Wednesday, June 26, 2013

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ် (အပိုင်း၎-)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (အပိုင်း၎-) (စာပြင်နိုင်သမျှ ပြီးသမျှတင်ပေးမယ်တွေးပါတယ်-မျိုးမြင့်ချို)
၎။ လူမျက်နှာပျောက်သွားသော လူသား။
အနောက်တိုင်းလူ့အဖွဲ့အစည်းတွင် သိပ္ပံပညာနှင့်စက်မှုအတတ်ပညာတို့ တိုးတက်ထွန်းကားလာသည်နှင့်အမျှ လူသားတို့၏ရုပ်ပိုင်းဘဝအခြေအနေတို့မှာလည်း ပို၍ တိုးတက်လာသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် လူသားတို့၏စိတ်ပိုင်းဘဝ အခြေအနေမှာမူ ဖွံ့ဖြိုးခြင်းမရှိခဲ့ပေ။ ပို၍ပင် ချွတ်ခြုံကျသွားခဲ့သည်ဟုပင် ဆိုနိုင်ပေသည်။ ရုပ်ပိုင်းဆိုင်ရာပြဿနာများကို ဖြေရှင်းအောင်မြင်နိုင်ခဲ့ကြသော်လည်း စိတ်ပိုင်းဘဝပြဿနာများအမှာမူ တဖြည်းဖြည်း ပို၍ရှုပ်ထွေးလာခဲ့သည်။ ထို့ပြင် ထာဝရဘုရားကိုဗဟိုပြုထားသည့် ဘာသာရေးယုံကြည်မှုဆိုင်ရာ အားကိုးအားထားမှာလည်း တစစီပြိုလဲခဲ့ပေသည်။ လူ့ဘဝတွင်မည်သည့်အရာကိုနှုန်းစံထားပြီး တန်ဖိုးဖြတ်ရမည်ကိုလည်း နားမလည်နိုင်ခဲ့ကြ။ လူ့ဘဝရည်မှန်းချက်အဓိပ္ပါယ်သည်လည်း ပျောက်ကွယ်ခဲ့ရသည်။ ဤသို့ဖြင့် အနောက်တိုင်းလူ့ယဉ်ကျေးမှုသည် ယိုယွင်းခဲ့ရပေသည်။ လူ့ဘဝဟူသည် စိတ်ပျက်စရာကြီးပါလား။ ဘာမျှ ယုတ္တိမရှိပါလား။ အဓိပ္ပါယ်မဲ့လှပါလားဟု မှတ်ယူလာကြပြီး အားငယ်လာကြသည်။ ကိုယ့်ကိုယ်ကိုပြန်ပြီး သိမ်ငယ်သွားကြပေသည်။
ဖြစ်တည်မှုဝါဒီတို့က ဤသို့စိတ်ပျက်အားငယ်စရာ မျှော်လင့်ရာမဲ့ဖြစ်နေသောလူ့ဘဝကို ရုပ်ဝတ္ထုပစ္စည်းတခုဖြစ်သည့် သစ်တုံးတတုံးလို ဖြစ်ချင်ရာဖြစ်ချေတော့ဟုသဘောထားပြီး ပေယျာလကန်မလုပ်ကြနှင့်။  ဖြစ်တည်လာတဲ့လူ့ဘဝမှာ သိက္ခာရှိရှိ၊ တန်ဖိုးမြင့်မြင့်နေထိုင်တတ်ရမည်ဟု ခံယူကြပေသည်။ လူသားတို့အတွက်အရံသင့် ပြုလုပ်ဖန်တီးပေးထားသော  ပြီးပြည့်စုံလှပါသည်ဟုဆိုကြသည့်တန်ဖိုးသတ်မှတ်ချက်နှုန်းစံများ ပျောက်ကွယ်သွားသော်လည်း ဘာမှ စိတ်ပျက်အားငယ်စရာ မလိုပေ။ လူဟူသည် မိမိဘဝတန်ဖိုးကို