အစိုးရက ဆောင်ရွက်သောစီမံချက်များသည်
တခါတရံတွင် ထူးထူးဆန်းဆန်း နိုင်လှပါသည်။ ကောလာဟလကို အရင်ထုတ်လွှင့်ပြီးမှ အရေးယူဆောင် ရွက်လေ့ရှိသည်။
ဥပမာအားဖြင့် ရန်ကုန်ရှိ ဘုန်းကြီးတပါးဖြစ်သူဦးလာဘ ဆိုလျှင် လူသားစားသူဟူ၍လည်း ထုတ်လွှင့်ကျော်စောစေခဲ့ပါသည်။ အခြားသောကျော်ကြားသည့် ရဟန်းသံဃာများမှာလည်း ဤသို့မကောင်း သတင်းထုတ်လွှင့်ကျော်စောခံကြရပြီး
လူဝတ်လဲသိက္ခာချခံရခြင်း၊ သို့မဟုတ် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ထွက်ပြေးကြရခြင်းများရှိခဲ့ပါသည်။
ဦးနေဝင်းက “သံဃာထုအတွင်း ပြုပြင်ပြောင်းလဲရေး”စီမံချက် ကို အောင်မြင်စွာအကောင် အထည်ဖော်နိုင်ခဲ့ပြီး
“သံဃာ့သန့်စင်ရေးစီမံကိန်း” ဟု လူသိများခဲ့ပါသည်။
သံဃာ့နာယကအဖွဲ့ ဖွဲ့စည်းပြီးနောက်ပိုင်းတွင် အစိုးရက သက်ကြီးဝါကြီးဆရာတော်တချို့၏ ထောက်ခံမှု ရရှိလာအောင်စည်းရုံးနိုင်ခဲ့ပါသည်။ သို့သော်လည်း ဦးနေဝင်းက ဗုဒ္ဓဘာသာကို လေးလေးနက်နက်သက်ဝင် ယုံကြည်သူဟူ၍ ဟန်ဆောင်နေခဲ့ခြင်းမရှိပါ။ သူအုပ်ချုပ်ခဲ့စဉ် ၂၆ နှစ်တာကာလအတွင်းတွင် သံဃာ့အစည်းအဝေးများ၌ပါဝင်တက်ရောက်သည်ကို တွေ့မြင်ရခဲပါသည်။ လက်ရှိစစ်ခေါင်းဆောင်များနှင့် မတူသောအချက်မှာ ရဟန်းသံဃာတော်များနှင့်အတူယှဉ်တွဲ၍ဖော်ပြခြင်းမျိုး တွေ့မြင်ရခဲလှပါသည်။ သို့သော်လည်း ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကာလအတွင်းတွင် သူဦးဆောင်သည့်အစိုးရက နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်မှုပြန်လည်ရရှိစေရေးအတွက် သံဃာ့မဟာနာယကအဖွဲ့ကို အကူအညီတောင်းခံခဲ့ဖူးပြီး သက်ကြီးဝါကြီးဆရာတော်များက ရုပ်မြင်သံကြားရှေ့ထွက်ကာ တိုင်းပြည်ပြန်လည်အေးချမ်းစေရေးအတွက်မေတ္တာရပ်ခံခဲ့ကြပါသည်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ရန်ကုန်မြို့တွင်း ပစ်ခတ်ချေမှုန်းသတ်ဖြတ်မှုများပြီးသည့်အခါ ရဟန်းတော်များက အသက်များဆုံးရှုံးသေကြေကြရသည့်အတွက် ဝမ်းနည်းကြောင်းပြောဆိုခဲ့ကြပြီး စစ်အစိုးရကိုလည်း မင်းကျင့်တရား ၁ဝ ပါးနှင့်အညီ တိုင်းပြည်ကိုအုပ်ချုပ်ပါရန်ပန်ကြားခဲ့ကြရာ မြင်ရသူအများက အံ့အားသင့်ခဲ့ကြရပါသည်။ ဤ သံဃာတော်များ၏မေတ္တာရပ်ခံမှုက လူထုအတွင်းဆူပွက်နေသောစိတ်ကို မငြိမ်းအေးစေခဲ့ပါ။ သို့သော်လည်း ဤဆရာတော်ကြီးများပြောဆိုခဲ့ကြသည့် မေတ္တာရပ်ခံချက်ကြောင့် “မင်းကျင့်တရား ၁ဝ ပါး” ကို လူအများ ပြန်လည်အမှတ်ရစေခဲ့ပြီး ဦးနေဝင်းကိုလည်း