ဆရာမတင်
တပည့်မခံချင်ကြသူများ(ဒုတိယပိုင်း) (ပါမောက္ခရွှေရိုး ခေါ် James Scott ယေးတက္ကသိုလ် ကိုယ်တိုင်ဗမာလိုရေးသားသည်)
ခေတ်မောင်း အတွဲ-၂၊ အမှတ်-၅
ဒီကာလအတွင်း အရှေ့တောင်အာရှမှာ လူဦးရေအများစုကြီးဟာ အုပ်ချုပ်မှုမရှိတဲ့နေရာတွေကနေ အုပ်ချုပ်မှုရှိတဲ့နေရာတွေဆီကို အတင်းပဲခေါ်ဆောင်ခြင်းခံခဲ့ရပါတယ်။ တချို့က စစ်ပွဲမှာအဖမ်းခံရတယ်။ တချို့က သူတို့နေတဲ့ရွာထဲဝင်တိုက်ပြီးဖမ်းသွားတာ ခံရတယ်။ ကယားလူမျိုးတွေဟာ နှစ်စဉ်ရိပ်သိမ်းချိန်အပြီးမှာ လူဖမ်းဖို့လှည့်လည်ခဲ့ကြတယ်လို့ ပြောကြပါတယ်။ တကမ္ဘာလုံးမှာ ဒီပုံစံဖြစ်ခဲ့တာချည်းပါပဲ။
အစိုးရအုပ်ချုပ်မှုအောက်မှာမရှိကြတဲ့ အာဖရိကလူမျိုးတွေဟာ အဖမ်းခံရပြီး အမေရိကကိုရွှေ့ပြောင်းခြင်းခံခဲ့ကြရပါတယ်။ ထွက်ပြေးလို့လွတ်သွားတဲ့အာဖရိကန်တွေဟာ အာဖရိကတိုက်အတွင်းမှာ Zomia (ဇိုးမီးယား)လိုပုံစံမျိုး ဒေသသစ်တခုကိုတည်ထောင်ခဲ့ကြပါတယ်။ လူဦးရေနည်းပါးတဲ့အရှေ့တောင်အာရှနဲ့အမေရိကတိုက်တွေမှာ နိုင်ငံထူထောင်ဖို့ဆိုရင် လူတွေကိုဖမ်းပြီး အစိုးရအုပ်ချုပ်မှုရှိတဲ့နေရာအောက်ကို ပြောင်းရွှေ့ပေးဖို့လိုအပ်လာခဲ့ပါတယ်။ ကဲ အခု တောင်ပေါ်လူအဖွဲ့အစည်းနဲ့ မြေပြန့်နေလူ့အဖွဲ့အစည်းတွေကြားကကွာဟမှုတွေအကြောင်း
ပြန်ကြည့်ကြရအောင်။
မြေပြန့်ဒေသလူ့အဖွဲ့အစည်းတွေမှာ ထူးခြားတဲ့လက္ခဏာတွေရှိပါတယ်။ တောင်ပေါ်မှာလည်း မြေပြန့်လူ့အဖွဲ့အစည်းနဲ့တူတဲ့ လက္ခဏာရပ်တွေရှိပါတယ်။ ဥပမာ-ကျိုင်းတုံလိုမျိုးနေရာတွေမှာ တွေ့နိုင်ပါတယ်။ ဒီလက္ခဏာရပ်တွေကိုပြောရမယ်ဆိုရင် အဲဒီဒေသတွေမှာ
- အုပ်ချုပ်သူ ရှင်ဘုရင်တွေ နေကြတယ်။
- လူတန်းစားအလွှာကွာဟမှုက သိသိသာသာကြီးမားတယ်။
- အခွန်ကောက်ခံမှုနဲ့ သာမန်လူတန်းတွေက ဘုရင်အတွက် အခမဲ့အလုပ်လုပ်ပေးနေရတာတွေရှိတယ်။
- ဘုရင်တွေနဲ့ အမြဲတန်းဘာသာရေးအဖွဲ့အစည်းတွေ ရှိတယ်။
- စစ်ပွဲကြီးကြီးမားမားတွေတိုက်တာတွေ ရှိလာတယ်။
တောင်ပေါ်ဒေသတွေမှာကျတော့
- အမြဲတန်းအစိုးရတွေ မရှိဘူး။
- မြေပြန့်ဒေသတွေနဲ့စာရင် ပိုပြီး လူတန်းစားညီမျှတယ်။
- အခွန်အခတွေပေးစရာမလိုဘူး။ ပေးဖို့လိုအပ်လာရင်လည်း အဲဒီအခွန်အခတွေကနေ ထွက်ပြေးဖို့လွယ်ကူတယ်။
- ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေ တနေရာနဲ့တနေရာစီမှာ အမျိုးမျိုးရှိကြတယ်။
- လူဦးရေ ပြန့်နှံ့မှုရှိတယ်။
လွန်ခဲ့တဲ့ နှစ် တထောင့်ငါးရာလောက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် လူတွေဟာ တောင်ပေါ်နဲ့မြေပြန့်ကို သွားလိုက်ပြန်လာလိုက်လုပ်ခဲ့ကြတယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီခေတ်ကာလတလျှောက်လုံးပဲ တောင်ပေါ်နေတဲ့လူတွေက မြေပြန့်ဆင်းလာလိုက် မြေပြန့်ကလူတွေက
တောင်ပေါ်တက်သွားလိုက်လုပ်နေခဲ့ကြပါတယ်။ အခုခေတ်မှာတော့ တောင်ပေါ်ကလူတွေ မြေပြန့်ကို ဆင်းလာကြတာက ဖြစ်ရိုးဖြစ်စဉ်တခုဖြစ်နေပါတယ်။ အဲဒီလို တောင်ပေါ်ကလူတွေ မြေပြန့်ကိုဆင်းလာကြတာကတော့ သူတို့မှာလည်း မြေပြန့်ကလူမျိုးတွေလို ယဉ်ကျေးမှုရှိတယ်ဆိုတဲ့အနေအထားတခု ရှိဖို့အတွက်ဖြစ်တယ်။ ဒီလိုပဲ မြေပြန့်ကလူတွေကယူဆကြပါတယ်။
ဒါပေမယ့် ဆယ့်ကိုးရာစုအလယ်ပိုင်းအထိက လူတွေ မြေပြန့်ကနေ တောင်ပေါ်ကိုပြောင်းပြေးကြတဲ့အနေအထားနဲ့ အတူတူပါပဲ။ လူတော်တော်များများ မြေပြန့်ကနေထွက်ပြေးချင်ခဲ့ကြတယ်။ တရုတ်မဟာတံတိုင်းကြီးကိုဆောက်လုပ်ရတဲ့ရည်ရွယ်ချက်က မွန်ဂိုတာတာလူရိုင်းတွေ တရုတ်ပြည်မကြီးထဲကိုဝင်မလာနိုင်အောင် တားထားဖို့လို့ထင်စရာပါပဲ။ ဒါပေမယ့် အိုဝင်လက်တမိုးရဲ့အဆိုအရ အဲဒီတံတိုင်းကြီးဆောက်တာဟာ အခွန်အခပေးနေတဲ့တရုတ်လယ်သမား ယာမားတွေ အဲဒီတံတိုင်းကြီးကိုဖြတ်ကျော်ပြီးထွက်မပြေးအောင် တားဆီးဖို့လည်းဖြစ်ပါတယ်။
ဆယ့်ကိုးရာစုအလယ်ပိုင်းထိက အုပ်ချုပ်မှုရောက်ရှိနိုင်တဲ့နယ်ပယ်ရဲ့အပြင်ဘက်မှာ ရှိတဲ့အတွက် တောင်တန်းတွေဟာ အုပ်ချုပ်မှုကနေထွက်ပြေးကြတဲ့လူတွေရဲ့ ခိုလှုံရာနေရာတွေဖြစ်လာပါတယ်။ ကျွန်တော် အစကပြောခဲ့သလိုပဲ တောင်တန်းတွေပေါ်ကို ထွက်သွားခဲ့ကြတဲ့လူတွေက စစ်ပွဲတွေနဲ့အခွန်အတုပ်တွေကနေ ရှောင်ရှားထွက်ပြေးခဲ့ကြတာဖြစ်တယ်။ သူတို့ဟာ စစ်မှုထမ်းရာကနေ ပြေးလာကြတယ်။ ပြီးတော့ ဘုရင်ရဲ့အဓမ္မခိုင်းစေမှုကနေ ပြေးခဲ့ကြတယ်။ နိုင်ငံရေးနဲ့ဘာသာရေးပြဿနာတွေမှာ ရှုံးနိမ့်ကြတဲ့လူတွေလည်း တောင်ပေါ်တက်ပြေးကြ တယ်။ ရောဂါဘယတွေက လူကနေအိမ်မွေးတိရိစ္ဆာန်တွေကိုကူးစက်တယ်။ ပြီးတော့ အိမ်မွေးတိရိစ္ဆာန်တွေကနေလူတွေဆီကို အပြန်အလှန်ကူးစက်တယ်။ လူတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေ အများကြီးစုနေတဲ့အခါမှာ ကူးစက်တတ်တဲ့ကပ်ရောဂါတွေဖြစ်ဖို့ အခွင့်အလမ်းပိုများလာတယ်။
