Wednesday, June 5, 2013

ဘိရမာဝါးတားဂိတ် အပိုင်း- ၄ အိုးဝေ-ဦးညိုမြ

0 comments
“သတင်းစာများနှင့်အဆက်ပြတ်စေ”ဆိုသောညွှန်ကြားချက်မှာ ဖဆပလအနေဖြင့် ပါတီဝင်အပေါင်းတို့အားပေးပို့ခြင်းဖြစ်သည်။ ပါတီ၏ ပြန်ကြားရေးဌာနမှူး၏အရေးတကြီးပြန်ကြားချက်ကို မတ်လ(၂၃)ရက်နေ့တွင်ထုတ်ပြန်သည်မှာ ---
(ရဲဘော်တို့…ယခု ငါတို့သည် ဖဆပလ၏ဆန့်ကျင်ရေးတပ်ဦးဖြစ်သောတင်းစာများအားလုံးဖြင့် အဆက်ဖြတ်ထားကြပြီးဖြစ်သည်။ သို့ဖြစ်ငြားလည်း ပြည်သူလူထုအား အမြင်မှန်ပေးရန်အတွက် အောက်ပါသတင်းစာများကိုသာ ဖဆပလအဖွဲ့ချုပ်မှ အသိအမှတ်ပြုထားသည်။ ထိုကြောင့် ရဲဘော်တို့၏ရပ်ကွက်တွင်းမှရရှိသောသတင်းများနှင့် တိုင်းပြည်သို့ထုတ်ပြန်လိုသောသတင်းများ ကို ဖဆပလအဖွဲ့ချုပ်သို့ တိုက်ရိုက်သော်လည်းကောင်း၊ တိုက်နယ် ဝါဒနှင့်ပြန်ကြားရေးမှူးကိုသော် လည်းကောင်း၊ ဖော်ပြပါသတင်းစာများသို့သော်လည်းကောင်း၊ ပေးပို့ကြစေလိုပါသည်။
ဖဆပလအဖွဲ့ချုပ်မှအသိအမှတ်ပြုထားသောသတင်းစာများမှာ (၁)ဖဆပလ သတင်းစဉ်(အထူးထုတ်)။ (၂)တောင်သူလယ်သမားအသံ။ (၃)လုပ်သားလမ်းပြ။ (၄)အလုပ်သမားခေတ်။ (၅)တကယ့်အာဏာ များဖြစ်သည်။ ၎င်းသတင်းစာများသည် ရန်ကုန်တွင်သာမက မြန်မာတစ်ပြည်လုံးသို့ဖြန့်ချိလျက်ရှိသည်။ ထို့ကြောင့် ရဲဘော်တို့ပေးပို့သောသတင်းများကို သတင်းစာများတွင်ထည့်သွင်းပေးသင့်က ပေးမည်။ အသံလွှင့်သင့်သည်များကို လွှင့်ပေးမည်။ အထူးမှာ မိမိတို့ရရှိသောသတင်းများကို အထက်ဖော်ပြပါ သတင်းစာများတွင်ထည့်သွင်းဖော်ပြကြပါရန်နှင့် ရဲဘော်တို့ရပ်ကွက်အလုပ်အမှုဆောင်များကပါ ဖဆပလဆန့်ကျင်ဘက် တပ်ဦးသတင်းစာများနှင့် အဆက်ဖြတ်ရန်ဆုံးဖြတ်ချက်ချမှတ်၍ အမြန်ပေးပို့ကြရန်ညွှန်ကြားပါသည်)
သေးငယ်သောမီးမဟုတ်
အခြေအနေမှာ တစ်နေ့တစ်ခြား ထိုသို့ တင်းမာမှုတိုးတက်ခဲ့ရာ မြန်မာ့အလင်းခေါင်းကြီးပိုင်း မှ အောက်ပါအတိုင်းရေးသားဝေဖန်ခဲ့၏။