မင်းကောင်းမင်းမြတ် တဦးသဖွယ်ကျင့်ကြံရန် သတိပေးသည့်နှယ်ရှိခဲ့ပါသည်။ သြဂုတ်လ ၃ဝ ရက်နေ့တွင် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာကဖော်ပြရာ၌ “ရဟန်းသံဃာ အပါး ၁,၅ဝဝ ခန့်က ရန်ကုန်မြို့တွင်း စီတန်းလမ်းလျှောက်ခဲ့ကြပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်လူနာဌာနရှေ့တွင်စုရုံးခဲ့ကြသည်။ ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်း ကျဆုံးသွားရသူ ရဟန်း၊ အလုပ်သမား၊ ကျောင်းသားပြည်သူများအတွက် မေတ္တာသုတ်ရွတ်ဆို ဆုတောင်းပေးခဲ့ကြသည်”ဟု ရေးသားခဲ့ပါသည်။ ဆန္ဒပြသူများအတွင်းတွင် အသက်အရွယ်အားဖြင့် ငယ်ရွယ်သောရဟန်းပျိုအများအပြားလည်း ပါဝင်လှုပ်ရှားဆန္ဒပြခဲ့ကြပါသည်။ မြန်မာပြည်သူအများစု အတွက်မူ ဒီမိုကရေစီတော်လှန်ရေးမှာ မပြီးဆုံးသေးသောတိုက်ပွဲဖြစ်သည်ဟုယူဆထားကြသည့်အပြင် သံဃာထုအကြားနှင့်စစ်အစိုးရတွင်လည်း တင်းမာမှုများကြီးထွားရှင်သန်နေဆဲဖြစ်သည်။
ဦးနေဝင်း၊ ဦးနုတို့နှင့်မတူသောအချက်မှာ ၁၉၈၈ ခုနှစ်တွင်အာဏာရယူခဲ့ကြသော စစ်ခေါင်းဆောင်များက သံဃာထုကို ဆွဲဆောင်သိမ်းသွင်းနိုင်ရန်အတွက် ပြောင်ပြောင်တင်းတင်းပင်ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။ သူတို့က သံဃာထုကိုကာကွယ်စောင့်ရှောက်သည့်သူများသဖွယ် ဟန်ဆောင်ပြောဆိုခဲ့ကြသော်လည်း အမှန်ရည်ရွယ်ချက်မှာ သံဃာထု၏ထောက်ခံချက်ဖြင့် နိုင်ငံရေးတရားဝင်မှု တည်ဆောက်လိုခြင်း ပင်ဖြစ်သည်။ စစ်အစိုးရက အလှူအတန်းပြုသည့်အခမ်းအနားများကို အကြီးအကျယ်ပြုလုပ်ခဲ့ကြပြီး သံဃာများကို ဆွမ်းနှင့်အခြားတန်ဖိုးကြီးပစ္စည်းများလှူဒါန်းဆက်ကပ်ခဲ့ကြသည်။ ထို့အပြင် စစ်အစိုးရခေါင်းဆောင်များက တိုင်းပြည်အတွင်း ပြန်လည်တည်ဆောက်မွမ်းမံရေး စီမံချက်များကိုလည်းပြု လုပ်၍ အကြီးအကျယ်ဝါဒဖြန့်ချိခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ မကျေနပ်အုံကြွလိုသောရဟန်းသံဃာများနှင့် အာဏာပိုင်များအကြားပဋိပက္ခများ၊ ထိပ်တိုက်ရင်ဆိုင်မှုများကဆက်လက်ရှိနေဆဲဖြစ်သည်။ ၁၉၉ဝ ခုနှစ်တွင် မန္တလေး၌ စစ်တပ်ကလူအုပ်စုအတွင်းသို့ပစ်ခတ်နှိမ်နင်းခဲ့ပြန်ပြီး ရဟန်းတော်တချို့အပါအဝင် လူတချို့လည်းသေဆုံးခဲ့ရသည်။ စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုကို ဒေါသအမျက်ထွက်ကြပြီး မန္တလေးရှိ ရဟန်းသံဃာများက ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့ကြသည်။ စစ်တပ်အတွင်းရှိ တပ်မတော်သားများနှင့် ၎င်းတို့၏မိသားစုဝင်များမှ လှူဖွယ်ပစ္စည်းများလက်ခံရန်ငြင်းပယ်ခြင်းဖြင့် ဆန္ဒပြကြခြင်းဖြစ်သည်။ ယခုတကြိမ်တွင်လည်း မြန်မာနိုင်ငံ မြေလတ်ပိုင်းရှိပခုက္ကူမြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြကြသောရဟန်း သံဃာများကို အာဏာပိုင်များကရိုက်နှက်ခဲ့ကြပြီးနောက်ပိုင်း မြန်မာနိုင်ငံဒေသအနှံ့တွင် သံဃာများက အလားတူကံဆောင်ပွဲများကိုဆောင်ရွက်ခဲ့ကြပြန်သည်။ ရဟန်းတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် အကြောင်း (၈)ချက်ရှိသည်။ ရဟန်းတော်တို့အား ဘေးအန္တရာယ်ဖြစ်စေရန်၊ မတိုးပွားစေရန်လုံ့လပြုခြင်း၊ သံဃာအချင်းချင်း စိတ်ဝမ်းကွဲ ပြားအောင်လုပ်ခြင်း၊ ဘုရား၊ တရားတော်နှင့်သံဃာများ၏ ဂုဏ်ကိုသေးသိမ်အောင် စော်ကားခြင်းတို့ပါဝင်ပြီး ဤပြစ်မှုများကျူးလွန်ပါက သံဃာများက ကံဆောင်၍တုံ့ပြန်ဆောင်ရွက်ခွင့်ရှိသည်။ ဤသို့ ကျူးလွန်စော်ကားခံရသောရဟန်းက ကျူးလွန်သူ သို့မဟုတ် အာဏာပိုင်များထံမှ သံဃာများအပေါ် စော်ကားကျူးလွန်ခဲ့မှုအတွက် လုံလောက်သော ကျေအေးနိုင်ဖွယ်တောင်းပန်မှုရှိလာပါက သံဃာများအနေဖြင့် “ပတ္တနိက္ကုဇ္ဇနကံ”ဆောင်နေခြင်းကို ပြန်လည်ရုပ်သိမ်းနိုင်ပါသည်။ ဤသို့ ကံဆောင်မှုပြန်လည်ရုပ်သိမ်းရန်အတွက်လုပ်ထုံးလုပ်နည်းမှာ အနည်းဆုံး သံဃာ ၄ ပါးစုံညီ သိမ်ဝင်၍ ကမ္မဝါစာဖတ်ကာပြန်လည်ရုပ်သိမ်းနိုင်သည်။
မြန်မာနိုင်ငံရှိ အချို့သောရဟန်းတော်များက ၁၉၉ဝ ခုနှစ်ကဆောင်ခဲ့သော ပတ္တနိက္ကုဇ္ဇနကံဆောင်မှုသည် ဆက်လက်သက်ဝင်နေသေး ကြောင်း ယုံကြည်ထားကြပြီး ထိုအချိန်မှစ၍ ယခုတိုင် သင့်လျော်သောကျေအေးဖွယ်တောင်းပန်မှု ပြန်လည်ရရှိခဲ့ခြင်းမရှိသေးပါ။ အကြမ်းဖက် ဖြိုခွဲမှုနှင့်သာကြုံခဲ့ကြရပါသည်။ ထိုအချိန်က ရဟန်းသံဃာများက စစ်အစိုးရခေါင်းဆောင်များနှင့် ၎င်းတို့မိသားစုများကျင်းပသည့် ဘာသာရေး အခမ်းအနားများသို့ကြွရန် ငြင်းဆန်ခဲ့ကြပါသည်။ ဖြစ်ရပ် တခုတွင် နောက်ပိုင်း ကုန်သွယ်ရေးဝန်ကြီးဖြစ်လာသူ၊ ထိုအချိန်က မန္တလေးတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က ဝါတော်ရဆရာတော်များနှင့်သံဃာများကို ဘာသာရေးအခမ်းအနားတခုသို့ဖိတ်ကြားခဲ့သော်လည်း သံဃာအများကငြင်းဆန်၍ မတက်ရောက်ဘဲနေခဲ့ကြသည်။ ထိုအခါမှ စစ်အစိုးရခေါင်းဆောင်များက သံဃာများ၏သပိတ်မှောက် ကံဆောင်မှုကို အလေးအနက်ထားလာကြပြီး နောက်ပိုင်း တုံ့ပြန်ဖြိုခွဲနိုင်ရန် ပြင်းပြင်းထန်ထန်လုပ်ဆောင် ခဲ့ကြသည်။ မန္တလေးတမြို့တည်းတွင်ပင် ဘုန်းတော်ကြီးကျောင်း (၁၃ဝ) ကို ဝင်ရောက်စီးနင်းခဲ့ပြီး သံဃာများကို ဖမ်းဆီး၊ လူဝတ်လဲထောင်ချခဲ့သည်။ တနိုင်ငံလုံးအတိုင်းအတာအရ သံဃာအပါး (၃ဝဝ) ကျော်မှာ လူဝတ်လဲခံရကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ထိုသံဃာများကလူဝတ်လဲခံရ၍ အကျဉ်းထောင်ဝတ်စုံဖြင့်ရှိနေစေကာမူ၊ သံဃာအဖြစ်တရားဝင်သတ်မှတ်မခံရဘဲ ပယ်ဖျက်ခဲ့စေကာမူ၊ ၎င်းဖမ်းဆီးထိန်းသိမ်းခံရသူ သံဃာများကရဟန်းတော်များ၏အကျင့်သိက္ခာအတိုင်း ဆက်လက်ကျင့် သုံး၍ ထောင်တွင်း၌နေထိုင်ခဲ့ကြပုံကိုလည်း အတူနေထိုင်ခဲ့ကြရသူ နိုင်ငံရေးအကျဉ်းသားဟောင်းများ က ပြန်ပြောင်းပြောပြကြပါသည်။ ဗုဒ္ဓစာပေကျမ်းဂန်နှံ့စပ်တတ်ကျွမ်းသည့် ဦးသုမင်္ဂလကဲ့သို့သော လူအများလေးစားကြည်ညိုခံရသည့်ဆရာတော်ကြီး ၈ ပါး အပါအဝင် အခြားသံဃာများလည်း ဤသံဃာ့သပိတ်ဖြိုခွဲမှုတွင် ဖမ်းဆီးခံခဲ့ရသည်။ ဆရာတော်ဦးသုမင်္ဂလကိုမူ ထောင်ဒဏ် ၈ နှစ် အပြစ်ချမှတ်ခဲ့သည်။ ရဟန်းတော်များကို အတင်းအကျပ်လူဝတ်လဲစေရုံမျှမကဘဲ အဖြူရောင်ထောင်ဝတ်စုံများကိုဝတ်စေကာ ၎င်းသံဃာများ၏အမည်ရင်း ဘွဲ့အမည်များအစား အကျဉ်းထောင်အတွင်းလူအမည်များပေး၍ ခေါ်ဝေါ် ခဲ့ကြကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း များက ပြန်လည်ပြောပြခဲ့ကြသည်။
၁၉၉၁ ခုနှစ်၊ သံဃာ့သပိတ်ကိုအကြမ်းဖက်ဖြိုခွဲပြီးတနှစ်အကြာတွင် ထိုအချိန်က စစ်အစိုးရအကြီးအကဲဖြစ်သူဗိုလ်ချုပ်မှူးကြီး စောမောင် လည်း အာရုံကြောချို့ယွင်းကာ ကျန်းမာရေးအကြောင်းပြချက်ဖြင့်အနားယူခဲ့ရသည်။ သို့သော်လည်း ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်ကြသည့် မြန်မာအများစုကမူ ရဟန်းတော်များကိုစော်ကားပြုမူသည့်အတွက် ကံထိုက်သည်၊ ပြစ်ဒဏ်သင့်ခံရသည်ဟု ယခုတိုင်ယုံကြည်နေကြဆဲ ဖြစ်သည်။ ၁၉၉ဝ ခုနှစ် သံဃာ့သပိတ်ဖြိုခွဲမှုကြောင့် သံဃာထုအတွင်းလည်း အကွဲအပြဲများပေါ်ပေါက်ခဲ့ရသည်။ ကွယ်လွန်ပြီဖြစ်သူ မင်းကွန်းဆရာတော်က ထိုအချိန်က နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏အတွင်းရေးမှူးဆရာတော်ဖြစ်ပြီး သူတို့၏သံဃာ့ကံဆောင်မှုကို ဆရာတော်ကြီးကမထောက်ခံသည့်အတွက် လှောင်ပြောင်သရော်မှုများ ရှိခဲ့ပါသည်။ မင်းကွန်းဆရာတော်ကြီးကို “ဗိုလ်ချုပ်မှူးကြီး မင်းကွန်း ဆရာတော်” ဟု လှောင်ပြောင်ခေါ်ဝေါ် ခဲ့ကြပြီး မန္တလေးရှိဘုန်းတော်ကြီးကျောင်းတခုသို့ ဆရာတော်ကြီးကြွလာစဉ် ရဟန်းပျိုများက စစ်ပုံစံဖြင့် အလေးပြုခဲ့ကြသည်ဟုဆိုပါသည်။ ယနေ့ကာလတွင် အုံကြွဆူပူလိုကြသောရဟန်းပျိုများက