လူတွေတနေရာထဲမှာစုပြီးနေကြတော့ စိုက်ပျိုးသီးနှံတွေလည်း တနေရာထဲမှာစုလာတယ်။ အဲဒီတော့ အဲဒီသီးနှံတွေမှာလည်း အပင်ရောဂါတွေဖြစ်ဖို့အခွင့်အလမ်း ပိုများလာတယ်။ အဲဒါကြောင့် အငတ်ဘေးတွေကပ်ရောဂါတွေဖြစ်လာတဲ့အခါမှာ မြေပြန့်နေတဲ့လူတွေဟာ တခြားနေရာတွေကိုပြောင်းပြေးရတယ်။ နှစ်နှစ်ထောင်လောက်အတွင်းမှာ လူတွေဟာ တောင်ပေါ်ကနေမြေပြန့်-မြေပြန့်ကနေတောင်ပေါ် သွားလိုက်ပြန်လိုက်၊ ဆင်းလိုက်တက်လိုက်လုပ်နေခဲ့ကြပါတယ်။ မြေပြန့်တိုင်းပြည်တွေမှာ အခြေအနေတွေကောင်းနေရင် တောင်ပေါ်ကလူတွေ မြေပြန့်ကိုဆင်းလာကြတယ်။
အဲ - မြေပြန့်တိုင်းပြည်တွေမှာ အကျပ်အတည်းဖြစ်ပြီဆိုရင် လူတွေတောင်ပေါ်ကို ပြောင်းပြေးကြပါတယ်။ ဒီလိုနဲ့ပဲ မြေပြန့် လူ့အဖွဲ့အစည်းက လွင့်စဉ်ထွက်ပြေးလာတဲ့လူတွေဟာ တောင်ပေါ်မှာသွားပြီး စုမိလာကြတယ်။ တောင်ပေါ်ကို အသစ်အသစ်ရောက်လာတဲ့အုပ်စုတွေကြောင့် ရှိနှင့်ပြီးသားအုပ်စုတွေဟာ တောင်တန်းဒေသအတွင်းပိုင်းထိ ရွှေ့သွားကြရတယ်။ ဒါကြောင့်မို့လို့ တောင်ပေါ်ဒေသမှာ လူမျိုးအမည်တွေ၊ ဘာသာစကားတွေဟာရှုပ်ထွေးပြီး နားလည်ရခက်လာတယ်။ အခု ကျနော် အုပ်ချုပ်ရေးပထဝီအကြောင်း နည်းနည်းပြောချင်ပါတယ်။
သမားရိုးကျတိုင်းပြည်တွေရဲ့အကြီးမားဆုံးပြဿနာကတော့ လူတွေကို တိုင်းပြည်ရဲ့အလယ်ဗဟိုနားမှာစုစည်းထားဖို့ ဖြစ်ပါတယ်။ ထိုင်းစကားပုံတခု ရှိပါတယ်။ 'အသီးအရွက်တွေကို ခြင်းထဲထည့်ပါ။ လူတွေကိုတော့ မြို့ထဲထည့်ပါ' တဲ့။ တိုင်းပြည်တွေက ရေသွင်းစိုက်ပျိုးရေးကိုသဘောကျတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီနည်းဟာ လူတွေနဲ့စိုက်ပျိုးသီးနှံတွေကိုစုစည်းဖို့ အကောင်းဆုံးနည်း ဖြစ်နေလို့ပါပဲ။ အုပ်ချုပ်သူတွေဟာ ရေသွင်းစိုက်ပျိုးရေးကို ပိုပြီးနှစ်သက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ....ခင်ဗျားတို့ စဉ်းစားကြည့်ကြပါ။ ခင်ဗျားတို့သာ ရှေးခေတ် အရှေ့တောင်အာရှတိုင်းပြည်တခုမှာ ဘုရင်ရဲ့အကြံပေးဖြစ်မယ်ဆိုရင် ခင်ဗျားတို့ဘယ်လိုစိုက်ပျိုးဖို့အကြံပြုမလဲ။ ဘုရင်ရဲ့သြဇာအာဏာကြီးမားလာဖို့အတွက် ခင်ဗျားတို့ဟာ စားနပ်ရိက္ခာနဲ့လူတွေရဲ့လုပ်အားတွေကို ဘုရင့်နန်းတော်တဝိုက်မှာ များနိုင်သမျှများများစုစည်းထားဖို့ ဆန္ဒရှိလာမှာဖြစ်တယ်။ အဲဒီအတွက်ကတော့ ဆည်ရေသွင်းစိုက်ပျိုးရေးထက်ကောင်းတာဘာမှမရှိဘူး။ ရေသွင်းစိုက်တဲ့စပါးမှာ တခြားကောင်းကျိုးရှိတယ်။ စပါးက မြေကြီးပေါ်မှာပေါက်တယ်။ စပါးပင်တွေကို ဖုံးကွယ်ဖို့မလွယ်ကူဘူး။ အဲဒီအပင်တွေက တပြိုင်နက်ထဲမှည့်ကြတယ်။ အဲဒီခေတ်က အခွန်ကောက်တဲ့လူတွေ၊ စစ်သားတွေက အဲဒီစပါးတွေမှည့်တဲ့အချိန်လောက်မှာ လာပြီးအခွန်ကောက်ရုံပဲ။ စပါးစိုက်တဲ့လူတွေကို အပြစ်ပေးချင်ရင် သူတို့စိုက်ထားတဲ့စပါးတွေကို မီးရှိုပစ်လိုက်ရုံပဲ။ အဲဒီ စပါးစိုက်တဲ့လူတွေဟာ အုပ်ချုပ်သူနဲ့စစ်တပ်တွေရဲ့ရန်ကို အမြဲတမ်းစိုးရိမ်နေကြရပါတယ်။ သူတို့ရဲ့အဖြစ်ဟာ “ကျားသနားမှ နွားချမ်းသာ”ရမယ့်ပုံစံပါပဲ။ အုပ်ချုပ်သူတွေအတွက် စပါးဟာ တခြားအကျိုးကျေးဇူးတွေ ရှိသေးတယ်။ မကြိတ်ရသေးတဲ့စပါး၊ ဆန်မဖြစ်သေးတဲ့စပါးဟာ အကြာကြီးအထားခံတယ်။ ဒါ့ကြောင့် တနေရာကနေတနေရာ သယ်သွားလို့ရတယ်။
အုပ်ချုပ်ရေးပထဝီကိုပြန်ကြည့်မယ်ဆိုရင် အဲဒီမှာ အရေးပါတဲ့သဘောတရားတခု ရှိနေတယ်။ အဲ့ဒါဘာလဲဆိုတော့ နေရာတခုနဲ့တခု လက်တွေ့အကွာအဝေးဟာ မိုင်တွေ၊ ကီလိုမီတာတွေမဟုတ်ဘူး။ တကယ်တော့ အဲဒီနေရာ တနေရာနဲ့တနေရာကိုသွားဖို့ ဘယ်လောက်ကြာသလဲဆိုတာပါပဲ။
ဒါမှမဟုတ် ငြိမ်သက်နေတဲ့ရေပြင်ပေါ်မှာသွားရတဲ့ရေကြောင်းခရီးတွေဟာ တနေရာကနေတနေရာကိုရောက်ဖို့ သိပ်မကြာပါဘူး။ မြေမျက်နှာပြင်ညီညာမှုမရှိတဲ့တောင်တွေပေါ်မှာ ကီလိုမီတာလေးဆယ်လောက်ကို အတော်သွားယူရပါတယ်။ ဒါပေမယ့် ဒီ့ထက်အများကြီး ကွာဝေးတဲ့ခရီးကို ရေကြောင်းလမ်းနဲ့ဖြစ်ဖြစ်၊ လွင်ပြင်ပေါ်မှာပဲဖြစ်ဖြစ် သိပ်မကြာပဲနဲ့ရောက်ရှိနိုင်တယ်။ ဥပမာဆိုရင် အေဒီ(၁၈ဝဝ)လောက်က မီးသင်းဘောမပေါ်သေးဘူး။ အဲဒီတုန်းက လန်ဒန် London ကနေ အီဒင်ဘာရာ Edinburgh ကို လှည်းနဲ့ကုန်းလမ်းကသွားတဲ့ခရီးထက် အင်ဂလန်ကနေ တောင်အာဖရိကကိုသွားရတဲ့ခရီးက ပိုမြန်တယ်။ ဒါကြောင့်မို့ မြေပြန့်လွင်ပြင်တွေနဲ့ရေကြောင်းခရီးက လူတွေကို ဆက်သွယ်သွားလာရလွယ်ကူစေတယ်။ တောတောင်ထူထပ်တဲ့ဒေသတွေမှာတော့ လူတွေဟာ တကွဲတပြားဖြစ်ကုန်ကြတယ်။ ဒီနေရာမှာ ရိုးရိုးသာမန်မြေပုံတွေဟာ လူတွေကိုအမြင်မှားစေပါတယ်။ တနေရာနဲ့တနေရာကုန်သွယ်ဖို့နဲ့ ဆက်သွယ်သွားလာဖို့အတွက် တကယ်တမ်း အသုံးတည့်မယ့်မြေပုံဆိုတာ ခရီးအကွာအဝေးကို ကီလိုမီတာတွေမိုင်တွေနဲ့ မပြဘူး။ အဲဒီတနေရာကိုသွားရင် ဘယ်လောက်ကြာမယ်ဆိုတာနဲ့ ပြတယ်။ ရွာတွေမှာ တောင်သူလယ်သမားတွေကို ရွာတရွာနဲ့တရွာဘယ်လောက်ဝေးလဲမေးရင် 'ထမင်းအိုးတလုံးချက်လောက် ဒါမှမဟုတ် ကွမ်းတယာညက်လောက် လမ်းလျှောက်ရတယ်လို့ ပြောလေ့ရှိတယ်'။ ဒီမြေပုံမျိုးတွေပေါ်မှာဆိုရင် တောင်ထူထပ်တဲ့နေရာတွေမှာ ခရီးသွားရတဲ့အကွာအဝေးကို ကြီးအောင်ချဲ့ထားပြီး မြေပြန့်လွင်ပြင်တွေနဲ့ရေကြောင်းခရီး သွားလာလို့ရတဲ့နေရာတွေမှာတော့ အကွာအဝေးကို ချုံ့ထားတယ်။ ကျနော်တို့မျက်စိထဲမှာတော့ ဒီမြေပုံမျိုးဟာ တော်တော့်ကိုထူးဆန်းနေ ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုမျိုးမြေပုံတွေကသာ ဘာသာစကား၊ ယဉ်ကျေးမှု၊ ပြန့်နှံ့မှု၊ ကုန်သွယ်မှုနဲ့ တနေရာနဲ့တနေရာကူးလူးဆက်ဆံမှုတွေကို အမှန်တကယ်သဘာဝအတိုင်းဖော်ပြနိုင်မှာ ဖြစ်တယ်။
