(ကျနော်လက်လှမ်းမီသမျှစုစည်းပြီးတင်တဲ့
ပီအာရ်စနစ်သုံးရင်ဘာဖြစ် မလဲဆိုတဲ့အကြောင်းရှင်းလင်းချက်တွေထဲမတော့ ဒီဆရာရေးတာ
အရှင်းလင်းဆုံးနဲ့လိုရင်းကို ဒုတ်ဒုတ်ထိတယ်မှတ်တာပဲ။ လေ့လာရေး လုပ်မယ့်သူများအဖို့
အလွန်အကျိုးများမယ်ထင်ပါရဲ့။ မျိုးမြင့်ချို)
ပီအာစနစ်ကို
ဒီတကြိမ်လွှတ်တော်မှာဆွေးနွေးမယ်လို့ ဆိုပါတယ်။ ပီအာကို စပြီးတင်သွင်းလာသူက
အားလုံးကြားသိကြတဲ့အတိုင်း ပြည်ပက အခါတော်ပေးဆရာကြီးတချို့။ ပြည်တွင်းမှာ
အသံထုတ်ပေးသူတွေကလည်း ကိုယ့်အကြံနဲ့ကိုယ်။ ကိုယ့်အကျိုးစီးပွားနဲ့ကိုယ်။ အဲဒီ
ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်တွေအနေနဲ့ ပီအာလုပ်စေချင်တဲ့သဘောထားက ဘာလဲဆိုတော့
သူတို့အပြောနဲ့တွင်ပဲ အင်မတန် ရှင်းပါတယ်။ (၁၉၉၀)ခုနှစ်ရွေးကောက်ပွဲမှာလို ဒီချုပ်ကတစ်ဖက်သတ် ပြတ်ပြတ်သားသားအနိုင်ရရင် အာဏာမလွှဲဘဲနေမှာစိုးလို့တဲ့။ သူတို့စကားထဲမှာ
သူတို့စိုးရိမ်မှုကိုဖော်ပြနေပါတယ်။ သူတို့ ဘာလို့ ဒီလို စိုးရိမ်ကြသလဲ၊
သူတို့ ဒီလို စိုးရိမ်တာဟာ စိုးရိမ်လောက်တဲ့အချက်အလက် ခြေခြေမြစ်မြစ်ရှိလို့လား ဆိုတာတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် ဖြေဆေးကတော့ အံ့သြစရာကောင်းတယ်။
အာဏာမသိမ်းစေချင်ရင် ဘယ်သူမှအာဏာရအောင်မယူကြနဲ့။ ပြည်သူကမဲထည့်ပြီးတာဝန်ပေးလည်း
မယူကြနဲ့။ လက်ရှိလူတွေလက်ထဲပဲ ထားပေးလိုက်ကြဆိုတဲ့ဖြေဆေးပါပဲ။ ရောဂါထက်
ဆေးကများလေးနေ သလားလို့တွေးမိတယ်။ ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲ။
ပီအာစနစ် ဘာလဲ
ပီအာစနစ်ဆိုတာ Proportional
Representation အချိုးကျကိုယ်စားပြုစနစ်နဲ့ ရွေးကောက်ပွဲပြုလုပ်တဲ့စနစ် ဖြစ်တယ်။
အရင်က ကျွန်တော်တို့နိုင်ငံမှာကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ်ကို FPTP First
Past the Post လို့ ခေါ်ပါတယ်။ FPTP ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း
နိုင်တဲ့လူကလွှတ်တော်ထဲကိုသွား၊ ရှူံးတဲ့လူက ဘေးထွက်ထိုင်ဆိုတဲ့စနစ်ပဲ။ နိုင်ရင်နိုင်
