်မှုဟာ လူ့ရဲ့အနှစ်သာရ ဖြစ်ပေတယ်။
တခါ လွတ်လပ်မှုရှိမှသာ ကိုယ့်လုပ်ရပ်အတွက်တာဝန်ယူမှုဆိုတဲ့သဘောတရားဟာ အဓိပ္ပာယ်ရှိနိုင်မယ်။ ကိုယ်ဘာလုပ်မယ်ဆိုတာကို မမြင်ရတဲ့အရာတခုကကြိုတင်သတ်မှတ် ဆုံးဖြတ်ထားပြီးသားဆိုရင် ဒီလုပ်ရပ်အတွက် ကိုယ်ကတာဝန်ယူရတာ အဓိပ္ပာယ်မရှိတော့ဘူး။ ဥပမာ အခြေအနေတခုမှာ လူတယောက်ဟာ မကောင်းတဲ့လုပ်ရပ်တခုကိုလုပ်ဖို့ ဘုရားသခင်က ဒါမှမဟုတ် fate ရှောင်လွှဲလို့မရတဲ့ကံတရား က သတ်မှတ်ဆုံးဖြတ်ထားပြီးသားဆိုရင် ဒီမကောင်းတဲ့လုပ်ရပ်ကို ကျူးလွန်မှုအတွက် အပြစ်ကိုကျူးလွန်သူထက် ဘုရားသခင် ဒါမှမဟုတ် ကံတရားမှာ ပိုတောင်တာဝန်မရှိပေဘူးလား။ ဒီစဉ်းစားချက်ကိုကြည့်မယ်ဆိုရင် လွတ်လပ်မှုရဲ့ပြယုဂ်ဖြစ်တဲ့ self-autonomy မိမိကိုယ်မိမိ ပိုင်စိုးမှုရှိမှုဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာ သတိပြုမိနိုင်မယ်။
အခုအမြင်ကို အားကောင်းစေတဲ့ နောက်စဉ်းစားချက်တခုကိုတင်ပြပါရစေ။ မကောင်းတာကိုမလုပ်တဲ့လူနဲ့ မကောင်းတာကိုရှောင်ကြဉ်တဲ့လူ နှစ်ယောက်မှာ ဒုတိယလူက ပိုပြီး အထင်ကြီးလေးစားစရာကောင်းတယ်လို့ ယူဆမိတယ်။ မကောင်းတာကိုမလုပ်တဲ့လူဟာ မကောင်းတဲ့အလုပ်ကို မကောင်းမှန်းသိလို့လုပ်တာ ဟုတ်ချင်မှဟုတ်မယ်။ တချို့လူတွေဟာ အတိတ်ဘဝရဲ့ကံကြောင့်၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့မျက်နှာသာပေးမှုခံရလို့၊ ဒါမှမဟုတ် သဘာဝတရားရဲ့ဖေးမစီရင်မှုကြောင့် သူတို့သဘာဝမှာ မကောင်းမှုလုပ်ဖို့အာသီသ နည်းကြတယ်၊ ဒါမှမဟုတ် ပါမလာတတ်ကြဘူး။ ဒီလိုလူတွေအတွက်က မကောင်းတာမလုပ်တာဟာ မကောင်းမှုကိုအာသီသနည်းခြင်း၊ မရှိခြင်းဆိုတဲ့ သူတို့ရဲ့သဘာဝကိုဖော်ပြမှုသက်သက်သာ ဖြစ်တယ်။