(စစ်ပြီးသည့်နောက် မြန်မာနိုင်ငံတွင် ဝေဒနာကြီး(၃)ကြိမ်ခံစားခဲ့ရသည်။ (၁၉၄၆)ခု စက်တင်ဘာလတွင် အထွေထွေသပိတ်ကြီးများ ပေါ်ပေါက်လေရာ တိုင်းပြည်ပျက်လုနီးနီးဖြစ်ခဲ့သည်။ (၁၉၄၇)ခုတွင် ဇူလိုင်(၁၉)ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းအမှူးရှိသောခေါင်းဆောင်ကြီးအချို့သည် လူမသမာတို့ လက်ချက်ဖြင့်ကျဆုံးခဲ့၍ တိုင်းပြည်အဝန်းကြိမ်းမီးအုံးသကဲ့သို့ ပူဆွေးခဲ့ကြသည်။ ယခုတစ်ဖန် နိုင်ငံရေးအစည်းအရုံးကြီးတစ်ခုနှင့်သတင်းစာတိုက်များဖြစ်ပွားသောမီးသည် လျှင်မြန်စွာကူးစက်တောက်လောင်လျှက်ရှိသည်။ နှစ်ဦးနှစ်ဖက်စလုံးက တင်းမာစွာခြေလှမ်းလျက် ရှိကြသည်။ ထိုမီးသည် သေးငယ်သောမီးဖြစ်သည်ဟု ကျွန်ုပ်တို့မယူဆပေ။ သို့ရာတွင် ရှေးက တောက်လောင်ခဲ့သောမီးများတွင် ငြိမ်းသတ်ရန်ဆေးနည်းများရှိခဲ့သည့်နည်းတူ ယခုမီးကိုလည်း ငြိမ်းအေးရန်နည်းကောင်းများစွာတွေ့ရှိဦးမည်ဟု ကျွန်ုပ်တို့ယုံကြည်ပေသည်။
ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးတို့က တရားဥပဒေအရ နှစ်ဖက်စလုံးကိုပင် မထောက်မညှာ အရေးယူပါမည်ဟုထုတ်ဖော်ပြောကြားပြီးကာမှ မတ်လ(၁၅)ရက်နေ့တွင် ဗန္ဓုလပန်းခြံ၌ကျင်းပသော ဆိုရှယ်လစ်လူထုစည်းဝေးပွဲ၌ ဝန်ကြီးချုပ်ကသွားရောက်ပြောကြားသောမိန့်ခွန်းကြောင့် သတင်းစာဆရာများက ပိုမိုစိတ်မချမ်းသာဖြစ်ကြရလေသည်။ ထိုမိန့်ခွန်း၌ သခင်နုက ဒုတိယမ္ပိသတင်းစာတိုက် ရိုက်ချိုးပွဲလုပ်ကြဦးမည်ဟုသတင်းရ၍ ပရိယာယ်ဖြင့် ဆိုရှယ်လစ်ပရိသတ်များကိုမြှူဆွယ်ခြင်းဖြစ်ကြောင်း နောက်မှဖွင့်လှစ်ပြောကြား၏။ သို့သော် ထိုမိန့်ခွန်း ထွက်ပေါ်လာခြင်းသည် ထိုအချိန်ကအခြေအနေကို ပိုမိုတင်းမာစေခဲ့သည်မှာအမှန်ဖြစ်၏။ “ဖဆပလခေါင်းဆောင်တွေကို တဖက်သတ်ပုတ်ခတ်စွပ်စွဲရေးသားနေကြတဲ့သတင်းစာတွေဆိုတာ အမှန်စင်စစ်တော့ လယ်ပိုင်ရှင်ကြီးတွေနဲ့အရင်းရှင်ကြီးတွေကို မျက်ခြေပြတ်သွားအောင် မဲပြီးတိုက်နေကြတဲ့ လယ်သမားနဲ့အလုပ်သမားတွေကို လမ်းလွှဲပေးနေကြတာပဲ။ အဲဒါ တခြားမဟုတ်ဘူး။ သူတို့က ဒီလိုလမ်းလွှဲပေးတိုင်း လူထုကလမ်းလွှဲကိုမလိုက်ပါဖို့ လိုပါတယ်။ သူတို့ရေးတာတွေဟာ ဘာမှအရေးမကြီးပါဘူး။ သူတို့ ဒီလို တဖက်သတ်ပုတ်ခက်ရေးနေကြလို့ ဖဆပလအဖွဲ့ချုပ်လည်း မပျက်နိုင်ပါဘူး။ ဖဆပလအစိုးရလည်းပြုတ်မကျနိုင်ပါဘူး။ အခု ဆိုရင် ဖဆပလကို ထောက်ခံရေးသားနေတဲ့သတင်းစာတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် ဒီသတင်းစာတွေအားလုံးဝိုင်းပြီး အခုရေးနေတာတွေထက် ဆယ်ဆပိုရေးတောင် ဖဆပလအလံတော်အောက်မှာရှိတဲ့ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်၊ ကရင်အမျိုးသမီး အစရှိတဲ့အဖွဲ့တွေဟာ ရေပက်လို့မဝင်နိုင်အောင် စည်းစည်းလုံးလုံးရှိနေသရွေ့ ဖဆပလမှာ ဘာမှမဖြစ်နိုင်ဘူးဆိုတာမှတ်ထားလိုက်ကြပါ။