သူတို့ကိုယ်သူတို့ ထောင်အကျခံရန် စဉ်းစားပိုင်းဖြတ်ထားသည့်အချိန်၌ သက်တော်ရဝါတော်ရ ဆရာတော်များက စစ်ဗိုလ်ချုပ်များထံမှလှူဖွယ်ပစ္စည်းများလက်ခံယူနေကြရင်း အစိုးရ၏ အသုံးချခံများဖြစ်နေကြရပါသည်။ တိုင်းပြည်ကိုအုပ်ချုပ်နေသည့်စစ်ဗိုလ်ချုပ်များထံမှ လှူဖွယ်ပစ္စည်းများကိုလက်ခံ၍ ဤသက်တော်ရဆရာတော်၊ ရဟန်းတော်များက ၎င်းတို့ကို ချီးမြှောက်နေကြသည့်အချိန်၌ ပြည်သူလူထု၏ကြုံတွေ့ခံစားနေရသောဒုက္ခများကို ကိုယ်စားပြု ပြောဆိုရန်မဆိုထားနှင့် သံဃာထု၏အကျိုးအတွက်ပင် ကိုယ်စားပြု မပြောဆိုကြတော့ ဘဲ ရှောင်ဖယ်နေကြပါတော့သည်။ ဤသို့ဖြင့် ကျောင်းထိုင်ဆရာတော်၊ သက်တော်ဝါတော်ရ ဆရာတော်ကြီးများနှင့် ရဟန်းပျိုတို့၏အကြား မလွှဲမရှောင်သာကွာဟချက်ကြီးမား၍လာပါတော့သည်။ မည်သို့ဖြစ်စေ စစ်ဗိုလ်ချုပ်များအနေဖြင့် လွယ်လွယ်နှင့်အလျှော့ပေးကြလိမ့်မည် မဟုတ်ပါ။ တချိန်က လူထုကိုစည်းရုံးသိမ်းသွင်းနိုင်ရန်အတွက် တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်ကိုငှားရမ်း၍ နိုင်ငံအတွင်း လှည့်လည်ကြွချီစေခဲ့ပါသေးသည်။ ထို့အပြင် ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကိုလည်း ကမကထပြုကျင်းပပေးခဲ့ ပါသေးသည်။
၁၉၉၉ ခုနှစ်တွင် စစ်ခေါင်းဆောင်များက ရွှေတိဂုံဘုရားထီးတော်ကိုပြန်လည်ပြုပြင်မွမ်းမံခဲ့ပြီး ဒေသအတွင်း ငလျင်ငယ်များလှုပ်နေစဉ် ကာလတွင်ပင် ထီးတော်ကိုဖြုတ်ချပြုပြင်ခဲ့ပါသေးသည်။ ဒေသခံများ၏အဆိုအရ ဤသို့ထီးတော်ဖြုတ်ချခဲ့သည့်အပေါ် ရွှေတိဂုံဘုရားစောင့် နတ်များကမနှစ်သက်ကြ၍ ငလျင်လှုပ်သည်ဟုလည်းဆိုကြပါသေးသည်။ သို့သော်လည်း ဤသို့ထီးတော်ဖြုတ်ချ၍ ပြုပြင်မွမ်းမံခဲ့ခြင်းဖြင့် စစ်အစိုးရခေါင်းဆောင်များအပေါ် ပြည်သူလူထုထောက်ခံမှု ထူးခြားတိုးတက် ရရှိမလာစေခဲ့ပါ။ စစ်ဗိုလ်ချုပ်များက သံဃာထုနှင့်ဆက်ဆံရာတွင်လည်းကောင်း၊ အတိုက်အခံများနှင့်ဆက်ဆံရာတွင် လည်းကောင်း သွေးခွဲအုပ်ချုပ်ရေးမူဝါဒကိုချမှတ်ကျင့်သုံးခဲ့ကြသည်။
၁၉၉၆ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သံဃာထုအကြားသို့စိမ့်ဝင်ထိုးဖောက်၍ အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်ရန် ကြံစည်နေကြောင်း စစ်အစိုးရကစွပ်စွဲနေပါသေးသည်။ ထို့အပြင် စစ်အစိုးရက ဒီမိုကရေစီအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် သံဃာတော်များ တပူးတွဲတွဲမြင်တွေ့ရခြင်းကို