Thursday, June 6, 2013

“သူစိမ်းမဆန်အထီးမကျန်ဖို့”လင်းထင် (ခေတ်မောင်း အတွဲ ၂၊ အမှတ် ၄ မှ)

0 comments
အင်မတန်မှ ကြမ်းကြုတ်ရက်စက်ပြီး ဗမာပြည်သမိုင်းကို အကျည်းတန်စေတဲ့ မိတ္ထီလာအကြမ်းဖက်မှု ဖြစ်ခဲ့ပြီးပြီ။ ဒီအကြမ်းဖက်မှုလွန်ကာလမှာ လက်ရှိ လူမှုဝန်းကျင်ရဲ့သရုပ်သကန်ကို အမှန်အတိုင်း မသုံးသပ်မချည်းကပ်ပဲ၊ ရွှေပြည်အေးတရားများနဲ့သာ ဖုံးဖုံးဖိဖိလုပ်နေကြဦးမယ်ဆို အကြမ်းဖက်အသတ်ခံလိုက်ကြရသူတွေအားလုံးရဲ့အသက်တွေဟာ အကြမ်းဖက်သူများရဲ့အလိုကျ ဘာတန်ဖိုးမှ မရှိရာရောက်မယ်။
လူ့သမိုင်းမှာ သက်ဦးဆံပိုင်ပဒေသရာဇ်၊ ကျွန်စံနစ်၊ နယ်ချဲ့အရင်းရှင်၊ ဖက်ဆစ်ဝါဒ ဘယ်လို ညစ်ညမ်းတဲ့မိစ္ဆာတရားတွေ ကပ်ငြိခဲ့ကပ်ငြိခဲ့ ဇစ်မြစ်ရုပ်အမှန်ကိုသရုပ်ခွဲပြီး ကောင်းမြတ်ခြင်းစံတန်ဘိုးတို့ လူ့အဝန်းအဝိုင်းထဲတည်ဆောက်ခဲ့ကြရိုးပဲ။ ဒီလို နီတိထုတ်နိုင်စွမ်းနဲ့ လူ့သမိုင်းဟာမြင့်တက်ခဲ့ကြတာပဲ။ သေသူတို့ရဲ့အသက်ကို အဖိုးထားသပဆိုရင် ရှင်သူတို့လုပ်စရာတစ်ခုပဲရှိတယ်၊ သရုပ်ခွဲပါ၊ ဗမာလူ့အဖွဲ့အစည်းရဲ့ ရုပ်အမှန်ကို ထင်ဟပ်ပါ၊ သမိုင်းနီတိ သမိုင်းသင်ခန်းစာထုတ်နှုတ်ပါ။ ဒါမှ ပိုကောင်းရာပိုမွန်မြတ်ရာ လောကီ သာစခန်းကို မျှော်မှန်းနိုင်မယ်။
စစ်အရင်းရှင်ဗျူရိုကရေစီကို ကိုယ်စားပြုတဲ့ အဏာနဲ့တည်ဆောက်သောဓနအင်အားစုကြီးအပေါ် အကာအကွယ်ပြုဖို့ရာ ဗမာပြည်မှာ ဖြစ်ခဲ့သမျှလူမျိုးရေး ဘာသာရေးအဓိကရုဏ်းတိုင်းဟာ အုပ်စိုးသူအာဏာပိုင်တို့ နောက်ကွယ်ကကြိုးကိုင်သော Political Conspiracies တွေချည်းပဲဆိုတဲ့ အမြင်ရှူထောင့်မှာပဲသောင်မတင်ဖို့ ကျနော် အကြံပြုလေ့ရှိတယ်။ အကြောင်းကတော့ ဗမာပြည်မှာ အာဏာနိုင်ငံရေးပြဿနာပြေလည်သွားသည်ဆိုဦးတော့ အစ္စလာမ်မုန်းအယူ ဧည့်သည်အယူဟာ အလိုလိုကျေလည်သွားလိမ့်မယ်လို့ မမျှော်လင့်နိုင်ဘူး။ ဒီစကားစုကို အရင်ရှင်းဖို့လိုမယ်။
