Monday, June 24, 2013

မာ့က်စ်ဝါဒနဲ့ဗမာပြည် အောင်သာ (ပီသုံးလုံး)

0 comments

မာ့က်စ်ဝါဒနဲ့ဗမာပြည် အောင်သာ (ပီသုံးလုံး)မိမိ“ပြည်သူ့ဆန္ဒ” မှာ “ဆရာကြီးဇော်ဇော်အောင်ရဲ့မာ့က်စ်ဝါဒ အကြောင်း”ရေးပါတယ်။ ဒီဆောင်းပါးမှာ “ဗမာပြည်မှာ” မာ့က်စ်ဝါဒကို ယုံကြည်ကိုင်စွဲကျင့်သုံး ကြတဲ့အစုကြီး (၃)စုဖြစ်ပေါ်ခဲ့ကြောင်း” ဒီအစု ကြီး(၃)စုဟာ၊ မာ့က်စ် ၀ါဒကို (တစ်စုတစ်မျိုး) ကျင့်သုံးကြကြောင်း၊ ထင်ထင်ရှားရှားကိုယ်စားပြု သူများ မရှိကြတော့တဲ့အခါ အဖွဲ့အစည်းများလဲပြိုကွဲသွားခဲ့ရကြောင်း ရေးခဲ့ပါတယ်။ (၁) ဆရာကြီးသခင်စိုးက သူ့အနေနဲ့ (Sworn Enemy) ကမ္ဘာမကျေရန်သူအဖြစ် သတ်မှတ်ထားသူထံမှာ သူကိုယ်တိုင်အညံ့ခံပြီးတဲ့အခါ သူ့ယုံကြည်မှုသမိုင်း သူ့ သမိုင်းဟာ (ဘယ်သူက ဘာပြောပြော) နိဂုံးကမ္ပတ်အဆုံးသတ်သွားပါပြီ။ သူ့ယုံကြည်မှုဟာ (သေသွားခဲ့ပါပြီ)(လူက နောက်မှသေတာပါ)။ သူက မာ့က်စ်ဝါဒကို တရားသေ၀ါဒ၊ ဂိုဏ်းဂဏ၀ါဒ၊ မင်းမဲ့ဝါဒအဖြစ် ကျင့်သုံးခဲ့ တယ်။ သူစစ်အစိုးရထံလက်နက်ချတဲ့နေ့ဟာ သူကိုယ်စားပြုတဲ့အရာအားလုံးနိဌိတံတဲ့နေ့ပါပဲ။ ဘာမှ ထပ်ပြောစရာမလိုတော့ပါဘူး။ ပြီးသွားပါပြီ။(၂) ဗမာပြည်မှာ ဥပဒေတွင်းမှာမာ့က်စ်ဝါဒကို (ကိုယ်က ရန်ဘက်အဖြစ်သဘောထားသူ အစုက ပြဌာန်းထား တဲ့ဥပဒေဘောင်များ၊ ခွင်များ၊ နယ်ပယ်များအတွင်းမှာ)ကျင့်သုံးရမယ်လို့ကွယ်လွန်သည်အထိ သဘောထား ကျင့်သုံးသွားသူများကတော့ (၁) ၀ိဓူရသခင်ချစ်မောင်နဲ့ (၂) သခင်သိန်းဖေ (ခ) (ဦး)သိန်းဖေမြင့်ပါပဲ။ သခင် ချစ်မောင် (သုံးဆယ်)ဟာ ပထမတန်းသခင်မဟုတ်ပါဘူး။ သူဟာ(တတိယတန်းသခင်ပါ)။ သခင်မြရဲ့လက် ရင်းတပည့်ပါ။ စစ်ကြီးပြီးတော့ ၁၉၄၀ မှာ (ဗမာပြည်ဆိုရှယ်လစ်ပါတီ)အဖြစ်ပြင်ဖွဲ့ပါတယ်။ ၀ိဓူရက ဗဟိုကော်မတီဝင်ပါ။ (၁၉၅၁ မှာ အမေရိကန်က မြောက်ကိုးရီးယားကိုကျူးကျော်မှု၊ KMT တရုတ်ဖြူများ မြန်မာနိုင်ငံအတွင်းကျူးကျော်မှုကို ဆိုရှယ်လစ်ပါတီဥက္ကဌဦးဗဆွေနဲ့ ဗဟိုကော်မတီက ရေငုံနှုတ်ပိတ် လုပ်နေမှုကို မကျေနပ်လို့သခင်ချစ်မောင်၊ သခင်လွင်၊ သခင်လေးမောင်၊ ကျုံမငေးသခင်တင်မောင်တို့က ပါတီကခွဲထွက်သွားကြပါတယ်။ ဦးစွာအလုပ်သမား၊ လယ်သမားပါတီ၊ (နောက်) ဗမာပြည်အလုပ်သမား ပါတီ(၅၆)မှာဖွဲ့ပါတယ်။ ဆိုရှယ်နီလို့မီဒီယာက သုံးပါတယ်။ ၁၉၅၉ မှာလက်နက်ချလာတဲ့(၁)ပီစီပီ (ပြည်သူ့ ရဲဘော်ပါတီ)၊ (၂) ဗမာပြည်အလုပ်သမားပါတီ(၀ိဓူရ)၊ (၃)ပြည်သူ့ ညီညွတ်ရေးပါတီ (၄၉/ဦးသိန်းဖေမြင့်)တို့ ပူးပေါင်းပြီး (မလညပ)“မြန်မာနိုင်ငံအလုပ်သမားညီညွတ်ရေးပါတီ” (၁၉၆၀ ဒီ)ကို ဖွဲ့စည်းပါတယ်။ (ဦးသိန်းဖေမြင့်က သူဟာ ၁၉၃၉ မှာ CPB ဖွဲ့စဉ်က ပါဝင်ခဲ့တယ်လို့ပြောဖူးပါတယ်။ သူနဲ့ ဗိုလ်သိန်းတန်၊ ဗိုလ်အောင်မင်းကြီးတို့ဟာ (ဗကပ)ကို နာမည်ဝှက်နဲ့ဆန့်ကျင်ခဲ့ကြတာကြောင့် ၁၉၄၇ မှာ ပါတီကထုတ် ပယ်ခြင်းခံရပါတယ်။
ဝိဓူရနဲ့ဦးသိန်းဖေမြင့်တို့(၂)ဦးကို(အဲဒီစဉ်က)မာ့က်စ်ဝါဒလက်ဝဲဂိုဏ်းသားများက “ဥပဒေတွင်းမာ့က်စ်ဝါဒီ” များအဖြစ် မှတ်ယူခဲ့ကြပါတယ်။ ဆိုလိုတာက မာ့က်စ်ဝါဒကို အရင်းရှင်းဥပဒေဘောင်ထဲမှာ အကောင် အထည်ဖော်ချင်သူများ ဖြစ်ပါတယ်။ ဒါကြောင့်သူတို့ကို “Legal Marxist” ဥပဒေတွင်းမာ့က်စ်ဝါဒီများအဖြစ် သဘောထားပါတယ်။ ၁၉၆၄ ခုနှစ်၊ မတ်လ(၂၈)မှာ၊ စစ်အစိုးရက “အမျိုးသားစည်းလုံးညီညွတ်ရေးဥပဒေ” ဆိုတာကိုထုတ်ပြန်ပြီး၊ ဥပဒေတွင်းရှိ နိုင်ငံရေးပါတီများအားလုံးကို ဖျက်သိမ်းပစ်လိုက်ပြန်ပါတယ်။ ဥပဒေတွင်းမာ့က်စ၀ါဒဆိုတာ အုပ်စိုးသူအလိုကျ မာ့က်စ်ဝါဒကိုအကောင်အထည်ဖေါ်ရေးဆိုတာကြောင့် အချောင်ဝါဒတစ်မျိုးသာဖြစ်ပါတယ်။ ၀ိဓူရသခင်ချစ်မောင်ရဲ့ ဥပဒေတွင်းမာ့က်စ်ဝါဒရဲ့အနှစ်ချုပ်ကိုသိချင်ရင် သူပြုစုတဲ့“လွတ်လပ်ရေးရပြီးဗမာပြည်”မှတ်တမ်းကိုလေ့လာကြည့်နိုင်ပါတယ်။
ဗမာပြည်မှာ ပါတီစတင်ထူထောင်ကတည်းက မာ့က်စ်ဝါဒကိုယုံကြည်ကိုင်စွဲပြီး ဂျပန်တော်လှန်ရေးစစ်ပွဲ၊ စစ်ပြီးခေတ်လွတ်လပ်ရေးတိုက်ပွဲ ၁၉၄၅ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးစစ်ပွဲ (၁၉၄၈/၁၉၇၅ ပဲခူးရိုးမ)၊ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးစစ်ပွဲ(၁၉၇၆-၁၉၈၉)အရှေ့မြောက်စစ်ဒေသ ပဲခူးရိုးမပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးကာလ။ အရှေ့မြောက်စစ်ဒေသတော်လှန်ရေးကာလ။ (၁၉၈၉ခုနှစ်မှ အခု ၂၀၁၃ ခုနှစ်အထိ၊ မြေအောက်ပါတီဘ၀ ကျရောက်ခဲ့ရပါတယ်။ တိုင်းရင်းသားမျိုးနွယ်စု တော်လှန်ရေးတပ်ဖွဲ့များက အကြောင်းမျိုးစုံအောက်မှာ ပါတီမှခွဲထွက်သွားကြတဲ့အတွက် ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် ဆင်နွှဲနေတဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးလက်နက်ကိုင်တိုက်ပွဲ ပြိုကွဲသွားခဲ့ရပါတယ်။ ဒါ ဒုတိယအကြိမ်ပြိုကွဲတာ ဖြစ်ပါတယ်။ ပထမအကြိမ်ပြိုကွဲမှုက ၁၉၇၅ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်၊ ဧပြီလမှ ခုထိ ယူဂျီပါတီအဖြစ် (၂၄)နှစ်ရှိခဲ့ပါပြီ။ (လေ့လာရရှိသမျှ မှတ်တမ်းများအရ (၁) ၁၉၄၈/၄၉ AS လမ်းစဉ်။ (၂) “၅၀/၅၁”ငြိမ်းချမ်းရေးနဲ့ ညွန့်ပေါင်းအစိုးရလမ်းစဉ်။ (၃) “၁၉၅၂/၅၄” (၂)နှစ်အတွင်းစစ်နိုင်ရေးလမ်းစဉ်။ (၄) ၁၉၅၅ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး (၅) ၁၉၆၄ စက်တင်ဘာ၊ စစ်အနိုင်တိုက်ရေးလမ်းစဉ်။ အာဏာသိမ်းရေးလမ်းစဉ်။ (၁၉၆၄/၇၅ မတ်လ (၁၅)။ ၁၉၄၈ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့မှ ၁၉၈၉ခုနှစ်အထိ၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့သမိုင်းဟာ၊ လက်နက်ကိုင်တိုက်ပွဲ လုပ်မလား၊ မလုပ်ဘူးလား။ လက်နက်အပ်၊ တပ်ဖျက်၊ ဥပဒေတွင်းဝင်၊ (ဥပဒေတွင်းမှာ အတိုက်အခံမလုပ်နဲ့၊ အစိုးရနဲ့ပေါင်း၊ မဆလစစ်အစိုးရ၊ (န၀တ)၊ (နအဖ)(ကြံ့ဖွံ့အစိုးရ)တို့နဲ့ပေါင်း၊ ပြတ်ပြတ်သားသားလုပ်ရေး (လမ်းစဉ်)နဲ့ ဥပဒေတွင်းဝင် လက်နက်ချအညံ့ခံ။ အစိုးရနဲ့ပေါင်းတဲ့လမ်းစဉ်(၂)မျိုးအကြား တလျှောက်လုံး တိုက်ပွဲဖြစ်ခဲ့တာပါ။ ပဲခူးရိုးမခေတ်(ဗကပ)သမိုင်းဟာ ၁၉၄၈ ခုနှစ်ကနေ ၁၉၇၅ ခုနှစ် မတ်လအထိ (၂၇)နှစ်ကြာပါတယ်။ ဒီ (၂၇)နှစ်အတွင်းပေါ်ပေါက်ခဲ့တဲ့လမ်းစဉ်ခေတ် (၂)ခေတ်ဟာ (ဗကပ)အတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးများဖြစ်ခဲ့ရပါတယ်။ ဆုံးရှုံးမှုကြီးများဖြစ်ပေါ်စေခဲ့တဲ့ လမ်းစဉ်ခေတ်ကြီးများကတော့ (၅၅)လမ်းစဉ်ခေတ်နဲ့(၆၄) လမ်းစဉ်ခေတ်ကြီးများဖြစ်ပါတယ်။ (၅၅)လမ်းစဉ် ဆိုတာက“ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်” ဖြစ်ပါတယ်။ (၆၄)လမ်းစဉ်ဆိုတာက စစ်အနိုင်တိုက်ရေးအာဏာ သိမ်းရေးလမ်းစဉ်ဖြစ်ပါတယ်။ ရဲဘော်အောင်ကြီး၊ ဗိုလ်ချုပ်ဇေယျနဲ့အတူ ပီကင်းပြန်ရဲဘော်များ၊ ပါတီဗဟိုပြန်ရောက်ချိန်လည်းဖြစ်ပါတယ်။ ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီးချိန်လည်းဖြစ်ပါတယ်။ ၁၉၅၅ လမ်းစဉ်ဟာ ဂိုရှယ်နဲ့ရဲဘော်ဌေးတို့ရဲ့ အများစုထောက်ခံမှုနဲ့ချမှတ်တဲ့လမ်းစဉ်ဖြစ်ပါတယ်။ သခင်သန်းထွန်းက (၅၅)လမ်းစဉ်ကိုလက်မခံပါ။ လမ်းစဉ်လက်မခံသူ 1St Leader ပထမခေါင်းဆောင် မဖြစ်ရဆိုတဲ့(မူ)ရှိပေမယ့် ခင်သန်းထွန်းကိုဖြုတ်ချဖို့ မဲသုံးပုံနှစ်ပုံမရတာကြောင့် သခင်သန်းထွန်းကို ဥက္ကဌတာဝန်ပြန်ပေးခဲ့ရပါတယ်။ (၆၂) စီစီ (ဗဟိုကော်မတီ)အစည်းအဝေးမှာ သခင်သန်းထွန်းအနေနဲ့ ၅၅ လမ်းစဉ်ကို ယုံယုံကြည်ကြည်နဲ့ အကောင်အထည်မဖေါ်ခဲ့လို့ ပါတီနဲ့တော်လှန်ရေးအတွက် ဆုံးရှုံးနစ်နာမှုများဖြစ်ခဲ့ရတယ်။ ဒါကြောင့် သခင်သန်းထွန်းကိုရှုံ့ချတဲ့အဆို တင်ပါတယ်။ အဆို အထမြောက်ပါတယ်။ ၅၅ လမ်းစဉ်ချပြီး မကြာခင်မှာ ဆိုဗီယက်ကွန်မြူနစ်ပါတီ(၂၀)ကြိမ်မြောက်ညီလာခံက ဆိုရှယ်လစ်စနစ်သို့ ငြိမ်းချမ်းစွာကူးပြောင်းနိုင်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဗမာပြည်ပါတီတွင်းက ၅၅ သမားများက လက်ပန်းပေါက်ခတ်ခဲ့တယ်ဆိုပါတယ်။ ၅၅-၆၄ အတွင်းမှာ လူအင်အား (၁၀၀၀၀)နီးပါး လက်နက်ချခဲ့တယ်ဆိုပါတယ်။ မသုံးလုံးဂိုဏ်းနဲ့ ရဲဘော်ချမ်းအေး လက်နက်ချခဲ့ပါတယ်။ ပြည်သူ့ရဲဘော်ပါတီ (၅၉)မှာလက်နက်ချသွားပါတယ်။ မွန်/နိုင်အောင်ထွန်းနဲ့ ကရင်မှစောထွန်းစိန်တို့ လက်နက်ချပါတယ်။ လက်နက်အပ် တပ်ဖျက်ဥပဒေတွင်းဝင်တဲ့ သန့်ရှင်းဖဆပလ သခင်နုရဲ့(၂ ချက်နဲ့ အလင်းဝင်ရေးမှု)ကြောင့် အချို့လက်နက်ချကြတာပါ။ ပမညတအမတ် ၀ိဓူရသခင်ချစ်မောင်က ကွန်မြူနစ်ပါတီအလင်းဝင်ဖို့ လွှတ်တော်တွင်းကနေဖိတ်ခေါ်ခဲ့ပါတယ်။ ၁၉၆၀ မှာ အလံနီပါတီမှ ဗိုလ်ချုပ်မြင့်အောင်နဲ့ အင်အားတချို့ လက်နက်ချခဲ့ပါတယ်။ ဗကပမှမြစ်ဝကျွန်းပေါ်တိုင်း ဥက္ကဌသခင်တင်ကွန့်လက်နက်ချပါတယ်။ ဗကပယူဂျီ တာဝန်ခံသခင်တင်မြ လက်နက်ချခဲ့ပါတယ်။ ဆိုဗီယက်ပါတီရဲ့(၂၀) ကြိမ်မြောက်ကွန်ဂရက်လမ်းစဉ်ကို တရုတ်ပါတီနဲ့ညီနောင်ပါတီ(၂၇)ပါတီက လက်မခံခဲ့ပါ။ ဗကပအဝေးရောက်ပါတီကိုယ်စားလှယ်အဖွဲ့က လက်မခံခဲ့ပါ။ ၁၉၅၈-၆၂ ခုနှစ်အတွင်း အာဏာရ ဖဆပလအဖွဲ့ချုပ်အတွင်း (၁)တည်မြဲ (၂)သန့်ရှင်း (၃)စစ်တပ် (၃)စု ကွဲပါတယ်။ ၆၂ မတ်လ (၂)ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းလိုက်ပါတော့တယ်။
(မှတ်တမ်းများအရ) ၁၉၄၈/၄၉ခုနှစ်အတွင်းကနေ ၁၉၇၅ ခုနှစ်အတွင်းမှာ ဗဟိုကော်မီတီ(၂၉)ယောက်ရှိတဲ့ အထဲမှာ (၆)ယောက် အညံ့ခံကြပါတယ်။ ၃ ယောက် အဖမ်းခံကြရပါတယ်။ ဗဟိုကော်မီ တီ(၂၀) တော်လှန်ရေးအတွက် အသက်စွန့်ခဲ့ကြပါတယ်။ ဗကပမှ သစ္စာဖောက်သွားကြတဲ့ အရွယ်သုံးပါထဲမှာပါတဲ့သူတချို့ဟာ သူတို့စစ်အစိုးရထံ အညံ့ခံမှု၊ တစ်အိုးတစ်နပ်လုံခြုံမှုအတွက် အကြောင်းရှာရမှာ သူတို့နဲ့အတူ အမြီးအဖြတ်မခံချင်သူတွေကို ကွန်ဆာဗေးတစ်တွေ၊ တရားသေ၀ါဒီတွေ၊ ခေတ်ပြောင်းတာကို မသိသူတွေအဖြစ် တိတ်တိတ်တစ်မျိုး၊ တိုးတိုးတစ်မျိုး၊ အပြစ်တင်တတ်ကြပါတယ်။ ကျွန်ခံတာတောင် နံပါတ်စဉ်အကြီးအသေး ရွေးချင်ကြပါတယ်။