မနှစ်မြို့နိုင်ဘဲရှိခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသြဇာကြီး ထွားနေမှုကို ချေဖျက်နိုင်ရန်အတွက် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရက လန်ဒန်မြို့တွင်သီတင်းသုံးနေသည့် နာမည်ကြီးဆရာတော်ဒေါက်တာရေဝတဓမ္မကို အတိုက်အခံခေါင်းဆောင် ထိန်းသိမ်းခံနေရစဉ်အတွင်း လာရောက်တွေ့ဆုံခွင့်ပြုခဲ့ပါသေးသည်။ ဆရာတော်ရေဝတဓမ္မက ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်များ အကြား ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ပေးမည်ဟုကြေငြာခဲ့ပြီး ဆရာတော်က ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်ပိုင်းစစ်ခေါင်းဆောင်များအကြား ကူးလူးဆက်ဆံ၍ကြိုးပမ်းခဲ့ပါသေးသည်။ သို့သော်လည်း သူ၏ကြိုးပမ်းမှုများ အောင်မြင်မှုမရနိုင်ဘဲ နောက် ဆုံး လန်ဒန်မြို့သို့ ပြန်ကြွခဲ့ရပါတော့သည်။ လေ့လာဝေဖန်နေသူများကသုံးသပ်ကြသည်မှာ စစ်အစိုးရက ဆရာတော်ဦးရေဝတကိုအသုံးချ၍ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးစွန့်လွှတ်သွားစေရန်ကြိုးပမ်းခဲ့သည်ဟု မြင်ကြပါသည်။ သို့သော် ရယ်ဖွယ်ကောင်းသောကိစ္စမှာ စစ်အစိုးရခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကို ကွန်မြူနစ်ဟုစွပ်စွဲခဲ့ပြီး ဘာသာတရားအပေါ် လေးစားကြည်ညိုမှုမရှိသူဟုလည်း လူသိရှင်ကြား စွပ်စွဲခဲ့ပါသေးသည်။ အကြောင်းက ဒေါ်အောင်ဆန်းစုကြည်က တရားပွဲတခုတွင် “လူသားအားလုံးလည်း ကြိုးစားလျှင် ယခုဘဝအတွင်း၌ပင်ဘုရားဖြစ်နိုင်သည်” ဟု ပြောဆိုခဲ့မှုအပေါ် ရည်ညွှန်းစွပ်စွဲခြင်း လည်း ဖြစ်ပါသည်။
ပထမအကြိမ် နေအိမ်အကျယ်ချုပ်ချခံရပြီးနောက် ဒေါ်အောင်ဆန်းစုကိုပြန်လွှတ်ပေးခဲ့သည့်နောက် ၁၉၉၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်သို့ခရီးထွက်ခဲ့ရာ ထောက်လှမ်းရေးအရာရှိများ အမျက်ထွက်ခဲ့ကြရပါသည်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်က တန်ခိုးသြဇာကြီးလှသည့် သာမညဆရာတော်ကို ဆည်းကပ်ကုသိုလ်ပြုနိုင်ရန်ခရီးထွက်ခဲ့သောကြောင့်လည်း ဖြစ်သည်။ အစဉ်အလာအရ ဆိုလျှင် ဘုန်းတော်ကြီးကျောင်းများက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအတွက် ခိုလှုံပုန်းအောင်းရာနေရာဖြစ်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင်လည်း ရဟန်းသံဃာများက စစ်ထောက်လှမ်းရေးများ၏ရန်မှ ရှောင်တိမ်းပြေးလွှားနေကြရသူများအတွက် ခိုလှုံခွင့်ပြုခဲ့ကြပါသည်။ တကြိမ်တွင် စစ်အစိုးရက