Tuesday, June 11, 2013

မလေးရှားနိုင်ငံမှသတ်ဖြတ်မှုများ အနက်ရောင်အင်္ဂါနေ့လှုပ်ရှားမှုနဲ့ ပြည်တော်ပြန်ရေးအကူအညီများနဲ့ပတ်သက်လို့(မိုဃ်းသွေး)

0 comments
မလေးရှားနိုင်ငံမှသတ်ဖြတ်မှုများ အနက်ရောင်အင်္ဂါနေ့လှုပ်ရှားမှုနဲ့ ပြည်တော်ပြန်ရေး အကူအညီများနဲ့ပတ်သက်လို့...မြန်မာနိုင်ငံသားတချို့ မလေးရှားမှာအသတ်ခံရတာနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်းပြသတဲ့အနေနဲ့ facebook မှာအနက်ရောင်ပရိုဖိုင်းတွေ တင်ကြပါတယ်။ ကိုယ့်နိုင်ငံသားတွေရဲ့သေဆုံးမှုအပေါ်မှာ တစည်းတလုံးတည်းစာနာ စိတ်ရှိကြတာကောင်းပါတယ်။ ဒါပေမယ့် အဲ့လိုစာနာမှုနဲ့ပါဝင်လာတဲ့ အင်အားတွေထဲမှာ ရန်လိုစိတ်နဲ့လှုံ့ဆော်မှုဆန်တဲ့အရေးအသားတချို့လည်းတွေ့လာရပါတယ်။ အထူးသဖြင့် မြန်မာပြည်တွင်းမှာဖြစ်ခဲ့တဲ့အကြမ်းဖက်မှုဖြစ်စဉ်တွေမှာတုန်းက ပင်တိုင်လှုံ့ဆော်ခဲ့ကြတဲ့အကောင့်တွေမှာ နောက်ထပ်အကြမ်းဖက်မှုလှိုင်းတွေ ထပ်ပေါ်လာစေနိုင်မယ့်အရေးအသားမျိုးတွေ အစပျိုးနေတာတွေ့ရပါတယ်။ ဒါဟာ စိုးရိမ်စရာကောင်းတဲ့အချက်တခုဖြစ်ပါတယ်။ လှုပ်ရှားမှုဟာ ရည်ရွယ်ချက်အားဖြင့်ပြဿနာမရှိပေမယ့် လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်သူတွေအတွက်တော့ ဝါဒဖြန့်ချိလို့ အင်မတန်ကောင်းတဲ့အခြေနေတခုဖြစ်နေပါတယ်။ ကျနော့်ရဲ့အမြင်နဲ့ခံစားချက်ကတော့ မလေးမှာအသတ်ခံရတဲ့သူတွေတင် မကပါဘူး၊ ပြည်တွင်းပြည်ပမှာဖြစ်ခဲ့တဲ့လူမျိုးရေးဘာသာရေး အဓိကရုဏ်းတွေမှာအသတ်ခံခဲ့ရတဲ့ ဓါးစာခံတွေအားလုံး၊ အသက်မသေလိုက်ပေမယ့် ဘဝတွေသေခဲ့ပျက်ခဲ့ရတဲ့မိသားစုတွေအားလုံး၊ စိတ်နှလုံးမှာ အမုန်းတရားတွေအာဃာတတွေ အငြှိုးတွေနဲ့ နာကျင်ခံစားခဲ့ရတဲ့ပြည်သူတွေအားလုံးအတွက် လေးလေးနက်နက်ကိုဝမ်းနည်းမိပါတယ်။ ပြီးတော့ ဒီလိုဝမ်းနည်းမှုဟာ တနေ့စာတရက်စာတည်းလည်းမဟုတ်ပါဘူး။ တမြေ့မြေ့နဲ့ တွေးမိတိုင်းဝမ်းနည်းပြီး နိုင်ငံတခုလုံးပြည်သူ အားလုံးရဲ့အနာဂတ်တွက်ပါ ယူကျုံးမရဖြစ်ရတဲ့ဝမ်းနည်းမှုမျိုးပါ။ ဒီလို ခွဲခြားကန့်သတ်မှုတွေ သံသယတွေရန်လိုမှုတွေနဲ့ ကျနော်တို့တွေဘယ်လိုအနာဂတ်ကိုချီတက်ကြမှာလဲ။ အမုန်းနဲ့လျှောက်တဲ့လမ်းတွေက ကျနော်တို့ကို ဘယ်ကို ပို့ဆောင်ကြမှာလဲ။ နိုင်ငံတကာမှာ နည်းပညာသစ်တွေတီထွင်ရှာဖွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ တဖက်မှာလည်း လူသားရဲ့ ဂုဏ်နဲ့မြင့်မြတ်မှုလူ့အခွင့်အရေးတွေကိုပိုမိုလေးစားနေကြပြီး လူ့ယဉ်ကျေးမှုကို ရှေ့ကိုတဟုန်ထိုးတိုးတက်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြတဲ့အချိန်မှာ ကျနော်တို့နိုင်ငံကတော့ ဒီလို သွေးထွက်သံယိုအကြမ်းဖက်မှုတွေနဲ့ ခေတ်နောက်ပြန် ဆွဲမယ့်ခွဲခြားကန့်သတ်မှုတွေနဲ့ရှေ့မတိုးနိုင်ပဲ သံသရာလည်နေရတာ အင်မတန်ဝမ်းနည်းစရာပါ။ ဒါကြောင့် ဒီလိုဝမ်းနည်း စရာအဖြစ်တွေ မဖြစ်ရလေအောင် အဓိကရုဏ်းတွေဖြစ်စေမယ့် အပြုအမှုအပြောအဆိုတွေ လှုပ်ရှားမှုတွေနဲ့ဝေးဝေး မှာနေပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်း တတ်နိုင်သမျှရှောင်ရှားဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။ ခုလိုအမြင်တွေကိုရေးသားပြီးတော့လည်း တတ်နိုင်သမျှကာကွယ်ပါတယ်။ ခုမလေးရှားက အဖြစ်အပျက်တွေနဲ့ပတ်သက်ရင် လည်း ဒီလို အနက်ရောင်လှုပ်ရှားမှုမျိုးနဲ့ ပြဿနာကိုပြေလည်သွားစေမယ်လို့ မထင်မိပါဘူး။ ခုလိုမျိုးသတ်ဖြတ်မှုတွေရဲ့ အဓိကအကြောင်းရင်းကိုဖြေရှင်းနိုင်မှသာ ပြေလည်မှာဖြစ်ပါတယ်။ အကြောင်းရင်းဆိုတာလည်း အားလုံးအသိပဲဖြစ်ပါ တယ်။ ပြည်တွင်းမှာဖြစ်ခဲ့တဲ့ မီးရှိုမှုတွေသတ်ဖြတ်မှုတွေကနေ မြစ်ဖျားခံတယ်ဆိုတာအငြင်းပွားစရာ မရှိပါဘူး။ ဆိုတော့ ကျနော်တို့တကယ်တမ်း ပိုလုပ်သင့်တာက ကျနော်တို့ပြည်တွင်းမှာ လူမျိုးတမျိုးနဲ့တမျိုးကြား ဘာသာတခုနဲ့တခုကြား အမုန်းမပွားအောင် ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်နိုင်အောင်ကြိုးစားသင့်ပါတယ်။ မလိုလားအပ်တဲ့အကြမ်းဖက်မှုတွေ တရားဥပဒေမဲ့ရမ်းကားမှုတွေကို ကျနော်တို့လူ့အဖွဲ့အစည်းထဲမှာ မကိန်းအောင်းနိုင်အောင် အားလုံးဝိုင်းဝန်းပြီး ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပါတယ်။
