ဒီလိုဗျ။
၁၉၉ဝ စက်တင်ဘာ ၂၅ ကိစ္စအပြီးမှာ အင်းစိန်ကနေ ညတွင်းချင်း ထောင်အပြောင်းခံရတဲ့သူတွေရှိတယ်။
ကျနော်တို့ (၄)ရှည်ကဆို ကိုအောင်သန်း(သဲကုန်း)၊ ကိုခွန်ဆိုင်း(သွေးသစ်)၊ ကိုမြင့်ရီ(ရကသ)၊
ကိုညိုထွန်း(ဗကသ)၊ ကိုကျော်အေး(မဒညတ)တို့ သရက်ထောင်ပါသွားတယ်။ ကျနော့် ကျတော့ (၄)ရှည်ကနေ ကြိုးတိုက်(၂)တိုထဲပြောင်းတယ်။
နောက် တိုက်လည်ပြီး (၄)ရှည် ခနပြန်ရောက်တယ်ဗျ။ အဲ့နောက်တော့ တောင်ငူထောင် ပြောင်းလိုက် တယ်ပေါ့ဗျာ။
လူတွေလည်းကွဲကုန်တယ်။ အမှုတွဲတွေ ဟိုရောက်ဒီရောက်နဲ့။ တချို့ဆို အဲ့ဒီကတည်းက ကွဲသွားလိုက်တာ
ခုချိန်ထိ ပြန်ကိုးမတွေ့တော့ဘူး။ တချို့သေကွဲ တချို့ရှင်ကွဲ။ ထားပါတော့လေ။ ခေတ်ကိုက
သေကွဲရှင်ကွဲများတဲ့ခေတ်ကိုး။
တောင်ငူရောက်တော့
အဆောင်မှာနေရတယ်ဗျ။ အဆောင်ဆိုတော့ ကျယ်လည်းကျယ် လူပေါင်းစုံနဲ့လည်းနေရတော့ အတွေ့ကြုံလည်း ပိုစုံတာပေါ့ဗျာ။ တချို့ ည(၅)တွေကဆို“ထောင်ကျပြီး အဆောင်မှာမနေဖူးရင် ထောင်ကျရကျိုးမနပ်ဖူး”တဲ့ဗျ။
ဟုတ်လောက်တယ် သူတို့ပြောတာ။ ဘာလို့လည်းဆိုတော့ အဆောင်မှာက နိုင်ငံရေးမှုချည်းပဲသတ်သတ်ထားတာမှ
မဟုတ်တာကိုး။ အမှုပေါင်းစုံ ပြဿနာပေါင်းစုံနဲ့လူပေါင်းစုံ မတစ်ရာသားတွေချည်းကိုးဗျာ။
ခုပြောမှာက အဲ့ မတစ်ရာသားတွေထဲက မတစ်မရဲ့ သားတယောက်အကြောင်းပေါ့ဗျာ။
သူ့နံမည်က
ဦးရမ်းမဿူးရ်တဲ့ဗျ။ ဇေယျဝတီနယ်သား။ အသက်က ၆၅ လောက်။ လူက ပိန်ပိန်ပါးပါး။ အသားကတော့
အိန္ဒုမြစ်ဝှမ်းသားပီပီ မဲမဲမှောင်မှောင်။ ဒါပေမယ့် စိုစိုပြေပြေဗျ မွဲခြောက်ခြောက်တော့ မဟုတ်ဘူး။
စကားပြောရင် ဗမာလို တော်တော်လေးကို မပီဘူးဆိုပါတော့။ အဲ့ဒီ မပီ့တပီနဲ့ပြောရင်း ခင်ချင်စရာစိတ်အခံနဲ့ဆိုတော့
လူတိုင်းနဲ့ခင်ပြီး ကျနော်တို့နဲ့လည်း အဖွဲ့ကျနေတာပေါ့ဗျာ။ သူ့ထောင်ဝင်စာကို မရှိသူတွေနဲ့မျှဝေစားတာဆိုတော့ ခင်မင်သူလည်းပေါ့ပါ့ဗျာ။ ကျောင်းဘယ်နှတန်းအထိ တက်ဖူးလဲတော့မသိဘူး။