မနိုင်ရင်သူရသမျှမဲအားလုံး အလကားဖြစ်သွားတဲ့ သဘောပဲ။ နိုင်ငံကြီးတွေမှာ
ပါတီကြီးတွေက ငွေအားမီဒီယာအားနဲ့ဖိထားတာကို ပါတီလေးတွေက မလှန်နိုင်တဲ့အခါ
ပါတီလေးတွေတစ်နေရာမှမရကြဘူး။ အဲဒီတော့ ပါတီလေးတွေက “သူတို့ကိုထောက်ခံတဲ့ လူလည်း
ရှိတန်သလောက်ရှိပါတယ်။ အဲဒီမဲလေးတွေလည်း အလကားမဖြစ်ထိုက်ပါဘူး။ အဲဒီမဲတွေကိုစုပြီး
သူတို့အတွက် အဲဒီမဲတွေနဲ့အချိုးကျ ထိုက်တန်သမျှနေရာလေးတွေ ရပါရစေ”လို့
တောင်းဆိုလာတယ်။ အဲဒီစနစ်ဟာ ပီအာစနစ်ပဲ။ ပီအာစနစ်အရ ပါတီတခုဟာမဲဆန္ဒနယ်တိုင်းမှာ
ရှူံးပင်ရှူံးသော်ငြားလည်း ရှူံးမဲတွေစုပေါင်းပြီး အဲဒီမဲတွေနဲ့အချိုးကျဖြစ်သောနေရာကို
လွှတ်တော်ထဲမှာပေးရတဲ့ စနစ်ပါ။ တနည်းအားဖြင့် အနိုင်မရနိုင်သူ အရှူံးသမားတွေ၊
အောက်ကြေးသမားတွေအတွက် တွက်ချေကိုက်တဲ့ အကြံပဲ။
ကျွန်တော်တို့နိုင်ငံမှာလည်း
ရိုးရိုးသားသားဆိုရင် ဘယ်လိုမှ မနိုင်နိုင်တဲ့သူတွေရှိနေတယ်။ ဒါကိုလည်း
ကာယကံရှင်တွေနဲ့ ပြည်သူတွေအသိဆုံးပဲ။ ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲဟာလည်း
ရိုးရိုးသားသား မဲပေးရွေးချယ်ကြမယ်ဆိုရင် ဘယ်လိုဖြစ်နိုင်တယ်ဆိုတဲ့အလားအလာကို
ဖော်ပြသွားတယ်။ ဒါ့ကြောင့်လည်း ပီအာကိုကြံလာကြတယ်လို့ဆိုချင်တယ်။ ဒီတော့
တချို့ကမေးချင်ကြလိမ့်မယ်။ တခြားနိုင်ငံတွေမှာလိုပဲ ကျွန်တော်တို့နိုင်ငံမှာလည်း
အောက်ကြေးကလူတွေက သူတို့ရတဲ့ အမတ်နေရာလေးတွေ နည်းနည်းပါးပါးနဲ့
ကျေနပ်သွားမယ့်သဘောလားပေါ့။ ဒုတိယနေရာလောက်နဲ့ ကျေနပ်တော့မယ့်သဘောလားပေါ့။
ဘယ်ဟုတ်မလဲ။ သူတို့အကြံက အောက်ကြေးကနေဝင်ပြိုင်ပြီး အထက်စီးရအောင်ကြံတဲ့အကြံ
ဖြစ်ဖို့များတယ်။ ပလီပလာ အကြံပဲ။ ပလီပလာတွေ ကူလီကူမာတွေများပါလာခဲ့ရင်တော့
နိုင်ငံတော်ရဲ့ရှေ့ရေးဟာ အင်မတန် ရင်လေးစရာဖြစ်လိမ့်မယ်။ ဘာ့ကြောင့်
ကျွန်တော်ဒီလိုတွေးသလဲ။ ဝှက်ဖဲတွေရှိနေလို့ပါ။ တာထွက် မတူတဲ့အခြေအနေတစ်ရပ်မှာ
ပီအာစနစ်ဟာတန်းတူညီမျှမှုနဲ့ ပိုပြီး ဝေးကွာသွားစေနိုင်တယ်။ တာထွက်တူရေး !
