Friday, June 14, 2013

လစ်ဘရယ်ဝါဒအကြောင်းဆွေးနွေးချက်-အပိုင်း(၂)(ကိုဝတုတ်)

0 comments
လစ်ဘရယ်နဲ့ပတ်သက်ပြီး Waldron ရဲ့ အဓိပ္ပါယ်ကောက်ပုံကို ပြန်ဆက်ကြည့် ရအောင်။ စောစောကပြောသလို ကိုယ့်ကိုကိုယ် လစ်ဘရယ်အဖြစ်ခံယူသူဟာ liberty/freedom (ဒီဝေါဟာရနှစ်ခုက သူတို့ကို သုံးထားတဲ့ context ကိုလိုက်ပြီး တခါတခါ sense အဓိပ္ပါယ်တူတယ်၊ တခါတခါကွဲတယ်) နဲ့ဆိုင်တဲ့ conception တခုကို တာဝန်ယူလက်ခံရမယ်၊ ဒါ့အပြင် လူတိုင်းလူတိုင်းရဲ့ (ယောင်္ကျား၊ မိန်းမအားလုံး) လုပ်နိုင်၊ ကိုင်နိုင်၊ စဉ်းစားနိုင်၊ တာဝန်ယူနိုင်စွမ်းတွေ capacities and agency တွေကို လေးစားဖို့လိုတာကိုလည်း တာဝန်ယူလက်ခံရမယ်။ အဲဒီလို တာဝန်ယူလက်ခံတဲ့အခါမှာ ပေါ်ထွက်လာတာတခုက ဒီလူတွေနေထိုင်နေတဲ့ လူ့အဖွဲ့အစည်းနဲ့ဆိုင်တဲ့ကိစ္စရေးရာမှန်သမျှ (အားလုံးနဲ့ဆိုင်တဲ့ကိစ္စရေးရာတွေက ဘာတွေဖြစ်မလဲ။ ဥပဒေဆိုင်ရာကိစ္စရပ်တွေဟာ legal institution အကောင်းဆုံး ဥပမာပေါ့။ ဥပဒေဆိုတာအားလုံးနဲ့ဆိုင်တယ်၊ အားလုံးနဲ့အကျုံးဝင်တယ်) ကို ဒီလူ့အဖွဲ့အစည်းထဲနေထိုင်သူအားလုံး တယောက်မကျန်လက်ခံနိုင်အောင် ဒါမှမဟုတ် လက်ခံနိုင်စရာရှိအောင်စီစဉ်ဖို့၊ ပြဌာန်းဖို့၊ တည်ဆောက်ဖို့လိုအပ်ချက်ပဲ။
လူ့အဖွဲ့အစည်းထဲ ပြဌာန်းထားတဲ့ဥပဒေသတွေဟာ ဒီအဖွဲ့အစည်းထဲနေထိုင်တဲ့ ဘယ်သူမဆိုလက်ခံနိုင်ခြင်းမရှိ ဒါမှမဟုတ် လက်ခံနိုင်စရာမရှိရင် ဒီလူ့အဖွဲ့အစည်းကို လစ်ဘရယ်လူ့အဖွဲ့အစည်းအဖြစ်မခေါ်နိုင်ဘူး။ မွတ်စလင်အတွက် ဥပဒေတမျိုး၊ ခရစ်ယာန်အတွက် တမျိုး၊ ဗုဒ္ဓဘာသာအတွက်တမျိုးဖြစ်နေတာကိုလက်ခံတဲ့လူကို လစ်ဘရယ်လို့သတ်မှတ်ဖို့ခက်မယ်။ ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ လစ်ဘရယ်ဝါဒကိုဆန့်ကျင်ဝေဖန်တဲ့အမြင်နဲ့ဆိုင်တဲ့ လက်တွေ့ issue တခုကို အကျဉ်းပြောချင်တယ်။ (ကနေ့ခေတ်မှာ လစ်ဘရယ်ဝါဒကို အဓိကဆန့်ကျင်ဝေဖန်မှုက ဆိုရှယ်လစ်တွေနဲ့ communitarian ကွန်မြူနတီဝါဒကနေ လာတယ်။ ဆိုရှယ်လစ်တွေက Karl Marx ရဲ့ စာတွေကို ကိုးကားပြီး လစ်ဘရယ်ဝါဒကိုဝေဖန်ကြသလို ကွန်မြူနတီဝါဒီတွေအတွက် ခဲယမ်းမီးကျောက်ကိုတော့ ဟေဂယ်ရဲ့ Hegel အရေးအသားတွေမှာ တွေ့နိုင်တယ်။ ကနေ့ခေတ်မှာထင်ရှားတဲ့ communitarian ကွန်မြူနတီဝါဒီတွေကတော့ ဟားဗတ်တက္ကသိုလ်က Michael Sandel နဲ့ အင်ဂလန်က Alisdair MacIntyre တို့ပဲ။ သူတို့ ဘယ်လို လမ်းကြောင်းတွေကနေ ဝေဖန်သလဲဆိုတာဆက်နေရင် ပေရှည်နေမှာမို့ ဒီနေရာမှာအသေးစိတ်ပြနိုင်မှာတော့မဟုတ်ဘူး။ တချိန်မှာ တင်ပြနိုင်မယ်လို့မျှော်လင့်ပါတယ်)