ရှေးဟောင်းဂရိနိုင်ငံတွေနဲ့မလေးတိုင်းပြည်တွေဟာ ရေလမ်းခရီးနဲ့ပဲအပြန်အလှန်ဆက်ဆံကြတယ်။ ကုန်းလမ်းခရီးနဲ့မဟုတ်ဘူး။ အဲဒါကြောင့်မို့ လူယဉ်ကျေးလို့ခေါ်တဲ့လူ့အဖွဲ့အစည်းတွေနဲ့ တိုင်းပြည်နိုင်ငံတွေအတွက် တောင်ပေါ်တက်ဖို့ရာ အခက်အခဲတွေဖြစ်လာတယ်။ ပြင်သစ်လူမျိုး မြေထဲပင်လယ်သမိုင်းပညာရှင် Fernand Braudel က လူယဉ်ကျေးအဖွဲ့အစည်းတွေရဲ့အခြေချနေထိုင်မှုက မြေပြန့်တွေမှာရပ်တန့်ပြီး အရှိန်နည်းသွားတတ်တယ်။ ဒါကြောင့်မို့ အရှေ့တောင်အာရှသမိုင်းပညာရှင် Paul Wheatley က သက္ကဋဘာသာစကားတွေကို ပင်လယ်ရေမျက်နှာပြင်အထက် မီတာငါးရာအထက်ရောက်ရင်မတွေ့ရတော့ဘူးဆိုပြီး ရေးထားခဲ့ပါတယ်။ အဲဒါကြောင့် သမိုင်းမှာထင်ရှားတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ ဆည်ရေသွင်းစပါးစိုက်ပျိုးရေးလုပ်ဖို့သင့်လျှော်တဲ့ မြစ်ဝှမ်းတလျှောက်မှာရှိတဲ့မြေပြန့်လွင်ပြင်မှာ တည်ရှိပါတယ်။
ရှေးဟောင်းနိုင်ငံတွေတင်မကပါဘူး။ ကိုလိုနီနိုင်ငံတွေပါ မြေပြန့်လွင်ပြင်တွေနဲ့ ဆက်သွယ်ရလွယ်ကူတဲ့ရေလမ်းခရီးရှိတဲ့နေရာတွေအထိပဲ သူတို့ရဲ့သြဇာအာဏာရောက်ရှိနိုင်ပါတယ်။ အဲဒီနိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်ဟာ မတ်စောက်တဲ့တောင်တန်းတွေ၊ ရေအိုင်တွေ ရွှံ့ညွန်တွေရှိတဲ့နေရာတွေမှာ မတူကွဲပြားခြားနားတဲ့မြေမျက်နှာသွင်ပြင်တွေမှာ အဆုံးသတ်သွားပါတယ်။ အဲဒီတိုင်းပြည်တွေကို မြေနိမ့်ပိုင်းတိုင်းပြည်တွေ ဒါမှမဟုတ် ရေကြောင်းနဲ့ဆက်သွယ်ရလွယ်ကူတဲ့တိုင်းပြည်တွေလို့ ခေါ်သင့်ပါတယ်။ မုတ်သုန်ရာသီရောက်ပြီဆိုရင်တော့ ဒီတိုင်းပြည်တွေရဲ့အုပ်ချုပ်မှုအာဏာဟာ ခရီးသွားလာရေးအခက်အခဲကြောင့် ကျုံ့သွားပါတယ်။
ကဲ အခု အခြေအနေတွေကို တဘက်ကပြန်စဉ်းစားကြည့်ကြရအောင်။ ခင်ဗျားဟာ တိုင်းပြည်အုပ်ချုပ်မှုအောက်ကနေ ရုန်းထွက်လွတ်မြောက်ချင်ကြတဲ့လူတွေရဲ့ အကြံပေးပုဂ္ဂိုလ်တယောက်ပဲ ဆိုပါစို့။ သူတို့ဟာ သူတို့အချင်းချင်းကြား တိုင်းပြည်တည်ထောင် အုပ်ချုပ်မှုတရပ်ပေါ်ပေါက်လာမှာကို ကာကွယ်တားဆီးချင်ကြတယ်။ ခင်ဗျား သူတို့ကိုဘယ်လိုအကြံပေးမလဲ .....