ဒါအရေးကြီးပါတယ်။
ဘာ့ကြောင့် ပီအာချင်နေကြသလဲ
ပီအာစနစ်ဟာ သူ့ဘာသာ တစ်ခုချင်းအရ
သိပ်အဆိုးကြီးမဟုတ်လှဘူး။ တခြားလည်း သုံးတဲ့နိုင်ငံတွေမှာ သုံးနေကြတာပဲ။
အားလုံးတန်းတူရည်တူအခြေအနေမှာယှဉ်ကြရရင် ပြဿနာမရှိဘူး။ ဒါပေမယ့် နဂိုကတည်းက
မတရားအသာစီးယူထားတဲ့အခြေအနေတစ်ရပ်မှာတော့ "နူရာဝဲစွဲ
လဲရာသူခိုးထောင်း" ဆိုတာမျိုးဖြစ်သွားနိုင်တယ်။ သူခိုးကဘယ်လိုထောင်းမလဲဆိုတာ
အခုကျွန်တော် ဆက်ရှင်းပါမယ်။ ပီအာစနစ်ဆိုတာ စောစောကပြောသလို
ရှူံးသူကလည်းရှူံးသူအလျောက်၊ နိုင်သူကလည်း နိုင်သူအလျောက်
ကိုယ်ရထားတဲ့မဲအရေအတွက်အတိုင်း အချိုးကျ လွှတ်တော်ထဲမှာနေရာပေးရတဲ့ စနစ်ဖြစ်တယ်။
ကိုယ်စားလှယ်တွေကို နံမည်စာရင်းပြထားပြီး ပါတီတွေကိုမဲပေး ရွေးချယ်ရတဲ့စနစ်မျိုးပဲ။ တစ်နိုင်ငံလုံးမှာရသမျှမဲတွေကိုစုပေါင်းပြီး
အဲဒီမဲတွေအချိုးကျအတိုင်း လွှတ်တော်ထဲမှာ
ကိုယ်စားလှယ်နေရာပေးတဲ့စနစ်ဖြစ်တယ်။ (Rank သတ်မှတ်ပြီး မဲပေးတဲ့စနစ်လည်းရှိတယ်။ ပီအာစနစ်မူကွဲအမျိုးမျိုးရှိပေမယ့် ယေဘုယျအဓိပ္ပါယ်ကတော့ ဒါပါပဲ။
ပီအာအမျိုးမျိုးကို ဒီနေရာမှာ မရှင်းတော့ဘူး။ ပိုရှုပ်သွားမှာစိုးလို့၊ ပြီးတော့
နိုင်ငံရေးအဓိပ္ပါယ်အရလည်း သိပ်မထူးကြလို့ပါ။ ပီအာစနစ်အမျိုးမျိုးအကြောင်းကို
နောင်လိုအပ်ရင်သပ်သပ်ရေးပါမယ်။)
ပီအာစနစ်ရဲ့သဘောက
နိုင်တဲ့လူကချည်းပဲ အားလုံးသိမ်းကြုံးယူတာမဟုတ်ဘဲ ရှူံးတဲ့လူကိုလည်း
သူရတဲ့မဲလေးနဲ့အညီ အချိုးကျခွဲပေးတဲ့စနစ်ပဲ။ တစ်နည်းအားဖြင့်ပြောရရင်
တစ်ဖက်နဲ့တစ်ဖက် အရှူံးအနိုင်ကို အပြတ်အသတ်မဖြစ်အောင်ညှိပေးရာရောက်တယ်။
ရှူံးတဲ့လူကိုလည်းရှူံးတဲ့အလျောက် ဂရုဏာကြေးခံစားခွင့်ပေးတဲ့သဘောဖြစ်တယ်။ ဒီတော့
ပီအာစနစ်ကို ရှေ့နေလိုက်ကြသူတွေရဲ့သဘောက ဘာလဲ။ ဒီမိုကရေစီအင်အားစုနဲ့
ကြံ့ခိုင်ရေးပါတီတို့ တစညပါတီတို့လို့ အာဏာရပါတီဟောင်းတွေ အကြားမှာ
မဲမပြတ်သားအောင်ညှိပေးချင်တဲ့သဘောပါပဲ။
မဲအပြတ်အသတ်မကွာတာဟာ ကောင်းသလိုလိုမျှတသလိုလို တချို့ကထင်ချင်ထင်ကြလိမ့်မယ်။ တကယ်တော့ဒီလိုမဟုတ်ဘူး။
မျှတသယောင်ထင်စရာရှိပေမယ့် နဂိုက အကျောယူထားတဲ့(၂၅%) ကိုတော့ ဘယ်သူမှ
ဘာမှတို့နိုင်ထိနိုင်ကြတာမဟုတ်ဘူး။ မဲမပြတ်တဲ့အခါ အဲဒီ(၂၅%)ဟာ
ပိုပြီးအရေးကြီး လာတယ်။ ပိုပြီးတန်ကြေးတက်လာတယ်။ မဲမပြတ်သားမယ့်
