မြန်မာပြည်ပြောင်းလဲလာပီ
စစ်ဗိုလ်ချုပ်တွေ၊ ဝန်ကြီးတွေက လူထုနဲ့အင်တာနက်ကထိတွေ့နေပီ စသဖြင့် အားရဝမ်းသာဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကိုတွေ့တိုင်း ”တုံး”သကွယ်လို့ ဆိုချင်တာပါပဲ။ မောင်ရင်တို့ ”ဆိုက်ဝါး”
ဆိုတာသိလားလို့လည်း မေးလိုက်မိပါတယ်။ တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးဆိုပီး ဌာနကြီးဖွင့်ပီးလည်ပတ်ခဲ့တာ နှစ်(၆ဝ)လောက်ဆိုတော့
လူအများမေ့ကြပီပေါ့။ တကယ်က နိုင်ငံရေးနဲ့သံယောဇဉ်မပြတ်တဲ့တပ်တွေတိုင်းမှာ ဆိုက်ဝါးက
ရှိရပါတယ်။ ဗမာစစ်တပ်ထက်စောတဲ့ထိုင်းစစ်တပ်ဟာ ဘုရင်စနစ်ပြောင်းလဲရေးမှာ အဓိကအခန်းကပါခဲ့ပီးနောက်
ဘုရင်စနစ်အသွင်ပြောင်းပီး ထိုင်းအထက်လွှာရဲ့အကျိုးစီးပွား ကာကွယ်ရေးမှာ အရေးကြီးတဲ့အခန်းကပါခဲ့တာမျိုး ဗမာစစ်တပ်ဟာလည်း လွတ်လပ်ရေးအရ ယူပီး ဆိုရှယ်လစ်စနစ်ချီတက်ချိန်မှာ
အာဏာရလူတန်းစားရဲ့အဓိကယန္တရားကြီးဖြစ်ခဲ့တာပါပဲ။
ပါရီမှာ စာသင်ကြစဉ်က ထိုင်းနိုင်ငံရေးခေါင်းဆောင်ကြီးဖြစ်လာမယ့်
ဆိုရှယ်လစ်ဝါဒီနိုင်ပရီဒီ က ထမင်းချက်ရင် အတူနေစစ်ကျောင်းသားဆွန်ဂရမ်(သင်္ကြန်)က ပန်းကန်ဆေးရသတဲ့။
ဒီလောက်ခင်ပီး ၁၉၃၂ တော်လှန်ရေးမှာ ဦးထမ်းပဲ့ထမ်းပါခဲ့တဲ့ရဲဘော်တွေဟာ စစ်ပီးခေတ်မှာ
ဆွန်ဂရမ်အာဏာသိမ်းတော့ ပရီဒီ တရုတ်ပြည်ထိထွက်ပြေးရတဲ့ အဖြစ်ရောက်တာပါပဲ။ အလားတူ လွတ်လပ်ရေးရဲဘော်တွေအာဏာလုကြ၊
သတ်ကြဖမ်းကြတာ တိုင်းပြည်ဟာ ၁၉၄၈-၁၉၆၈ အတွင်းမှာ ထောင်မကျ တောမခိုဖူးတဲ့နိုင်ငံရေးသမား၊ စစ်ဗိုလ်ဆိုလို့
ရာထူးမပြုတ်သေးတဲ့စစ်ဗိုလ်တသိုက်ပဲကျန်တဲ့အထိ ဖိနှိပ်မှုကကြီးခဲ့ပါတယ်။ နန်းတွင်းဖြုတ်ထုတ်ပြုတ်က
စစ်အာဏာခေတ် အနှစ် ၅ဝ မှာ အိမ်ဆောက်ရင်ပြုတ်လို့ ”အကျယ်ချုပ်ကျ တဲ့အခါ လမ်းကောင်းကောင်းလျှောက်ရအောင်
ခြံကျယ်လေးလိုချင်သား”ဆိုတဲ့ ဝန်ကြီးသံဝေဂမျိုးထိရှိလာခဲ့ပါတယ်။
အဲလို အာဏာလုဓားခုတ်ပွဲတွေများလာတော့ အုပ်စိုးခံလူထုကြားမှာ
သြဇာညောင်းအောင် ဝါဒဖြန့်ချိရေးပြည်သူ့ဆက်ဆံရေး ဆိုတာတွေကို နိုင်ငံရေးလောကမှာတည်ထွင်ကြရပါတယ်။
အခုပွင့်လင်းခေတ်ကြီးမှာ အသံစုံ ဝါဒစုံမြည်ဟည်းလာပြန်တော့ ဦးနုခေတ်ကြီးလိုပဲ လုပ်ချင်တာလုပ်ဆေပြာချင်တာပြောဆိုတဲ့ သွက္ချာပါဒတခေတ် လာပြန်ပဟေးလို့ဘုရားတသင့်နေပါပီ။ ၁၉၅ဝ ကျော်နှစ်များဟာ