အတိုက်အခံများကိုရဟန်းခံရှင်ပြုခွင့် မပြုရန် တားဆီးကန့်သတ်ချက်ပင်ပြုခဲ့ပါသေးသည်။ ကျောင်းသားအများစုရှိရာ တက္ကသိုလ်နှင့်ကျောင်းများကို တင်းတင်းကျပ်ကျပ်စောင့်ကြည့်ခဲ့သကဲ့သို့ပင် နိုင်ငံရေးအရတက်ကြွထက်သန်သော ဘုန်းတော်ကြီးကျောင်း များကိုလည်း စစ်အစိုးရက အနီးကပ်စောင့်ကြည့်ခဲ့ကြပါသည်။ သာမညတောင်ပေါ်တွင် သီတင်းသုံးသည့်အတွက် “သာမညဆရာတော်”ဟု လူအများကလေးစားကြည်ညိုကြသည့် ဆရာတော်ဘဒ္ဒန္တဝိနိယက ဒေသအတွင်းရှိပြည်သူများကိုကူညီပေးနိုင်ရန်အတွက် ဖွံ့ဖြိုးရေးစီမံချက်များ ကြိုးပမ်းဆောင်ရွက်ပေးခဲ့သော်လည်း စစ်ဗိုလ်ချုပ်များက မရှုစိမ့်ဘဲအနှောင့်အယှက်ပေး ဟန့်တားခဲ့ကြ ပါသေးသည်။ လူအများက ဆရာတော်ကို တန်ခိုးသိဒ္ဓိပေါက်သည်ဟု လက်ခံယုံကြည်ကိုးကွယ်ကြသည့် နည်းတူ စစ်အာဏာပိုင်များထံ ဒူးမထောက်မရိုကျိုးသောဆရာတော်၏ရပ်တည်ချက်ကြောင့်လည်း ပို၍ကြည်ညိုကြပါသည်။ ထိုအချိန်က တန်ခိုးထွားခဲ့သည့်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်က ဆရာတော်ထံသို့ တန်ဖိုးကြီးကားတစီးလှူသည်ကိုလည်း ဆရာတော်က လက်မခံငြင်းပယ်ခဲ့ပါသည်။ ဗိုလ်ချုပ်ခင်ညွန့်သည်လည်း သာမညဆရာတော်ကို ဝယ်ယူစည်းရုံးရန်မစွမ်းနိုင်ခဲ့ပါ။ မြန်မာ စစ်အစိုးရခေါင်းဆောင်များကို ဗုဒ္ဓဘာသာ စွဲစွဲမြဲမြဲသက်ဝင်ယုံကြည်သူများဟု ယူဆလျှင် အမှားကြီးမှားပါလိမ့်မည်။ စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏မိသားစုဝင်များက ဗုဒ္ဓဘာသာကျင့်စဉ်များထက်စာလျှင် ဗေဒင်ကိန်းခန်း၊ ယတြာများ၌သာ ပိုမိုအားကိုးယုံကြည်ကြပါသည်။ သူတို့က တန်ခိုးသြဇာတက်စေသောအဆောင်လက်ဖွဲ့များ၊ ဆင်ဖြူတော် စသည်တို့ကိုသာ ပိုမိုတန်ဖိုးထားနေကြပြီး ဗေဒင်ဆရာများထံမှအကြံရယူဆောင်ရွက်နေခဲ့ကြပါသည်။ သူတော်ချင်းချင်းသတင်းလွေ့လွေ့ဆိုသကဲ့သို့ စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ဗေဒင်အခါပေးဆရာများက တပူးတွဲတွဲရှိကြပြီး၊ နိမ့်ပါးသည့်အခါတွင်လည်း အတူကျရှုံးရသည်ကိုလည်းတွေ့ကြ ရပါသည်။ အာဏာရှင်ဟောင်းဦးနေဝင်း၏မိသားစုကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့်စွပ်စွဲအပြစ်ပေးခဲ့ပြီးသည့်နောက်ပိုင်း ၎င်းတို့၏ အခါပေး ဗေဒင်ဆရာအောင်ပွင့်ခေါင်ကိုလည်း ၂ဝဝ၂ ခုနှစ်တွင် ဖမ်းဆီးထောင်ချခံခဲ့ရပါသည်။ ယခင် ဝန်ကြီးချုပ်ဟောင်းနှင့်စစ်ထောက်လှမ်းရေး အကြီးအကဲဖြစ်သူဗိုလ်ချုပ်ခင်ညွန့် ၂ဝဝ၄ ခုနှစ်တွယ် ဖယ်ရှားဖြုတ်ချခံရပြီးနောက်ပိုင်းတွင် ၎င်း၏အခါပေးဆရာ ဘိုးတော်သန်းလှသည်လည်း ထောင်သွင်းအကျဉ်းချခံခဲ့ရပါတော့သည်။ မြန်မာစစ်အစိုးရခေါင်းဆောင်များအနေဖြင့် ဗုဒ္ဓဘာသာထွန်းကားစေရန် မြှင့်တင်ကြိုးပမ်းနေကြ သည်ဟုဆိုလျှင်ဖြင့် ယုံကြည်ရန်အတော်ခက်ခဲပါလိမ့်မည်။ သူတို့က ဘုရားတည်ကြသည့်အချိန်၊ ဗုဒ္ဓရုပ်ပွားတော်များတည်ဆောက်ကြည်ညို ကြသည့်အချိန်၌ပင် သူတို့၏အလှူက ဗေဒင်ကိန်းခန်းများအရ ယတြာချေခြင်းဖြစ်နေတတ်ကြပါသည်။ လေယာဉ်ပျံပေါ်တွင် သစ်သားမြင်းရုပ် ကို စီး၍ မွေးရပ်ဇာတိမြို့ကို ၉ ကြိမ်ပတ်ရန်အတွက် ယခင်အာဏာရှင်ဟောင်းဦးနေဝင်းကို မည်သူက အကြံပေးခဲ့ပါသနည်း။ ၄၅ ကျပ်တန်၊ ၉ဝ ကျပ်တန်ငွေစက္ကူများရိုက်နှိပ်ထုတ်ဝေရန် ဦးနေဝင်းကို မည်သူကအကြံပေးခဲ့ပါသနည်း။ သာဓကများစွာ ရှိနေပါသည်။ ဗိုလ်ချုပ်ခင်ညွန့်ကို အမျိုးသမီးတဦးသဖွယ်ဝတ်ဆင်၍ ဒေါ်အောင်ဆန်းစုကြည်၏မူပိုင်ဟန်ဖြစ်သည့် ပန်းများပန်၍ ၎င်း “အမျိုးသမီး”၏ သြဇာအာဏာကိုခိုးယူရန် မည်သူကအကြံပေးခဲ့ပါသနည်း။ မြို့တော်ပြောင်းရွှေ့ရန်အတွက် ဗိုလ်ချုပ်သန်းရွှေကို မည်သူကတိုက်တွန်းခဲ့ပါသနည်း။ သေချာသည်မှာ ဤအပြုအမူများက ဗုဒ္ဓဘာသာဝင်များကျင့်ကြံပြုမူကြသည့်လုပ်ရပ်များ မဟုတ်ပါ။ အလားတူပင် ဗုဒ္ဓဘာသာအရ ရဟန်းသံဃာများကို ရိုက်နှက်ညှဉ်းပမ်းရန်၊ အဓမ္မလူဝတ်လဲရန်၊ ထောင်ချရန်၊ သတ်ဖြတ်ရန်အတွက် ခွင့်ပြုပေးထားခြင်းမရှိပါ။ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာ ဆုတ်ယုတ်ကျဆင်းလာရခြင်းနှင့် စစ်ဝါဒခေါင်းထောင်ထလာခြင်းအပေါ် လူအများက အထူးစိုးရိမ်ပူပန်နေကြပါသည်။ ဤသို့ဖြစ်သည့် အခြေအနေများကြောင့်လည်း လူမှုရေးကဏ္ဍကိုထောက်ပြဝေဖန်ကြသူများနှင့် နိုင်ငံရေးအရတက်ကြွထက်သန်ကြသောဘုန်းကြီးများက ယနေ့စစ်ဗိုလ်ချုပ်များသည် ဗုဒ္ဓဘာသာ သာသနာနှင့်ဗုဒ္ဓတရားတော်များအတွက် အဓိကခြိမ်းခြောက်မှုဖြစ်နေသည်။ ဗုဒ္ဓရုပ်ပွားတော်များရှေ့တွင် ပုဆစ်တုပ်ဝတ်ချနေကြသော်လည်း သာသနာအကျိုးကိုဖျက်ကြမည့်သူများဖြစ်သည်ဟု ဝေဖန်ပြောဆိုနေကြခြင်းမှာလည်း အံ့သြဖွယ်ရာမဟုတ်တော့ပါ။
၂ဝဝ၇ ခုနှစ် အောက်တိုဘာလထုတ် ဧရာဝတီမဂ္ဂဇင်းမှ အောင်ဇော်ရေးသားသည့် The Power Behind the Robe ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

(တွေ့တာနဲ့ယူတာက
ဒီနေရာကဖြစ်ပါတယ)http://aungzwa.blogspot.co.uk/2007/10/blog-post_624.html
(ဖတ်ကြည့်ဆင်ခြင်တွေးဆနိုင်ဖို့ပါ။
ရေးခဲ့စဉ်ကာလကိုသတိပြုမိမှဖြစ်မယ်တွေးပါတယ်။ မျိုးမြင့်ချို)
0 comments:
Post a Comment