သတင်းစာတိုက် ရိုက်ချိုးမှုအတွက်
သတင်းစာဆရာအသင်းက ဒိုင်ခံကန့်ကွက်ခြင်းမဟုတ်ဘဲ ဘဝတူအသင်း လေးသင်း ပူးပေါင်း
အရေးဆိုခြင်းဖြစ်လေသည်။ စာရေးဆရာအသင်း၊ သတင်းထောက်အသင်းနှင့် ပုံနှိပ်ထုတ်ဝေသူများအသင်းတို့မှ
ကိုယ်စားလှယ်များပါဝင်သော အရေးပေါ်ကော်မီတီတွင်လည်း ဦးထွန်းဖေပင်ဥက္ကဌဖြစ်လေသည်။
လေးသင်းပေါင်း စည်းဝေးထုတ်ပြန်ချက်အာဘော်ကို ဦးထွန်းဖေကပင်ဦးစီးရေးဆွဲခဲ့ပေရာ
အောက်ပါအတိုင်း ထည်ဝါ ခန့်ငြားရှိပါပေသည်။ (သတင်းစာများသည် တိုင်းပြည်၏မျက်လုံး၊
တိုင်းပြည်၏နားများဖြစ်သည်၊ သတင်းစာဆရာများအတွက်သာမက တိုင်းပြည်တစ်ပြည်လုံး၏
လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို စောင့်ရှောက်ထိန်းသိမ်းသည့် ပြည်သူ့အမှုဆောင်များဖြစ်သည်။
ထိုတာဝန်ကိုဆောင်ရွက်ရာ၌ နှစ်လသာသာမျှသာရှိသေးသော“လွတ်လပ်သည့် လွတ်လပ်သောမြန်မာပြည်တွင် သတ်မှတ်ပြီးဖြစ်သည့်အခွင့်အရေးများသာမက
ကမ္ဘာပ်ါတွင် နှစ်ရှည်လများလွတ်လပ်ရေးပြီးသော
လူတန်းစေ့တိုင်းပြည်ကြီးများ၌ရရှိနေသော လွတ်လပ်မှုအသွယ်သွယ်တို့ကို မြန်မာတို့လက်ဝယ်သို့ပိုင်ပိုင်နိုင်နိုင်ရောက်ရှိလာရန်
သတင်းစာများက အနည်းနည်းဖြင့်ကြိုးပမ်းနေကြလေသည်။ မြန်မာပြည်တွင် ကျွန်ုပ်တို့၏ဘိုးဘေးဘီဘင်များ ထူထောင်ထိန်းသိမ်းခဲ့သော တရားဓမ္မဝါဒကောင်းများကိုအမွေခံကာ အဓွန့်ရှည်စေခြင်းတာဝန်ကို ယူကြသည်သာမက
ကမ္ဘာအရပ်ရပ်ရှိ အလားတူတရားဓမ္မဝါဒကောင်းကိုလည်း မီးရှုးတန်ဆောင်သဖွယ် သတင်းစာများက
အလင်းရောင်ပြန့်ပွားစေလျက်ရှိပါသည်။ (ထိုကဲ့သို့ လွတ်လပ်စွာပြောဆိုရေးသားခွင့်
အရပ်ရပ်တို့၏အလုပ်ရုံဖြစ်သောသတင်းစာတိုက်များကို တရားဥပဒေမဲ့အဓမ္မဝင်ရောက် ဖျက်ဆီးခြင်းသည်
မြန်မာပြည်သတင်းစာလောကကိုသာမက ကမ္ဘာ့သတင်းစာလောကကိုပါ အဆိုပါလူထုက
ဖက်ဆစ်နည်းစနစ်ဖြင့် ရက်စက်စွာစော်ကားလိုက်ခြင်းဖြစ်သည်။ ထိုဖျက်ဆီးခြင်းသည်
သက်ဆိုင်ရာသတင်းစာတိုက်များကိုသာစော်ကားသည်ဟု မယူဆသင့်ဘဲ
မြန်မာပြည်သတင်းစာလောက ကြီးကို ကျူးကျော်စော်ကားလိုက်ခြင်းပင်ဖြစ်သည်။ ဤအပြုအမူမျိုးသည်