၁၉၇၅ ခုနှစ်အတွင်းမှာ ဗကပဗဟိုဌာနချုပ်ပြိုကွဲရတာဟာ ထိုးစစ်ကိုထိုးစစ်နဲ့ရိုက်ချိုးရာမှာ ခွင်ထဲကမထွက်ရေး (ခံစစ်သေ အယူအဆကြောင့်) ဖြစ်ပါတယ်။ နိုင်ငံရေးလမ်းစဉ်ကတော့ ပါတီကို တလျှောက်လုံး ဒုက္ခပေးခဲ့ကြတဲ့ (၅၅)လမ်းစဉ်သမားများကို ဗဟိုကော်မီတီက ဖြုတ်၊ ပါတီကထုတ်ပြီး၊ ရှင်းလင်းဖယ်ရှားပစ်ဖို့ ဖြစ်ပါတယ်။ ၁၉၃၆ ခုနှစ်မှာ မိုင် ၆၀၀၀ စစ်ခွာမှုကြီး ဆွန်ယီမြို့ ကိုရောက်တဲ့အခါ မော်စီတုန်းက တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ (၁၅)နှစ်အတွေ့အကြုံများကို ခုလို သုံးသပ်တင်ပြခဲ့ပါတယ်။ ပါတီရဲ့လမ်းစဉ်နဲ့ပတ်သက်ရင် “အတိတ်ကအမှားကို နောင်မမှားဖို့ သင်ခန်းစာယူကြပါ။ အမှားကျူးလွန်သူများနဲ့ပတ်သက်ရင် လူနာကိုကယ်ဖို့ရောဂါကိုကုပါ တဲ့။ မော်စီတုန်းရဲ့အတိတ်အတွေ့အကြုံများနဲ့ပတ်သက်တဲ့လမ်းညွှန်ချက်များဟာ မိမိတို့အတွေ့အကြုံ အပြုအမူများနဲ့နှိုင်း ယှဉ်ကြည့်လိုက်ရင် ပြောင်းပြန်ချည်းဖြစ်နေတာကိုတွေ့ကြရမှာပါ။  ဒါပေမယ့် အရှေ့မြောက်စစ်ဒေသ တည်ရှိ နေသေးတာကြောင့် ပဲခူးရိုးမအရေးနိမ့်မှုကို အဖတ်ဆည်နိုင်ခဲ့ပါတယ်။ ဗကပ ဖြစ်တည်စကတည်းက ဗြိတိသျှ နယ်ချဲ့စနစ်က ကွပ်ညှပ်ချေမှုန်းခဲ့ပါတယ်။ ဂျပန်ဖက်ဆစ်များကလည်း ချေမှုန်းခဲ့ပါတယ်။ ဖဆပလအဖွဲ့ချုပ်ကလည်း (ဗြိတိသျှအလိုကျ) ကွန်မြူနစ်ပါတီကို ဖဆပလထဲက ထုတ်ပစ်ရုံမက အပြုတ်တိုက်ဖို့ချေမှုန်းပစ်ဖို့ ပြည်ထဲရေးဝန်ကြီးက အမိန့်ထုတ်ခဲ့ပါတယ်။ လျှို့ဝှက်လုပ်ကြံသတ်ဖြတ်ရေးသမားတွေစေလွှတ်ပြီး ဗကပဥက္ကဌကို လုပ်ကြံစေခဲ့ပါတယ်။ ဗကပအတွင်းမှ လူမျိုးစုများခွဲထုတ်ဖို့ ဘိန်းကုန်သည်ကြီးများ၊ ဆိုရှယ်လစ်နဲ့ တည်မြဲတပ်မှူးဟောင်းကြီးများ၊ နအဖထောက်လှမ်းရေးများ၊ တရုတ်ထောက်လှမ်းရေးများပါဝင်ပြီး ကြံစည်ခဲ့ကြတာဖြစ်ပါတယ်။ ဗကပသစ္စာဖောက်ကြီးများဖြစ်ကြတဲ့ မောင်စူးစမ်း(ချမ်းအေး) သခင်တင်မြ၊ ဘခက်နဲ့ လက်ရင်းလက်ဖျားဖြစ်တဲ့သစ္စာဖောက်မျိုးစုံတို့ကလည်း  တစ်ခါတစ်ခါချိန်ကိုက် ဗကပဆန့်ကျင်ရေးများကို တိုးတိုးတစ်မျိုး၊ မတိုးမကျယ်တစ်မျိုး