Monday, June 10, 2013

၂၀၁၅ရွေးကောက်ပွဲအတွက်အသံပေးကြပြီ (ရဲဘော်ဖိုးသံချောင်း)

0 comments
ဒီတလောအတွင်း ဗမာပြည်မှာ"သမတလုပ်ချင်တယ်"လို့ ပြောင်ထုတ်ပြောသံနှစ်သံ ကြားလိုက်ရတာဟာ တိုက်ဆိုင်လှတယ်လို့ ဆိုရပါမယ်။ ပြောတဲ့လူတွေကတော့ အားလုံးသိကြတဲ့အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ဗိုလ်ချုပ်ကြီးရွှေမန်း (သူတို့ပြောတဲ့အချိန်အလိုက် ရှေ့နောက်စဉ်လိုက်တာဖြစ်ပါတယ်)တို့ ဖြစ်ပါတယ်။ တယောက်ကတနေရာမှာပြောပြီးတာနဲ့ကျန်တယောက်က နောက်တနေရာမှာ ၂ရက်ပဲခြားပြီးပြောလိုက်တာမို့ ပိုစိတ်ဝင်စားစရာကောင်းသွားပါတယ်။ ရှေ့လူက ဒီလိုပြောတော့ နောက်လူကအားကျမခံလိုက်ပြောတာလို ဖြစ်နေပါတယ်။
သေချာတာကတော့ ၂၀၁၅ရွေးကောက်ပွဲအတွက် ခြေလှမ်းတွေစတင်ကြပြီ ဆိုတာပါပဲ။ နောက်ပြီး ဒီနှစ်ဦးဟာ ဒီပွဲမှာစောင့်ကြည့်ရမယ့် ကျားနဲ့ဆင်ရယ်လို့ ကြေညာလိုက်တဲ့သဘောလည်းဆောင်တယ် ထင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဗိုလ်သိန်းစိန်ငုတ်တုပ်ရှိနေလျက်နဲ့ ဗိုလ်ရွှေမန်းက သူသမတလုပ်ဖို့ စိတ်ဝင်စားတယ်လို့ပြောတာ ဖြစ်ပါတယ်။ ဗိုလ်သိန်းစိန်က လာမယ့်ရွေးကောက်ပွဲမှာ သူဆက်အရွေးမခံတော့ဘူး၊ ဒါမှမဟုတ် အရွေးတော့ခံမယ်၊ ဒါပေမယ့် သမတမလုပ်တော့ဘူးလို့ တခါမှမပြောသေးပါဘူး။ ဒီလိုအချိန်မှာဗိုလ်ရွှေမန်းကအခုလို ပိုင်ပိုင်နိုင်နိုင်ကြီးပြောလိုက်တာဟာ စဉ်းစားစရာတွေအများကြီး ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့တနှစ်မတိုင်ခင်ကပဲ ကြံ့ဖွတ်ပါတီမှာ ဗိုလ်ရွှေမန်းက ဗိုလ်သိန်းစိန်ကိုဖယ်ပြီး ဥက္ကဋ္ဌနေရာယူခဲ့တာကို အားလုံးမှတ်မိကြဦးမှာပါ။ ဒီတော့ဖြစ်နိုင်တာနှစ်မျိုးရှိတယ်လို့ ထင်ပါတယ်။
တခုတော့ဖြတ်ပြောပါ့မယ်။ ဗိုလ်ရွှေမန်းပြောတာဟာ သူ့ဟာသူအာချောင်၊ လျှာချောင်ပြီးပြောတာမဟုတ်နိုင်ပါဘူး။ စစ်တပ်ဆိုတာ အမိန့်နာခံရတဲ့အဖွဲ့အစည်းပါ။ ပထမဖြစ်နိုင်ခြေက စစ်အုပ်စုဟာဗိုလ်သိန်းစိန်ကို အာဏာကိုင်နိုင်တဲ့နေရာတွေ ကနေ ဖယ်ရှားဖို့ဆုံးဖြတ်ပြီးပြီဆိုတဲ့အချက်ပါ။ ကျန်းမရေးကြောင့်ဖြစ်စေ၊ တခြားအကြောင်းအချက်တွေကြောင့်ဖြစ်ပစေ ”ပြုပြင်ပြောင်းလဲရေးပိသုကာကြီး”တော့ ပြတိုက်ထဲရောက်တော့မယ့်အနေအထားဖြစ်ပါတယ်။ ကံကောင်းရင်တော့ ဗိုလ်နေ၀င်း၊ ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွန့်တို့လို”အနားယူခြင်း”မျိုး ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဗိုလ်သန်းရွှေလိုနောက်ကွယ်ကနေ လက်ညှိုးညွှန်နိုင်သေးတဲ့ ”အနားယူခြင်း”မျိုးတော့လည်းဖြစ်မှာ မဟုတ်ပါဘူး။