ပထမဆုံး သူတို့ကို အုပ်ချုပ်သူတွေ အလွယ်တကူမရောက်နိုင်တဲ့ မြေမျက်နှာသွင်ပြင်တွေပေါ်မှာနေဖို့ အကြံပေးပါလိမ့်မယ်။ ဒုတိယအနေနဲ့ကတော့ အဲဒီမြေမျက်နှာသွင်ပြင်တွေပေါ်မှာပဲ အုပ်စုငယ်လေးတွေဖွဲ့ပြီး ပြန့်ကျဲနေတဲ့ပုံစံမျိုးနေကြဖို့ အကြံပြုရပါတယ်။ တတိယအနေနဲ့ သူတို့ရဲ့ရွာငယ်လေးတွေနဲ့စိုက်ခင်းတွေကို ခဏခဏရွှေ့ပြောင်းကြဖို့ အကြံပြုရပါမယ်။ စတုထ္ထအနေနဲ့ ခင်ဗျား သူတို့ကို ရင့်မှည့်တာမတူညီတဲ့စိုက်ပျိုးရေးသီးနှံတွေထုတ်လုပ်ဖို့ အကြံပြုပါလိမ့်မယ်။ ဆန်စပါးတခုတည်း မဟုတ်ပါဘူး။ သတိထားကြည့်ပါ။ အုပ်ချုပ်သူတွေအနေနဲ့ ဒီလိုလူနေမှုစနစ်တွေဆီကနေ အခွန်အခကောက်ခံဖို့လူသူစုဆောင်းဖို့ ဘယ်လောက် ခက်ခဲလိမ့်မယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ တောင်ပေါ်လူ့အဖွဲ့အစည်းဆိုတာ အခွန်အခကောက်ခံသူတွေအတွက် အိပ်မက်ဆိုးတခုပါပဲ။ ကဲ နောက်ဆုံးပြောရရင် ခင်ဗျား သူတို့ကို ဘယ်လိုသီးနှံတွေစိုက်ပျိုးဖို့ အကြံပြုမလဲ ...
ကျနော်ကတော့ ခင်ဗျားတို့ မြေကြီးအောက်မှာဖြစ်ထွန်းတဲ့သီးနှံတွေကို အထူးသဖြင့် အကြံပြုလိမ့်မယ်ထင်ပါတယ်။ ဥပမာအနေနဲ့ အုပ်ချုပ်သူတွေကိုရှောင်ရှားချင်ကြတဲ့သူတွေရဲ့ 'လွတ်မြောက်သီးနှံ'အဖြစ် အာတာလွတ်ဥရဲ့အကျိုးကျေးဇူးတွေကိုစဉ်းစားကြည့်ကြပါ။ အဲဒီ အာတာလွတ်ဥကို ဘယ်အချိန်စိုက်စိုက် ရတယ်၊ ဘယ်နေရာစိုက်စိုက် ရတယ်။ အဲဒီစိုက်ခင်းတွေကို သိပ်ပြီးဂရုတစိုက် စောင့်ရှောက်စရာ မလိုပါဘူး။ ပစ်ထားလိုက်ပြီး နောက်မှပြန်လာကြည့်လို့ ရပါတယ်။ တနှစ်လောက်နေရင် အဲဒီ အာတာလွတ်ဥတွေရင့်မှည့်လာမယ်။ ဒါပေမယ့် အာတာလွတ်ဥဟာ မြေကြီးအောက်မှာ နောက်ထပ် နှစ်နှစ်လောက်ပစ်ထားလိုက်ရင်လည်း စားလို့ရသေးတဲ့အခြေအနေမှာ ရှိနေပါတယ်။ ခင်ဗျားရဲ့အာတာလွတ်ဥကို အခွန်ကောက်တဲ့လူတွေက လိုချင်လို့ရှာဖွေမယ်ဆိုရင် အခက်တွေ့ပါလိမ့်မယ်။ တကယ်လို့ တွေ့သွားခဲ့ရင်တောင်မှ တပင်ပြီးတပင်တူးကြည့်နေရတာနဲ့ သယ်ယူပို့ဆောင်ဖို့ခက်ခဲပြီး သိပ်တန်ဖိုးမရှိလှတဲ့ အာတာလွတ်ဥလှည်းတစီးတိုက်ကိုပဲ ရရှိပါလိမ့်မယ်။