ဒီတော့ အာဏာနိုင်ငံရေးပြဿနာဆိုတဲ့ ဝေါဟာရကိုပဲ အဓိပ္ပာယ်ဖွင့်ကြည့်ရအောင်။
ကျနော်တို့ဟာ ဗမာပြည်နိုင်ငံရေးအပြောင်းအလဲကို ငံ့လင့်တယ်၊ လိုလားတယ်။ အဓိကကတော့ လူတွေ ငတ်နေမွဲနေ အခွင့်အရေး ညီတူညီမျှမရ တရားခြင်းကင်းမဲ့နေလို့ပဲ။ ဒီအခြေအနေကြီးရဲ့အရင်းခံအကြောင်းကတော့ စစ်အာဏာအသိမ်းခံထားရလို့၊ ဒီတော့ ဗမာပြည်နိုင်ငံရေးဆိုတာ စစ်အုပ်စုလက်ထဲကအာဏာကိုပြန်ယူဖို့ ကြံစည်ကြိုးစားရုန်းကန်လှုပ်ရှားရမှုကအပ အခြားအရာမဟုတ်ဘူး။ သို့ပေသိ ဒီလို အာဏာအရွေ့ဖြစ်ထွန်းအောင်ကြိုးစားပြုမူရာမှာ ငတ်ခြင်း မွဲခြင်း အခွင့်အရေးမညီမျှခြင်း တရားကင်းမဲ့ခြင်းအပေါ် တပါတည်းမချေဖျက်နိုင်ရင် ဘာအဓိပ္ပာယ် အနှစ်သာရရှိတော့မှာလဲ။ ချေဖျက်မပေးနိုင်ရုံမက ငတ်ခြင်း မွဲခြင်း အခွင့်အရေးမညီမျှခြင်း တရားကင်းမဲ့ခြင်းအပေါ် ထပ်လောင်းအတည်ပြုပေးပြီဆို ကမ်းကုန်ပြီပေါ့။
ဗမာပြည်ရဲ့ အာဏာနိုင်ငံရေးပြဿနာဖြေရှင်းနေပုံရဲ့ပင်မရေစီးဟာ အခု ဒီပုံဆိုက်နေတယ်။ အနှစ်သာရကင်းမဲ့တဲ့ အာဏာအရွေ့ဆီပဲ မဲတင်းနေတယ်။
လူတွေမျှော်လင့်တာက အဲန်အယ်လ်ဒီ ဘိုင်လမ်းလိုက်ပြီး ဒေါ်စု လွှတ်တော်ထဲရောက်ရင် စစ်အုပ်စုနဲ့လူထုအကြားမှာ ကြားခံ buffer ရလာလို့ political and civil rights နိုင်ငံသားနဲ့နိုင်ငံရေး အခွင့်အရေးများအတွက် လွှတ်တော်ပြင်ပလှုပ်ရှားမှုများ အရှိန်မြှင့်နိုင်မလားလို့ မျှော်လင့်ထားကြတာ။ တက်တက်စင်တာပဲ။ သရဲမွေးမိသလိုပဲ။ နိုင်ငံရေးပင်မရေစီးဟာ စစ်အုပ်စုလက်ကိုင်ဒုတ်ဖြစ်ပြီး ကိုယ့်အခွင့်အရေး ကိုယ်တောင်းသူများကိုနှက်နေတော့တာ လက်ပဒေါင်းတောင်အရေးက သက်သေပဲ။
ဒီလို အာဏာနိုင်ငံရေးပြဿနာဖြေရှင်းပုံပင်မရေစီးနဲ့သာဆို အစ္စလာမ်မုန်းအယူ ပြဿနာဟာ ခပ်လှမ်းလှမ်းမှာ၊ ဦးစားပေးခံရမှာမဟုတ်၊ အတော်ဝေးဦးမှာ။