ယဉ်ကျေးမှုဝါဒ၊ ဒီမိုကရေစီဝါဒတို့ကိုဖောက်ဖျက်ရာရောက်သည်ဟု ယူဆရလေသည်။ ထို့ကြောင့်
ဤကဲ့သို့ မကြုံစဖူးအောင်ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော ပြည်သူ့မျက်စိ
နားတို့ကိုဖောက်ဖျက်စော်ကားမှုကြီးကို ရှုတ်ချကန့်ကွက်သောအားဖြင့်
မြန်မာတစ်နိုင်ငံလုံးရှိ နေ့စဉ်သတင်းစာများကို(၁၉၄၈)ခု မတ်လ(၁၇)ရက် ဗုဒ္ဓဟူးနေ့မှစ၍
(၁၉)ရက် သောကြာနေ့အထိ သုံးရက်တိုင်တိုင်ထုတ်ဝေခြင်းမပြုရန်
မြန်မာနိုင်ငံသတင်းစာ ဆရာများအသင်း၊ မြန်မာပြည်သတင်းထောက်များအသင်း၊ မြန်မာပြည်ပုံနှိပ်တိုက်များအသင်း၊မြန်မာနိုင်ငံစာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသောအစည်းအဝေးကြီးက ဆုံးဖြတ်ကြကြောင်း။ (ဗမာ့ခေတ်မှ)မြန်မာပြည်တွင် သတင်းစာများအားလုံးတညီတညွတ် သုံးရက်ကြာပိတ်ကြခြင်းမှာ မကြုံစဖူးသောဝမ်းနည်းမှု စိတ်နာမှု သပိတ်မှောက်မှုကြီးပင်ဖြစ်လေသည်။
စာနယ်ဇင်းသမားများအဖို့ ဤသို့ညီညွတ်စွာခြေလှမ်းကြရန် ဘာမျှပြောနေစရာမလိုဘဲ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်၏။
ထောက်ခံပွဲတွေ
ထိုသို့ လေးသင်းပေါင်းကြေညာချက်အရ သတင်းစာများသုံးရက်ပိတ်လိုက်ချိန်တွင် မြန်မာနိုင်ငံအရပ်ရပ်၌ သတင်းစာဆုံးဖြတ်ချက်ကို လူထုထောက်ခံပွဲများ အလိုအလျှောက်အဆက်မပြတ်ပေါ်ပေါက်လာ၏။ မတ်လ(၁၇)ရက်နေ့က ရန်ကုန်မြို့စမ်းချောင်းတွင်ကျင်းပရာ ရုတ်တရက် ရှောင်တခင်ပင် လူ (၅ဝဝဝ)ကျော် တက်ရောက်ကြောင်း။ ထိုပွဲတွင် အရပ်သူအရပ်သားများက ဓာတ်မီးများ၊ တရားဟောစင်များ ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးကြောင်း၊ သဘာပတိအဖြစ် သခင်ကိုယ်တော်မှိုင်းကဆောင်ရွက်၍ အတွင်းရေးမှူးမှာ ဦးသန်းထွန်း(ရှေ့ဆောင်)ဖြစ်၏။ ဟောပြောသူများမှာ (၁)ဦးဂုဏ်ရောင်(ဟစ်တိုင်)။ (၂)ဦးတင်အေး(စီးပွားရေး)။ (၃)ဦးတင်စိုး(အိုးဝေ)။ (၄)ဦးထွန်းဖေ(ဟံသာဝတီ)။ (၅)ဇဝန။ (၆)ဦးသိန်းမောင်(သံတော်ဆင့်)။ (၇)ဦးအုန်းခင်(ဗမာ့ခေတ်)။ (၈)သခင်ချစ်(ကွန်မြူနစ်နေ့စဉ်) တို့ ဖြစ်ကြောင်း။ ညနေ (၄)နာရီအချိန်မှ စတင်ဟောပြောရာ(၉)နာရီတွင်ရုပ်သိမ်းရန်ဖြစ်သော်လည်း ပရိသတ်များကတောင်းပန်ကြ၍ ည (၁၁)နာရီအထိ ဆက်လက်ဟောပြောကြရကြောင်း။ (မြန်မာ့အလင်း ၂၁-၃-၄၈)
