ဒေါ်ခင်ကြည်ပြောပြတဲ့
လူ (၅)ယောက်အကြောင်း(လှကွန့်) (အစပိုင်း ၂)
ဧပြီ
၂ဝ၁၂ မြန်မာသစ်မဂ္ဂဇင်းမှ (ကျနော်
ဒီဆောင်းပါးကို စာရိုက်ပြီး ပြန်တင်မယ် တင်မယ်နဲ့ မလုပ်ဖြစ်ပါ။ ဇက်နည်းနည်းနာနေတာလည်း
ပါပါတယ်။ မနက်ကတော့ ငြိမ်းချမ်းအောင် စတေးတပ်စ်အောက်မှာ ရေးထားတဲ့ကွန်မန့်တွေတွေ့ပြီး
မဖတ်ရသေးသူတွေမနည်းပါလားလို့ သိလိုက်ရပြီး ဖတ်မိရင်အကျိုးများကြမယ်တွေးမိကာ ခုတော့
စရိုက် စတင်ပါပြီ။ အားလုံး ၉ မျက်နှာပါ။ ရှယ်ယာလုပ်လို့ရပါတယ်။ လုပ်လည်းလုပ်ကြစေချင်ပါတယ်။
စိတ်ရှည်ရှည်ဖတ်ရင် သူ့ရေးဟန် သူ့အဖွဲ့အနွဲ့ထဲမှာ မြှုတ်ထားတာတွေက ဖော်ထုတ်လို့ရမယ်ထင်ပါတယ်။
မျိုးမြင့်ချို) မေ ၃၁ ၂ဝ၁၃
ဒုတိယအအကြိမ်
ဒေါ်ဒေါ်နဲ့ဆုံဖြစ်တာက အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးရာထူးက ဖယ်ရှားခံရပြီးတဲ့အချိန်။
၁၉၆၉ ဝန်းကျင် ဆိုပါစို့။ အိုးဝေဂျာနယ်ထုတ်နေချိန်ပေါ့။ နိုင်ကငံရေးခေါင်းဆောင်ဟောင်းကြီးတွေ
သပက်ကြီးရွယ်အိုပညာရှင်ဟောင်းကြီးတွေနဲ့ လိုက်လံတွေ့ဆုံဖို့ ဦးညိုမြကတိုက်တွန်းပါတယ်။
သူကိုယ်တိုင် လိုက်မိတ်ဆက်ပေးပါတယ်။ ဦးကျော်ငြိမ်း၊ ဦးဘဆွေ၊ ဒေါက်တာဘမော်၊ သခင်ဝတင်၊
သခင်တင်၊ သခင်ချစ်မောင်၊ ဗိုလ်မြသွေးစတဲ့ လက်ဝဲလက်ယာခေါင်းဆောင် တော်တော်များများနဲ့
တွေ့ပေးပါတယ်။ ဒီလိုတွေ့ပေးတာက သူတို့ဆီက စာမူတွေရအောင်တောင်းဖို့ပါ။ စာမူတောင်းလို့မရရင်
သူတို့စကားပြေလာအောင် ဆွပေးပါ။ သူတို့ပြောတဲ့အထဲမှာတန်ဖိုးရှိတဲ့၊ သမိုင်းတန်ဖိုးရှိတဲ့စကားတွေ
ပါလာလိမ့်မယ်။ အဲ့ဒါကို သေသေချာချာမှတ်သားပါ။ အဲ့ဒီမှတ်သားထားတာတွေဟာ မင်းအတွက်စာတွေဖြစ်လာလိမ့်မယ်လို့ ဆရာဦးညိုမြကသွန်သင်ပါတယ်။ ဒီသွန်သင်ချက်က ခေါင်းဆောင်ကြီးတွေနဲ့တွေ့ဖြစ်တာပါ။
ဒေါ်ဒေါ် ဒေါ်ခင်ကြည်နဲ့တွေ့ဖြစ်တာလည်း ဒါ့ကြောင့်ပါပဲ။ သားသေလင်ဆုံးဘဝမှာ သံအမတ်ကြီးအဖြစ်ကလည်း
ပြုတ်ကျခံရတဲ့ဘဝ၊ ဒီကြားထဲ ရှိတဲ့သားသမီးနှစ်ဖြာကလည်း နိုင်ငံရပ်ခြားမှာ၊ အင်မတန်စိတ်ဓါတ်ကျပြီး
ညှိုးချုံးနေမှာပဲလို့တွေးထင်ရင်း တက္ကသိုလ်ရိပ်သာလမ်းက အခု ဒေါ်အောင်ဆန်းစုကြည်နေထိုင်နေတဲ့အိမ်ရှေ့ ရောက်ခဲ့ပါတယ်။ ခြံဝမှာ သစ်သားတံခါးလေး ကာဆီးထားပါတယ်။ တခြားဘယ်လို အစောင့်အရှောက်အတားအဆီးမှမရှိပါ။
စစ်ဆေးမေးမြန်းမယ့်သူလည်းမရှိ။ (သြော်..အတော် အထီးကျန်ဆန်လှပါလားလို့ တွေးမိပါတယ်)