ပီအာစနစ်ကိုလည်းသုံးဦးမယ်။ အဲဒီ(၂၅%) ကိုလည်း အသာစီးယူဦးမယ်ဆိုရင်တော့
ဒီမိုကရေစီအင်အားစုတွေအတွက် အနိုင်ကနေ အရှူံးဖြစ်သွားမှာသေချာသလောက်ပဲ။ အဲဒါဟာ
ပီအာစနစ်နောက်ကွယ်ကလျှို့ဝှက်အကြံအစည်ပဲလို့ ဆိုလိုက်ချင်တယ်။ (၂၀၁၅)မှာ တကယ်တန်း
ပြည်သူတွေရွေးကောက်တင်မြှောက်ခွင့်ရကြမှာက လွှတ်တော်နေရာရဲ့(၇၅ %)ကိုသာ ဖြစ်ပါတယ်။ ဒါကို မမေ့ဖို့လိုပါတယ်။ (၂၅ %)ကို ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်တည်းကယူထားပါတယ်။ (၂၅ %)သောကိုယ်စားလှယ်အားလုံးကို
ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်တည်းက ရွေးချယ်မှာဖြစ်တဲ့အပြင်
မကြိုက်ရင်မကြိုက်တဲ့အချိန် လဲလို့ ရပါတယ်။ ပြည်သူက ၄ ပုံ ၃ ပုံ၊ ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်တည်းက
၎ ပုံ ၁ ပုံ။ အဲဒီ(၇၅%)ကိုပဲ
ပြည်သူတွေကရွေးချယ်တဲ့အခါ ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာကို
နမူနာအဖြစ်အပျက်နှစ်ခုနဲ့တွက်ချက်ပြပါမယ်။ ဒါဆိုရင် ပီအာစနစ်နောက်ကရည်ရွယ်ချက်ကို
ပိုသဘောပေါက်နိုင်ပါလိမ့်မယ်။
မြင်ကွင်း ၁
တကယ်လို့ ဒီမိုကရေစီသမားတွေက မဲ (၆၅
%)၊ အင်အားစုဟောင်းတွေက မဲ (၃၅%)ရရင် ဘယ်လိုဖြစ်မလဲဆိုတော့
တကယ်ရမယ့်ထိုင်ခုံအရေအတွက်က ဒီလိုဖြစ်ပါတယ်။
ရွေးချယ်ထားတာဟာ (၇၅%)အတွက်သာဖြစ်တဲ့အတွက်....
ဒီမိုကရေစီသမား-----------------------------၆၅%
(၇၅%x၆၅) = ၄၈.၇၅%
အင်အားစုဟောင်း---------------------------၃၅%
(၇၅%x၃၅) = ၂၆.၂၅ %
ကြိုတင်ရစစ်သားကိုယ်စားလှယ်-----------၂၅
%
ဒီမိုကရေစီ(၄၈.၇၅ %)အင်အားစုဟောင်း
၂၆.၂၅+၂၅=၅၁.၂၅) ၅၁.၂၅% ဖြစ်ပါတယ်။ ဒီတော့ လက်ရှိအင်အားစုဟောင်းတွေဘက်က
စုစုပေါင်း (၃၅ %)ရရင် သူတို့စိတ်တိုင်းကျသမ္မတကို တင်နိုင်ပါပြီ။
အခြေအနေအားလုံး အခုပုံစံအတိုင်း ဒုံရင်းဒုံရင်းဖြစ်ပါလိမ့်မယ်။
မြင်ကွင်း ၂
တကယ်လို့ ဒီမိုကရေစီသမားတွေက (၇၀
%)၊ အင်အားစုဟောင်းတွေဘက်က(၃၀%)ရရင် ဘယ်လိုဖြစ်မလဲဆိုတော့
တကယ်ရမယ့်ထိုင်ခုံအရေအတွက်က ဒီလိုဖြစ်ပါတယ်။
ဒီမိုကရေစီသမား--------------၇၀%
(၇၅%x၇၀) = ၅၂.၅%
အင်အားစုဟောင်း-----------၃၀%
(၇၅%x၃၀) = ၂၂.၅%
စစ်သားကိုယ်စားလှယ်------၂၅%
ဒီမိုကရေစီ ၅၂.၅% အင်အားစုဟောင်း
(၂၂.၅+၂၅=၄၇.၅) ၄၇.၅% ဖြစ်ပါတယ်။ ဒီမိုကရေစီသမားတွေဘက်က အနည်းငယ်မျှသာ