ဒီ သတင်းစာတွေသာမက သူတို့ဘိုးအေတွေပါ ဝိုင်းပုတ်ခက်သည့်တိုင်အောင် ဖဆပလထဲမှာစည်းစည်းလုံးလုံးရှိကြရင် ဘာမှစိုးရိမ်စရာမရှိပါဘူး။ အဲဒီတော့ အလုပ်သမားနဲ့လယ်သမားထုကြီးကသာ သတင်းစာတွေက ခြေတို့တိုင်း၊ လမ်းလွှဲပေးနေတိုင်း၊ လမ်းလွှဲသို့လိုက်မသွားဘဲ ရန်သူအစစ်ကိုမျက်ခြေပြတ်မခံဘဲ မဲပြီးတိုက်ကြဖို့အရေးကြီးပါတယ်။ အဲဒီတော့ တရားလက်လွတ် စည်းမဲ့ကမ်းမဲ့ရေးသားနေကြတဲ့ သတင်းစာတွေကို ဖဆပလအစိုးရက ဥပဒေအတိုင်းပြင်းပြင်းထန်ထန်အရေးယူမယ်ဆိုတာ ကျွန်တော် ခင်ဗျားတို့ကိုကတိပေးပါတယ်။ ကျွန်တော်ကတိပေးသလို ခင်ဗျားတို့ကလည်း ကျွန်တော့်ကိုကတိတစ်ခုပေးကြပါ။ အဲဒီကတိကတော့ တခြားမဟုတ်ပါဘူး၊ ဒီကနေ့ စီတန်း လမ်းလျှောက်ပွဲမှာ မတ်လ(၁၂)ရက်နေ့တုန်းကလို တရားလက်လွတ်စည်းမဲ့ကမ်းမဲ့မဖြစ်စေရပါဘူးဆိုတဲ့ ကတိပါပဲ။ အဲဒီကတိကို ခင်ဗျားတို့ ပေးနိုင်ကြပါ့မလား” …ပရိတ်သတ် --- ပေးတယ်။)
ဝန်ကြီးချုပ်မှာ သူ၏ပန်းခြံမိန့်ခွန်းကြောင့်လည်း ပါလီမန်၌ သင်္ကာရှင်းရပြန်၏။ ဆိုရှယ်လစ်များက ထပ်မံကျူးလွန်ဦးမည့် လက္ခဏာရှိပုံ အတွင်းရေးများကိုထုတ်ဖော်ပြောပြသဖြင့် စိတ်ဝင်စားဖွယ်ကောင်းသောဖြေရှင်းချက်ပါပေ။
ဝန်ကြီးချုပ်-ပင်းသလော
စက်ရိုက်ချိုးတဲ့လူတွေဘက်က ကျွန်တော်(ပင်း)နေတယ်လို့စွပ်စွဲတဲ့လူတွေက သက်သေပြတာ အချက်နှစ်ချက်ရှိပါတယ်။ တစ်ချက်က မတ်လ(၁၅)ရက်နေ့က ဗန္ဓုလပန်းခြံထဲမှာကျင်းပတဲ့ တောင်သူလယ်သမားအစည်းအဝေးကို ကျွန်တော် တက်ပြီးစကားပြောတာဖြစ်တယ်။ အခြားတစ်ချက်ကတော့ ဖဆပလ ဗဟိုအလုပ်အမှုဆောင်နဲ့ အစိုးအဖွဲ့တို့က သတင်းစာတွေနဲ့အဆက်ဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်။ ပထမအချက်နဲ့ပတ်သက်ပြီး အရင်ရှင်းပြပါမယ်။ မတ်လ(၁၅)ရက်နေ့က ဗန္ဓုလပန်းခြံထဲမှာကျင်းပတဲ့အစည်းအဝေးဟာ စက်တွေရိုက်ချိုးကြတဲ့ မတ်လ(၁၂)ရက်နေ့မတိုင်းမီကတည်းက ကျွန်တော်ရဲ့သဘောတူညီချက်နဲ့ဖိတ်ခေါ်ထားတဲ့ တောင်သူလယ်သမား အစည်းအဝေးဖြစ်ပါတယ်။ ဒီအစည်းအဝေးရဲ့အဓိကရည်ရွယ်ချက်ကတော့ လယ်ပိုင်ရှင်များရဲ့ ပြည်လုံးကျွတ်အစည်းအဝေးကို ကန့်ကွက်ဖို့ပဲဖြစ်ပါတယ်။