ဆေးဗူးပေါ်ကအင်္ဂလိပ်စာတွေကိုတော့ အိန္ဒိယသံဝဲဝဲနဲ့ဖတ်နိုင်တယ်။ နောက်တခုက ဟိန္ဒီစာပေယဉ်ကျေးမှုနဲ့ယုံကြည်မှုလာ ဇာတ်နိပါတ်တွေလည်းရတယ်ဗျ။ တခါတခါ ထမင်းစားပလပ်စတစ်ဇလုံကို ကုလားဗုံလိုလုပ်ပြီး
တတပ်တပ်တီးရင်း သီချင်းလေးတညီးညီးနဲ့။ ပြီးတော့ပြောသေးတယ် ခုနေ ဂန်ဂျားလေးများရရင် သိပ်ကောင်းမှာ..တဲ့။ ရာမ၊ မဟာဘာရတလည်း တီးမီးခေါက်မိပဲ။ ဝါလ်မီကီးကို ဗမာလိုဘယ်လိုခေါ်လဲမေးတော့
ဝါလမိကိရသေ့၊ လွတ်ချွမွန်းကို ဗမာလိုဘယ်လိုခေါ်လဲမေးတော့ လက္ခဏာဆိုပြီး ကျနော် သူ့ကို ဖြေဖူးတာလည်းမှတ်မိနေတယ်။
သူ့လည်း
တောကုလားသူဌေးလို့ပြောမလား တောသူဌေးကုလားလို့ပြောရမလား မသိပါဘူး။ ခေါ်ချင်သလိုသာခေါ်ဗျာ။
ကိစ္စမရှိပါဘူး။ သူကလည်း စကားပြောရင် “ငါတို့ကုလားလူမျိုးက” “ငါတို့ကုလားလူမျိုးက”ဆိုပြီး
ဝံ့ဝံ့ထယ်ထယ်ပြောတာကိုး။ သူ့မှာ လယ်ယာတွေအပြင် နို့စားနွားမ ၆ ကောင်လောက်နဲ့ ကြံသကာဖိုရှိတယ်။
ကြံသကာကနေ သကြားချက်တဲ့စက်ကလေးလည်း ရှိတယ်ဗျာ။ သားသမီးတွေအကုန်အိမ်ထောင်ကျပြီး မရှိမရှား အနေအထားဆိုပါတော့။
သူတို့ ဒီကိုရောက်လာပုံက ဒီလိုဗျာ။ သူ့အဖိုးလူပျိုပေါက်က အိန္ဒိယက ဟိန္ဒူမင်းညီမင်းသားတပါးက
ဇေယျဝတီမှာသကြားစက်တည်တော့ စက်ရုံအလုပ်သမားတွေအပြင် ကြံစိုက်တောင်သူနဲ့လယ်ကူလီတွေကိုပါ
ဟိုကနေ တခါတည်းခေါ်ချလာတာဗျ။ သူ့အဖိုးက အဲ့သလိုနဲ့ ဗမာပြည်ရောက်လာတဲ့ လယ်ကျွန်ဆိုပါတော့ဗျာ။
သူ့အဖေနဲ့သူကျ ဗမာပြည်ပေါက်တွေ။ ခြေဖဝါးလက်ဖဝါးကနေ စလာလိုက်တဲ့သူတို့ဘဝဟာ သူ့လက်ထက်ရောက်တော့
လယ်နဲ့ယာနဲ့ လှည်းနဲ့နွားနဲ့ ဟန်ကျပန်ကျပေါ့ဗျာ။ အဖိုးအကြောင်း သူပြန်ပြောတာတွေထဲမှာ
မှတ်ချင်စရာနဲ့ပြုံးချင်စရာ ဘာတခုလည်းပါသလဲဆိုတော့..သူ့အဖိုးက သူများလယ်မှာ လယ်ကူလီလုပ်ပြီး
