Saturday, June 1, 2013

ခေတ်မောင်း အတွဲ-၂၊ အမှတ်-၅ အယ်ဒီတာ့အာဘော်

0 comments
ဗြိတိသျှကိုလိုနီအောက်ကနေရုန်းထွက်လို့ ပြည်ထောင်စုအသွင်စုစည်း တိုင်းပြည်သစ်ထူထောင်ခဲ့တဲ့ဗမာပြည်နိုင်ငံရေးမှာ "လက်ဝဲညီညွတ်ရေးပြိုကွဲတာရယ်၊ အမျိုးသားရေးဝါဒဟာ ပြည်ထောင်စုသစ်မှာ ကျောရိုးသဖွယ်ထောက်မတ်ပေးနိုင် လာက်အောင် တိုးတက်အသွင်မဆောင်နိုင်"တာရယ်ဆိုပြီး ကြမ္မာ ၂ မျိုးငင်ခဲ့တယ်။ ဒီကနေ့အထိကြုံနေရတဲ့ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာဟာ လက်ဝဲညီညွတ်ရေးပြိုကွဲမှုကြောင့် တိုးတက်အသွင် ဆင့်ကဲမထွန်းကားလာနိုင်တော့ တဲ့ အမျိုးသားရေးဝါဒချို့ယွင်းချက်က အဓိကလက်သည်ဖြစ်ဆဲဆိုတာ ဒီလ ခေတ်မောင်းအယ်ဒီတာ့အာဘော်အနေနဲ့ သုံးသပ်ကြည့်ချင်တယ်။

တိုင်းနိုင်ငံထူထောင်မှုဟာ တူရာအုပ်စုဖွဲ့နေတတ်ခြင်း သမိုင်းရှေးဦးလူဓလေ့ကအစပြုတာပဲရယ်လို့ Primordial-ism အနေနဲ့ အဓိပ္ပာယ်ဖွင့်ခြင်းကအစ၊ လူအသိုင်းအဝိုင်းတစ်ခု(နိုင်ငံတစ်ခု)တည်ရှိဖြစ်ထွန်းဖို့ရာ ပါဝင်သောလူတစ်အုပ်စုချင်းစီရဲ့ သွင်ပြင်လက္ခဏာများနဲ့ဘုံမျှဝေပိုင်ဆိုင်ရာများကို အသိအမှတ်ပြုဆောက်တည်ထားမှု ခေတ်သစ်ဖြစ်ရပ်အသွင်
အမျိုးသားရေးဝါဒအပေါ်ချည်းကပ်ပုံအဖုံဖုံဟာ အင်မတန်ကျယ်ပြန့်တယ်။

အမျိုးသားရေးဝါဒဟာ အလွယ်ပြောရရင် ဥရောပနိုင်ငံရေးမှာ မြေရှင်ပဒေသရာဇ်စံနစ်ပြိုလဲချိန် အစားထိုးဝင်ရောက်လာတဲ့ တိုင်းနိုင်ငံပြုမှုနိုင်ငံရေးအယူပဲ။ မြေရှင်ပဒေသရာဇ်စံနစ်အောက်လူ့အဖွဲ့အစည်းဆိုတာ အဓိကမြေကြီးရှင်များဖြစ်တဲ့ ဘာသာရေးကျောင်းတော်၊ ထီးနန်း၊ စစ်ဘုရင်တို့ကနေ သီးသန့်လွတ်ကင်းခြင်း မရှိ၊ နိုင်ငံရေးအခွင့်အာဏာကိုလည်း ယင်းအရာများကသာစိုးမိုးထားတယ်။ မြေရှင်ပဒေသရာဇ်စံနစ်ပြိုလဲချိန်မှာတော့ တိုင်းနိုင်ငံ နေးရှင်းဆိုတာတွေဟာ ဘူဇွာအရင်းရှင်စံနစ်ကုန်ထုတ်လုပ်မှုရဲ့လူမှုစီးပွားအဆောက်အဦ socioeconomic constructions တွေအဖြစ် အစားထိုးနေရာယူလာကြတယ်။ ဒီနေးရှင်းများထူထောင်ရာမှာ နိုင်ငံရေးအခွင့်အာဏာနဲ့ လူ့အဝန်းအဝိုင်းစုစည်းတည်မှီရာကို ဘာသာရေးကျောင်းတော်၊ ထီးနန်း၊ စစ်ဘုရင်တို့အစား၊ လူအုပ်စုများရဲ့သွင်ပြင်လက္ခဏာ အိုင်ဒဲန်တတီ မျိုးနွယ်၊ ယဉ်ကျေးမှု၊ ဘာသာစကားစတာတွေကို အခြေပြုလာကြတယ်။ ဒီပုံ အခြေပြုဖို့ကြံဆကြတဲ့နိုင်ငံရေးအယူကို အမျိုးသားရေးဝါဒလို့ ခေါ်တာပဲ။