မိမိကိုယ်တိုင် ဖန်တီးရယူနိုင်သူဖြစ်သည်။ ပုဂ္ဂလိကလိုအပ်ချက်အရ ကိုယ်ပိုင်တန်ဖိုးများ၊ ကိုယ်ရည်ကိုယ်သွေးများကို မိမိဘဝအတွက်မိမိဘာသာ တည်ဆောက်ယူနိုင်ရမည်။ သို့မှသာ လူ့ဘဝသည် စစ်မှန်ပေမည်။ ဤသို့မဟုတ်ဘဲ အရံသင့် အဆင်သင့်ဖန်တီးပေးထားသော တန်ဖိုးသတ်မှတ်ချက်များအတိုင်း လိုက်လုပ်နေရမည်ဆိုပါက လူ့ဘဝသည် မည်သည့်တန်ဖိုးမျှရှိတောမ့ည်မဟုတ်။ မည်သို့မျှလည်း စစ်မှန်သောလူ့ဘဝကို ရရှိနိုင်မည်မဟုတ်ဟူ၍ ဆိုကြပေသည်။
ထို့ပြင် ဖြစ်တည်မှုဝါဒီတို့အလိုအရ ယနေ့မျက်မှောက်ခေတ်လူသား၏ဘဝသည် သိပ္ပံစက်မှုနည်းပညာ ပစ္စည်းများကြားထဲတွင် နစ်မြုတ်သွားရသော စိတ်ပျက်ပြီးငွေ့စရာဘဝ ဖြစ်ပေသည်။ အကွက်စေ့စေ့ သတ်မှတ်ပြဌာန်းချမှတ်ထားသည့်ကျင့်ဝတ္တရား၊ ဥပဒေများ၊ ထုံတမ်းဓလေ့အစဉ်အလာများကာ ညှပ်ပူးညှပ်ပိတ်ဝိုင်းထားခံနေရသော ထွက်ပေါက်မရှိသည့် သနားစရာဘဝ ဖြစ်သည်။ လူဆိုသည်မှာလည်း ယေဘုယျနိယာမတရားတွေ၊ စနစ်တွေကို ရှေ့တန်းတင်ဦးစားပေးနေသော လူ့အဖွဲ့အစည်းအတွင်း ပုဂ္ဂလိဘဝပျောက်သွားသဖြင့် ကြောက်ကြောက်ရွံ့ရွံ့ဖြစ်ပျက်နေရှာသည့်သတ္တဝါဖြစ်သည်။ လူတို့တီထွင်ဖန်တီးထားသည့်သိပ္ပံပညာအမျိုးမျိုးကြောင့်လူပုဂ္ဂိုလ်စင်စစ်မှ ဈာန်လျှောကျသွားပြီး ရုပ်ဝတ္ထုပစ္စည်းအဖြစ်ရောက်သွားသည်။ အပြုခံ၊ အထုအထောင်းခံသတ္တဝါ ဖြစ်သွားတော့သည်။ တိုးတက်ပါသည်ဟူသော စက်မှုသိပ္ပံကမ္ဘာကြီးထဲမှာကိုးကွယ်ရာထာဝရဘုရားပျောက်ကွယ်၊ မိခင်သဘာဝတရားကြီးနှင့်လည်း တဖြည်းဖြည်းကင်းကွာလာသော အထီးကျန်သတ္တဝါဖြစ်သည်။ ဤသို့ လူ့ဂုဏ်သိက္ခာနှင့်လူဖြစ်တည်မှု ပျောက်ကွယ်သွားရသည့်အဖြစ်ကို ဖြစ်တည်မှုဝါဒီတို့က မလိုလားကြ၊ မွန်မြတ်လှသည့် လူ့ဘဝဖြစ်တည်မှုကိုပျက်စီးစေမည့်အခြေအနေ၊ အခြင်းအရာမှန်သမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ခိုက်ရမည်ဟု သူတို့က ခံယူကြပေသည်။