ထပ်မံ ဖျက်ဆီးဦးမယ်တဲ့
ဒါပေမယ့် မတ်လ(၁၂)ရက်နေ့မှာ စက်ရိုက်ချိုးပွဲဖြစ်တဲ့အတွက် (၁၅)ရက်နေ့မှာ ဒီအစည်းအဝေးကိုခွင့်ပြုသင့်မပြုသင့် ကျွန်တော်ကိုယ်တိုင် အထူးပဲ စဉ်းစားရပါတယ်။ နောက်ဆုံးမှာ အရေးကြီးတဲ့အစည်းအဝေးလည်းဖြစ်သည့်အပြင် ကျွန်တော်ကိုယ်တိုင်လည်း သဘောတူထားပြီးသားဖြစ်တဲ့အတွက် အစည်းအဝေးလည်းကျင်းပဖို့ခွင့်ပြုလိုက်ပါတယ်။ အဲဒီလိုခွင့်ပြုပြီးဘာမှမကြာမီ ကျွန်တော်ရဲ့ ပါလီမန်အတွင်းဝန်ဦးအုန်း က အရေးကြီးတဲ့ကိစ္စတစ်ခုကို လာပြီးတိုင်ပါတယ်။ သူ့ရဲ့တိုင်ချက်က တခြားမဟုတ်ပါဘူး။ ဒီအစည်းအဝေးပွဲကြီးအပြီးမှာ သတင်းစာတိုက်နှစ်တိုက်မှတစ်ပါး အခြားသတင်းစာတိုက်တွေအားလုံးကို အစည်းအဝေးတက်တဲ့လူထုကြီးက ထပ်မံဖျက်ဆီးပစ်ဦးမယ်လို့ သတင်းစာဆရာတချို့က တယ်လီဖုန်းနဲ့အကြောင်းကြားတယ်ဆိုတဲ့တိုင်းတန်းချက် ဖြစ်ပါတယ်။
အစည်းအဝေး ဘာကြောင့်တက်ရသလဲ အဲဒီ တိုင်တန်ချက်ကိုရရချင်းပဲ အစည်အဝေး ကမကထပြုလုပ်မည့်ခေါင်းဆောင်တွေကို ကျွန်တော် ခေါ်လိုက်တယ်။ ခေါ်ပြီး အစည်းအဝေးမှာ သူတို့ချမှတ်မယ့်ဆုံးဖြတ်ချက်တွေကို ယုံကြည်တယ်။ မပါသင့်တဲ့စာကြောင်းအချို့ကို ပြင်တယ်။ ပြီးတော့မှ အစည်းအဝေးအပြီးမှာ(၁၂)ရက်နေ့ကလို မဖြစ်စေရပါဘူးလို့ဆိုတဲ့ဂတိကို တောင်းတယ်။ သူတို့လည်း ကတိပေးကြတယ်။ ဒီ ခေါင်းဆောင်တွေနဲ့တွေ့ပြီးလျှင် ပြီးခြင်း မတ်လ(၁၂)ရက်နေ့ကလိုအဖြစ်အပျက်မျိုးထပ်မဖြစ်ရအောင် အကာအကွယ်အစီအစဉ်တွေ လုပ်ပြီးပြီးလားလို့ ဦးအောင်ချိန်ကို ကျွန်တော်ခေါ်မေးပါတယ်။  လုပ်ပြီးတဲ့အကြောင်း ဦးအောင်ချိန်က ပြန်ပြောပါတယ်။ သေချာသည်ထက် သေချာအောင် စိတ်ချရပါမည်လားလို့ ကျွန်တော်က တစ်ကြိမ်နှစ်ကြိမ်ထပ်ပြီးမေးပါသေးတယ်။ စိတ်ချရပါတယ်လို့ ဦးအောင်ချိန်က ပြန်ပြောပါတယ်။ အဲဒီလောက်အထိ တစ်ဖက်က ပြင်ဆင်ထားပါတယ်။ ဒီလိုဆိုရင် အစည်းအဝေးကို ဘာကြောင့်တက်ရသလဲလို့ မေးစရာရှိပါတယ်။ မတ်လ(၁၅)ရက်နေ့ကကျင်းပခဲ့တဲ့ ဒီအစည်းအဝေးကို ကျွန်တော်သွားတက်တာက