ထုတ်လွှင့်တတ်ကြပါတယ်။ ဒီလူတွေ ဗကပဆန့်ကျင်ရေးလုပ်စားလာတာ “မ၀”ကြ သေးဘူးလားဗျာလို့ လူငယ်အယ်ဒီတာလေးတစ်ယောက်က ညည်းညည်းညူညူ ပြောမေး မေးခဲ့ဖူးပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ပတ်သက်တဲ့မှတ်တမ်းများအရ ဗမာပြည်ကွန်မြူနစ်ပါတီက မြန်မာလူ့အဖွဲ့အစည်းရဲ့လူမှုစီးပွားလက်္ခဏာကို ကိုလိုနီတစ်ပိုင်း၊ ပဒေသရာဇ်တစ်ပိုင်း လူ့အဖွဲ့အစည်းလို့ မှတ်ယူပါတယ်။ ဆိုလိုတာက မြန်မာ့လူ့အဖွဲ့အစည်းဟာ (၁)ပဒေသရာဇ်မြေယာ ကုန်ထုတ်လုပ်မှုစနစ်ကို ပြုပြင်ပြောင်းလဲခြင်းမရှိသေးပါဘူး။ (၂) ဒေသဆိုင်ရာအရင်းရှင်စနစ်ဟာလည်း ခေတ်နောက်ကျနေဆဲဖြစ်ပါတယ်။ ဒီ(၁)နဲ့(၂)ကုန်ထုတ်အဆောက်အဦကိုအခြေပြုပြီး (စစ်အုပ်စုက) (၃) ဗျူရိုကရက်အရင်းရှင်စနစ်ကို တည်ဆောက်ထားပါတယ်။ ဒီစနစ်ကြီး (၃)ခု (၁)(၂)(၃)ကို အင်အား(၅)သိန်းလောက်ရှိတဲ့စစ်တပ်နဲ့ ကာကွယ်နေတာဖြစ်ပါတယ်။ အမျိုးသားတန်းတူရေးအတွက် စစ်ပြိုင်နေတဲ့လူမျိုးစုံ အမျိုးသားတပ်ဖွဲ့များနဲ့လည်း စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်းမရှိတဲ့ အခြေအနေမျိုးနဲ့ထိန်းချုပ်ထားပါတယ်။ ဒီအခြေအနေမျိုးမှာ ၂၀၀၈ ခုနှစ်၊ မေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပပြုလုပ်တဲ့၂၀၁၀ ရွေးကောက်ပွဲနဲ့ (ဗိုလ်ချုပ်ကြီးဟောင်း) ဦးသိန်းစိန်ကြီးမှူးတဲ့ပြည်ခိုင်ဖြိုးအစိုးရကို ဖေါ်ထုတ်ခဲ့ပါတယ်။ (တစ်ဖက်ကိုတစ်ဖက် အပြန်အလှန်လိုအပ် နေတဲ့) ဒေါ်စုနဲ့သမ္မတဦးသိန်းစိန်လည်း ကြည်စေအေးစေဖြစ်ခဲ့ပါပြီ။ မြန်မာနိုင်ငံအစိုးရနဲ့ (လစ်ဘရယ်ဒီမိုကရေစီရဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့)အမေရိကန်နဲ့လည်း ကြည်စေအေးစေဖြစ်သွားခဲ့ပါပြီ။ (လောလောဆယ်ကတော့) “အပျို့တော်(က) တုန်းပဲရှိပါသေးတယ်။” ပြည်ခိုင်ဖြိုးအစိုးရကတော့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲညွတ်ကွင်းနဲ့ အားလုံးကိုမိအောင်ဖမ်း လွှတ်တော်ဆိုတာထဲ အားလုံးရောက်အောင်ကြိုးစားပြီး လွှတ်တော်တွင်းနိုင်ငံရေးနဲ့ အခြေအနေကို ထိန်းသိမ်းချင်ဟန်တူပါတယ်။ ဒီ/ချုပ် အနေနဲ့လည်း ၂၀၁၅ ရွေးကောက်ပွဲမှာ၊ ၁၉၉၀ ရွေးကောက်ပွဲတုန်းက နိုင်ပွဲမျိုးမျှော်လင့်စရာမရှိလှပါ။ ပြည်ခိုင်ဖြိုးပါတီနဲ့ အဓိကမျိုးနွယ်စုပါတီကြီးများဖြစ်တဲ့ ရခိုင်၊ ရှမ်း၊ မွန် စတဲ့ပါတီများနဲ့ ပြိုင်ရမှာဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ Tactical Phase တစ်ခု ဖြစ်စရာရှိပါတယ်။
၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စားပြုထားတဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးလက်နက်ကိုင်တိုက်ပွဲ PDR.AS ပြိုကွဲသွားရခြင်းဟာ ဗမာပြည်လူတန်းစားတိုက်ပွဲရဲ့ မဟာဗျူဟာ နည်းဗျူဟာအခင်းအကျင်းများကို ပြောင်းလဲသွားစေပါတယ်။ Armed Struggle ဟာ လက်ရှိဗမာပြည်လူတန်းစားတိုက်ပွဲရဲ့ Main form of Struggle မဟုတ်တော့ပါဘူး။ The Legal Democratic Struggle က Main form Struggle ဖြစ်လာပါပြီ။ ဒီ/ချုပ်ဥက္ကဌနဲ့ ဒီ/ချုပ်ဟာ ဗမာပြည်ဒီမိုကရေစီတိုက်ပွဲရဲ့ ခေါင်းဆောင်နဲ့မဏ္ဍိုင် ဖြစ်လာပါပြီ။ ဒီ/ချုပ်ဥက္ကဌနဲ့ ဒီ/ချုပ်က ဗမာပြည်ဒီမိုကရေစီတိုက်ပွဲရဲ့ခေါင်းဆောင်နဲ့ ကိုယ်စားလှယ်ဖြစ် လာပါမယ်။ ပါဝင်နိုင်သူ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းများပါတဲ့၊ အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု/အဖွဲ့ချုပ် တစ်ခုစုစည်းဖို့ ကြိုးစားရပါမယ်။ ဦးစွာ Joint-Action Committee(JAC) များ(အလုပ်တူပူးတွဲကော်မီတီများအဖွဲ့များဖွဲ့ဖို့ ကြိုးစားရပါမယ်။ ပူးတွဲကြေညာချက်နဲ့ သဘောထားထုတ်ပြန်တာမျိုး ဆောက်ရွက်ကြရမှာဖြစ်ပါတယ်။ အလုပ်သမားများ၊ စာရေးဝန်ထမ်းများ၊ နေ့လုပ်နေ့စားအလုပ်သမားများ၏ပြဿနာမျိုးစုံကို ကိုင်တွယ်ဖြေရှင်းကြရမယ်။ ဥပမာ သင်္ကန်းကျွန်းစံပြဈေးအလုပ်သမားများ သမဂ္ဂဆိုတာမျိုး ဖွဲ့စည်းပေးကြရပါမယ်။ နေ့လုပ်နေ့စားအလုပ်သမားများရဲ့ဘ၀တိုက်ပွဲများကို စည်းရုံးပေးကြရမယ်။ လူတန်းစား ပေါင်းစုံပါဝင်တဲ့ လူထုများရဲ့ဘ၀တိုက်ပွဲများနဲ့ ဒီိမိုကရေစီရေးတိုက်ပွဲများကို ပေါင်းစပ်ပေးရပါမယ်။ “ဥပဒေတွင်းလူထုတိုက်ပွဲများ နဲ့ပတ်သတ်တဲ့လူတန်းစားအခင်းအကျင်း”ကခုလိုရှိပါမယ်။
(၁)ပြည်ခိုင်ဖြိုးပါတီက စစ်ဗျူရိုကရက်အရင်းရှင်လူတန်းစားများအကျိုးကို ရပ်ခံကာကွယ်ဖို့ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပါတယ်။ အာဏာရပါတီဖြစ်တယ်။ သူတို့နောက်မှာ လူ(၅)သိန်းရှိတဲ့စစ်တပ်ကြီးနဲ့ အုပ်ချုပ်ရေးယန္တရားကြီး State-apparatus ရှိပါတယ်။ တိုင်းပြည်ရဲ့ဥစ္စာဓနဆိုတာ သူတို့လက်ထဲမှာချည်းပဲ။ သူတို့ဟာ ဗျူရိုကရက်အရင်းရှင်လူတန်းစားလူမှုအစုဖြစ်ပါတယ်။