အသာရနိုင်ပါတယ်။ ဒီအခြေအနေရောက်မှသာ ဒီမိုကရေစီဘက်ကသမ္မတတင်မြှောက်နိုင်ဖို့
မျှော်လင့်ချက်ရှိပါမယ်။ ဆိုတော့ ဒီမိုကရေစီသမားတွေအနေနဲ့ အနည်းဆုံးမဲအရေအတွက်(၇၀
%)မရရင် လုံးဝမျှော်လင့်ချက်မရှိဘူးလို့ ဆိုနိုင်ပါတယ်။
(၉၀)ခုနှစ် သင်ခန်းစာ
ကဲ... ဒီတော့ ဒီမိုကရေစီသမားတွေဘက်က
ဘယ်လောက် အလားအလာကောင်းသလဲ။ ၉၀ ခုနှစ် သင်ခန်းစာနဲ့ ပြန်ပြီးချိန်ထိုးကြည့်ပါ။
(၉၀)ခုနှစ်ဟာ တစ်နိုင်ငံလုံးက အာဏာရှင်တွေကို တူးတူးခါးခါး မုန်းတီးရွံရှာနေတဲ့ကာလပါ။ ရှစ်လေးလုံးအရေးအခင်းကြောင့် လူထုရဲ့နိုင်ငံရေးအသိစိတ်ဓါတ်
အမြင့်ဆုံးကိုရောက်နေတဲ့ကာလပါ။ ဒီလို အချိန်မှာတောင် အဲဒီတုန်းကစစ်အာဏာရှင်တွေက
ခြိမ်းချောက်တာရော၊ မဲဝယ်တာရော၊ မတရားတဲ့နည်းနဲ့မဲဆွယ်တာရော
ညစ်နည်းပေါင်းစုံသုံးလိုက်တဲ့အခါ ရတဲ့မဲအရေအတွက်က..ဒီချုပ်က(၅၂.၅%)၊တစညက(၂၁.၉
%)ဖြစ်ပါတယ်။ FPTP နည်းအရ (နိုင်တဲ့သူ က ထိုင်ခုံအပိုင်ယူ၊ ရှူံးသူထွက်ကြေးနည်းအရ)
ဒီချုပ်ကနိုင်တဲ့လွှတ်တော်နေရာအရေအတွက်က(၄၉၂)နေ ရာ အနက် (၃၉၂)နေရာဖြစ်ပါတယ်။
တစညက(၁၀)နေရာပဲနိုင်ပါတယ်။ ဒါက တကယ်ဖြစ်ခဲ့တဲ့ အခြေအနေပါ။
တကယ်လို့ အဲဒီရလဒ်ကိုပဲ
ပီအာစနစ်နဲ့သာအကောင်အထည်ဖော်ရင် ဖြစ်လာမယ့်ရလဒ်က.......
ဒီချုပ်နေရာ------------------------၄၉၂x၅၂.၅%=
၂၅၈ နေရာ
တစညနေရာ----------------------၄၉၂X၂၁.၉%=၁၀၈
နေရာ ဖြစ်ပါတယ်။
တစညရမယ့်နေရာ ဘယ်လောက်ခြားနားသွားသလဲ။
ပီအာစနစ်သုံးခဲ့မိရင် တစညရမယ့်ထိုင်ခုံအရေ အတွက် ဘယ်လောက်တက်သွားမလဲ။ ဒါပါပဲ။
လူဟောင်းတွေ ပီအာစနစ်ကျင့်သုံးချင်တာ ဒါ့ကြောင့်ပါပဲ။
လက်တွေ့အခြေအနေနဲ့ယှဉ်ထိုးကြည့်ရအောင်
အဲဒီခေတ်တုန်းက(၅၂.၅%)ပဲ
မဲရတဲ့ဒီချုပ်ဟာ(သို့မဟုတ် ဒီမိုကရေစီသမားတွေရဲ့ စုစုပေါင်းမဲဟာ) ဒီနေ့ခေတ်မှာ(၇၀
%) ရနိုင်ပါ့မလား။ လက်ပံတောင်းကရဲတွေကိုအပြစ်မရှိဘူးလို့ ဒေါ်စုကပြော လို့
ပြည်သူတွေကစိတ်ဝမ်းကွဲနေတဲ့အချိန်မှာ အဲဒီမဲတွေ ဘယ်လောက်ပဲ့သွားနိုင်မလဲ။
ရခိုင်နဲ့မွတ်စလင်တွေကို တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်အောင် ဆွပေးသူတွေရှိနေပြီး
ဒေါ်စုကို ရခိုင်တွေစိတ်ပျက်အောင် တိုက်ပေးထားတဲ့ကာလမှာ ဒေါ်စုအတွက်
ရခိုင်မဲတွေ ဘယ်လောက်ပဲ့သွားပြီလဲ။ ကချင်အရေးကို ဒေါ်စုနှာစေးနေချိန်မှာ
ကချင်မဲတွေ ဘယ်လောက်ပဲ့သွားပြီလဲ။ ဒီလိုအချိန် တခြားတစ်ဖက်မှာလည်း မွတ်စလင်တွေနဲ့ဗုဒ္ဓဘာသာတွေကို
တမင်ရန်ဖြစ်အောင်လုပ်၊ ရန်ဖြစ်တဲ့အခါ ဗုဒ္ဓဘာသာဘက်ကို
တစ်ဖက်သတ်ဘက်လိုက်ဆိုတဲ့နည်းမျိုးသုံးပြီး မတရားတဲ့နည်းနဲ့ဗုဒ္ဓဘာသာမဲကို
မဲဆွယ်ထားသူတွေလည်းရှိနေတယ်လို့ ယူဆစရာဖြစ်နေပြန်တယ်။ အမေရိကန်၊
ဥရောပနဲ့ဒေါ်စုကိုယ်တိုင် က သမ္မတကြီးကိုဝိုင်းဝန်းချီးကျူးနေတဲ့အတွက်လည်း
လက်ရှိအာဏာရပုဂ္ဂိုလ်တွေအတွက် မဲတက်လိမ့် ဦးမယ်။ ဒီမိုကရေစီသမားတွေရဲ့
ဒီနေ့ခေတ်ညီညွတ်ရေးကတော့ မညှာတန်း၊ မညာတမ်းဝေဖန်ရရင် (၈၈)ခုနှစ်နောက်ပိုင်းမှာ
အနိမ့်ကျဆုံးအခြေအနေပဲ။ ဒါတွေကို စုပေါင်းတွက်ချက်ကြည့်လိုက်ရင်
ပီအာစနစ်မှာဒီမိုကရေစီအောင်ပွဲခံရေး၊ ဒေါ်စုသမ္မတဖြစ်ရေးဆိုတာတွေဟာ
မှန်းချက်နဲ့နှမ်းထွက် ဘယ်လိုမှ ကိုက်ဖို့အလားအလာမရှိပါဘူး။ ဒီတော့
ပီအာစနစ်ရဲ့နောက်ကွယ်က အဓိကဝှက်ဖဲဟာ(၂၅%) အသာစီးကြို ယူထားတဲ့အချက်ပဲ။
ပီအာရိုးရိုးဟာ တန်းတူယှဉ်ပြိုင်ရတဲ့အခြေအနေမျိုးမှာ ပြဿနာ မဟုတ်ပေမယ့် ပီအာ+၂၅%
ဆိုရင်တော့ အဖြေက အင်မတန်တစ်ဖက်စောင်းနင်းဖြစ်သွားပြီ။ ပြည်သူ မရွေးဘဲ
ကြိုတင်ရောက်နေမယ့်(၂၅%)ဟာ ပီအာစနစ်ရဲ့အဓိကပျော့ကွက်ဖြစ်လာမယ်။ ဒါပေမယ့်
ဒါတွင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ ဒုတိယ ဝှက်ဖဲ၊ သို့မဟုတ် ဒုတိယ မတရားမှု
ရှိသေးတယ်။
ဒုတိယဝှက်ဖဲ
နောက်ထပ်ဝှက်ဖဲတစ်ချပ်ကတော့ အမတ်လောင်းတစ်ယောက်ကို(၅)သိန်း
အပျောက်ပေးရမယ်ဆို တဲ့ ရွေးကောက်ပွဲဥပဒေပဲ။ ဒီဥပဒေက ပါတီတွေကို
နေရာများများ မယှဉ်ပြိုင်နိုင်အောင်လုပ်တဲ့နည်းပဲ။ ဘယ်နေရာက
ငွေတွေရထားမှန်းမသိတဲ့ပါတီမျိုးတွေအတွက် အကြီးအကျယ်အသာစီးရတဲ့အချက်ပဲ။ ပါတီတွေ
ဘယ်ကနေ ငွေတွေရထားသလဲဆိုတာ အများပြည်သူသိအောင်ပွင့်လင်းကြဖို့ကောင်းတယ်။
ပြည်သူ့အကျိုးရှေ့ရှုပြီး ပါတီတွေကိုစာရင်းစစ်ဝင်ဖို့ကောင်းတယ်။ ခုတော့
မပွင့်လင်းချင်လည်းခွင့်ပြုထားတဲ့အခြေအနေကြောင့် ဒီချုပ်လိုပါတီမျိုးတောင်
”ငွေမရှိရင်နိုင်ငံရေးလုပ်လို့မရဘူး”ဆိုတဲ့အတွေးအခေါ်ဝင်သွားပြီး
ခရိုနီတွေရဲ့ရင်ခွင်ထဲရောက်သွားအောင် ဒီဥပဒေကတွန်းပို့လိုက်နိုင်တယ်။
ဒီနေ့အချိန်မှာ ပါတီ(၃)ပါတီကလွဲပြီး ကျန်တဲ့ဘယ်ပါတီမှ တစ်နိုင်ငံလုံးအပြည့်