အမှန်စင်စစ် ကျွန်တော့်ကိုဖိတ်တာ မဟုတ်ပါဘူး။ ကျွန်တော် လာပြီး စကားပြောမည်လို့အကြောင်းကြားပြီး ကျွန်တော် သွားပြောတာပါ။ ပြောတော့ကော ဘာတွေပြောသလဲ။ စက်တွေရိုက်ချိုးတာ မှန်တယ်လို့ပြောသလား။ မပြောပါဘူး။ ပြောတာရဲ့အချုပ်က တောင်သူလယ်သမားခေါင်းဆောင်တွေကို တာဝန်မဲ့ဥပဒေလက်လွတ်ရေးသားနေတဲ့သတင်းစာတွေကို ဥပဒေအရအရေးယူဖို့ ကျွန်တော် အစည်းအဝေးမှာ လူထုကြီးကိုကတိပေးတယ်။ ကျွန်တော်ကတိပေးသလို အစည်းအဝေးလူထုကြီးကလည်း မတ်လ(၁၂)ရက်နေ့က တာဝန်မဲ့အဖြစ်အပျက်မျိုး မဖြစ်စေရပါဘူးလို့ ကျွန်တော် သွားမေးတာ။ အဲဒီစကားကိုကြည့်ခြင်းအားဖြင့် ဒီ အစည်းဝေးတက်တာဟာ စက်ရိုက်ချိုးတဲ့ တာဝန်မဲ့ဥပဒေလက်လွတ်ပြုတဲ့လူတွေကို(ပင်း) ဖို့မဟုတ်ဘဲ ဖြစ်လာမှ လူတွေကိုဖမ်းလားဆီးလားလုပ်ပြီးနှိမ်နင်းတာထက် မဖမ်းမဆီးရဘဲနှင့် အေးအေးဆေးဆေးတားဆီးနိုင်လျှင် တားဆီး ရအောင်ဆိုတဲ့သဘောနှင့်သွားတယ်ဆိုတာ ထင်ရှားပါတယ်။
ရိုက်ချိုးတဲ့လူတွေဘက်က ကျွန်တော် (ပင်း)နေတယ်ဆိုတဲ့စွပ်စွဲချက်ဟာ တကယ်မှန်မယ်ဆိုရင် ဒီကိစ္စမှာ အမှန်ဘဲ လွှတ်တော်ရဲ့ ထင်မြင်ချက်ကို ရယူအပ်တဲ့ကိစ္စဖြစ်ပါတယ်။ လွှတ်တော်ရဲ့ထင်မြင်ချက်ကိုရယူရုံသာမက ကျွန်တော့်ကိုပါ အယုံအကြည်မရှိတဲ့အဆိုကို တင်သွင်းသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် တရားဥပဒေအရ တိတိကျကျမလုပ်ဘဲ တာဝန်မဲ့ဥပဒေလက်လွတ်လုပ်တဲ့လူတွေကို (ပင်း)နေတဲ့လူတစ်ယောက်ဟာ တရားသဖြင့်အုပ်ချုပ်လိုတဲ့ဘယ်နိုင်ငံမှာမဆို ဝန်ကြီးချုပ်မဖြစ်သင့်ပါဘူး။ အဲဒီတော့ ကျွန်တော်ဟာ စက်တွေရိုက်ချိုးနေတဲ့လူတွေဘက်က တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း (ပင်း)နေတယ်ဆိုတာကို အနည်းငယ်မျှသံသယကလေးပင်ရှိနေကြရင် ဖဆပလအပြင်ဘက်ကအမတ်တွေသာမကဘူး ဖဆပလအမတ်များကိုယ်တိုင်က ခေါင်းဆောင်ပြီး ကျွန်တော့်ကိုဖြုတ်ချကြရန် ကျွန်တော် လေးလေးနက်နက်တိုက်တွန်းပါတယ်။ (သြဘာသံများ)
ဆက်လက်ဖော်ပြပါမည်။
ဆက်လက်ဖော်ပြပါမည်။ 
(မြန်မာ့အလင်း - ၁၄-၃-၄၈)
ပြည်သူ့ခေတ်ဂျာနယ် မှ ကူးယူဖော်ပြပါသည်။
http://cmmdjschool.blogspot.co.uk/2012/06/blog-post_22.html


0 comments:

Post a Comment