အမျိုးသားရေးဝါဒအခြေခံနေးရှင်းများ ဖွဲ့တည်နိုင်ခြင်းဟာ လက်ဝါးကြီးအုပ်လူတန်းစားတစ်စုဖြစ်တဲ့ ကျောင်းတော်/ဘုရင်ရဲ့ divine authority ကိုတွန်းလှန်ပြီး နေးရှင်းအတွင်းက နိုင်ငံသားများတစ်ဦးချင်းစီအတွက် လွတ်လပ်ရေး၊ သာတူညီမျှရေးတို့ အပေါ်အသားပေးလာသမို့ လူ့သမိုင်းကိုတဆင့်မြှင့်ပေးခဲ့ဟန်ယူဆရပေသိ အမျိုးသားရေးဝါဒဟာ ခိုင်မာလာတဲ့အရင်းရှင်စံနစ် နဲ့ပေါင်းဖက်မိတဲ့အခါ ကိုလိုနီနယ်ချဲ့ခြင်း၊ လင်္ကျာစွန်းရောက်ဖက်ဆစ်နိုင်ငံများပေါ်ထွန်းခြင်း နဲ့ နိုင်ငံတကာစစ်ပွဲတွေကို မွေးဖွားပေးတော့တယ်။

ဗမာပြည်ဟာ ဒီဒဏ်တွေ အကုန် ခံခဲ့ရတယ်။ လွတ်လပ်ရေးအတွက်လှုပ်ရှားရုန်းကန်ရမှုမှာ ဗမာ့အမျိုးသားရေးဝါဒ ထွက်ပေါ်လာခဲ့တယ်။ "ထွက်ပေါ်လာခဲ့တဲ့ဗမာ့အမျိုးသားရေးဝါဒဟာ ကိုလိုနီကျွန်အဖြစ်ကလွတ်မြောက်လိုတဲ့ သခင်စိတ်သွင်းပေးနိုင်ခဲ့တဲ့ကောင်းကျိုး"ရှိတာမှန်တယ်။ သို့ပေသိ ရှေး ဗမာပဒေသရာဇ် ဘုရင့်လက်နက်နိုင်ငံများ ထွန်းကားခဲ့စဉ်အချိန်ကာလကိုအထူးရည်ညွှန်းတဲ့ ဗမာလူမျိုးနဲ့ ဗုဒ္ဓဘာသာဗဟိုပြုအမျိုးသားရေးဝါဒသာဖြစ်တယ်။

ဖက်ဆစ်အောက် ကိုယ်တိုင်ကျရောက်ခဲ့ရတဲ့အတွေ့အကြုံလည်းရှိပါလျှက်ကနဲ့၊ လူမျိုးစုအစုံ ဘာသာအစုံ ပါဝင်တဲ့ပြည်ထောင်စုသစ်အဖြစ်ထူထောင်မယ်ရည်မှန်းပါလျှက်ကနဲ့၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနောက်ဆုံးအဆင့်မှာ လက်ဝဲအင်အားစုများက နိုင်ငံရေးဦးဆောင်မှုရနေပါလျှက်ကနဲ့ ဒီ နောက်ပြန်ဆွဲ reactionary ဖြစ်လွန်းတဲ့ အမျိုးသားရေးဝါဒကို တိုးတက်အသွင်ဆောင်လာဖို့ရာ အတွေးအခေါ်ပိုင်းပြုပြင်တည်ဆောက်မှု မလုပ်နိုင်ခဲ့ဘူး။ လက်ဝဲညီညွတ်ရေးဟာ လွတ်လပ်ရေးမရခင်ကတည်းက ပြိုကွဲနှင့်လို့ဖြစ်တယ်။