တဘက်မှာ မကောင်းတာကိုရှောင်ကြည်တဲ့လူက မကောင်းမှုရဲ့သဘာဝကိုသိပြီး မကောင်းမှုကိုမလုပ်သင့်ဘူးလို့ဆုံးဖြတ်ပြီး ရှောင်ကြဉ်တာ ဖြစ်တယ်။ self-autonomy ဟာ ပထမလူထက် ဒုတိယလူမှာ ပိုအားကောင်းတယ်။ အသက်သတ်စားတာ ကျင့်ဝတ်နဲ့မညီမှန်းသိလို့ သက်သတ်လွတ်စားသူကိုသာဓုခေါ်ပြီး ဆိတ်တွေ၊ နွားတွေ သတ်သတ်လွတ်စားတာကို ဘယ်သူများသာဓုခေါ်တာကြားဘူးလဲ။ ဒီတော့ မကောင်းမှုကိုမကောင်းမှုမှန်းသိပြီး မလုပ်ဖို့ဆုံးဖြတ်နိုင်စွမ်းရှိမှ၊ ပြင်ပ အကြောင်းတရားတွေရဲ့စီရင်မှုထက် self-autonomy ရှိမှ လုပ်ရပ်တခု ကောင်းမကောင်း၊ သာဓုခေါ်ထိုက် မခေါ်ထိုက်ဆုံးဖြတ်နိုင်စရာရှိတယ်။ ဒီတော့ လွတ်လပ်မှု ဒါမှမဟုတ် မိမိကိုယ်မိမိပိုင်စိုးမှုဟာ ကျင့်ဝတ်ဆိုင်ရာကိစ္စရပ်တွေအတွက်ပါ အရေးကြီးတာထင်ရှားတယ်။
လူ့ရဲ့ အနှစ်သာရဟာ လွတ်လပ်မှုလို့ပြဆိုပြီးသကာလ ခုတခါ နိုင်ငံရေးဆိုတာဘာလဲဆိုတဲ့မေးခွန်းကို မေးကြည့်ရအောင်။ ကျနော့ အတွေ့အကြုံနဲ့ယှဉ်ပြီးပြောရရင် ဒီမေးခွန်းကို ပထမဆုံးမေးဖူးတာ မှတ်မှတ်ရရတိုက်တိုက်ဆိုင်ဆိုင် ၈၈ အရေးအခင်းဖြစ်ပြီးချိန်မှာ ဖြစ်တယ်။ နိုငံရေးဆိုတာ နိုင်ငံရဲ့အရေးကိုလုပ်တာပေါ့ဆိုပြီး အမေးခံရသူကပြန်ဖြေတယ်။ ရုတ်တရက်ကြည့်ရင် ဒီအဖြေဟာ ကျေနပ်စရာကောင်းတဲ့ အဖြေမဟုတ်ဘူးလို့ထင်စရာ ရှိတယ်။ ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်ရင် ဒီအဖြေကျေနပ်စရာ ကောင်းမကောင်းဆိုတာ နိုင်ငံ့အရေး ဆိုတာကို ကျနော်တို့ဘယ်လို နားလည်သလဲ၊ ဘယ်လောက်အတိုင်းအတာထိ နားလည်သဘောပေါက်လဲဆိုတဲ့အချက်ပေါ်မူတည်တာ တွေ့ရလိမ့်မယ်။ ခေါမခေတ်က နိုင်ငံဆိုတာ အလွယ်ပြောရရင် မြို့ပြနိုင်ငံလေးတွေကိုပဲ ရည်ညွှန်းကြတာဖြစ်တယ်။ ဒီမြို့ပြနိုင်ငံလေးတွေ (ခေါမလိုတော့ polis လို့ခေါ်တာပေါ့။) ကို အုပ်ချုပ်စီမံခန့်ခွဲတဲ့အလုပ်ကို နိုင်ငံရေး politics လို့ခေါ်တယ်။ နှစ်ပေါင်းနှစ်ထောင်ကျော် ကြာလာချိန်မှာ မြို့ပြနိုင်ငံလေးတွေကနေ မြို့ကြီး ပြကြီးတွေ၊ တိုင်းနိုင်ငံတွေ၊ ပြည်ထောင်စုတွေဖြစ်လာတယ်။ ဒါပေမယ့် နိုင်ငံရေးဆိုတဲ့ ဝေါဟာရရဲ့အနှစ်သာရကတော့ပြောင်းမသွားဘူး။