ကမ္ဘာမှာစစ်အေးရှိန်တက်နေတော့ နိုင်ငံရေးအုပ်စု ဝဲယာများကလည်း အပြိုင်အဆိုင်ထောက်ပံ့ မဲဆွယ်ကြတာတွေဟာ
(အောင်ဗလ)ဦးသောင်းရေးတဲ့ဘီလူးတို့ရွာထဲမှာ တော်တော်စုံစုံပါပါတယ်။ တတိုင်းပြည်လုံးက
ပညာတတ်လူထက်လူစွာတွေကို အုပ်စုတွေက အပြိုင်သိမ်းသွင်းကြတာဟာ နောက်ဆုံး တရုတ်ကွန်မြူနစ်ဆန့်ကျင်ရေး အားကိုးရတဲ့အာဏာအပိုင်ဆုံးစစ်တပ်ကြီး ကြီးထွားရေးအတွက် အမေရိကန်-ဆိုဗီယက်အကူအပံ့တွေ၊ နိုင်ငံရေးထောက်ခံမှုတွေ အလုပ်ကောင်းလို့
တိုင်းပြည်ဟာ စစ်ဝဲမှာနစ်တာပါပဲ။ အခုလဲ ”နိုင်မယ့်မြင်း ဆွဲမယ့်ဆင်” ကို ကြေးပစ်ကြအုံးမှာပေါ့။
အဲလို မီဒီယာစုံက မျက်နှာစုံဖွင့်စစ်ဆင်လာရာမှာ
စစ်ကြောင့်ကြေနေတဲ့ပြည်မှာ ကွန်မြူနစ်သြဇာလွှမ်းနေတာကိုဖြိုဖို့ (ဦး)သခင်နုက ဘာသာရေးအစာသွပ်
စိတ်ဖြေဆေးရောင်းပါတယ်။ လူထုအောင်သံ၊ ဆဋ္ဌသင်္ဂါယနာမှသည် တိုက်တလုံး ကားတစီး ပြာတော်သီ(ပြည်တော်သာ)ထိပေါ့။
လက်ဝဲစန်းတက်နေတော့ စိတ်ကြွဆေးကလည်း ရောင်းမှဖြစ်မယ်။ သူ့အနီကိုချွတ်ဖို့ ကိုယ်ကသီတင်းရောင်လေးဆိုးမှ
မဲဆွယ်နိုင်မှာဆိုတော့ လက်ရှိအာဏာရဆိုရှယ်လစ်တွေ လက်သပ်မွေးထားတဲ့ တောမခို တောပြန်ကွန်မြူနစ်တသိုက်ကိုအခြေပြုပီး
ဆိုက်ဝါးကြီးကိုထူထောင်ခဲ့ကြတယ်။ ဒါကြီးအတွက် ပရောဂျက်ရအောင် အောင်ကြီးက သူနဲ့ရင်းတဲ့ဦးနုဆီက
တောင်းရတယ်။
ဆိုက်ဝါးကို ကွန်မြူနစ်ဆန့်ကျင်ရေးဝါဒဖြန့်ဖို့ထူထောင်တာဆိုတော့
ယဉ်ကျေးမှုမျိုးချစ်ဝါဒကို ထညက်လိုခြေပီး ”တေ”ပေးရတာပေါ့။ ဗမာအများဟာ အိန္ဒိယ-တရုတ်မုန်းပီးလူမျိုးစွဲပြင်းတော့
ပဒေသရာဇ်သူရဲကောင်းတွေ စာဆိုတွေကိုဗန်းပြပီး ပရိသတ်ရှာတယ်။ ဆင်းရဲသားအကြောင်း ပစ္စည်းမဲ့ဘုံစနစ်တွေလုပ်နေတဲ့
လက်ဝဲအပြင်းစားတွေက ဒါကိုတန်ပြန်ဖို့ လက်ဝဲမြင်နဲ့ ရာဇဝင်ဝတ္ထုတွေရေးကြတယ်ထင်ပါတယ်။
ဗန်းမော်တင်အောင်၊ တက္ကသိုလ်နန္ဒမိတ် စသည်။ ဆိုက်ဝါးထုတ်မြဝတီဝတ္ထု မဂ္ဂဇင်းမှာ ခေတ်ဟောင်းမျိုးချစ်စာသမားတွေ
သူရိယဦးသိမ်းမောင်၊ ဇဝန စသည် အယ်ဒီတာဖြစ်လာတယ်။ ဒီပုဂ္ဂိုလ်ကြီးများဟာ လွတ်လပ်ရေးကာလမှာ
အမျိုးချစ်ဝါဒပြန့်ပွားအောင်နိုင်ငံရေးမျက်စိပွင့်အောင် ရှေ့တန်းကတက်ကြွခဲ့သူတွေပါ။
ဒါပေသည့် ကျဉ်းမြောင်းတဲ့ပဒေသရာဇ်သူရဲကောင်းဝါဒကမလွန်ရှာတော့ စစ်ဘုရင်သစ်ဗိုလ်မှူးကြီးများကြိုက်တဲ့ စစ်အမျိုးသားရေး၊ ပြည်ပရန်ဆန့်ကျင်ရေးဟီးရိုးဝါဒကို ဝါဒပြိုင်တဲ့ခေတ်ကြီးမှာဖြန့်ဖြူးပေးကြပါတယ်။