ခုဆိုရင်ပဲ မလေးရှားပြသနာနဲ့ပတ်သက်လို့ အလုပ်သမားတွေပြန်ဖို့ဆိုတဲ့ အသံတွေကြားရပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ပြန်မယ့်သူတွေကို ငွေကြေးလှုဒါန်းမယ်ဆိုတဲ့သူတွေလည်း ပေါ်လာပါတယ်။ အဲ့လိုလှုမယ်ဆိုတဲ့သူတွေဟာ အလိုလိုနေရင်းနဲ့ မျိုးချစ်ဝံသာနုသူရဲကောင်းကြီးတွေ နေ့ချင်းညချင်းဖြစ်လာပါတယ်။ စဉ်းစားစရာအလွန်ကောင်းပါတယ်။
MAI လိုလေကြောင်းလိုင်းကတောင် ၅ဝ% လျှော့ပြီး ပြန်မယ့်သူတွေကိုကူညီမယ်ဆိုတာမျိုးတွေ၊ ဘယ်လိုများ ချက်ချင်းကြီးဒီစိတ်ကူးတွေ ပေါ်လာကြလဲတွေးဖို့လိုပါတယ်။ လူဆိုတာအမျိုးနဲ့နာမည်တပ်ပေးလိုက် သူသူငါငါ စိတ်ဆတ်တတ်ကြပြီး၊ လူမျိုးရေးမှာရက်ရောတဲ့သူဆိုရင်လည်း အထင်ကြီးလေးစားတတ်ပါတယ်။ တကယ်တော့ အဲ့လိုအလုပ်သမားတွေပြန်လာဖို့၊ ပြန်မယ့်သူတွေကိုကူဖို့ ဒါတွေကိုလုပ်လိုက်လို့ တကယ့်ပြသနာကပြီးသွားမှာမဟုတ်ပါဘူး။ ဒူဘိုင်းလို၊ ဘရူနိုင်းလို၊ နိုင်ငံတွေမှာလည်း မြန်မာတွေအများကြီးကိုရှိပါသေးတယ်။ အာရပ်နိုင်ငံတွေမှာဆိုရင် မိန်းကလေးတွေပိုများပါတယ်။ အဲ့နိုင်ငံတွေမှာဖြစ်ခဲ့ရင်ရော အဲ့လိုပဲပြန်လာခိုင်းကြမှာလားတွေးသင့်ပါတယ်။ အားလုံးပြန်လာကြပါပြီတဲ့..ဒီမှာ သူတို့ကို ဘယ်လိုအလုပ်တွေပေးကြမှာလဲ၊ အိမ်ပေါင် လယ်ပေါင်ပြီး တရပ်တကြေးမှာ စီးပွားသွားရှာကြရတာ။ ခုလိုပြန်လာကြရတော့ သူတို့အကြွေးတွေဘယ်လိုဆပ်ကြရမှာလဲ။ မိသားစုဝမ်းရေးကို ဘယ်လိုဖြေရှင်းကြရမှာလဲ။ သန်းနဲ့ချီရှိတဲ့လူတွေကို ပြည်တွင်းမှာဘယ်အလုပ်တွေအစားထိုးပေးမှာလဲ။ အစကတည်းက ပြည်တွင်းမှာမစားလောက်လို့၊ အလုပ်အကိုင်ရှားပါးလွန်းလို့ သူများနိုင်ငံသွား ရှာဖွေကြရတာ ခုလိုဖြစ်တော့ဘယ်လိုရှင်းကြမှာလဲ။ နောက်ဆက်တွဲပြသနာတွေအများကြီးပါ။ ဒီလိုအချိန်မှာ တကယ့် ဒိတ်ဒိတ်ကြဲ စီးပွားရေးသမားကြီးတွေက ဒါကို မတွေးမိပဲမနေပါဘူး။ ဒါဆို ဘာလို့တကယ့်အဖြေကိုမရှာပဲ အဖြေမရှိတဲ့အလုပ်တွေ လုပ်ကြတာလဲ။ သူတို့ ကိုယ်ပိုင်အဖြေတခုတော့ ရှိနေနိုင်ပါတယ်။
ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်က မလေးအစိုးရကိုမပြောလိုဆိုပြီး လမ်းကြုံဝင်ခွပ်တာတွေက ရှိပါသေးတယ်။ မလေးအစိုးရကသံသယရှိသူတွေကိုဝရမ်းတွေထုတ်ပြီး ဖမ်းဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ သူတို့ရဲ့တုန့်ပြန်မှုက ကိုယ်ကျေနပ်လောက်အောင် မမြန်ပေမယ့်၊ သေချာတာကတော့ မြန်မာတွေအသတ်ခံခဲ့ရတာ မလေးရဲတွေရှေ့မှာမဟုတ်ပါဘူး။ မလေးရဲတွေရှေ့မှာ မြန်မာတွေအရိုက်ခံရတာ မဟုတ်ပါဘူး။ ပြည်တွင်းဖြစ်စဉ်တွေမှာတော့ ရဲတွေရှေ့မှာတင် မီးရှိုလူသတ်လုပ်နေခဲ့ကြတာ မှတ်တမ်းတွေမှာတွေ့ရမှာပါ။ ဆိုတော့ ဒါကို ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုဝေဖန်ဖိအားပေးဖို့မှ မလိုပါဘူး။ မလေးအစိုးရက သူတတ်နိုင်သမျှသူလုပ်နေပါတယ်။
ခုဖြစ်စဉ်တွေအားလုံးကို သေချာပြန်သုံးသပ်ကြည့်မယ်ဆိုရင် ဖြစ်ခဲ့တဲ့အဓိကရုဏ်းတွေဟာ တိုင်းပြည်ရဲ့အနာဂတ်ကို စုတ်ပြတ်သွားစေနိုင်လောက်အောင် စိုးရိမ်စရာရှိလာတာတွေ့ရပါတယ်။ ဒါ့အပြင် ဒီအဓိကရုဏ်းတွေကို ခုတုံးလုပ်ပြီး နည်းမျိုးစုံနဲ့ အတိုက်အခံအင်အားစုတွေကို အပုတ်ချတိုက်ခိုက်တာတွေ ပြောင်ပြောင်တင်းတင်းလုပ်လာတာ တွေ့ရပါတယ်။ အမျိုးသားရေးဝါဒမှိုင်းနဲ့ နိုင်ငံတော်ရဲ့သြဇာအာဏာကို ပိုမိုကြီးမားလာအောင်လုပ်ဆောင်လာတဲ့သဘောတွေ မြင်လာရပါတယ်။ ဒါ့အပြင် ခုနောက်ဆုံးတွေ့ရတဲ့တချက် ကတော့............. ကျနော်တို့ပြည်သူတွေ နှစ်ပေါင်းများစွာရွံရှာခဲ့ကြတဲ့ ပြည်သူ့စီးပွားကိုဂုပ်သွေးစုပ်ကြီးပွားလာတဲ့ ခေတ်ပျက်ဂျပိုးလို့နာမည်တပ် ခံခဲ့ရတဲ့သူတွေဟာ အမျိုးသားရေးသူရဲကောင်းတွေလိုလိုဖြစ်လာတာပါပဲ။ ကျနော်တို့အနာဂတ်ကို ဘာတွေရွေးချယ်ပြီး ဘယ်လိုရေးမယ်ဆိုတာ ကျနော်တို့စိတ်အေးအေးနဲ့စဉ်းစားဖို့လိုပါတယ်။ အိပ်မက်ဆိုးတွေမမက်ရအောင်ကာကွယ်ဖို့ ကျနော်တို့ကြိုးစားနိုင်ကြလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။
အကြမ်းဖက်မှုတွေ၊ ခွဲခြားကန့်သတ်မှုတွေကင်းဝေးပြီး မြင့်မြတ်တဲ့လူသားဝါဒပေါ်ထွန်းပါစေ။
မိုဃ်းသွေး
June 11th 2013



0 comments:

Post a Comment