Tuesday, June 4, 2013

ဘိရမာဝါတားဂိတ်- အပိုင်း ၂ (အိုးဝေ-ဦးညိုမြ)

0 comments
ဘိရမာဝါတားဂိတ်- အပိုင်း ၂ (အိုးဝေ-ဦးညိုမြ)တချိန်တည်းဖြစ်ပွားသော ပလ္လင်အပ်ပွဲနှင့်သတင်းစာရိုက်ချိုးပွဲအခမ်းအနားကို မည်သို့ဆက်စပ်ယူမည်နည်း။ မဇ္ဈိမယဉ်ကျေးမှုသမိုင်း၌ကျွမ်းကျင်သူ ဦးရီးသော်ဇင်နှင့်ဦးပါရဂူတို့အနေဖြင့် ထုံးဟောင်းသာဓကများ ကိုဖော်ထုတ်ကာ အလွယ်တကူဆက်စပ်အဓိပ္ပာယ်ကောက်ယူပေမည်။ ထိုဆရာကြီးများက ပလ္လင်သမိုင်းနှင့်ပတ်သက်သောဆောင်းပါးများရေး သားရာတွင် ရှေးက(ဝိတရ ရာမိဒိတျ)ခေါ် မင်းတရားကြီးလက်ထက်တွင် ရာဇပလ္လင်နှင့်ထိုက်တန်သောအရည် အချင်းများကို ဖော်ပြပါရှိလေသည်။ အကြင်သူသည် ကာယဗလ၊ ညာဏဗလ အပေါင်းတို့နှင့်ပြည့်စုံကြောင်း အပွဲပွဲ၌ဆင်နွှဲထင်ရှားစေနိုင် မှသာလျှင် မင်းကောင်းမင်းမြတ်တို့၏နေရာဖြစ်သော ပလ္လင်နှင့် ထိုက်တန်ကြောင်း ပလ္လင်ကိုစောင့်သော နတ်များ၊ ခြင်္သေ့၊ ဟင်္သာ စသောသတ္တဝါများက မထိုက်တန်သူများကို လက်ခံမကြောင်းများပါရှိ၏။ နိပါတ်တော်တို့၌ ထီးဖြူစောင့်နတ်တို့က မင်းဧကရာဇ်တို့ကို မှန်လျှင်မှန်သလို ကိုယ်ထင်ပြ၍ ချီးကျူးထောမနာပုံများပါရှိ၏။ ပလ္လင်၌မထိုက်သူများကို နန်းစောင့်ကျောက်ရုပ်များက ရိုက်ပုတ်ဖယ်ရှားပုံများလည်း ပုဂံရာဇဝင်၌လာရှိ၏။
ဖဆပလအစိုးရလက်ထက်(၁၉၅၂-၅၅)ဝန်ကြီးချုပ်ဦးနုနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ
 
သို့လျှင် မတ်လ (၁၂)ရက်နေ့က ရန်ကုန်မြို့ တစ်နေရာ၌ အင်္ဂလိပ်ဘုရင်ခံချုပ်က လွတ်လပ်သောခေတ်သစ်၌ တစ်ချိန်ကမြန်မာတို့၏ အချုပ်အချာအာဏာပိုင်အထိမ်းအမှတ်ဖြစ်သော ပလ္လင်တော်ကိုပြန်လည်ပေးပို့အပ်နှံချိန်တွင် ဖဆပလအာဏာပိုင်တို့၏တမန်တော်များက ထိုနေ့ထိုအချိန်၌ပင် ရန်ကုန်မြို့အခြားတစ်နေရာ၌ သတင်းစာတိုက်များကို ဝင်ရောက်ရိုက်ချိုးပြသခြင်းအားဖြင့် ထိုပလ္လင်နှင့်အလျဉ်းမထိုက်တန်ကြောင်းကို သူတို့ကိုယ်တိုင်သရုပ်ဖော်သကဲ့သို့ရှိနေပေသည်။