သစ်သားတံခါးလေးကို အသာဟပြီး အထဲဝင်လိုက်တယ်ဆိုရင်ပဲ သင်းပျံ့မွှေးကြိုင်တဲ့ပန်းရနံ့လေးက
နှာဝကိုကယူကျီစယ်လိုက်တယ်။ အင်းလျားရေပြင်ကိုရှပ်တိုက်ပြေးလွှားလာတဲ့လေပြေနုက လန်းဆန်းစေတယ်။
ခြံတွင်းမှာ သန့်ပြန့်ရှင်းလင်းနေတယ်။ ခြံကျယ်ကြီးရဲ့နောက်ဖက်မှာ အဖြူရောင်ဆင်ဝင်နဲ့
၂ထပ်တိုက်ကြီး တစ်လုံး၊ ရှေ့မြောက်ဘက်အင်လျားကန်စပ်မှာ အရှေ့ဘက်လမ်းမကြီးနဲ့ကပ်လျက်မှာ
သစ်သားအိမ်လေးတစ်လုံးစီ၊ အလယ်မြေကွက်လပ်မှာ စက်ဝိုင်းပုံမြေကြီးပေါင်လုပ်ထားတယ်။ အဲ့ဒီပေါင်ပေါ်မှာ
လစ်လီပန်းတွေအပြည့် စိုက်ထားတဲ့ပန်းခင်းကြီး၊ ခြံရဲ့တခြားကျန်နေရာတွေမှာလည်း တခြားအပင်တွေစိုက်ထားတယ်။
တစ်ခြံလုံးစိမ်းလန်းစိုပြေ လှပနေတယ်။ အဖြူရောင်လစ်လီပန်းပွင့်ကြီးတွေက ဆွဲဆောင်မှုအား
အကောင်းဆုံး။
ညှိုးငယ်ပန်းလျနေလိမ့်မယ်လို့ထင်ထားတဲ့အထင် ပါစင်အောင်လွဲပါပေါ့။ ခြံထဲက အပြင်အဆင်အမွမ်းအမံတွေက စိတ်ဓါတ်မကျတဲ့အပြင်
လန်းဆန်းတက်ကြွလာစေတယ်။ ဒါဟာ ဒေါ်ဒေါ့်ရဲ့စိတ်ဓာတ်ကို ခန့်မှန်းနိုင်တယ်။ သားကွဲလင်ကွဲဘဝ၊
အိမ်နိမ့်စံဘဝမှာတောင်စိတ်ဓါတ်မကျပဲ သဘာဝပတ်ဝန်းကျင်ကို လန်းဆန်းတက်ကြွလာအောင်ဖန်တီးနိုင်စွမ်းရှိသလို
သူ့ကိုယ်သူလည်း စိတ်ဓါတ်ခိုင်ခိုင်ထားနိုင်တယ်ဆိုတာ တွေ့ရပါတယ်။
အိုးဝေဂျာနယ်
၂ ပတ်တစ်ကြိမ် စနေနေ့မှာထုတ်ဝေလေ့ရှိတယ်။ ဂျာနယ်ထွက်တဲ့စနေနေ့တိုင်းမှာ ဒေါ်ဒေါ့်အိမ်ရောက်လေ့ရှိတယ်။
ရောက်တဲ့ နေ့တိုင်းလိုလို ဆင်ဝင်အောက်မှာ ဒေါ်ဒေါ့်ကိုတွေ့ရလေ့ရှိတယ်။ ဒေါ်ဒေါ့်ရဲ့ပုံသဏ္ဍန်က
သူပြောတာတွေကို နားထောင်ပေးမယ့်သူကို ငံ့လင့်နေဟန်တူတယ်။ ကျနော်က ဆယ့်ငါးရက် စနေနေ့တိုင်းလို
ဒေါ်ဒေါ်ပြောတာတွေကို နားထောင်မှတ်သားလေ့ရှိတာကိုး။ ကျနော် မရောက်ခင်မနက်ပိုင်းမှာ သံဃာတော်တွေကို
ဆွမ်းလောင်းတယ်။ ဆင်ဝင်အောက်ထပ်က စားပွဲလေးပေါ်မှာ ကြွေရေသုတ်ဆွမ်းချိုင့်လေးတင်ထားပြီးလောင်းလေ့ရှိတယ်။
ကျနော့်အတွက် လက်ဘက်ရည်၊ မုန့်၊ ရေနွေးကြမ်းတို့ ဒေါ်ဒေါ့်ဝေယျာဝစ္စလုပ်ပေးတဲ့ ကုလားမလေးက
လာချပေးတယ်။
ဒေါ်ဒေါ်က
သူ့ခင်ပွန်းသည်အကြောင်း တမ်းတမ်းတတပြောလေ့ရှိတယ်။ နိုင်ငံရေးခေါင်းဆောင်တချို့အကြောင်းလည်း
ပါတယ်။ သူ့ခင်ပွန်းသည် ဗိုလ်ချုပ်အောင်ဆန်းပြောပြခဲ့တဲ့ ဂျပန်နဲ့ပေါင်းရတဲ့အကြောင်း၊
ဂျပန်သွားခရီးအကြောင်း၊ ဂျပန်တော်လှန်ရေးအကြောင်းတွေနဲ့ လွတ်လပ်ရေးကြိုးပမ်းမှု သူမကိုယ်တွေ့တွေကို
