Sunday, June 30, 2013

ကြံ့ဖွံ့အစိုးရပစ်လိုက်သည့် မျိုးစောင့်ဥပဒေဆိုသောခဲတစ်လုံး (တူမောင်ညို)

0 comments
ကြံ့ဖွံ့အစိုးရပစ်လိုက်သည့် မျိုးစောင့်ဥပဒေဆိုသောခဲတစ်လုံး(တူမောင်ညို)(၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်)
“လူမျိုးရေး ဘာသာရေး သွေးခွဲရန်တိုက်ပေးမှု”ဆိုတာ နယ်ချဲ့သမားနဲ့ ဖောက်ပြန်တဲ့အုပ်စိုးသူများအတွက် မရိုးနိုင်သော၊  ထိရောက်မှုအရှိဆုံးသော လက်သုံးနည်းတစ်ခုသာဖြစ်ပါတယ်။
ပြင်းထန်သည်းသန်လာတဲ့ ပြည်သူလူထုရဲ့အထွေထွေမကျေနပ်မှုဦးတည်ချက်ကို ရည်ရွယ်ချက်လွဲမှား သွေဖီသွားစေပြီး၊ ဖရိုဖရဲပြိုကွဲသွားစေဖို့တွက် ဒီနည်းကိုသုံးလေ့ရှိတယ်။ သုံးမြဲဖြစ်တယ်။  ဒီနည်းဖြင့် သူတို့ရင်ဆိုင်နေရတဲ့အကြပ်အတည်းကနေ ယာယီထွက်ပေါက်ရှာလေ့ရှိတယ်။ သူတို့ ယာယီထွက်ပေါက်ရဖို့  ပြည်သူများရဲ့အသက်သွေးနဲ့စည်းစိမ်းဥစ္စာတွေကို ပက်ပက်စက်စက် စတေးလေ့ရှိတာပါပဲ။
ယနေ့(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအနေနဲ့ တဖြည်းဖြည်းပြင်းထန်သည်းသန်လာနေတဲ့ ပြည်သူလူထုရဲ့အထွေထွေမကျေနပ်မှုမြားဦး လမ်းလွဲပျက်ပြားသွားစေဖို့နဲ့ ဖရိုဖရဲပြိုကွဲသွားစေဖို့အတွက်“လူမျိုးရေးဘာသာရေး သွေးခွဲရန်တိုက်ပေးမှု”တွေကိုပြောင်ပြောင်တင်း တင်းလုပ်ဆောင်နေတာ တွေ့မြင်နိုင်ပါတယ်။
“မျိုးစောင့်ဥပဒေ” ဆိုတာရဲ့တကယ့်ရည်ရွယ်ချက်ကို မြင်တဲ့အတိုင်းရှင်းရှင်းဘွင်းဘွင်းပြောရမယ်ဆိုရင် ဘုန်းကြီးအချို့ကိုအသုံးချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ဒီချုပ်ကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ကြံ့ဖွံ့အစိုးရနဲ့ခရိုနီတွေရဲ့တိုက်ကွက်တွေထဲမှ တိုက်ကွက်တစ်ခုလည်းဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကိုမျှော်မှန်းပြီး တိုက်နေတာလည်းဖြစ်တယ်။
ဒီလုပ်ရပ်ရဲ့နောက်ကွယ်မှာ ကြံ့ဖွံ့အစိုးရနဲ့ခရိုနီတွေပါဝင်နေတယ်။ ခရိုနီတွေပါဝင်တော့ ခရိုနီတွေပိုင်ထားတဲ့ သို့မဟုတ် ကိုင်ထားတဲ့ မီဒီယာတွေလည်း သဘာဝကျစွာပါလာပါတယ်။  ဒါ့ပြင် “ဘုန်းကြီး” တွေလည်းထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတယ်။
အဲဒီအထဲမှာ “ဝီ - ဂူ - ဝါ” ကိုယ်တော်တို့ဟာ ရှေ့တန်းက ပါနေကြတယ်။