ဒုတိယဖြစ်နိုင်ခြေတခုကတော့ ၂၀၀၅ ခုနှစ်ကစလို့ ဇာတ်တိုက်ကပြနေတဲ့ ဒီ”အပြောင်းအလဲ” ပြဇာတ်ကြီးမှာ နံပတ်ဝမ်းနေရာကို တယောက်ထဲကကြာရှည်မယူရလို့ စည်းကမ်းသတ်မှတ်ထားတာပါ။ မမေ့ကြဖို့က ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်းစသူတွေဟာ ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေတို့လို နံပတ်ဝမ်းတွေမဟုတ်ဘူးဆိုတဲ့အချက်ပါ။ ဟိုလူကြီးတွေက ဆက်ခံသူ၊ ဒါမှမဟုတ် အိမ်ရှေ့စံတောင်မှသတ်မှတ်မထားတဲ့ အာဏာရှင်ကြီးတွေဖြစ်ပါတယ်။ ခန့်ချင်သူကိုခန့်၊ ဖြုတ်ချင်သူကိုဖြုတ်လို့ရတဲ့လူတွေဖြစ် ပါတယ်။ ဗိုလ်သိန်းစိန်တို့မျိုးဆက်ကျတော့ သူတို့ချင်းညှိနှိုင်း၊ စေ့စပ်ပြီးအာဏာ(တာဝန်)တွေ သတ်မှတ်ခွဲယူထားကြတာပါ။ အဲဒီတော့ နံပတ်ဝမ်း နေရာကိုလည်း အလှည့်ကျယူကျဖို့ သတ်မှတ်မထားဘူးလို့မဆိုနိုင်ဘူးထင်ပါတယ်။  
ကောင်းပြီ။ အာဏာရစစ်အုပ်စုဟာ အဲဒီလိုပြင်ဆင်မှုမျိုးတွေလုပ်ထားတယ်ဆိုရင် ရွေးကောက်ပွဲမှာဘယ်လို အနိုင်ရအောင်လုပ်မယ်ဆိုတာကိုလည်း ပြင်ဆင်ပြီးဖြစ်မယ်လို့ပဲယုံကြည်ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲလို့ဆိုလိုက်ရင် ပြည်တွင်းပြည်ပက အဓိကအာရုံထားစောင့်ကြည့်ကြမှာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်/မပြင်၊ ပြင်ရင်ဘယ်လိုပြင်သလဲ၊ နောက်ပြီး စစ်တပ်ကပဲအာဏာဆက်ထိန်းနိုင်အောင် ဘယ်လိုလုပ်သလဲဆိုတဲ့ အချက်တို့ပဲဖြစ်ပါတယ်။ တလောဆီကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးဆိုတဲ့အသံတွေကို အတော်လေးကြားလိုက်ရပါတယ်။ ကြံ့ဖွတ်အမတ်တွေကတောင်မှ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ဖို့ တင်ပြကြမယ်ဆိုတဲ့အသံ၊ နောက်ပြီး အင်န်အယ်လ်ဒီက ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးအတွက် သူတို့အဖွဲ့အစည်းရဲ့ သဘောထားကိုကြေညာမယ်ဆိုတဲ့အသံတွေကို အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။ ဒါပေမယ့် အခုအထိဘာမှ မကြားရသေးပါဘူး။ လာမယ့်လွှတ်တော်မှာများ ကြားရလေမလားမသိဘူး။ ဒါတွေနဲ့တဆက်ထဲမှာ ပီအာရ်စနစ် (proportional representation) အချိုးကျပါဝင်မှုစနစ်ကိုတင်ပြတယ်ဆိုတာတွေလည်း ပေါ်လာခဲ့ပါတယ်။ သာမန်လူတွေ မျက်စေ့လည်စရာတွေလို့ဆိုနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ပစေ ပြည်သူလူထုကြီးမလည်တာကတော့ “အုပ်ချုပ်ရေးယန္တရားထကနေ စစ်တပ်ကိုဆွဲထုတ်ဖို့”နဲ့ “အမျိုးသားစီးပွားရေးကို ခရိုနီတွေလက်ကဆွဲထုတ်ဖို့ အာမခံချက်ရှိတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ရရှိရေး” ဆိုတဲ့ မျှော်မှန်းချက်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ဆိုတာတွေလုပ်၊ ပီအာရ်ဆိုတာတွေလုပ် နောက်ဆုံးကျတော့ ပိုနေမြဲကျားနေမြဲပြန်ဖြစ် နေလို့ကတော့ လူထုကြီးကကျေနပ်မှာမဟုတ်ပါဘူး။ မှန်တာပြောရရင် လွှတ်တော်ထဲက စစ်ဗိုလ်တမတ်သားထဲက အမြင်မှန်တဲ့လူတွေထွက်လာမယ်ဆိုတာမျိုး လူထုကြီးကနည်းနည်းမှစိတ်ကူးမယဉ်ပါဘူး။ ပြောရရင် စစ်အစိုးရအဆက်ဆက်ရဲ့ဖိနှိပ်လိမ်ညာမှုအမျိုးမျိုးကို ကြုံတွေ့ခဲ့ဖူးတဲ့လူထုကြီးအနေနဲ့ ဒီတမတ်သားဟာ စစ်အုပ်စုရဲ့လက်ရွေးစင်တွေပဲဖြစ်တယ်ဆိုတာ အစောကြီးကတည်းကသိကြပါတယ်။
ဒါပေမယ့်ခက်တာက ဗိုလ်သိန်းစိန်ကိုယ်တိုင်က ဖွဲ့စည်းပုံပြင်ဖို့ဟာ လွှတ်တော်ထဲမှာပဲဖြစ်နိုင်မှာဆိုတဲ့အဓိပ္ပာယ်မျိုး တနေ့ကပဲပြောသွားခဲ့ပါတယ်။ အဲဒီတော့ ဒီတမတ်သားနဲ့၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဘာကိုပြင်လို့ရမှာတဲ့လဲ။
ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီး တည်ရှိနေသရွေ့ကတော့ ကြံ့ဖွတ်နဲ့စစ်ဗိုလ်တွေက အမြဲအသာစည်းရနေမှာသာဖြစ်ပြီး ကျန် အဖွဲ့အစည်းတွေဟာ သမတလုပ်ဖို့စိတ်မကူးနဲ့၊ အာဏာရဖို့မစဉ်းစားနဲ့၊ စစ်ဗိုလ်တွေပေးတဲ့ခွဲတမ်းနဲ့ ကျေနပ်ရတဲ့ဘ၀ပဲရောက်သွားမှာပါ။ ဒါကြောင့်ဒီနေ့အခါမှာ လွှတ်တော်တွင်းလွှတ်တော်ပနိုင်ငံရေးသမားတွေဟာ ဒီ စစ်တပ်ကိုအာဏာအပ်နှင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာကြီးကို ဖျက်သိမ်းအောင်လုပ်နိုင်မှသာ သမိုင်းကသူတို့ကိုအပ်နှင်းထားတဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်တယ်လို့ ပြောနိုင်မှာဖြစ်ပါတယ်။
ရဲဘော်ဖိုးသံချောင်း

0 comments:

Post a Comment