အပင်တွေကို မီးရှို့ပစ်လိုက်ရင်လည်းပဲ အာတာလွတ်ဥတွေဟာမြေအောက်မှာရှိနေတဲ့အတွက် ဘာမှ မဖြစ်ပါဘူး။ ဒါ့ကြောင့်မို့လို့လည်း လာတင်အမေရိကမှာ အာတာလွတ်ဥကို “ထွက်ပြေးကျေးကျွန်တွေနဲ့ ပြောက်ကျားစစ်သားတွေရဲ့စိုက်ပျိုးသီးနှံ”လို့ ခေါ်ကြပါတယ်။ တချို့ကလည်း တောင်ယာစိုက်ပျိုးရေးဟာ တောင်ပေါ်ဒေသမှာ ဖြစ်နိုင်တဲ့တခုတည်းသောစိုက်ပျိုးရေးလို့ ထင်မြင်ယူဆကြပါတယ်။ အဲဒါဟာ မမှန်ကန်ပါဘူး။ အမြဲတန်း တနှစ်ပတ်လုံးစီးဆင်းနေတဲ့ရေ ရှိနေသရွေ့ တောင်ပေါ်ဒေသတွေမှာ ဆန်စပါးကိုရေသွင်း စိုက်ပျိုးလို့ရပါတယ်။
အဲဒီဆန်စပါးကို သဘာဝမြေပြင်နိမ့်တွေနဲ့ လူလုပ် လှေကားထစ်စိုက်ခင်းတွေမှာစိုက်ပျိုးလို့ ရနိုင်ပါတယ်။ ဗီယက်နမ်က ဟန်နီ Hani လူမျိုးတွေနဲ့ဘာလီကျွန်းသားတွေဟာ တောင်ပေါ်ဒေသတွေမှာ ကြီးမားလှတဲ့နည်းစနစ်ကိုရွေးချယ်မှုဟာ ရွေးချယ်မှုသက်သက်ပါ။ သဘာဝကပေးထားတာ မဟုတ်ပါဘူး။ ကျနော်ကတော့ ဒါကြောင့်မို့လို့ တောင်ယာစိုက်ပျိုးရေးဟာ သမိုင်းတလျှောက် အုပ်ချုပ်သူတွေကိုရှောင်ရှားဖို့အတွက် နည်းလမ်းတခုအဖြစ်သုံးခဲ့တာ ဖြစ်ပါတယ်။
သမိုင်းအရ တောင်ပေါ်သားတွေဟာ မြေနိမ့်လွင်ပြင်တွေမှာရှိတဲ့လူယဉ်ကျေးတွေက ချန်ထားရစ်ခဲ့ကြတဲ့လူတွေ မဟုတ်ပါဘူး။ တကယ်တော့ သူတို့အများစုဟာ အုပ်ချုပ်သူတွေကိုစွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ အစောပိုင်းကလူတွေရဲ့မျိုးဆက်တွေ ဖြစ်ပါတယ်။ သူတို့တွေက တရုတ်ပြည်ပါတယ်၊ တိဘက်ပြည်ပါတယ်၊ ပျူနိုင်ငံတွေပါတယ်၊ ဗမာပါတယ်၊ ထိုင်းပါတယ်၊ နန်ကျောင်ပြည်တောင်မှ ပါပါတယ်။
သူတို့တွေ့ဟာ တောင်ပေါ်ဒေသတွေမှာ ပြန့်ကျဲနေထိုင်ကြပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရာတွေဟာ အုပ်ချုပ်သူတွေရဲ့ရန်ကနေ အဓိကခိုလှုံရာနေရာ ဖြစ်နေလို့ပါပဲ။ အချိန်တွေကြာလာတဲ့အခါမှာ သူတို့ကို “လူမျိုးစု”ဆိုတဲ့အမည်တပ်လိုက်ကြပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ သူတို့ဟာ နောက်ထပ်ရောက်ရှိလာသူတွေနဲ့ ရောနှောသွားပါတယ်။ သူတို့ဟာ တောင်ယာစိုက်ပျိုးရေးကို ပိုနှစ်သက်ပါတယ်။ အကြောင်းကတော့ ဒီလိုမျိုးစိုက်ပျိုးရေးကို အုပ်ချုပ်သူတွေဖမ်းဆီးသိမ်းယူခြင်း မပြုနိုင်လို့ ဖြစ်ပါတယ်။