သခင်နုက ဝန်ကြီးချုပ်အနေဖြင့် တိုင်းပြည်ပြုလွှတ်တော်၌ ထိုကိစ္စကိုရှင်းလင်းပြောပြသည်မှာ-“မတ်လ ၁၂ ရက်နေ့တုန်းက စက်တွေကိုရိုက်ချိုးနေချိန်မှာ ကျွန်တော်ဟာ မောင့်ဘက်တန်ဂုဏ်ပြုပွဲမှာရှိနေပါတယ်။ ဒီအကြောင်းကို အိမ်အပြန်မော်တော်ကားပေါ်မှာ ဒရိုင်ဘာကပြောလို့ သိရပါတယ်။ အဲဒါနဲ့ အိမ်ကိုပြန်ရောက်ရောက်ချင်း ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းကို တယ်လီဖုန်းဆက်ပြီးမေးပါတယ်၊ ညနေ ၃ နာရီခွဲလောက်မှာ ဦးကျော်ငြိမ်း ကျွန်တော်ဆီကိုရောက်လာပြီး အိုးဝေ၊ စီးပွားရေး၊ ဟစ်တိုင်သတင်းစာ တိုက်သုံးတိုက်ရှိစက်တွေရိုက်ချိုးတဲ့အကြောင်း ပြောပြပါတယ်။ ကျွန်တော်လည်း ညနေ ၄ နာရီ မှာ မောင့်ဘက်တန်ဧည့်ခံပွဲတစ်ခုကို တက်စရာရှိသေးလို့ ဦးကျော်ငြိမ်းနှင့်စကားကြာကြာမပြောနိုင်ဘဲ ဦးကျော်ငြိမ်းအစီရင်ခံတာကိုနားထောင်ပြီး(အခြားသတင်းစာတိုက်တွေကိုလည်း ဒီ မီးမကူးအောင် အကာအကွယ်လုပ်ပြီးပြီလား၊ မလုပ်ရသေးရင် ချက်ချင်းလုပ်ထားလိုက်ပါ)လို့ပြောပြီး ဧည့်ခံပွဲကိုထွက် ခဲ့ပါတယ်။ ဧည့်ခံပွဲအပြီးမှာ အိမ်ကိုပြန်ပြီး ဒီကိစ္စနဲ့ပတ်သက်တဲ့မိန့်ခွန်းတစ်ခုကို အဲဒီနေ့ညမှာပဲ အသံလွှင့်ဖို့ ချက်ချင်းရေးရပါတယ်။ ဒီ အသင့်လွှင့်ချက်ရဲ့လိုရင်းအချက်ကတော့ အခြားမဟုတ်ပါဘူး။ သတင်းစာအချို့ တာဝန်မဲ့ဥပဒေလက်လွတ်ရေးသားနေတာကို ကျွန်တော်သိပါတယ်။ ထိထိရောက်ရောက်အရေးယူပါမယ်။ အဲဒီ တာဝန်မဲ့ရေးသားနေတဲ့သတင်းစာတွေကို တာဝန်မဲ့ဥပဒေလက်လွတ် ဝင်ရောက်ကျူးလွန်ပြုကျင့်တာ ကိုလည်း ကျွန်တော်သိပါတယ်။ ထိထိရောက်ရောက်အရေးယူပါမယ်။ ဒီလို တာဝန်မဲ့ဥပဒေလက်လွတ်ပြု ကျင့်တဲ့လူတွေဟာ ဖဆပလကိုအားပေးထောက်ခံတဲ့လူတွေဖြစ်စေကာမူ မတတ်နိုင်ဘူး။ အရေးယူရမှာပဲ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ ဖဆပလထောက်ခံသူများအဖို့ ဥပဒေတစ်မျိုး၊ မထောက်ခံသူများအဖို့ ဥပဒေတစ်မျိုးဆိုပြီး ဥပဒေနှစ်မျိုးမရှိဘူး၊ အဲဒါကြောင့် တာဝန်မဲ့ဥပဒေပြုကျင့်တဲ့ လူတွေမှန်ရင် ဘယ်သူပဲဖြစ်ဖြစ် တိတိကျကျအရေးယူရန် ဆိုင်ရာကိုညွှန်ကြားလိုက်ပြီးပါပြီ”လို့ အသံလွှင့်ပြောကြားခဲ့ပါတယ်။ အသံလွှင့်ရုံကို မသွားမီကလေးတင်ပဲ တာဝန်မဲ့ဥပဒေလက်လွတ်ပြုကျင့် သူများကို ထိထိရောက်ရောက်အရေးယူဖို့ အမိန့်စာတစောင်ရေးပြီး ကျွန်တော်ရဲ့ ပါလီမန်အတွင်းဝန် ဦးအုံးကိုယ်တိုင် ဦးကျော်ငြိမ်းထံသွားပို့စေပါတယ်။