ရွေးကောက်ပွဲဝင်နိုင်မယ့် အလားအလာမရှိတော့ဘူး။ ဒီဥပဒေဟာ
(၃)ပါတီ လက်ဝါးကြီးအုပ်စနစ်ပေါ်ပေါက်အောင် လုပ်ပေးရာရောက်တယ်။ ဒီမိုကရေစီကို မိုနိုပိုလီလုပ်ရာရောက်စေတယ်။
”ငွေမရှိတဲ့သူကို ဒီမိုကရေစီနဲ့ မထိုက်တန်ဘူး”လို့ ဆိုရာရောက်တယ်။ ဒီ
(၅)သိန်းဥပဒေဟာ ပီအာစနစ်နဲ့ပေါင်းလိုက်ရင် ပိုပြီး ပီပြင် လာတယ်။ ပီအာစနစ်က
စောစောကပြောသလို မဲမပြတ်အောင်လုပ်တဲ့နည်း။ ဝင်ပြိုင်တဲ့လူတွေကို များများပြိုင်ရင်
ပြိုင်နိုင်သလောက်အကျိုးရှိစေနိုင်တဲ့နည်းပဲ။ လက်ရှိမဲစနစ် FPTP အရဆိုရင်
ပါတီတစ်ခု က ငွေတတ်နိုင်လို့ တစ်နေရာတည်းမှာ နှစ်ယောက်ဝင်ပြိုင်လည်း
ဘာမှအကျိုးမရှိဘူး။ နှစ်ယောက်ပြိုင် ရင် နှစ်ယောက်လုံးရှူံးပြီး နှစ်ယောက်စလုံးထွက်သွားရမှာပါ။
အဲ... ပီအာစနစ်မှာကျတော့ အဲဒီရှူံးမဲတွေက အကျိုးရှိလာပြီ၊ အသုံးဝင်လာပြီ။
ရှူံးမဲတွေပေါင်းရင် နေရာတချို့ရတော့မယ်။ အဲ.... လိုအပ်ရင်
တစ်ပါတီတည်းကို နှစ်ပါတီခွဲပြီး
အစ်ကိုကြီးကတစ်နေရာ၊ ညီလေးကတစ်နေရာဆိုပြီး နှစ်ယောက်ဝင်ပြိုင်လို့ ရသေးတယ်။
ပြီးတော့ အဲဒီနှစ်မဲပေါင်းလို့ရသေးတယ်။ ဒါကပီအာမှာမှ လုပ်လို့ရတဲ့အခြေအနေ။ အဲသလိုနှစ်ကိုယ်ခွဲနိုင်တဲ့အစွမ်းရှိမယ့်ပါတီကလည်း
များများစားစားမရှိဘူးဆိုတာ အားလုံးအသိပဲ။ လုပ်နိုင်တဲ့ပါတီအကျိုးရှိလိမ့်မယ်။
ဒါကလည်း ပီအာစနစ်(+၅)သိန်းဥပဒေရဲ့ ပျော့ကွက်ကြီးပါပဲ။
ဗြိတိန်သင်ခန်းစာ
ဒီနေရာမှာ (၂၀၁၀)ရွေးကောက်ပွဲတုန်းက
ဗြိတိန်နိုင်ငံမှာဖြစ်သွားတဲ့ ထူးခြားတဲ့အခြေအနေတစ်ခုကိုလည်း ပြန်လေ့လာသင့်တယ်။
အဲဒါကဘာလဲဆိုတော့ အဓိကပါတီကြီး(၂)ခုဖြစ်ကြတဲ့ ကွန်ဆာဗေးတစ်ပါတီနဲ့ လေဘာပါတီတို့ရဲ့မဲရလဒ်ဟာ သိပ်မပြတ်သိပ်မကွာဘဲဖြစ်နေတယ်။ မဲအသာရတဲ့သူက ကွန်ဆာဗေးတစ်ပါတီပါ။
လေဘာပါတီက မဲအရနည်းပါတယ်။ တတိယမဲအများဆုံးရတဲ့ပါတီက လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ။
လစ်ဘရယ် ဒီမိုကရက်တစ်ပါတီက ရတဲ့မဲက သိပ်ပြောလောက်အောင်မများလှဘူး။ ဒါပေမယ့်
အခြေအနေက လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနဲ့မဟာမိတ်ဖွဲ့နိုင်တဲ့သူက
အစိုးရဖွဲ့နိုင်မလိုဖြစ်နေတယ်။ ဒီတော့ လေဘာပါတီခေါင်းဆောင်ဂေါ်ဒွင်ဘရောင်းက
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနဲ့ဆွေးနွေး၊ ညွန့်ပေါင်းထောင်ပြီး