တောင်ယာစနစ်ဟာ တောင်ပေါ်မှာရှိတဲ့အင်အားတောင့်တင်းသူတွေအတွက်လည်း အဲဒီတောင်ပေါ်မှာ အုပ်ချုပ်ရေးထူထောင်နိုင်ဖို့အခက်တွေ့စေပါတယ်။ အဲဒီလူတွေက ကြိုးစားကြည့်မယ်ဆိုရင်လည်းပဲ လူတွေကထွက်ပြေးသွားကြမှာပါပဲ။ ဒါကြောင့်မို့ ခင်ဗျားအနေနဲ့ 'တောင်ပေါ်နဲ့မြေပြန့် လူ့အဖွဲ့အစည်းနှစ်ခုဟာ ထူးခြားတဲ့အမွှာညီအကိုတွေပါ'လို့ ပြောနိုင်ပါတယ်။ အဲဒီလူ့အဖွဲ့အစည်းနှစ်ခုကို ကုန်သွယ်ရေးနဲ့ကုန်ဖလှယ်ရေးတို့က ပေါင်းစည်းပေးထားပါတယ်။
သူတို့ဟာ သဘာဝအတိုင်းကိုက မိတ်ဖက်တွေဖြစ်ပါတယ်။ တဦးစီမှာ တခြားတဦးရဲ့လိုအပ်ချက်တွေရှိနေတတ်ကြပါတယ်။ သူတို့ဟာ အမြဲတန်းပဲ လူဦးရေ ဖလှယ်နေခဲ့ကြပါတယ်။ သူတို့တဦးနဲ့တဦးဟာ မှန်ထဲကနဲ့ မှန်အပြင်မှာရှိတဲ့ပုံရိပ်တွေလိုပါပဲ။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်ထိ သူတို့ဟာ အုပ်ချုပ်သူတွေရဲ့လက်လှမ်းမမှီတဲ့နေရာတွေမှာ တော်တော်များများ ရှိနေခဲ့ကြပါတယ်။ သူတို့ရဲ့နေမှုထိုင်မှု စိုက်ပျိုးရေးနဲ့လူမှုအဖွဲ့အစည်းဟာလည်းပဲ မြေပြန့်နေလူ့အဖွဲ့အစည်းရဲ့ ပုံစံတွေနဲ့ နေရာအတော်များများမှာကွာခြားလျက်ရှိနေပါတယ်။
ပါမောက္ခရွှေရိုး ခေါ် James Scott ဟာ ယေးတက္ကသိုလ်က နိုင်ငံရေးသိပ္ပံနဲ့မနုဿဗေဒ Sterling ပါမောက္ခဖြစ်သလို လယ်ယာသိသင်ဌာနရဲ့ ဒါရိုက်တာလည်း ဖြစ်တယ်။ ပါမောက္ခရွှေရိုးဟာ ဗမာပြည်ကို အကြိမ်ပေါင်းများစွာရောက်ဖူးသလို သူ့ရဲ့ The Moral Economy of the Peasant: Rebellion and Subsistence in Southeast Asia ဆိုတဲ့ စာအုပ်ဟာ ဗမာပြည်က ဆရာစံတောင်သူလယ်သမားအရေးတော်ပုံ၊ ၁၉၃ဝ ကမ္ဘာ့စီးပွားပျက်ကပ်က အရှေ့တောင်အာရှကလယ်သမားတွေရဲ့လူမှုဘဝတွေကို ဘယ်လိုဂယက်ရိုက်ခတ်ခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှအကြောင်းလေ့လာတဲ့ကျောင်းသားတိုင်း မဖတ်မနေရ ဖတ်ရတဲ့စာအုပ်ဖြစ်တယ်။ သူ့ရဲ့ Weapons of the Weak: Everyday Forms of Peasant Resistance, The Art of Not Being Governed: An Anarchist History of Upland Southeast Asia စတဲ့ စာအုပ်တွေဟာ တကမ္ဘာလုံးက Anarchist မင်းမဲ့ဝါဒီတွေရဲ့သမိုင်းကိုစိတ်ဝင်စားသူတွေ ဖတ်ရှုမှီငြမ်းကြရတဲ့စာအုပ်တွေဖြစ်တယ်။
အခုဆောင်းပါးကို ပါမောက္ခရွှေရိုးကိုယ်တိုင် ဗမာလိုရေးထားတာပါ။ ခေတ်မောင်းကို ပထမဆုံးဖော်ပြခွင့်ပေးတဲ့အတွက် ပါမောက္ခရွှေရိုးကို ခေတ်မောင်းက ကျေးဇူးတင်ပါတယ်။

https://www.facebook.com/linayehtin/posts/4663085785872
0 comments:
Post a Comment