လယ်နားချိန်ကျ ပဲခူးတို့ဘာတို့ဘက်သွားပြီး ရေစည်လှည်းနဲ့ရေရောင်းတယ်တဲ့။ တခါတလေနီးရင်
ရေလိုသူကလည်း တစ်ထမ်းနှစ်ထမ်းစာလောက်ဆို လှည်းနဲ့တိုက်မနေတော့ဘူး ပခုံးနဲ့တင် ထမ်းရောင်းလိုက်တာတဲ့။
ဒါနဲ့ ကျနော်ကမေးတယ် “ရေကို ဘယ်သူတွေက ဝယ်တာလဲ”ဆိုတော့ “မင်းတို့ဗမာတွေပေါ့ကွ”တဲ့။
“ရေကရော ဘယ်ကရေလဲ” ဆိုတော့ “သူတို့အိမ်ကရေတွင်းကပဲလေကွာ”တဲ့။ ကုလားက ဗမာ့အိမ်ရေတွင်းထဲကရေကိုခပ်ပြီး
ဗမာကိုပြန်ရောင်းတာဆိုတော့ တွေးသာကြည့် ကိုယ့်လူမျိုးများစရိုက်။ ပြုံးချင်စရာဆိုပေမယ့်
အင်မတန်နက်နဲတဲ့အတွေးကိုရစေတာနော်။ ထားပါတော့။ ခု သူ တောသူဌေးလေးဖြစ်လာတော့ သူရင်းငှား(စာရင်းငှား
၂ ယောက်နဲ့ ကြံကြိတ်စက်/သကြားစက်အလုပ်သမား ၂ ယောက်) ၄ ယောက်လုံးက ဗမာတွေချည်းပဲ။
သူထောင်ကျတာက
ဆေးခြောက်လက်ဝယ်တွေ့ရှိမှု။ အမှန်က သူက ဆေးခြောက်ကို(၁၄)နှစ်သားလောက်ကတည်းက ရှူလာတဲ့လူ။
ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်း မသွင်းခင်ကတည်းကရှူလာတဲ့သူ။ ကြိုက်လည်း အတော်ကြိုက်ပုံပဲ။
သူဆေးခြောက်ရှူတာက ကျနော်တို့ခေတ်က ဆေးခြောက်သမားလူငယ်တွေလို အချိန်ရှိသရွေ့ရှူနေရှိုက်နေ
ငူငူငေါင်ငေါင်နဲ့ ညောင်နာနာကုတ်ချိချိ ဆေးခြောက်ကြောင် ကြောင်နေတဲ့ကောင်တွေလို မဟုတ်ဘူးဗျ။
ကျန်းမာရေးအလွန်ကောင်းတဲ့ပုံပဲ။ တနေကုန်တနေခမ်း လယ်ထဲယာထဲနွားခြံထဲ အလုပ် လုပ်။ ညနေစောင်းတော့မှ
ရေလေး မိုးလေးချိုး၊ အဝတ်အစားသန့်သန့်ပြန့်ပြန့်လေးဝတ်၊ နွားနို့အစစ် တချိုင့်လောက်ကြီးကို
မလိုင်တက်အောင်ကျို၊ ဆားလေးငံပျပျလောက်ခပ်၊ ဆေးခြောက်ကို မန်ကျည်းနှစ်လေးနဲ့ ကျကျနနနယ်ပြီး
တေပြီး ပြောင်းကြီးနဲ့ အပီချတာဗျ။ မချခင်ကတည်းက ညနေစာကလည်း ပြင်ထားပြီးသား။ ဆိတ်သားနဲ့ပဲနဲ့၊
ထမင်းနဲ့၊ ပါပရာနဲ့၊ မလုပ်ဿနီးနဲ့၊ သရက်သီးသနပ်နဲ့၊ ငရုပ်တောင့်ခြောက်ကြော်နဲ့ ရယ်ဒီလုပ်ထားတာ။