မတ်လ(၁၃)ရက်နေ့ ညနေ(၄)နာရီခွဲတွင် သတင်းစာအသင်း၊ သတင်းထောက်အသင်း၊ စာရေးဆရာအသင်း၊ ပုံနှိပ်ထုတ်ဝေသူများအသင်းဟူသော အသင်း(၄)သင်းပေါင်းကိုယ်စားလှယ်များက ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းနှင့် သွားရောက်တွေ့ဆုံကြ၏။ ထို ကိုယ်စားလှယ်တို့မှာ (၁)ဦးထွန်းဖေ(ဥက္ကဌ)။ (၂)ဦးစောဦး-ဟစ်တိုင် (၃)ဦးညိုမြ- အိုးဝေ။ (၄)ဦးထွန်းစိန်- စီးပွားရေး။ (၅)တိုးတက်ရေး ဦးစိန်။ (၆)ဦးရှိန်မြင့်နှင့် (၇) ဦးအုံးဖေ အတွင်းရေးမှူးတို့ဖြစ်ကြသည်။ တောင်းဆိုချက်များကိုတင်ပြရာတွင်-
၁။ သတင်းစာတိုက်များကို ဝင်ရောက်ဖျက်ဆီးသောနိုင်ငံရေးခေါင်းဆောင်များကို ပြင်းထန်စွာအရေးယူရန်။
၂။ ပျက်စီးသွားသောသတင်းစာတိုက်များသို့ အစိုးရကလျော်ကြေးပေးရန်၊ ထိုလျော်ကြေးမပေးမီ လောလောဆယ်အားဖြင့် ထောက်ပံ့ကြေး ထုတ်ပေးရန်။
၃။ ဖျက်ဆီးရာတွင်ပါဝင်သည့်အစည်းအရုံးတို့ကို မတရားသင်းကြေညာပေးရန်။
၎။ ဗန္ဓုလပန်းခြံစည်းဝေးပွဲ၌ လူထုကိုလှုံ့ဆော်ကာ မတရားသဖြင့်ပြုမှုစေသော အစိုးရအရာရှိဖြစ်သူ သခင်ချစ်မောင်နှင့် သခင်လှကျွေတို့ကို ချက်ချင်းအရေးယူရန်။
၅။ ဤတိုက်ခိုက်မှုနှင့်ပတ်သက်သောကိစ္စအဝဝကိုအရေးယူရန် အစိုးရကိုယ်စားလှယ်သုံးဦး။ သတင်းစာကိုယ်စားလှယ်သုံးဦးပါဝင်သော ခုံရုံးတစ်ခု ဖွဲ့ပေးရန်။ အထက်ပါ လက်ငင်းအလိုရှိသောတောင်းဆိုချက်(၅)ခုအပြင် မူအားဖြင့်လိုအပ်သောတောင်းဆိုချက် (၂)ခုမှာ အောက်ပါအတိုင်းဖြစ်၏။
(က) ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေတွင်ပါဝင်သည့် လွတ်လပ်စွာရေးသားဖော်ပြခွင့်ကိုပြုမည်ဆိုသော ကတိကို လိုက်နာဆောင်ရွက်သောအားဖြင့် လွတ်လပ်စွာရေးသားဖော်ပြခွင့်ကို အစိုးရသည် ရိုသေကြောင်းကြေငြာချက်တစ်ရပ်ကို အမြန်ဆုံးထုတ်ပြန်ကြေညာရန်။
(ခ) ပုံနှိပ်တိုက်များကို မတရားနှောင့်ယှက်ဖျက်ဆီးမှုများမှ အစိုးရကကာကွယ်ပေးရန်။ ထို ကာကွယ်မှုကို အခြားသူများထက်ကြိုတင်၍ ဦးစွာကာကွယ်ပေးရန်။