ပြောပြလေ့ရှိတယ်။ အဲ့ဒီအထဲက မှတ်မှတ်သားသား လူ (၅)ဦးအကြောင်း ပြောပြခဲ့ပါတယ်။ အဲ့ဒါလေး
ပြန်လည်တင်ပြချင်ပါတယ်။
“ဒီနေ့တော့
လူ (၅)ယောက်အကြောင်းပြောပြမယ်။ ပထမပြောပြမှာက ဒေါ်ဒေါ့်ယောင်္ကျားအကြောင်းပဲ။ ဒေါ်ဒေါ့်ယောင်္ကျားဟာ
စောစောစီးစီးငယ်ငယ်ရွယ်ရွယ်နဲ့
သေသွားတာကောင်းတယ်။ တကယ်လို့ စောစောမသေပဲ ဟိုဟာတွေနဲ့ပေါင်းမိသွားရင် နံမည်ပျက်နဲ့ သေရမှာ။
သေသွားတာကောင်းတယ်။ တကယ်လို့ စောစောမသေပဲ ဟိုဟာတွေနဲ့ပေါင်းမိသွားရင် နံမည်ပျက်နဲ့ သေရမှာ။
အဲ့ဒါလေး
နည်းနည်းရှင်းပြမယ်။ နောက်လူတွေအတွက် သင်ခန်းစာယူစရာလည်းကောင်းတယ်။ နိုင်ငံရေးမှာ ခေါင်းဆောင်ကောင်းတယောက်
ဖြစ်လာဖို့ဆိုတာ တော်တည့်ဖြောင့်မှန်တဲ့အဝန်းအဝိုင်းလိုတယ်။ သူ ကျောင်းသားခေါင်းဆောင်ဖြစ်တဲ့အချိန်မှာ
ကိုဗဟိန်းတို့လိုလူတွေက ဝိုင်းရံပေးကြတယ်။ သခင်ခေါင်းဆောင်ဖြစ်တဲ့အချိန်မှာ သခင်ဗဟိန်းတို့၊
သခင်သန်းထွန်းတို့ ဝိုင်းရံပေးကြတယ်၊ လက်တွဲလုပ်ခဲ့ကြတယ်။ သခင်မြ၊ သခင်ချစ်၊ သခင်စိုးတို့
သခင်လေးမောင်တို့လည်း ပါတာပေါ့။ အထူးသဖြင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊
သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ သခင်မြတို့က အနီးကပ်ထိန်းပေးကြတယ်။ တပ်ထဲရောက်တော့လည်း
ဗိုလ်လက်ယာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ကျော်ဇောတို့ ဗိုလ်ဗထူးတို့လိုသူတွေက ဝိုင်းရံထားကြတယ်။
ဒါ့ကြောင့် ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်အောင်ဆန်းလို့ တရှိန်ထိုးနံမည်ရလာတာပဲ။
ဒါဟာ
ဘာလဲဆိုရင် ပညာတတ်တာ၊ လူစွမ်းလူစရှိတာလောက်နဲ့မလုံလောက်ဘူး။ ရိုးသားဖြောင့်မတ်ရမယ်။
ကိုယ်ကျင့်သိက္ခာလည်းရှိရမယ်.။ နိုင်ငံရေးယုံကြည်ချက်ရှိရမယ်။ ခိုင်မာရမယ်။ နိုင်ငံတကာနဲ့
ပြည်တွင်းနိုင်ငံရေးမှာ အမြော်အမြင်ရှိရမယ်။ အရှည်မြင်တတ်ရမယ်။ ပြည်သူလူထုအကျိုးအတွက်မိမိကိုယ်ကျိုးကိုမငဲ့တဲ့
ပိုင်းဖြတ်မှုရှိရမယ်။ ရန်သူနဲ့တွေ့ရင်ဖယောင်း ရန်သူနဲ့တွေ့ရင်သံချောင်း၊ နာယကဂုဏ်နဲ့
ပြည့်စုံရမယ်။ အဲ့ဒီလို နိုင်ငံရေးသမားတွေနဲ့ပေါင်းမိလို့ ငါ့ယောင်္ကျား နံမည်သတင်းကောင်းခဲ့တာ။
တိုင်းပြည်လွတ်လပ်ရေးလုပ်ရင်း အယူအဆတွေကွဲလာတယ်။ စိတ်ဝမ်းကွဲလာတယ်။ လက်ဝဲအင်အားစုဖြစ်တဲ့ကွန်မြူနစ်တွေကို
ဖဆပလထဲက ကန်ထုတ်ခဲ့တယ်။
(မနက်ဖြန်
ဆက်ရိုက် ဆက်တင်ပေးပါ့မယ်)
0 comments:
Post a Comment