ဆေးရှိန်လေးတက်လာတော့ နွားနို့တွေမော့သောက်လိုက်၊ အချိုလေးတည်းလိုက်၊ ပသာလို့ခေါ်တဲ့ဗုံကလေးနဲ့
သီချင်းလေးတီးလိုက် ညီးလိုက်ပေါ့ဗျာ။ ဆေးလည်း တပြောင်းပြီးတပြောင်း သီချင်းလည်း တပုဒ်ပြီးတပုဒ်
လူလည်းဖြေလျှော့ခွေလောက်ဖြစ်ပြီဆိုမှ အကုန်သိမ်း ညစာအကြိုက်ဝါးပြီး တချိုးတည်းအိပ်တာဗျ။
နောက်နေ့မနက်ကျတော့ လူက လန်းလို့ရွှင်လို့ အားပြည့်ခွန်ပြည့်ကိုဖြစ်လို့ ဆိုပဲ။ သူအခု
ထောင်ထဲမှာ ဆေးခြောက်မရှူရတော့ ဆေးရွက်ကြီးကို ထုံးနဲ့တေပြီး ငုံတယ်ဗျ။ ကျနော်တောင်
ဆေးလိပ်ဖြတ်တော့ အဲ့ဒီနည်းသုံးသေးတယ်။ နောက်တော့ မဟန်တာနဲ့ ပြန်ဖြတ်လိုက်တာ။ သူ့အမှုတွဲလေးက
တခါတခါ သူ့အတွက် ဆေးရွက်ကြီးနဲ့ထုံး တေတေပေးတတ်တယ်။ ကောင်လေးက ကရင်-ဗမာကပြားလေး။ အသက်က
၂၁ နှစ်လောက်။ ကောင်လေးက ရိုးပုံရိုးလက်လေး။ ထောင်ဝင်စာမရှိတော့ သူကပဲ ကျွေးမွေးကြည့်ရှူထားတာ
ပေါ့လေ။ ညအိပ်ချိန် မပေးခင်ဆို ကောင်လေးလေးက သူ့ကိုနင်းပေးနှိပ်ပေးရင်း စကားတပြောပြောနဲ့
သားအဖကျနေတာပဲဗျာ။ ကြည့်ရတာ ကြည်နူးစရာလေး။ သူတို့အမှုဖြစ်တာက ဒီလိုဗျ။
ကောင်လေးက
ရွာမှာအလုပ်အတည်တကျမရှိဘူး။ မိုးတွင်း စာရင်းငှားလုပ်တယ်။ စပါးသိမ်းပြီးချိန်ဆို တောင်ပေါ်တက်တယ်။
ယိုးဒယား ဘက်ကို နေ့စားနဲ့ နွားမှောင်ခိုမောင်းတယ်။ တခါတလေ လက်ထဲပိုက်ဆံလေးနည်းနည်းရှိရင်
တောင်ပေါ်ရွာတွေက ကွမ်းကြမ်းလို့ခေါ်တဲ့ ကွမ်းရွက်အကြီးကြီးတွေ(ကြမ်းလည်းတကယ်ကြမ်းတယ်) တက်ဝယ်ပြီး
တောင်ငူဘက် ဖြူးဘက် ဇေယျဝတီ ဘက်တွေမှာ စားသူတွေဆီ လက်လီပြန်ရောင်းတယ်။ နွေနဲ့ဆောင်းဆို
တောင်ပေါ်တက်လိုက်ဆင်းလိုက်ပေါ့လေ။ တရွာထဲသားတွေဆိုတော့ ဦးရမ်းမဿူးရ်နဲ့လည်း သိကြတယ်။
တောင်ပေါ်မှာက ကွမ်း၊ ကွမ်းသီး၊ ဖာလာကြမ်းစတာတွေ အပြင် ဆေးခြောက်လည်းစိုက်တာကိုး။ ရှိတာကိုး။
ဆိုတော့ တခါတလေ လမ်းကြောင်းချောင်ရင် တောင်ပေါ်က အဆင်းမှာ ဆေးခြောက်လေးဘာလေးပါ သယ်သယ်လာတယ်။