မန္တလေးမြို့သို့ သခင်ကိုယ်တော်မှိုင်းအမှူးရှိသော စာနယ်ဇင်းအဖွဲ့များသွားရောက်ရာတွင် (၁) ဦးသိမ်းမောင်(သံတော်ဆင့်)။ (၂)ဦးအုန်းခင်(ဗမာ့ခေတ်)။ (၃)သာကဒိုး(အိုးဝေ)။ (၄)မဟာဆွေနှင့် (၅) ဗိုလ်သိမ်းဆွေတို့ပါဝင်ကြ၏။ (ဘကြီးမှိုင်းအသံ)သဘာပတိဖြစ်သူ ဦးလှ(လူထု)ပြောကြားရာတွင် ရန်ကုန်မှအဖွဲ့ကို မန္တလေးဘူတာကြီးတွင်ဖမ်းမည်စိုး၍ ကျောက်ဆည်ဘူတာသို့ သွားကြိုရသည်ဆိုကြောင်း။ ဆရာမှိုင်းကြီးကပြောကြားရာတွင် မတ်လ(၁၂)ရက်နေ့ဖြစ်ပျက်စဉ်က တောမှာရှိ၍ မသိရကြောင်း။ နောက်ရောက်လာတော့ သတင်းစာနဲ့အစိုးရဖြစ်ပျက်ပုံသိရ၍ ပျက်စီးနေသော သတင်းစာတိုက်များသို့သွားရောက်ကြည့်၍ ရင်ကွဲပက်လက်ဖြစ်ရကြောင်း ခွေးမသားတွေ ဖက်ဆစ်မုန်းတယ်မုန်းတယ်နဲ့ လက်စသတ်တော့ မဟာဖက်ဆစ်ဖြစ်နေပြီ၊ အစိုးရထဲမှာ သခင်နုကိုကြည်ညိုပါတယ်၊ သူကတော့ စိပ်ပုတီးအမြဲစိပ်နေလို့ တော်ရဲ့လို့ထင်ရ၊ ယခုတော့ စိပ်ပုတီးစိပ်လွန်းပြီး ရူးများနေသလားမသိဘူး။ (ကိုယ်တိုင်တွေ့မြင်ရတော့ ကိုယ်ခံရသလိုအောက်မေ့ မိကြောင်း၊ သတင်းစာဆရာနှင့်အစိုးရအဖွဲ့ထဲမှာပါဝင်သူတွေက တပည့်ချည်းပဲ၊ ကျုပ်ကတော့ ရတနာသုံးပါးကိစ္စ၊ ပုံနှိပ်တိုက်တွေဆိုရင်အားပေးတာပဲ၊ ဟိုတုန်းက ခွေးမသားတွေပြောတော့ မြန်မာပြည်မှာရွှေမိုးငွေမိုးရွာမယ်ပြော၊ အခုတော့ ပုဆိန်မိုးရွာနေပြီ၊ ယခု မန္တလးသို့ ဂျပန်ကောင်တွေရှိစဉ် ဗိုလ်မိုးကြိုးနှင့်တစ်ခေါက် ယခုတစ်ခေါက်၊ နှစ်ခေါက်ရောက်ကြောင်း၊ ယခု အစိုးရကပဲ သတင်းစာကိုသပိတ်မှောက်ရသတဲ့။ မောင်နု ကြီးကြီးကျယ်ကျယ်လုပ်လို့ ယခုအရေးမှာလည်း အပ်နှင့်ထွင်းရမည့်နေရာ၊ ပုဆိန်နှင့်ထွင်းဆိုသလိုဖြစ်ကြောင်း၊ မိုးကြိုးပစ်တာ ထန်းလက်နှင့်ကာဆိုသလို သတင်းစာကိုသပိတ်မှောက်၊ စက္ကူမပေးဘူးပြော သတင်းစာတွေရေးတာ မယုံကြည် ရန်တိုက်တရားဟောနဲ့ ဒါဒီမိုကရေစီလား။ ဂျပန်သေတစ္ဆေဖြစ်သလို တစ္ဆေများပူးပြီး ရူးပေါပေါဖြစ်နေသလားမသိဘူး။ (ဂျပန်ဗိုလ်ပေမယ့် ယခုလို သတင်းစာတိုက်တွေရိုက်ချိုးတာမတွေ့ရဘူး၊ ယခု