အစိုးရဖွဲ့ဖို့ကြိုးစားတယ်။ ဥပဒေကြောင်းအရလုပ်ခွင့်ရှိသလိုဖြစ်နေတယ်။ ဒါပေမယ့်
စာနယ်ဇင်းအများနဲ့ဒီမိုကရက်အများစုက ကန့်ကွက်ကြတယ်။ ပြည်သူရဲ့ထောက်ခံမှုမရတဲ့
အရှူံးသမားပါတီတွေပေါင်းပြီး အစိုးရဖွဲ့လို့ရတယ်ဆိုတဲ့အဖြစ်ဟာ ဒီမိုကရေစီကို အများပြည်သူ
အယုံအကြည်မဲ့အောင်လုပ်ရာရောက်တယ်။ နိုင်တဲ့ပါတီကိုဘေးဖယ်ပြီး
ရှူံးတဲ့ပါတီတွေကအစိုးရဖွဲ့တယ်ဆိုတာဟာ အလွန်ရှက်စရာကောင်းပြီး
ဒီမိုကရေစီအစဉ်အလာကိုချိုးဖောက်မှုဖြစ်ကြောင်း ထောက်ပြခဲ့တယ်။ နောက်ဆုံးမှာ
လေဘာပါတီခေါင်းဆောင်ဂေါ်ဒွင်ဘရောင်း အလျှော့ပေးပြီး ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်
ဒေးဗစ်ကင်မရွန်းဝန်ကြီးချုပ်ဖြစ်သွားတယ်။ အခု ဗမာပြည်မှာ ပီအာစနစ်ကျင့်သုံးရင်
ဖြစ်လာမယ့်လမ်းကြောင်းကလည်း အနိုင်ရတဲ့ပါတီကိုဘေးဖယ်ပြီး ရှူံးတဲ့ပါတီတွေနဲ့အရွေးမခံဘဲနေရာရထားတဲ့သူ စစ်သားကိုယ်စားလှယ်တွေရဲ့မဲနဲ့ပေါင်းပြီး သမ္မတတင်
အစိုးရဖွဲ့မယ့်လမ်းစဉ်ဖြစ်သွားနိုင်တယ်။ ဒါဆိုရင်
ဒီမိုကရေစီဆိုတာနာမည်ခံသာရှိတော့မယ်။ ဒီလိုအခြေအနေမျိုးမဖြစ်အောင် ပီအာကို
ကြိုတားဆီးထားဖို့လိုလိမ့်မယ်။ ဒါမှမဟုတ် အရွေးမခံတဲ့
စစ်သားကိုယ်စားလှယ် (၂၅%)ရဲ့မဲက အဆုံးအဖြတ်မဲမဖြစ်ရအောင်
ကြိုတင်တားမြစ်ထားဖို့လိုလိမ့်မယ်။
ဒီတော့ အချုပ်အားဖြင့်ဆိုရရင် (၂၅
%)အကျောပေးစနစ်နဲ့ (၅ သိန်း)ပေးမှ ကိုယ်စားလှယ်လောင်းဖြစ်မယ့် ဥပဒေရှိနေသမျှမှာ
ပီအာစနစ်ဟာတစ်ဖက်စောင်းနင်း စနစ်ပဲ။ အဲဒီ နှစ်ခုရှိနေရင်
နိုင်ငံတကာမှာဖြစ်နေသလို ပီအာစနစ်ဟာ ပါတီငယ်တွေအကျိုးရှိမယ့်စနစ် မဟုတ်ဘူး၊
ပီအာစနစ်ဟာ လူထုမဲကို ရိုးရိုးသားသားနည်းနဲ့မရနိုင်တဲ့ပါတီကြီးတွေအတွက်သာ
အကျိုးဖြစ်ထွန်းစေမယ့် စနစ်ပဲ။ ပီအာသုံးချင်ရင် အဲဒီနှစ်ခုဖယ်ပေး၊ ဒါမှ တရားမယ်။
ဒီပုံစံအတိုင်းမပြုမပြင်ဘဲ ပီအာစနစ်သာ အတည်ဖြစ်သွားပြီဆိုရင်တော့ ဘာမျှ
မမျှော်လင့်ကြနဲ့တော့။ ဒီမိုကရေစီတို့ ဒေါ်စုသမ္မတဖြစ်ရေးတို့၊ အာဏာရှင်စနစ်ပပျောက်ရေးတို့ဆိုတဲ့အိပ်မက်တွေဟာ
လေထဲမှာ ရေခဲနဲ့တိုက်အိမ်ဆောက်သလို ဖြစ်နေမှာပဲ။
စိမ်းမြင့် ( မန္တလေး )
ဇွန် ၆ ရက်ထုတ် လူထုပုံရိပ်မှာ
ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။
https://www.facebook.com/same.myint?sk=wall
0 comments:
Post a Comment