အဲဒီနောက်တော်ပါး အကြိုအကြားမှာ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ရဲ့(NDF)ပါတီနဲ့ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်တို့ရဲ့ (SNLD) (ကျားခေါင်းပါတီ) တို့ “မျှော”လိုက်သွားကြတယ်။ နောင်မှာ သူတို့ နောင်တတွေ တပွေ့ကြီးရပါလိမ့်မယ်။
“Time မဂ္ဂဇင်းကန့်ကွက်ချက်” ဆိုသည်မှာ “မျိုးစောင့်ဥပဒေ” အပေါ် ကြံ့ဖွံ့ပါတီနဲ့ကြံ့ဖွံ့အစိုးရတို့က အားပေးထောက်ခံခြင်းကို ဗြောင်ဖော်ပြလိုက်ခြင်းသာဖြစ်တယ်။  “မျိုးစောင့်ဥပဒေ”ဆိုတာ တစ်ချိန်က ဝန်ကြီးချုပ်ဦးနုရဲ့ “နိုင်ငံတော်ဘာသာလှုပ်ရှားမှု”ကို ကြံ့ဖွံ့ပါတီက ကြံ့ဖွံ့နည်းကြံ့ဖွံ့ဟန်နဲ့ဖော်ထုတ်လာမှုရဲ့ ကနဦးခြေလှမ်းပဲဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်၊ မဟာဗမာလူမျိုးကြီးဝါဒနဲ့ဖိနှိပ်ခဲ့တဲ့ အဆက်ဆက်သောအုပ်စိုးသူများဟာ ပုန်းရှိုးကွယ်ရှိုးကိုင်တွယ်ကျင့်သုံးခဲ့ကြတဲ့ “ဘာသာကြီးဝါဒတင်းပုတ်”ကို ယခုအခါဗြောင်ကိုင် ဆောင်လာဖို့ကြိုးပမ်းလာပြီဖြစ်ပါတယ်။
ဒီလို ဖက်ဆစ်ဆန်တဲ့ခြေလှမ်းကို ဒီမိုကရေစီပါတီ/တိုင်းရင်းသားပါတီတွေဖြစ်တဲ့ (NDF) နဲ့ (SNLD)တို့ မြင်အောင်ကြည့်နိုင်စွမ်း ဘာကြောင့်များ ချို့တဲ့ရတာပါလိမ့်။ ဆန့်ကျင်နိုင်စွမ်း မရှိရတာဘာကြောင့်ပါလဲ။
“စစ်တပ်က အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ”ကို ထာဝစဉ်မောင်ပိုင်စီးထားနိုင်တဲ့အခြေခံအောက်မှာ၊ “မျိုးစောင့်ဥပဒေ” ဖော်ထုတ်လှုပ်ရှားလာပြီ။ နောင်မှာ “နိုင်ငံတော်ဘာသာ/နိုင်ငံတော်သာသနာ”ဆိုတဲ့ လှုပ်ရှားမှုတွေက တစ်လှမ်းပြီးတစ်လှမ်း ခြေချမလာဘူးလို့ ဘယ်သူပြောနိုင်သလဲ။  ဦးနုရဲ့“နိုင်ငံတော်ဘာသာ”အကျိုးဆက်အဖြစ် ခရစ်ယာန်ဘာသာများစုကိုးကွယ်ကြတဲ့ ကချင်တိုင်းရင်းသားတွေထဲကနေ “ကေအိုင်အိုလှုပ်ရှားမှု”ပေါ် ထွက်လာခဲ့ခြင်းဖြစ်ပါတယ်။
ဘုန်းကြီးတွေကိုကိုင်ထားနိုင်ရင် လာမယ့်ရွေးကောက်ပွဲတွေမှာ ဘုန်းကြီးတွေရဲ့တပည့်ဒကာဒကာမတွေရဲ့“မဲတစ်ပြား”ကို ချုပ်ကိုင်ရတာပိုပြီးလွယ်ကူလိမ့်မယ်ဆိုတဲ့ တစ်နပ်စားတွက်ကိန်းနဲ့ စဉ်းစားလုပ်ဆောင်ခဲ့ပုံလည်းပေါ်ပါတယ်။