အဲဒိအနှစ်သာရကတော့ မြို့ပြနိုင်ငံလေးတွေကို အုပ်ချုပ်တာဖြစ်ဖြစ်၊ ပြည်ထောင်စုကြီးကိုအုပ်ချုပ်တာဖြစ်ဖြစ် အုပ်ချုပ်ခံရသူတွေနဲ့ဆိုင်တဲ့ အရေးကိစ္စတွေကို အကောင်းဆုံးဖြစ်အောင် စီမံခန့်ခွဲတာပဲဖြစ်တယ်။ ဒါဟာ နိုင်ငံရေးပဲ။ နိုင်ငံရဲ့အရေးကိစ္စတွေဟာ ခေတ်ကာလ ရွေ့လျောလာတာနဲ့အမျှ ပြောင်းလဲလာနိုင်ပေမယ့် နိုင်ငံရေးဆိုတာ အုပ်ချုပ်ခံတွေ၊ တနည်း နိုင်ငံသားတွေရဲ့ဘဝကို အကောင်းဆုံးဖြစ်အောင် စီမံလုပ်ဆောင်ခြင်းဆိုတဲ့ နိုင်ငံရေးရဲ့သဏ္ဍာန်ကတော့ ပြောင်းမသွားဘူး။
ဒီတော့ နိုင်ငံသားတွေရဲ့ဘဝကို အကောင်းဆုံး ဘယ်လိုစီမံလုပ်ဆောင်မလဲ။ ဒီနေရာမှာ အကောင်းဆုံးဆိုတဲ့စကားရပ်နဲ့ပတ်သက်ပြီး အယူအဆ၊ အမြင် အမျိုးမျိုးကွဲနိုင်တယ်။ လူတွေကို ရုပ်ပိုင်းဆိုင်ရာအတိုင်းအတာတခုထိ ပြည့်စုံအောင်ဖန်တီးပေးထားပြီး တဘက်မှာ တခြားအရေးကြီးတဲ့လွတ်လပ်ခွင့်တွေ၊ ဥပမာ သူများမထိခိုက်တဲ့ လွတ်လပ်စွာကိုးကွယ်မှုမျိုးတွေ၊ ကိုယ်နှစ်သက်သူ ဘယ်သူနဲ့မဆို ယောင်္ကျားချင်း၊ ဒါမှမဟုတ် မိန်းမချင်း လွတ်လွတ်လပ်လပ်ပေါင်းသင်းနေထိုင်ခွင့်တွေကိုပိတ်ပင်ထားတာမျိုးကို အကောင်းဆုံးစီမံ လုပ်ဆောင်ပုံလို့ပြောကြမယ် မထင်ဘူး။ ဒါပေမယ့် လူ့သဘာဝ၊ လူဖြစ်ရခြင်းရဲ့အနှစ်သာရဟာလွတ်လပ်မှုဆိုတာကိုလက်ခံရင် နိုင်ငံရေးစနစ်တခု၊ အုပ်ချုပ်မှုပုံစံတခုဟာ လူသားရဲ့အနှစ်သာရဖြစ်တဲ့ လွတ်လပ်မှုကို ဘယ်လောက်အတိုင်းအတာထိအာမခံချက် ပေးနိုင်သလဲဆိုတာကိုကြည့်ပြီး နိုင်ငံရေးစနစ်၊ အုပ်ချုပ်မှုပုံစံကောင်းမွန်မှုအတိုင်းအတာကို ဆုံးဖြတ်မယ်ဆိုရင်တော့ သင့်မယ်ထင်မိတယ်။ ဆင်ခြင်စဉ်းစားတတ်သူအဖို့ “လွတ်လပ်မှုကိုအာမခံချက်ပေးတဲ့အုပ်ချုပ်မှု”နဲ့ “လွတ်လပ်မှုကိုအာမခံချက်မပေးတဲ့ အုပ်ချုပ်မှု”နှစ်ခုမှာ ပထမအုပ်ချုပ်မှုကိုအလိုရှိမှာဘဲ။