မြို့မှာ လက်သိပ်ထိုး ပြန်ရောင်းတယ်။ မြိုးမြိုးမြက်မြက်လေးကျန်တယ်ဆိုပါတော့။ ခက်တာက
အဲ့ဒီတောင်ပေါ်လမ်းကြောင်းဖြတ်တာက စစ်တပ်နယ်မြေရော ကရင်သူပုန်နယ်မြေရောဖြတ်ရတာ။ ဘယ်သူနဲ့တိုးတိုး
ပြဿနာရှိတယ်။ မတိုးအောင်ရှောင်ရင်း တိုးမိတဲ့အခါ ပါတာလေးအကုန်ပါသွားတတ်တယ်။ စစ်တပ်နဲ့တိုးရင်
ပေါ်တာမပါအောင် မနည်းရုန်းရတာဆိုတော့ “လူမသေပြန်ရှာလို့ရတယ်” ဆိုတဲ့ထုံး နှလုံးပိုက်ပြီး
ပါတာအကုန်ပေးလိုက်ရတယ်။ ကရင်ဂိတ်တွေဖြတ်ရတဲ့အခါကြတော့ ဂိတ်ကြေးပေးရတယ်။ နွားအငှားမောင်းရင်
အသွားမှာ နွားရှင်ကပေးတာဆိုတော့ ကိစ္စမရှိဘူး။ အပြန်ကျတော့ ကိုယ်ပါလာတဲ့ယိုးဒယားပစ္စည်းလေးတွေ
ဘာလေးညာလေးတွေအတွက်ကျ ကိုယ့်ဘာသာပဲပေးရတာ။ နောက်တဂိတ်ကျ နောက်တခါထပ်မပေးရအောင် ဦးဆုံးဂိတ်က
ဂိတ်ကြေးပေးပြီးကြောင်း စာရွက်ကလေးပေးလိုက်တယ်။ အဲ့ဒါလေးပြပြီး လမ်းက ကျန်တဲ့ဂိတ်တွေအကုန်
ဖြတ်ရတာ။ တကယ်လို့ နောက်တဂိတ်မရောက်ခင် ပျောက်သွားပျက်သွားရင် တခါထပ်ပေးရတာဆိုတော့
လမ်းခရီးမှာ ကျစ်ကျစ်ပါအောင် မပျောက်မပျက်သိမ်းရတယ်။
တပတ်
သူတောင်ပေါ်တက်မယ့်အကြောင်းပြောတော့ ဦးရမ်းမဿူးရ်က “အပြန်ဆေးခြောက်ဆွဲခဲ့ကွာ ကောင်းကောင်းလေးလုပ်ခဲ့” ဆိုပြီး
ငွေ တစ်သောင်းပေးလိုက်တယ်။ သူလည်း အပြန်ကျတော့ ဆွဲလာခဲ့တယ်။ သူ့အတွက်လည်း အထိုက်အလျှောက် ကျန်မှာဆိုတော့
ပျော်နေတယ်။ ဒီလိုနဲ့ပြန်လာလိုက်တာ အပြန်လမ်းက ကရင်ဂိတ်တွေအကုန်ဖြတ်ပြီး ကားလမ်းဘက်ပိုင်းနားလည်းကျရော
ခလရ(၃၉)က လှည့်ကင်းနဲ့သွား တိုးတယ်။ သူကလည်း ဆေးခြောက်တွေပါလာတာဆိုတော့ နည်းနည်းလန့်ပြီး
ပုံပျက်သွားတယ်။ ဒီတင် တပ်စုမှူးက ရပ်ခိုင်းပြီးရှာတော့ ဆေးခြောက်ထုပ်ကြီး သွားတွေ့တယ်။
ဆေးခြောက်ထုပ်က ဒီလောက်ကိစ္စမရှိဘူး။ ပစ္စည်းသိမ်းပြီး လူပြန်လွှတ်လိုက်တာတွေတောင် အများကြီးပဲ။