အရေးကြီးတဲ့ နောက်အချက်က ဗုဒ္ဓဘာသာအခြေပြုအမျိုးသားရေးဝါဒဘေးကလွတ်တဲ့သူ စစ်အုပ်စုအတွင်း အသာထားဦး၊ နိုင်ငံရေး အင်အားစုများအတွင်း အတော်ရှားတယ်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးအဝန်းအဝိုင်းနဲ့ အရပ်သားများအတွင်းမှာလည်း ဒီအယူလွှမ်းမိုးတာပဲ။ ဒါဟာ ဗမာ့လူဘောင်ရဲ့ပြဿနာဖြစ်တယ်လို့ရှင်းရှင်းလက်ခံနိုင်သူ ရှားတယ်။ “ပြောင်းလဲမှုကိုမလိုလားတဲ့ စစ်ခေါင်းမာတွေ ကြိုးကိုင်တာကလည်း ကြိုးကိုင်တာပဲ..မွတ်ဆလင်တွေကလည်း မွတ်ဆလင်တွေပဲ..ကြည့်ပါ့လား တကမ္ဘာလုံး မွတ်ဆလင်ပြဿနာတွေ ချည်းပဲ” ဆိုပြီး အစ္စလာမ်အစွန်းရောက်လှုပ်ရှားမှု နိုင်ငံတကာပြဿနာရဲ့တစိတ်တဒေသရိုက်ခတ်ခံရမှုအဖြစ် ပြဿနာအရင်းခံကို နှစ်ဖက်မျှတွေးသယောင် အယူ အတော်ထွန်းကားတယ်။
အရင်းရှင်စံနစ်ရဲ့ကုန်ထုတ်လုပ်မှုယန္တယားကနေ ပုံစံအသွင်းခံရတဲ့ အဓိကဖြစ်ရပ်ဟာ လူတွေဟာ လူ့ရဲ့အနှစ်သာရကနေ ကင်းကွာသွားတာ၊ ကိုယ့်ကြမ္မာကိုယ်မဖန်တီးလိုတော့တာပဲလို့ alienation ဖြစ်ရပ်အဖြစ် မာ့စ်က အကြံပြုခဲ့တယ်။ လူတွေအကြားမှာဖြစ်ထွန်းတဲ့ ဘောဂဗေဒဆိုင်ရာဆယ်နွယ်ချက်များက လူအပေါ် အဲ့သလိုလွှမ်းမိုးဖန်တီးသလိုပဲ၊ နှစ်ကာလများစွာတည်ဆောက်ပုံသွင်းခဲ့တဲ့ စံနစ်တကျသွေးခွဲခဲ့တဲ့နိုင်ငံရေးယန္တားယားကြီးအခြေတကျဖြစ်နေရာ ဗမာ့လူ့ဘောင်မှာ ဘာသာရေးမတူ လူမျိုးအနွယ်ကွဲပြားသူတို့ အများစုရဲ့အဝန်းအဝိုင်းထဲမှ သီးခြားကွဲပြားနေထိုင်ခြင်း social isolation ဖြစ်နေနိုင်တယ်ဆိုတာ မထူးဆန်းဘူး။ အများစုကြီးက မတူရာကို လက်သင့်မခံလိုခြင်း ခွဲခြားခြင်း စိတ်နှလုံးအရင်းခံကိုပြုပြင်ဖို့ရာ တာဝန်ပိုရှိတယ်။ ဒီတော့မှ အနည်းစုအနေနဲ့ လူမှုဝန်းကျင်နေရာရမယ်။ နေရာရပါမှ စိုးရိမ်ရတဲ့ နိုင်ငံတကာပြဿနာရဲ့အစိတ်အပိုင်း တကယ်ဖြစ်မလာမှာ။ ဒေသတွင်း ပြည်တွင်းရဲ့လူမှုအဝန်းအဝိုင်းထဲမှာ နေရာမရရင်ဖြင့် လူနည်းစုရဲ့အိုင်ဒဲန်တတီရှာလိုမှုဟာ လမ်းလွဲသွားမယ်။