တကယ်တော့ အစိုးရဆိုပြီးပေါ်လာတာကိုက လူတွေရဲ့လွတ်လပ်ခွင့်ကို လိုလားတာကိုပြနေတယ်။ အုပ်ချုပ်မှု၊ ဒါမှမဟုတ် စည်းစနစ်တခုခု လုံးလုံးမရှိတဲ့အဖွဲ့အစည်းတခုမှာ လူတယောက်ရဲ့လွတ်လပ်ခွင့်ကို ဘယ်သူကအာမခံချက်ပေးမလဲ။ တယောက်နဲ့တယောက် အပြန်အလှန် နားလည်မှု၊ သဘောတူညီမှုပေါ်အခြေခံတည်ဆောက်ထားတဲ့စနစ်တခုထဲမှာသာ လွတ်လပ်မှုကိုခံစားဖို့ဖြစ်နိုင်မယ်။ လူတိုင်းက လွတ်လပ်မှုကိုတန်ဖိုးထားတယ်ဆိုရင် ကိုယ်က သူများလွတ်လပ်မှုကိုမထိခိုက်ဖို့ ကတိကဝတ်ပြုတဲ့အခါ တခြားလူတယောက်ဟာ ကိုယ့်ရဲ့ကတိကဝတ်ကျေးဇူးနဲ့ သူ့လွတ်လပ်ခွင့်ကိုခံစားနိုင်မယ်။ အလားတူပဲ။ သူ့ရဲ့ ကိုယ့်လွတ်လပ်မှုကိုမထိခိုက်ဖို့ကတိကဝတ်ကြောင့် ကိုယ်ဟာ ကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုခံစားနိုင်မယ်။ အစိုးရဆိုတာ လူသားတွေအချင်းချင်းကြား ပြောခဲ့တဲ့အပြန်အလှန်နားလည်မှု၊ သဘောတူညီမှုပေါ်အခြေခံတည်ဆောက်ထားတာ ဖြစ်တယ်။ အစိုးရဆိုတာမရှိရင်တောင် ကိုယ့်လွတ်လပ်မှုအတွက်အာမခံချက်ကို လူ့အဖွဲ့အစည်းထဲက တခြားလူတွေဆီကတောင်းခံရမှာ ဖြစ်တယ်။ ကနေ့ထိတော့ အစိုးရမရှိတဲ့ လူ့အဖွဲ့အစည်းရယ်လို့ ကျနော်သိသလောက် မရှိသေးဘူး။ အစိုးရရဲ့တာဝန်ဟာ အခြေခံအားဖြင့် လူသားရဲ့လွတ်လပ်မှုကို အာမခံချက်ပေးမှုဖြစ်တယ်။ ဒါ့ကြောင့် အပေါ်စာပိုဒ်မှာပြောခဲ့သလို လွတ်လပ်မှုအာမခံချက်မရှိတဲ့အစိုးရအောက်မှာ၊ တနည်း အုပ်ချုပ်မှုအောက်မှာ ဆင်ခြင်စဉ်းစားနိုင်သူဟာ နေချင်ကြမှာမဟုတ်ဘူး။
ကဲဒီတော့ နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေး၊ တိုင်းသူပြည်သားတွေရဲ့အရေးကိုဆောင်ရွက်ခြင်းလို့ပြောပြီးသကာလ နိုင်ငံသားတွေဟာ ကိုယ်နေနေတဲ့အဖွဲ့အစည်းကို အုပ်ချုပ်မောင်းနှင်နေသူတွေဟာ ကိုယ့်အရေးကိစ္စ၊ ကိုယ့်လွတ်လပ်မှုတွေကို ကာကွယ်စောင့်ရှောက်မှု ကောင်းကောင်းမွန်မွန် ပေးမပေးကို အမြဲတစေစောင့်ကြည့်နေသင့်တယ်။ နိုင်ငံသားတွေကို သူတို့ရဲ့ ကံကြမ္မာကို သူတို့ဘာသာဖန်တီးနိုင်ခွင့်ပေးနိုင်တဲ့ အုပ်ချုပ်မှုမျိုး ရှိနေမနေ သတိထားစောင့်ကြည့်နေသင့်တယ်။ ဒီလို စောင့်ကြည့်ဝေဖန်တာကိုက နိုင်ငံရေးနဲ့ပတ်သက်မှုကိုပြသတာဖြစ်တယ်။ ကိုယ့်ရဲ့ကံကြမ္မာကိုအဆုံးအဖြတ်ပေးမယ့်ဆုံးဖြတ်ချက်တွေကို အုပ်ချုပ်သူလက်ထဲ ဝ ကွက်အပ်ထားတာ မဖြစ်သင့်ဘူး။ အဲဒိလို မျက်နှာလွှဲခဲပစ် အပ်ထားမယ်ဆိုရင် အုပ်ချုပ်သူတွေက ကိုယ့်ရဲ့တာဝန်အပ်နှင်းမှုကို သူတို့အကျိုးစီးပွားကွက်ကွက်လေးအတွက် အသုံးချသွားနိုင်တယ်။ အသုံးချသွားတဲ့သာဓကတွေလည်း တွေ့ခဲ့ကြပြီးပြီ။ ပြည်သူလူထုရဲ့ဆန္ဒနဲ့ရွေးကောက်ပွဲဝင်ပါတယ်ဆိုပြီး ကိုယ်လုပ်ချင်တာ ကိုယ်လုပ်၊ ပြီးရင် ပြည်သူ့ဆန္ဒလုပ်ပစ်လိုက်တာမျိုးတွေကို လက်မခံသင့်ဘူး။
သူများရဲ့ရွေးချယ်ဆုံးဖြတ်မှုအတွက်တာဝန်ယူရတာမျိုးဟာ သူများရဲ့အချုပ်အနှောင်ဖွဲ့ခံထားရမှုအောက်မှာ နေနေရခြင်းလို့ပြောနိုင်တယ်။ ကိုယ်ဟာ နိုင်ငံရေးမှာစိတ်ဝင်စားမှု ပတ်သက်မှုမရှိရင် သူများတကာရဲ့ရွေးချယ်ဆုံးဖြတ်မှုတွေအတွက် ဘုမသိဘမသိ တာဝန်ယူသွား ရလိမ့်မယ်။ ဒီတော့ နိုင်ငံရေးကိုစိတ်ဝင်စားမှုမရှိတာ မပတ်သက်ဘူးလို့ပြောတာဟာ ကိုယ့်အနှောင်အဖွဲ့ကို ကိုယ့်ဘာသာဖန်တီးခြင်းသာ ဖြစ်တယ်။ ဒါ့ကြောင့် နိုင်ငံရေးမှာပါဝင်ပတ်သက်ခြင်းဟာ မိမိကိုယ်ကိုလွတ်မြောက်အောင် ကြိုးပမ်းမှုလို့ဆိုနိုင်တယ်။ လူ့သဘာဝဖြစ်တဲ့ လူ့ရဲအနှစ်သာရ essence ဖြစ်တဲ့လွတ်မြောက်မှုကို နိုင်ငံရေးနဲ့မပတ်သက်ပဲ ရရှိနိုင်မှာမဟုတ်ပေဘူး။ ပြည်သူတွေရဲ့နိုင်ငံရေးစိတ်ဝင်စားမှုကို အညွန့်ချိုးတာ၊ နိုင်ငံရေးနဲ့မပတ်သက်အောင်၊ နိုင်ငံရေးသေအောင်လုပ်နေတာတွေကို ကိုယ့်ကိုအချုပ်အနှောင်ချဖို့ကြိုးစားမှုတွေပဲဖြစ်တယ်။ ကိုဝတုတ်
https://www.facebook.com/linayehtin?hc_location=timeline

0 comments:

Post a Comment