ဖြစ်တည်မှုဝါဒီတို့သည် ပုဂ္ဂလိကလူသားနှင့် လူ့အဖွဲ့အစည်းတို့နားလည်မှုပျောက်ပြီး ကင်းကွာသွားသည့်ပြဿနာ (ဝါ) လူနှင့် လူ့အဖွဲ့အစည်းတို့ တခုနှင့်တခု သူစိမ်းပြင်ပြင်ဖြစ်နေသည့်ပြဿနာကို အထူးအရေးထားလေ့လာတင်ပြခဲ့ကြသည်။ သူတို့အလိုအရ ယနေ့လူ့အဖွဲ့အစည်းတွင်လူသားတို့၏ ရှိရှိသမျှသောကာယစွမ်းအား၊ ဉာဏစွမ်းအားတို့သည် ရိုင်းစိုင်းရက်စက်လှသည့် အင်အားစုကြီးအဖြစ်သို့ရောက်သွားပြီဖြစ်သည်။ လူသား၏ကောင်းမြတ်လှသည့်ဂုဏ်သိက္ခာ လက္ခဏာများကို ချေမှုန်းဖျက်ဆီးပစ်မည့်စက်မှုနည်းပညာစွမ်းအားစုကြီးတွေ၊ စီးပွားရေးအင်အားစုကြီးတွေ၊ နိုင်ငံရေးနှင့်စစ်ရေးအင်အားစုကြီးတွေ ဖြစ်သွားကြပြီ။ သိပ္ပံပညာအမျိုးမျိုးကြောင့် လူ့နှလုံးနှင့်အသိတရားတွင် ထာဝရဘုရားကွယ်ပသွားပြီဖြစ်၏။ ထို့ပြင် လူ့အဖွဲ့အစည်းတွင် ဘယ်တုန်းကမှ မကြားခဲ့ဖူးသည့် ရုပ်ဝတ္ထုကုန်ပစ္စည်းထုတ်လုပ်မှုမှာ အစုလိုက်အပြုံလိုက် ထွက်လာသည်။ ဤသို့သောထုတ်လုပ်မှုကို လူသားများက တန်ဖိုးထားကြသည်။ ပုဂ္ဂလလူသားထက် ကုန်ပစ္စည်းထုတ်လုပ်နိုင်မှုလုပ်အားကို တန်ဖိုးထားကြသည်။ လူကို သူ့လုပ်အားနှင့်တန်ဖိုးဖြတ်ကြသည်။ ကုန်ပစ္စည်းထုတ်လုပ်မှုစွမ်းအားဖြင့် ဆုံးဖြတ်ကြ၊ နေရာပေးကြသည်။ ဤသို့ ပုဂ္ဂလိကလူသားကို ရုပ်ဝတ္ထုပစ္စည်းတရပ်သဖွယ် တန်ဖိုးဖြတ်ကြလေတောသ့ည်။ လူကိုလူလိုမမြင်နိုင်ကြတော့ဘဲ ဝတ္ထုပစ္စည်းတခုအဖြစ် သဘောထားလာကြတော့သည်။ သိပ္ပံပညာသည် လူသားကို လူစင်စစ်မှ ထုတ်ကုန်ပစ္စည်းတခုအဖြစ် ရောက်စေခဲ့သည်။ လူ့ဂုဏ်သိက္ခာ လက္ခဏာပျောက်စေပြီး ရုပ်ဝတ္ထုပစ္စည်းတရပ် ဖြစ်စေခဲ့သည်။ ထို့ကြောင့်လည်း လူသားတို့သည် ပုဂ္ဂလိကလူ့ဘဝတွင် စစ်စစ်မှန်မှန် မရှင်သန်နိုင်ကြတောဘဲ့ လူ့မျက်နှာမရှိတော့သည့်လူသား (ဝါ) လူ့မျက်နှာပျောက်သွားသည့်လူသား (Faceless man) ဖြစ်သွားကြတော့သည်။ ဤအဖြစ် ဤအခြေအနေတို့ကို ဖြစ်တည်မှုဝါဒီတို့က လုံးဝမလိုလားကြ၊ ရုပ်ဝတ္ထုပစ္စည်းအဖြစ် ဈာန်လျှောကျနေသည့်အခြေအနေဆိုးမှ ရုန်းထွက်ပြီး စစ်မှန်မြင့်မြတ်မတ်သော၊ လူ့ဂုဏ်သိက္ခာအပြည်ရှိသော၊ လူပီသသောဘဝသို့လှမ်းတက်နိုင်ကြရန်သူတို့က အားထုတ်တင်ပြကြခြင်းဖြစ်ပေသည်။


0 comments:

Post a Comment