ဝန်ကြီးဦးကျော်ငြိမ်းက အထက်ပါတောင်းဆိုချက်များနှင့်ပတ်သက်၍ မိမိအနေဖြင့် အရေးကြီးသောဤကိစ္စများကို တထိုင်တည်းနှင့်အဖြေမပေးနိုင်ကြောင်း။ အစိုးရအဖွဲ့သို့တင်ပြရမည်ဖြစ်ကြောင်း။ အစိုးရ၏သဘောထားများမှာ သတင်းစာကလွန်လျှင်၊ သတင်းစာကိုအရေးယူ၍ ပါတီကလွန်လျှင်လည်း ပါတီကိုအရေးယူမည်ဖြစ်ကြောင်း။ ဝန်ကြီးချုပ်ဦးနုကလည်း ဥပဒေဖောက်ဖျက်သူမှန်လျှင် မည်သူ့ကိုမျှမထောက်ထားဘဲအရေးယူရန် စာဖြင့်အကြောင်းကြားထားသည့်အတိုင်း မိမိကလည်းအရေးယူရန်ထုတ်ပြန်ထားကြောင်းများ ပြောပြ၏။
ဝန်ကြီးဦးကျော်ငြိမ်းနှင့် သွားရောက်တွေ့ဆုံကြစဉ်က အပြန်အလှန်ပြောကြားခဲ့ကြသောစကားအချို့မှာ သတင်းစာထဲ၌မပါချေ။ ဥက္ကဋ္ဌကြီးဦးထွန်းဖေမှာ စကားပြောရာ၌လည်း ထစ်တတ်၏။ စာရေးရာ၌လည်း ဝေ့လည်လည်ဖြစ်တတ်၏။ ထို့ကြောင့် (ဒီပွဲမှာ တို့ဥက္ကကြီးက ပိုင်ပိုင်နိုင်နိုင်ရှိမှ ရှိပါ့မလား)ဟု စိုးရိမ်မကင်းဖြစ်မိလေသည်။ သို့သော် သူက(ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကထွက်)ဆိုသကဲ့သို့ ပြည်ထဲရေးဌာနတည်းဟူသော ဥပဒေထိန်းသိမ်းရေးအဖွဲ့ချုပ်ကြီးကပင် အခြေခံဥပဒေ၏ ကကြီးခခွေးလောက်ကိုမျှ သဘောမထားလောက်ဘဲ ဥပဒေကို ကိုယ်တိုင် ချိုးဖောက်နေပုံမှာအံ့သြကုန်နိုင်ဖွယ်ဖြစ်ရပုံများကို ခရားရေလွှတ်ပြောနေလေတော့သည်။
ပုဂံရာဇဝင်တွင် နရသူသည် ထီးနန်းမက်မော၍ ခမည်းတော်အလောင်းစည်သူကို နာမကျန်းရှိစဉ် ခေါင်းအုံးနှင့်ဖိသတ်၏။ ထို့နောက် သူ့ထက်ကြီးသော မင်းရှင်စောရှိနေသေးရာ ထိုနောင်တော်ကိုနန်းတင်ပါမည်ဟုကတိပြုပြီးမှ အဆိပ်ခတ်သတ်ပြန်လေသည်။ ဤတွင် ဆရာတော်ပန့်သကူမထေရ်က သူ့အား များစွာစက်ဆုပ်လျက် ခွေးပြောဝက်ပြောရှုတ်ချပြီးနောက် သီဟိုဠ်သို့ကြွမြန်းတော်မှုလေသည်။ မင်းကျင့်တရား(၁ဝ)ပါးကို ရှင်ဘုရင်ကိုယ်တိုင်ကဖောက်ဖျက် ကျူးလွန်နေသောအခါ ထိုတိုင်းပြည်သည် အသို့လျှင်နေချင်စဖွယ်ရှိတော့ အံ့နည်း။