အတွေးအခေါ်ပိုင်းပြောင်းလဲအခြေကျအောင် မတည်ဆောက်မဖန်တီးနိုင်ခဲ့တဲ့ပြစ်ချက်ဟာ ဘယ်လောက်ကြီးသလဲဆိုရင် ပြည်ထောင်စုသစ်အတွက် အခြေခံနိုင်ငံရေးတည်ဆောက်မှုတွေဖြစ်တဲ့ ပင်လုံစာချုပ်နဲ့ ၄၇ အခြေခံဥပဒေဟာ လူမျိုးကြီးစစ်ဝါဒီတို့အောက် ကြာကြာမမြဲနိုင်ခဲ့ပါ။ ၄၈မှာ ပေါ်ထွန်းလာတဲ့ပြည်ထောင်စုသစ်ဟာ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့ရဲ့ပဒေသရာဇ် လက်နက်နိုင်ငံများရဲ့အမွေခံအဖြစ်သာ ပုံဖော်သဘောထားကြတဲ့ လွဲမှားတဲ့အမျိုးသားရေးဝါဒအယူကြောင့် ဒီကနေ့အထိ ပြည်တွင်းငြိမ်းချမ်းရေး မဖော်ဆောင်နိုင်တာလို့ ခေတ်မောင်းကယူဆတယ်။

ဒီ “လူမျိုးကြီး ဘာသာကြီးအမျိုးသားဝါဒဆို” နေရာမှာ ပြည်ထောင်စုကို ကျောရိုးသဖွယ်ထောက်မတ်ပေးမယ့် “ပြည်ထောင်စုအနှစ်သာရနဲ့ပြည့်စုံတဲ့ တိုးတက်တဲ့အမျိုးသားရေးဝါဒ”အစားထိုးဖော်ဆောင်ဖို့ရာ အရေးကြီးလှတယ်။
ပြည်ထောင်စုအနှစ်သာရနဲ့ပြည့်စုံတဲ့ တိုးတက်တဲ့အမျိုးသားရေးဝါဒဆိုရာမှာ ရှိနှင့်ပြီး တစ်နေရာကဖြုတ်လာပြီး နောက်တစ်နေရာမှာ ကောက်တတ်လို့ရစကောင်းမျိုး မဟုတ်ဘူး။ ဒီမိုကရေစီနှယ် အကျင့်တရားကြီးလို့ပဲ ယူဆတယ်။ လက်တွေ့ဖော်ဆောင်ကျင့်ကြံကြရမယ်။ လူမျိုးစု တစ်အုပ်စုခြင်းစီရဲ့အသွင်အပြင် စရိုက်လက္ခဏာ အိုင်ဒဲန်တတီတို့အပေါ်လေးစားကာ၊ လူမျိုးစု တစ်အုပ်စုခြင်းစီရဲ့အခွင့်အရေးများကို နိုင်ငံရေးအရအဓိပ္ပာယ်သတ်မှတ်အာမခံရာကနေထွက်ပေါ်လာမယ့် ပြည်ထောင်စုသားဖြစ်ရခြင်းရဲ့တန်ဖိုးနဲ့ အဲဒီ့တန်ဖိုးအပေါ်ဂုဏ်ယူ စောင့်ရှောက်ထိန်းသိမ်းလိုမှုဟာ ပြည်ထောင်စုရဲ့ဘုံအမျိုးသားရေးဝါဒသစ် ဖြစ်လာနိုင်ကောင်းတယ်။

https://www.facebook.com/linayehtin?hc_location=timeline

0 comments:

Post a Comment