ပြဿနာက ကိုယ်ကိုရှာရင်း အတွင်းခံဘောင်းဘီကြားထဲ လိပ်ထည့်ထားတဲ့ ဂိတ်ကြေးပြေစာ စာရွက်ကလေးမိသွားတာ။
ဒီတင် သူတို့နဲ့တခါတည်းလိုက်ခဲ့ဆိုပြီး တပ်ထဲခေါ်ချသွားတယ်။ နောက်တော့ ရဲလက်အပ်ပြီး
အမှုစစ်တော့ သူက ဆေးခြောက်ကိုတော့ “ဦးရမ်းမဿူးရ်ဝယ်ခိုင်းတာပါ” ဆက်ကြေးကတော့ သူပေးတာပါဆိုပြီး
ပြောလိုက်တယ်။ ဒီတင် ဦးရမ်းမဿူးရ်အိမ်သွားရှာတော့ လက်ကျန် ဆေးခြောက်တွေပါမိသွားတယ်။
ကောင်လေးက သူပုန်ကိုထောက်ခံအားပေး ဆက်သွယ်မှု(၁၇/၁)ရယ် ဆေးခြောက်မှုရယ် ၂ မှုပေါင်း (၅)နှစ်။
ဘိုးတော်က ဆေးခြောက်မှုနဲ့ (၂)နှစ်။ အဲ့သလိုနဲ့ အမှုတွဲတွေဖြစ်ပြီးထောင်ကျလာကြတာ။
ဦးရမ်းမဿူးရ်က
တခါတခါ ထောင်ထဲနေရတာညစ်လာတဲ့အခါကျ ကောင်လေးကို “မင်းကွာ ချွန်နော့်ဖါတာ ဝယ်လာဒါလို့ပြောလိုက်လည်း
ရရက်ဒါးနဲ့ နာ့ကိုအမှုတွဲဒယ်ကွာ။ နာ ဂန်ဂျားရှူလာတာ အနှစ် ၅ဝ ကွာ။ မင်းနဲ့ကျမှ ထောင်ကျဒယ်။
ပြီးဒေါ့ ဟိုစာရွက်ကိုလည်း ဂိတ်ဒွေ မရှိတော့ရင် လွှင့်ပစ်လိုက်ပေါ့။ မလွှင့်ပြစ်ဘူး သိမ်းထားဒယ်။
တော်တော် ပေါ့ဆဒဲ့ကောင်”ဆိုပြီး ယူကြုံးမရပြောတတ်တယ်။ အဲ့အခါမျိုးဆို ကောင်လေးလည်း
မျက်စေ့မျက်နှာပျက်လို့။ ငိုတော့မလို ထိုင်ရမလိုထိုင်ရမလိုနဲ့ သနားစရာသိတ်ကောင်းတယ်။
ခနနေတော့ ကောင်လေး စိတ်မကောင်းဖြစ်သွားမှန်းသိပြီး ဦးရမ်းမဿူးရ်ကြီးက ပြန်ချော့တယ်။
စိတ်လည်းပြန်ပြေသွားတယ်။ နဂိုလို ပြန်ပြီး တွယ်တွယ်တာတာပါပဲ။ ဒါလည်း ခနခနဖြစ်တာတော့
မဟုတ်မဟုတ်ပါဘူး။
တနေ့တော့
ဘာဖြစ်တယ်မသိဘူး။ ဦးရမ်းမဿူးရ်ကြီးက ကောင်လေးကို စိတ်အတော်တိုနေတယ်။ မေးကြည့်တော့
အလုပ်ကြီးကအပြန်မှာ ချက်လာတဲ့ညစာဗူးကိုအဖုံးဖွင့်တာ လက်ချော်ပြီးအကုန်မှောက်ကုန်လို့တဲ့။
ညစာစားစရာဟင်း မရှိတော့လို့တဲ့။ တဗျစ်တောက်တောက်နဲ့။ မပြီးတော့ဘူး။ တညနေလုံးလိုလိုပဲ။