ပြန်ဆက်ရရင် Waldron ကောက်ချက်အရဆိုရင် လစ်ဘရယ်ဝါဒဆိုတာ social arrangement လူ့အဖွဲ့အစည်းကိုစီစဉ်ဖွဲ့စည်းပုံနဲ့ ခွဲမရအောင်ဆက်စပ်နေတယ်။ လစ်ဘရယ်ဝါဒကိုလက်ခံတဲ့အခါ လူ့အဖွဲ့အစည်းကိုစည်းကြပ်မောင်းနှင်ဖို့ regulate လုပ်ဖို့ ပြဌာန်း သတ်မှတ်ထားတဲ့ဥပဒေတွေ၊ လူတွေရဲ့လူမှုဘဝနဲ့ဆိုင်တဲ့ကိစ္စရေးရာတွေကို ဒီလူ့အဖွဲ့အစည်းထဲနေထိုင်သူအားလုံး လက်ခံနိုင်စွမ်း ရှိအောင် စီစဉ်ပြဌာန်းဖို့လိုအပ်လာပြီ။ ဒီအချက်ဟာ အင်မတန်မှအရေးကြီးတယ်။ ပထမဆုံးစာပိုဒ်မှာတွေ့ခဲ့ရသလို လစ်ဘရယ်ဝါဒ ရဲ့ရှေ့ဆောင်ပုဂ္ဂိုလ်တွေအဖြစ်သဘောထားကြတဲ့ Hobbes, Locke, Rousseau တို့ရဲ့ ကိုယ်စားပြုမှုဆိုင်ရာသီအိုရီတွေ တနည်း လူမှုပဋိဉာဏ်ဆိုင်ရာသီအိုရီတွေနဲ့လစ်ဘရယ်ဝါဒဟာ ခွဲမရအောင်ဆက်စပ်နေရတာကို ဒီအချက်က ကောင်းကောင်းရှင်းပြနိုင်စရာ ရှိတယ်။ လစ်ဘရယ်ဝါဒနဲ့လူမှုပဋိဉာဏ်ဝါဒ ဆက်စပ်မှုကို Waldron ဆောင်းပါးမှာ ဘယ်လိုဖော်ပြထားသလဲဆိုတဲ့မေးခွန်း ကို ဆောင်းပါးဖတ်ပြီးသူတွေ ကိုယ့်ဘာသာဖြေကြည့်သင့်တယ်။ ဒီမေးခွန်းအတွက် Waldron ရဲ့ ဆောင်းပါးက အခန်းသုံးနဲ့လေးကို အဓိကကြည့်ကြည့်ပါ။ လောလောဆယ် ဒီမေးခွန်းကို အကြမ်းချဉ်းကပ်ကြည့်မယ်။
လွတ်လပ်မှုကို ကိုယ့်ကြမ္မာကိုယ်ပြဌာန်းနိုင်ခြင်းရှိမရှိ၊ တနည်း ကိုယ့်ဘဝကို ပြင်ပရဲ့ချုပ်ကိုင်မှု control or subjection မပါဘဲ ဘယ်လောက်ကျောင်းနိုင်မလဲဆိုတာကိုကြည့်ပြီး တိုင်းတာလို့ရနိုင်ပုံရှိတယ်။ ဥပမာ ဘယ်ဘာသာမှ မကိုးကွယ်တဲ့လူတယောက်ကို ဓားမိုးပြီး ဘာသာတခုထဲကိုအတင်းအကြပ်သွတ်သွင်းတယ်ဆိုပါစို့။ ဒီလူဟာ သူကိုယ်တိုင်လက်ခံထားတာမဟုတ်တဲ့ သူ့ကို သွတ်သွင်းလိုက်တဲ့ဘာသာရဲ့ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရဆိုတဲ့ညွှန်ကြားချက်တွေနဲအညီ သူကိုယ်တိုင်ရဲ့ပြဌာန်းမှုတွေနဲ့အညီ မဟုတ်ဘဲ နေရတော့မယ်။ ဒီလူဟာ သူသဘောမတူဘဲ ပြင်ပအရာတခုရဲ့ချုပ်ကိုင်မှုနဲ့အညီနေရတာမို့ သူဟာ မလွတ်လပ်ဘူး။ (ဒီတော့ လူတွေကို