ဗမာပြည်မှာ မုတ်ဆိပ်ရှည်ထားပြီး ကုလားအင်္ကျီရှည်ဝတ်ခြင်းဟာ Political Islam လို့ခေါ်တဲ့ ဘာသာရေးသက်သက်အခြေပြု နိုင်ငံရေးတည်ဆောက်မှုအဆင့်ရှိနေပြီလား။ ဘာသာရေးအသွင်အပြင် အိုင်ဒဲန်တတီအသွင်သက်သက်လားဆိုတာ ပိုင်းခြားပါ။ အင်္ဂလိပ်အောက် အင်းဒီးယားက မွတ်ဆလင်များရဲ့အမျိုးသားရေး ဘာသာရေးနိုးကြားမှု၊ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုဖြစ်တဲ့ ဒီအိုဘန်ဒီ Deobandi ကျောင်းတော်ဝါဒအခြေခံ Tablighi Jamaat ဆိုပြီး အဖွဲ့အစည်းအလိုက်ပေါ်ထွန်းအခြေကျခဲ့တယ်။ ဒါ အင်းဒီးယား မွတ်ဆလင်များရဲ့ ဘာသာရေးအခြေပြုအမျိုးသားရေးဘုံဝါဒပဲ။ ဒီ Tablighi လိုင်းဟာ အင်မတန်ထွန်းကားခဲ့ရာမှာ တရုတ်ရော မလေးရော ဗမာပြည်ကမွတ်ဆလင်များပါ မုတ်ဆိပ်နဲ့ကုလားအင်္ကျီရှည်အသွင်အပြင်တွေ ကူးစက်ခဲ့တယ်။ ဒါကို ဘာသာရေးရဲ့အိုင်ဒဲန်တတီအဖြစ် ခံယူလာကြသူများ မနည်းဘူး။
ဦးဂမ္ဘီရဲ့ ရွှေဝါရောင်အတွင်း မွတ်ဆလင်တို့ဝန်းရံမှုအပေါ် အနုမောဒနာတရား appreciation ရှိပုံက မှတ်သားဖွယ်ပဲ။ အဝတ်အစား သွင်ပြင်ကြောင့် မွတ်ဆလင်များဝန်းရံမှုဟာ သိသာထင်ရှားရှိခဲ့လှကြောင်းဆိုတယ်။ ဒါမုတ်ဆိပ်နဲ့ကုလားအင်္ကျီရှည်အသွင်အပြင်ဟာ ဗမာပြည်မှာ ဘာသာရေးအိုင်ဒဲန်တတီအသွင်ပဲ ဆောင်တယ်၊ ရွှေဝါရောင်ရဲ့ ရဲဘော်ရဲဘက်များဟာ political Islam လမ်းမှားလိုက်သူများ မဟုတ်ကြောင်း ဥပမာကောင်းပဲ။ ဒီဝတ်စားဆင်ရင်မှုဟာ ဘာသာရေးအပေါ်အဓိပ္ပာယ်ပြန်ဆို နားလည်သဘောက်ပေါက်မှု ကျင့်သုံးမှု မှန်တယ်/မမှန်ဘူး ဘာသာရေးငြင်းခုံဖို့ရာ ကုလားအင်္ကျီရှည်ဝတ်များနဲ့တိုက်ပုံဝတ်များအလုပ်ပဲ။ ဘာသာတွင်းကမဟုတ်သူတွေ အပူ မဟုတ်ဘူး။ အများစုကြီးတာဝန်ကတော့ ဘာသာရေးသည်းခံမှု၊ မခွဲခြားမှု၊ မမုန်းတီးမှုစတဲ့ ယဉ်ကျေးတဲ့ အလေ့အကျင့်ရှိလာအောင် ကိုယ့်လူ့အဖွဲ့အစည်းကို ကိုယ်ထူမတ်ဖို့ပဲ။
လင်းထင်
(ခေတ်မောင်း အတွဲ ၂၊ အမှတ် ၄ မှ)

https://www.facebook.com/permalink.php?story_fbid=272104539593752&id=100003826236734

0 comments:

Post a Comment