ဒါနဲ့ ရှိတာနဲ့စားပြီး ထောင်မပိတ်ခင် ထိုင်စကားပြောတော့ ကောင်လေးကထုံးစံအတိုင်း သူ့အမှုတွဲကြီးအတွက် ဆေးရွက်ကြီးကိုထုံးနဲ့တေပြီး နယ်ပေးတယ်။ ဘိုးတော်ကလည်း ကျနော့်ရှေ့တင်ယူပြီး
ပါးချောင်ထဲပစ်ထည့်ပြီး လျှာနဲ့ထိုးကပ်လိုက်တယ်။ နောက်တော့ ချက်ခြင်းပြန် ဖရူးကနဲထွေးထုပ်ပြီး
ရေသောက်တယ်။ ထုံးများပြီး ပါးစောင် ထုံးပေါက်ကုန်တာ။ ဒီတင် ဦးရမ်းမဿူးရ် ပေါက်ကွဲတော့တာပဲ။
ညစာလည်း ဟင်းနဲ့မစားရ။ ခုလည်း ထုံးကပေါက်ဆိုတော့ အမှုကပိုကြီးပြီပေါ့။ မျက်နှာကြီးလည်း
မဲလို့။ ကောင်လေးကို ကြည့်ရင်း ကျနော့်ဘက်လှည့်ပြောတယ် “ဒီကောင်လုပ်လို့ ချွန်နော်ထောင်ကျဒါ။
ဒီကောင်ပြောလို့ ချွန်နော့်ဆေးခြောက်မှန်း သူဒို့သိသွားတာ။ ဒီကောင် ဟိုစာရွက်ကို ဘာလို့သိမ်းထားလဲ။
လွှင့်ပစ်လိုက်ပေါ့။ မပစ်ဘူး။ ဒါ့ကိုတွေ့လို့ စစ်တပ်ကဖမ်းတာ။ နို့မို့ဆို မဖမ်းဘူး။
ပြန်လွှတ်ဒယ်။ ဒီကောင်ပေါ့ဆဒါ”ဆိုပြီး တတွတ်တွတ်လည်းပြော ကောင်လေးကိုလည်း လက်တရွယ်ရွယ်နဲ့။
ကျနော်တားလို့ နောက်ဆုံးစိတ်လျှော့ပြီး အိပ်ယာပေါ်ခေါင်းချကာနီးကျမှ ကောင်လေးကိုတည့်တည့်စိုက်ကြည့်ပြီး
“ဂျိုးမွေးဒဲ့ကောင်၊ ကိုယ့်ကြက်မကိုယ် ဖမ်းတီးဒဲ့ကောင်”လို့ပြောရင်း စိတ်ဆိုးမန်ဆိုးနဲ့
တဖက်ကိုလှည့်သွားတယ်ဗျ။
မနက်ကျတော့
ပုံမှန်အတိုင်းပါပဲ။ ကောင်လေးကလည်း ဆေးရွက်ကြီးနဲ့ ထုံးလေးတေပြီး နယ်လို့။ ဦးရမ်းမဿူးရ်ကြီးကလည်း
ဟိန္ဒူမုန့်အချိုလေးတွေ နှစ်ယောက်စာ ပန်းကန်ပြားလေးထဲထည့်လို့။ ထောင်ဆန်ပြုတ်ခွက်ကိုယ်စီ
ရှေ့ချလို့။
(သူပြောတာက
ဂြိုမွှေတဲ့ကောင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးတဲ့ကောင် ဖြစ်ပါတယ်ခင်ဗျား)
မနက်က
ကိုမားဆိုးနဲ့ ရွှေပြည်ကြီးက ဂြိုမွှေတဲ့ကောင်တွေအကြောင်းပြောရင်း ပြန်သတိရလို့ရေးတာပါ။မျိုးမြင့်ချို
ဇွန် ၁၄ ရက် ၂ဝ၁၃
0 comments:
Post a Comment