ဒီလိုနဲ့ ခေတ်ဟောင်းက ဗမာပဒေသရာဇ်ရွှေနန်းဖွဲ့မှတ်တမ်းတွေ၊ ဇာတ်ထုပ်ရာဇဝင်တွေကို မြန်မာပညာရှိကြီးများကလည်း
မြိုင်မြိုင်ကြီး အသုံးတော်ခံကြပါတယ်။ ခေတ်ပြိုင်စာစောင်တွေမှာ အမေရိကန် ရုရှယဉ်ကျေးမှုဝါဒဖြန့်တွေများလို့
ဒါတွေနဲ့တန်ပြန်သည်လား မဆိုနိုင်သော်လည်း ဒါတွေကြောင့်မို့ ဓားကိုင်သူရဲကောင်းဝါဒကို
စစ်တွင်းကဘူရှီဒိုဝါဒဖြန့်တွေပြန်ဆိုခဲ့သလို တိုင်းပြည်မှာ စစ်မှိုင်း ဘုရင်မှိုင်းတိုက်ခံရပါတယ်။
ဒီအတွက် ဇေယျ၊ ဇော်ဂျီ၊ မြကေတုစတဲ့လူကြီးများမှာ နိုင်ငံတော်ရေး အမျိုးသားရေးအမည်ခံ
စစ်နိုင်ငံရေးဖြန့်ဖြူးဖို့ အသုံးချခံစာရင်းမှာ ပါသွားပါတယ်။ ဒီထဲက ဆရာမောင်ထင်ဟာ စစ်တပ်ကိုတိုင်းပြည်တည်ရေးမှာ
တတပ်တအားအသုံးချစရာဖြစ်အောင် နိုင်ငံရေး၊ လူထုဆက်ဆံရေး စာပေအရည်အသွေးတိုးတက်ရေးတွေမှာ
လိုက်နာစရာတွေ ရေးပြသွားသူပါ။ သို့သော် စစ်တပ်ကိုယ်တိုင်နှိုက်က တိုင်းပြည်ရဲ့နိုင်ငံရေးနဲ့ပညာရေးကို ဖိနှိပ်ပျက်စီးအောင်လုပ်တဲ့
စက်ဘီလူးဖြစ်သွားတာကို ဆရာ ကောင်းကောင်းမြင်သွားပေမယ့် ရေးလို့တော့မရတော့ပါဘူး။
ရှေးခေတ်စစ်သူရဲကောင်းအပြင် ခေတ်ပေါ်စစ်သူရဲကောင်း
တော်လှန်ရေးပြန်ဆိုသူ မြေပေါ်သားများကိုလည်း အလွမ်းသင့်ရာ မိတ်ဆွေရဲဘော်စာရေးဆရာများကစာဖွဲ့ကြတာကို ခေတ်အဆက်ဆက် စစ်စာစောင်တွေနဲ့အရပ်သားမီဒီယာတွေမှာ တွေ့ရမှာပါ။ ကျဆုံးသွားတဲ့
ဦးသခင်ဗိုလ်အောင်ဆန်းဟာ စစ်တပ်ရဲ့အားကိုးစရာ အန်းကုန်းကြီးဖြစ်ပါတယ်။ သူနဲ့မရှေးမနှောင်းသေဆုံးတဲ့
တပ်ရေးနိုင်ငံရေးကျွမ်းတဲ့သခင်ဗဟိန်း၊ ဆိုရှယ်လစ်အုပ်စုစနက်နဲ့ တပ်ကထွက်နေရတဲ့ဗိုလ်လင်္ကျာ၊
ကရင်စစ်သားကျော်ကြီးများအကြောင်းတော့ မြဝတီမှာ မရှာလေနဲ့။ သာဓုဟာ စစ်သားကို လူထုဆက်ဆံရေးပညာပေး အမွှမ်းတင်တဲ့ဝါဒကို လက်ဝဲမုန်းတဲ့စိတ်သက်သက်နဲ့လုပ်ခဲ့သလား စဉ်းစားရပါတယ်။ ဒီခေတ်ကတော့
စစ်ဘုန်းတော်ဘွဲ့တွေကို စစ်ဗိုလ်ချုပ်ဟောင်းကြီးများကိုယ်တိုင်မော်ကွန်းထိုး စာဖွဲ့၊
နောက်ဆုံးနည်းကတော့ ”မခုတ်တော့တဲ့ကြောင်ကလေး” ..”ဥပုသ်ဆောင်ဝင်သွားသော ကျားကောင်းကြီးများ”စတဲ့
တိရစ္ဆာန်ဆေးခြယ်နည်းတွေဖြစ်ပါတယ်။
ဗုဒ္ဓဝါဒီ ဆိုရှယ်လစ်နည်း ဆက်ကြတာပေါ့။
0 comments:
Post a Comment