မြန်မာနိုင်ငံဟာလူမျိုးပေါင်းစုံ နေထိုင်ပိုင်ဆိုင်ပြီး၊ လူမျိုပေါင်းစုံပြည်သူများဟာ မိမိနှစ်သက်ရာဘာသာအယူဝါဒကို ကိုးကွယ်ယုံကြည်နေကြသူတွေဖြစ်ပါတယ်။ ဘာသာတစ်ခုကို လူများစုကကိုးကွယ်တယ်ဆိုပြီး တစ်ဖက်သတ်ချီးမြှောက်ခြင်းဟာ ကျန်ဘာသာ သာသနာကိုးကွယ်ယုံကြည်သူများကို ခွဲခြား၊ နှိမ့်ချ၊ စော်ကားလိုက်တာလည်းဖြစ်ပါတယ်။
ဒီတိုက်ကွက်ကိုဖော်ထုတ်ဖို့ ကြံ့ဖွံ့အစိုးရဟာ ရခိုင်ပြည်နယ် ကျောက်နီမော်ရွာကနေစပြီး မိထ္ထီလာ/ဥက္ကံ အလယ် လားရှိုးနဲ့မလေးရှားအဆုံး ပြည်သူတွေရဲ့အသက်တွေသွေးတွေကို စတေးခဲ့တာဖြစ်ပါတယ်။
ဗိုလ်ရွှေမန်းက “၉၆၉ တွေကို အရေးယူမယ်”လို့ အမေရိကန်ခရီးစဉ်မှာပြောခဲ့ပေမယ့်၊ လက်တွေ့မှာဘာမှ ဖြစ်မလာခဲ့ဘူး။ အမေရိကန်မှာ ကျွံသွား/လွန်သွားတဲ့ဗိုလ်ရွှေမန်းပါးစပ်ကို ဗိုလ်အောင်သောင်းက ခရူးရှော့ရှူးဖိနပ်နဲ့ ပိတ်ဆို့ပတ်ကြမ်းတိုက်“ပြ” လိုက်တာပဲ။ အတိုင်အဖောက်ညီညီ ဗိုလ်ရွှေမန်းကလည်း“နောက်ပြန်လှည့်သူတွေချေမှုန်းမယ်”လို့လက်သီးလက်မောင်းတန်း“ပြ”လိုက်တယ်။
တကယ်တော့ ဗိုလ်အောင်သောင်းအပြောတွေက “၉၆၉ တွေကိုအရေးယူမယ်”လို့ ဗိုလ်ရွှေမန်းပြောခဲ့တဲ့ကိစ္စကို အာရုံပြောင်းလိုက်တာပဲ ဖြစ်တယ်။ ဗိုလ်ရွှေမန်းကို အဖတ်ဆယ်ပေးလိုက်တာသာဖြစ်တယ်။
 ဒီလိုနဲ့ “၉၆၉” နဲ့ပတ်သက်လို့ ဘာသံမှမကြားရတော့ဘူး။ အသံမကြားရတော့ဘူးဆိုတာ “၉၆၉” ကို “ချို” ထားလိုက်တာဖြစ်တယ်။ လောလောဆယ် “၉၆၉”မလိုသေးဘူး။  “မျိုးစောင့်ဥပဒေ”ဆိုတာနဲ့ အညှာကိုင်ထားနိုင်ပြီဖြစ်တယ်။ သံဃာထုကို ၂ ဂိုဏ်းခွဲလိုက် နိုင်ပြီလည်းဖြစ်တယ်။ “မျိုးစောင့်ဥပဒေ”ကိုမထောက်ခံရင် ဗုဒ္ဓဘာသာမဟုတ်ဘူးတဲ့။ “မျိုးစောင့်ဥပဒေ”ကိုဆန့်ကျင့်တဲ့ လူ/ပါတီမှန်သမျှ ၂၀၁၅ မှာမြစ်ထဲကနေ ပင်လယ်ထဲရောက်သွားမယ်တဲ့။ ကျနော်တို့လူမျိုးပေါင်းစုံပြည်သူများဟာ “ကျားဆိုးရောရှင်ကြီးဆိုး”ကိုပါ တပြိုင်နက်ရင်ဆိုင်နေရပါပြီ။
လူမျိုးပေါင်းစုံပြည်သူများ၊ ဒီမိုကရေစီနိုင်ငံရေးပါတီများ၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို ပြည့်ပြည့်ဝဝယုံကြည်နားလည်သူများအနေဖြင့် “မျိုးစောင့်ဥပဒေ”ဆိုသည်ကို သန္ဓေသားဘဝမှာတင် တစ်တစိတ်တည်းတစ်ဝမ်းတည်း  ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ အရေးတကြီးလို အပ်နေပြီဖြစ်ပါကြောင်း ပန်ကြားလိုက်ပါတယ်။


0 comments:

Post a Comment