အစည်းအဝေးမှာပြောတာတွေ အကုန်ထောက်ခံကြောင်း၊ ဖဆပလနဲ့အစိုးရတို့တက်လာတာ သတင်းစာတွေကလုပ်လို့ပဲ။ ကျေးဇူးရှိမှကျေးဇူးဆပ်ဆိုသလို ယခုတော့ ပုဆိန်နှင့် ကျေးဇူးဆပ်နေကြောင်း၊ ကျိုးနှင့်ခင်ပုတ်မတည့်ကြပုံကိုပါပြောကြား၍ အပြီးသတ်လိုက်ကြောင်း။ (မြန်မာ့အလင်း ၂၁-၃-၄၈) အခြားသောပြည်သူ့အဖွဲ့အစည်းများကလည်း လှုပ်ရှားထကြွလာကြ၏။
ရဲဘော်ကြေညာချက် မတ်လ(၂ဝ)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ပြည်သူ့ရဲဘော်အဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက် ရန်ကုန်၊ ဟံသာဝတီနှင့်အင်းစိန်(၃)ခရိုင်မှ ရဲဘော်ရဲမေများနှင့်တကွ ဖက်ဆစ်ဝါဒရှုတ်ချရေးလူထုအစည်းအဝေးကြီးတစ်ရပ်ကို ရန်ကုန်မြို့ဗန္ဓုလပန်းခြံ၌ ကျင်းပမည်ဖြစ်ကြောင်း။
ဗကသ
မတ်လ(၂၁)-က မြန်မာနိုင်ငံကျောင်းသားများသမဂ္ဂအစည်းအဝေးကျင်းပရာတွင်
(၁)သတင်းစာတိုက်များအား ဝင်ရောက်ဖျက်ဆီးမှုကို ပြင်းထန်စွာရှုတ်ချကြောင်း၊
သတင်းစာတို့၏တောင်းဆိုချက်ကိုထောက်ခံကြောင်း။ (၂)သတင်းစာများနှင့်အဆက်ဖြတ်ခြင်းကို
ပြင်းထန်စွာရှုတ်ချကြောင်း။
ရဟန်းပျို တန်ခူးလဆန်း(၁၄)ရက် (၄)နာရီက သိမ်ကုန်းကျောင်း၌ သဘာပတိဦးညာဏ၊ အကျိုးဆောင်ဦးရေဝတ၊ ဆုံးဖြတ်ချက် (၁)သတင်းစာတိုက်များကို အဓမ္မဝင်ရောက်ဖျက်ဆီးသော ဖက်ဆစ်ဝါဒလက်ကိုင်ပြုသူများကို ရှုတ်ချသည်။ (၂)အစိုးရက သတင်းစာတိုက်များကို တစ်ရာ စသဖြင့် အကူအညီအမြန်ထုတ်ပေးရန်။
အမှုထမ်းပေါင်းစုံသမဂ္ဂ (၁)ပုံနှိပ်စက်များကို တရားလက်လွတ်ဝင်ရောက်ဖျက်ဆီးခြင်းသည် ဖက်ဆစ်ဆန်လှသဖြင့်ရှုတ်ချသည်။ (၂)အစိုးရက သတင်းစာများနှင့်အဆက်ဖြတ်သည်ဆိုခြင်းမှာ ဒီမိုကရေစီဝါဒအရ တိုင်းပြည်၏ဂုဏ်သိက္ခာကိုထိခိုက်သည်ဟု ယူဆကြောင်း။ အသင်းအဖွဲ့အမျိုးမျိုးမှထောက်ခံကြရာတွင် (ပြည်သူ့ရိက္ခာထောက်ပံ့ရေးသမဂ္ဂ)မှာ အထူးပင်နိုးကြားရှင်းလင်းပြတ်သားလှပေသည်။ (သတင်းစာတိုက်များကို ဆိုရှယ်လစ်ပါတီဝင်များ ပါလီမန်အမတ်များဆေခါင်းဆောင်ကာ လက်နက်အားကိုးနှင့်ကျူးကျော်စော်ကား ဖျက်ဆီးမှုသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ စည်းမျဉ်းဥပဒေများကိုဖောက်ဖျက်သည်ဟု ကျွန်ုပ်တို့၏သမဂ္ဂမှယူဆသည်နှင့်အညီ ဤကဲ့သို့ မိုက်ရိုင်းစော်ကားသူများကို ဒီမိုကရေစီလိုလားသူတိုင်းက အချိန်မီကာကွယ်ခြင်းမပြုခဲ့သော် ရှေ့အဖို့တွင် မြန်မာနိုင်ငံသည် ဖက်ဆစ်ဝါဒကြီးစိုးတော့မည့် အခြေအနေသို့ရောက်ရှိပေတော့မည်။ (ဒီမိုကရေစီလိုလားသည့် စာရေးစာချီများကိုကိုယ်စားပြုသည့် ကျွန်ုပ်တို့၏သမဂ္ဂသည်) ၁။ထိုနေ့က ရိုးသားသောတောင်သူလယ်သမားထုနှင့် မြို့နေဆင်းရဲသားလူထုအား လှည့်ပတ်ခေါ်ဆောင်လာ၍ လက်နက်ကိုင်လူဆိုးလူမိုက်များခေါင်းဆောင်ပြီး၊ ဖက်ဆစ်အပြုအမှုများပြုကြသောခေါင်းဆောင်များကို ပြင်းထန်စွာရှုတ်ချကြောင်း။ ၂။ပြည်ထောင်စုရဲအဖွဲ့သို့ ကြိုတင်အကြောင်းကြားထားပါလျက် ကာကွယ်မပေးခြင်းမှာ များစွာဝမ်းနည်းဖွယ်ဖြစ်ကြောင်း။ ၃။ရိုင်းပြသောအပြုအမူများပြုလုပ်သည့်တရားခံများကို အလျှင်အမြန်အရေးယူရန်။ ၄။ဤ သမဂ္ဂသည် ဒီမိုကရေစီကိုလိုလားသောအဖွဲ့ဖြစ်သည့်အားလျှော်စွာ အခြားဒီမိုကရေစီအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ဤကဲ့သို့သော ဖက်ဆစ်အန္တရာယ်ကို ရွတ်ရွတ်ချွံချွံတိုက်ဖျက်မည်ဟု အတိအလင်းကြေညာပါကြောင်း။ (၄)အစိုးရ၏ခြေလှမ်း သတင်းစာဘက်မှတုံ့ပြန်ချက်များ ပြင်းထန်ပြန့်ပွားလာသည်နှင့်အမျှ အစိုးရဘက်သားများကလည်း နောက်မဆုတ်ဘဲ ခပ်ကြမ်းကြမ်းပင် ခြေလှမ်း၏။ ပန်းဆိုးတန်း၌ ပြန်ကြားရေးရုံး၏ဌာနခွဲရှိရာ ထိုတိုက်၌ ဒုတိယအထပ်ကို သတင်းစာဆရာအသင်းအား အခမဲ့နေခွင့်ပြုထား၏။ စာရေးဆရာအသင်းနှင့်သတင်းထောက်အသင်းတို့လည်း ထိုနေရာ၌ပင် ဝေခွဲနေထိုင်ကြ၏။ ယခုကဲ့သို့ သတင်းစာနှင့်အစိုးရတို့သင့်မြတ်မှုကင်းမဲ့လာသောအခါ အစိုးရကထွက်စေ အမိန့်ထုတ်တော့၏။ ထိုကြောင့် မတ်လ(၂၃)ရက်နေ့တွင် သတင်းစာအသင်းသည် ဆူးလေ ဘုရားလမ်းရှိ သံတော်ဆင့်သတင်းစာတိုက်သို့ လည်းကောင်း၊ သတင်းထောက်အသင်းသည် စပတ်လမ်းရှိ ပုံနှိပ်ထုတ်ဝေသူများ အသင်းတိုက်သို့လည်းကောင်း၊ စာရေးဆရာအသင်းသည် သရက်တောကျောင်းတိုက်သို့လည်းကောင်း အသီးသီးဘုံပြောင်းကြရလေတော့သည်။
ဆက်လက်ဖော်ပြပါမည်။

0 comments:
Post a Comment