သူတို့အလိုဆန္ဒနဲ့ဆန့်ကျင်ပြီး ဘာသာအယူတခုခုကို အတင်းလက်ခံခိုင်း၊ ဒီဘာသာအယူထဲ အတင်းသွတ်သွင်း တာဟာ သူ့ကိုအကျဉ်းချပစ်တာပဲ) နိုင်ငံရေးမှာလည်း အစိုးရက လူတွေကို သူ့ရဲ့အမိန့်အာဏာ၊ ဥပဒေတွေကို လူတွေရဲ့ အလိုနဲ့ဆန့်ကျင်ပြီး အတင်းအကျပ်လက်ခံခိုင်းတာဟာ လူတွေကိုအကျဉ်းချပစ်တာပဲ။ ဒီလိုအစိုးရမျိုး၊ အုပ်ချုပ်မှုပုံစံမျိုးကို tyranny လို့ ခေါ်မှာပေါ့။ အာရစ္စတိုတယ် Aristotle ကတော့ tyranny ဆိုတာ corrupt form of government ပုံပျက်နေတဲ့အစိုးရတဲ့၊ ဒီလိုအစိုးရမျိုး၊ အုပ်ချုပ်မှုပုံစံမျိုးဟာ ကြာကြာမခံဘူးတဲ့။
တဘက်မှာ သူများတကာ ချပေးထားတဲ့ စည်း၊ ဘောင်တွေထဲမှာနေဖို့ ကိုယ့်ကိုကိုယ် ပုံစံခွက်ထဲထည့်တာထက် ကိုယ့်စည်းကိုယ့်ဘောင် ကိုယ့် ideal တွေအတိုင်းနေရတာကပိုလွတ်လပ်တာကို သဘောတူကြမယ်ထင်တယ်။ ဒါပေမယ့် အရာရာမှာ ကိုယ့်သဘောအတိုင်းချည်းဖြစ်နိုင်မှာမဟုတ်ဘူး။ တဘက်မှာ လူ့အဖွဲ့အစည်းနဲ့နေနိုင်ဖို့၊ social life ဆိုတာဖြစ်နိုင်ဖို့ လူတိုင်းလူတိုင်းဟာ ကိုယ်နေချင်သလိုနေလို့မရနိုင်ပေဘူး။ အကယ်၍များ လူ့အဖွဲ့အစည်းထဲက စည်းတွေဘောင်တွေဟာ ကိုယ်လက်ခံနိုင်တဲ့စည်းဘောင်တွေဖြစ်နေမယ်ဆိုရင်ရော။ ဒီ စည်းမျဉ်းစည်းကမ်းတွေအတိုင်းလိုက်နာတာဟာ သူများတကာရဲ့အပြုအပြင်ကိုခံပြီး၊ တနည်း မလွတ်မလပ်တဲ့ဘဝမှာနေနေတာဆိုပြီး ပြောလို့ရပါ့အုံးမလားလို့ လစ်ဘရယ်တွေက စောဒကတက်ဖွယ်ရှိတယ်။ တနည်းအားဖြင့် လူ့အဖွဲ့အစည်းကို အားလုံးလက်ခံနိုင်တဲ့အနေအထားတခုရအောင် စီရင်ပြုပြင်နိုင်မယ်ဆိုရင် ကိုယ်ဟာ လူ့အဖွဲ့အစည်းထဲနေထိုင်းခြင်းရဲ့အကျိုးကျေးဇူးတွေကိုခံစားနိုင်မယ့်အပြင် ကိုယ့်လွတ်လပ်ခွင့်ကိုလည်းထိန်းသိမ်းနိုင်စရာရှိတယ်လို့ လစ်ဘရယ်တွေကယူဆတယ်။ ဒါ့ကြောင့် လစ်ဘရယ်အတွေးအခေါ်မှာ လွတ်လပ်မှုကိုလည်းထိန်းသိမ်းအောင်၊ အသင်းအဖွဲ့နဲ့လည်းနေနိုင်အောင်ဆိုတဲ့အချက်နှစ်ချက်ကို ပဓာနထားပြီး လူ့အဖွဲ့အစည်းကို ပုံစံချတဲ့အပိုင်းကိုဉီးစားပေးတာ။ အဲဒိအတွက်ကြောင့် လစ်ဘရယ်အတွေးအခေါ်နဲ့အသိဉာဏ်အလင်းပွင့်မှုခေတ် Enlightenment ရဲ့ အဓိကသရုပ်သကန်အတွေးအခေါ်ဖြစ်တဲ့ ကိုယ်စားပြုမှုသီအိုရီ theory of representation နှစ်ခုကြားမှာ ဆက်စပ်မှုကြီးမားတာဖြစ်တယ်။


0 comments:

Post a Comment