ဦးထွန်းဖေသည် ဝါရင့်သောသတင်းစာဆရာဖြစ်သောကြောင့် ရာဇဝင်၌မွေ့လျော်သူဖြစ်၏။ ဤတိုင်းပြည်သည် အရိုင်းအစိုင်းမဟုတ်ဘဲ သမိုင်းအမွေအနှစ်တို့နှင့်ပြည့်စုံ၏။ ဗုဒ္ဓယဉ်ကျေးမှုလည်း ထွန်းကားရာဖြစ်၏။ အယ်ဒီတာတစ်ဦးအနေဖြင့် မိမိ၏အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တို့ကို အမြဲသုံးသပ် ဆင်ခြင် ရေးသားမှသာလျှင် လူရိုသေမှုရှိနိုင်လေသည်။ သတင်းစာဆရာများထက် နိုင်ငံရေးခေါင်းဆောင်များက ပို၍ တာဝန်ရှိသည်မဟုတ်ပါလော။ သူတို့လို အပေါ်စီးရနေသူများ မသိမလိမ္မာသောအခါ အဘယ်မှာကောင်းနိုင်ပါတော့မည်နည်း။
ဝန်ကြီးဦးကျော်ငြိမ်းက စားပွဲကိုလက်ဝါးနှင့်ပုတ်ကာ(ခင်ဗျားတို့သတင်းစာတွေက ဝန်ကြီးတစ်ယောက်ကို ချရစေတာ့ဆိုပြီး သက်သက်စော်ကားတာ)ဟုဒေါနှင့်ပြော၏။ ဤတွင် မင်းရှင်စောကို ထပ်မံသတိရမိသူ ကား ကျွန်တော်(ညိုမြ)ဖြစ်ပါသည်။ ဦးထွန်းဖေမဟုတ်ပါ။ မင်းရှင်စောမှာ ညီတော်နရသူ၏ ကောက်ကျစ်မှုကြောင့်ကွယ်လွန်ခဲ့စေကာမူ သူလည်းကောင်းသူမဟုတ်ပါ။ မာနထောင်လွှားလွန်းသဖြင့် ခမည်းတော်က နယ်နှင်ဒဏ်ခတ်ခဲ့ရပေသည်။ တစ်ကြိမ်က နန်းတော်သို့အခစားဝင်ချိန်တွင် အမတ်ကြီးရာဇသင်္ကြန်က ရှေ့ကသွားနေ၏။ မင်းသားမင်းရှင်စောက နောက်မှ အဆောင်အယောင်နှင့်လာနေသည်ကို မမြင်မိရှာချေ၊ ထို့ကြောင့် မဟာဆီမဟာသွေးမင်းသားကြီးက အမတ်ကြီးကို မီလာသောအခါ(ထွီ)ဟု ကွမ်းသွေးဖြင့်ထွေးပက် ကာ ရှေ့သို့ချီတက်သွား၏။ (အရှင့်သားကိုမမြင်မိ၍ မရှောင်မိရှိပါသည်ဘုရား) ဟု သက်ကြီးဝါကြီး အမတ်ကြီးကပင် ရှိခိုးတောင်းပန်လိုက်ရ၏။ ရာဇသင်္ကြန်၏စိတ်၌(မင်းသားတစ်ပါးကို ချရစေတော့)ဟု ရည်ရွယ်ချက်အလျှင်းရှိဟန်မတူပါပေ။ မင်းရှင်စောကသာလျှင် သူ့ဟာသူ ရာဇဂုဏ်မောက်မော်နေခြင်းဖြစ်ပါသည်။ သတင်းစာ၌ ဝန်ကြီးတစ်ဦး၏သတင်းဆိုးပါရှိ၍ ထိုသတင်းစာကိုရိုက်ချိုးရသလော။ သတင်းစာဆရာအဖို့ ထိုသတင်းကိုထည့်ခြင်းထက် ထိန်ခြင်းက ပိုမိုမှန်ကန် ချီးကျူးသင့်သလော။ ရှေးခေတ်က မင်းများ မင်းသားများကို အမတ်ကြီးများက ဝေဘန် ဆုံးမခြင်းမရှိခဲ့လျှင် များစွာဗဟုသုတပြည့်စုံသောလျှောက်ထုံး ကျမ်းစာ အမွေအနှစ်များလည်း ရှိတော့မည်မဟုတ်။ ယခု ဒီမိုကရေစီခေတ်တွင် အာဏာပိုင်မင်းညီမင်းသားတို့၏နေရာကိုယူသော ဝန်ကြီးများကို သတင်းစာများက ဝေဖန်စိစစ်ခြင်းမပြုလျှင် မည်သူကထိုတာဝန်ကိုယူမည်နည်း။ အခြေခံစည်းမျဉ်းဥပဒေ၌ပါရှိသော လွတ်လပ်စွာရေးသားဝေဖန်ခွင့်ကို အခြားဘယ်ပုံဘယ်နည်းဖြင့် အကောင်အထည်ဖော်မည်နည်း။ ဘာမျှ မသိနည်းမလည်ဘဲ အသက်ဦးဆံပိုင်အနေဖြင့် ဟော့ရမ်းသော့ သွမ်းသော ဘီးလူးဝင်စားသည့်နရသိဟပတေ့မင်းကဲ့သို့ နောက်ဆုံးတွင် တိုင်းပြည်လည်းပျက် သူလည်းတရုတ်ပြေးမင်းဘဝသို့ရောက်ခဲ့ရသည့် ရာဇဝင်သာဓကများကို ကျွန်ုပ်တို့သည် လွတ်လပ်သော ဤခေတ်တွင်ထပ်မံကြုံတွေ့ချင်ကြပါသေးသလော။ ကျွန်ုပ်တို့၏ဗုဒ္ဓဘာသာယဉ်ကျေးမှု၌အခြေခံအားဖြင့် (အနိစ္စ-ဒုက္ခ-အနတ္တ)ဟူသော သစ္စာတရားများကိုနှလုံးသွင်းကြစမြဲပင်။ မမြဲသော မိမိ၏ခန္ဓာကိုယ်သည် ဤကမ္ဘာ၌ ခေတ္တမျှသာရုပ်ဆောင်နေသောအပုပ်ကောင်ဖြစ်သည် မဟုတ်ပါလော။ ဘဝဇာတ်ခုံ၌ ဝန်ကြီးအသွင်ဖြင့် ရာထူးမပြုတ်မီအချိန်ကာလအတွင်း အသုံးတော်ခံကြရာတွင် မာန်မာနနှင့်အတ္တစွဲတို့ ကြီးထွားသင့်ပါသလော။ လူ၏စိတ်ဓာတ်ကို လှည့်စားတတ်သော အတ္တသဘောမှာလေးနက်ခြင်းမရှိ၍ (ဆားခတ်၍ သုံးစွဲသင့်သည်)ဟူ အင်္ဂလိပ်တို့အဆိုရှိသည်မဟုတ်ပါလော။
ဤကား ဝန်ကြီးဦးကျော်ငြိမ်းနှင့်ဆုံတွေ့စဉ်က ကျွန်တော်များ၏ဦးနှောက်တွင်း၌ပြေးလွှားနေ ကြကုန်သော လော အဖုံဖုံ-လောမျိုးစုံတို့ပေတည်း။
၃။ ဥက္ကဌကြီးဦးထွန်းဖေမှာ ထိုအချိန်က ဟံသာဝတီသတင်းစာ၏အယ်ဒီတာချုပ်ဖြစ်၏။ ဖဆပလအဖွဲ့ဝင်အဖြစ်ဖြင့် ဟင်္သာတအမတ်လည်းဖြစ်ရာ သတင်းစာများရိုက်ချိုးခံရချိန်တွင် ထိုအမတ်ရာထူးမှနုတ်ထွက်လွှာကို ပါတီသို့တင်ပို့လိုက်၏။ သူကဲ့သို့ နုတ်ထွက်လွှာတင်သွင်းသူ အခြားသတင်းစာဆရာမှာ ရန်ကုန်သတင်းစာမှဦးအောင်မြင်ဖြစ်၏။ ဖဆပလဦးစီးအဖွဲ့ဝင်အဖြစ်မှ လည်းကောင်း၊ မီးရထားဘုတ်အဖွဲ့လူကြီးအဖြစ်မှလည်းကောင်း နုတ်ထွက်လိုက်၏။ သူ၏အကြောင်းပြချက်တွင် “ဝန်ကြီးချုပ်ဦးနုသည် ဖဆပလအဖွဲ့တွင်း၌ မကောင်းသူတစ်စုဘက်မှ ပင်းနေခြင်းကြောင့် ဖက်ဆစ်ဝါဒအသက်သွင်းရာတွင် အလိုတူမဖြစ်လို”ဟု ဆို၏။
(မြန်မာ့အလင်း - ၁၄-၃-၄၈)
ပြည်သူ့ခေတ်ဂျာနယ် မှ ကူးယူဖော်ပြပါသည်။
http://cmmdjschool.blogspot.co.uk/2012/06/blog-post_11.html

0 comments:

Post a Comment