(၂)ဒေါ်စုနဲ့ ဒီ/ချုပ်ပါတီ။    ။ တက်သစ်စလစ်ဘရယ်ဒီမိုကရက် အရင်းရှင်လူတန်းစားများကို ကိုယ်စားပြုတဲ့ပါတီ။ ပြည်ခိုင်ဖြိုး ပါတီရဲ့“အာဏာ”ကိုစိမ်ခေါ်နေတဲ့ပါတီဖြစ်ပါတယ်။ သခင်နုကိုယ်စားပြုခဲ့တဲ့သန့်ရှင်းဖဆပလ၊ ပထစ၊ ဒီ/ငြိမ်းတို့ ကိုယ်စားပြုခဲ့ဖူး တဲ့ ဗမာပြည်လစ်ဘရယ်ဓနရှင်ဟောင်းများရဲ့ခေါင်ဆောင်နဲ့ကိုယ်စားလှယ်အသစ်ဖြစ်ပါတယ်။ ဗိုလ်အောင်ဆန်းမျိုးဆက် ဖြစ်ပါတယ်။ အောက်စ်ဖို့ကျောင်းထွက်ပါ။ British Trained ပါ။ နိုဘယ်လ်ဆုရှင်ပါ။ (န၀တ၊ နအဖ၊ ပခဖ)တို့က သူ့ကို ဘာအကြောင်းမှ မပြဘဲ အနှစ်(၂၀)အကျယ်ချုပ် ထားခဲ့ပါတယ်။ အာဇာနည်သမီးဖြစ်ရက်(နဲ့) ဗြိတိသျှလူမျိုးနဲ့ အိမ်ထောင်ဖက် ခဲ့လို့ ဆိုးဆိုးရွားရွားအတိုက်အခိုက်ခံခဲ့ရပါတယ်။ အနောက်အုပ်စုနဲ့ တစ်သားတည်းရှိသူလို့ ယူဆခံရပါတယ်။ ဒီ/ချုပ်ထူထောင် (စ)မှာ ဗိုလ်အောင်ကြီးက သူ့ကို ကွန်မြူနစ်တစ္ဆေကြောက်အောင် လုပ်ပေးခဲ့တယ်။ နောက်ပိုင်းမှာ ဒီတာဝန်ကို ဗိုလ်ချုပ်အောင်ရွှေက ဆက်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ပါတီကွန်ဂရက်မှာ(စီစီ)နဲ့ စီအီးစီများရွေးရာမှာ Pro-Left လက်ဝဲလိုလားသူများ မပါဖို့ ဂရုစိုက်ပြီးရွေးချယ်ခဲ့တယ်ဆိုပါတယ်။
ဒီ/ချုပ်ဥက္ကဌရဲ့လက်ရှိ Stand ဟာ Opponent မဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးအစိုးရရဲ့ Counter Part ပါ။ လုပ်ဖော်ကိုင်ဘက်ပါ။ လက်ရှိစစ်တပ်အပေါ် သူ့သဘောထားက လစ်ဘရယ်ဖြစ်ပါတယ်။ လွတ်လပ်ရေးစစ်တပ်ဟာ လွတ်လပ်ရေးတစ်ခေတ်လုံး ပြည်တွင်းစစ်တိုက်ခဲ့ပြီး စစ်အာဏာရှင်စနစ်တစ်သက်လုံး ကျင့်သုံးခဲ့တဲ့စစ်တပ်ပါ။ လူထုနဲ့တိုင်းပြည်ပိုင် ဥစ္စာဓနကို နှစ် (၅၀) ကျော် လုယက်ယူငင်ပြီး ကိုယ်ကျိုးရှာခဲ့တဲ့တပ်ပါ။ ဇူလှိုင်(၇)ရက် ဇွန်(၆)အလုပ်သမားသပိတ်၊ ဦးသန့်၊ တရုတ်ဆန့်ကျင်ရေး သတ်ဖြတ်မှု၊ ၈၈ သတ်ဖြတ်မှုကြီး၊ ၂၀၀၇ သံဃာအရေးသတ်ဖြတ်မှုကြီးတွေ ကျူးလွန်ခဲ့တဲ့တပ်ပါ။ “ကျမအဖေတပ်” မဟုတ်တာ ကြာခဲ့ပါပြီ။ ၂၀၀၃ ခုနှစ် ဒီပဲရင်းအကြမ်းဖက်သတ်ဖြတ်မှုကြီးကို ကျူးလွန်စီမံခဲ့တဲ့တပ်ပါ။ မျက်မှောက်ခေတ် ဗမာပြည်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဒီတပ်က ဘယ်နေရာကပါမှာပါလဲ။ ဒါဟာ မဟာဗျူဟာပြဿနာပါ။ အမှားမခံပါဘူး။ ဒီ/ချုပ်နဲ့ သူ့ဥက္ကဌ ဟာ ဖြစ်ထွန်းစ ဗမာပြည်လက်နက်ကိုင်တော်လှန်ရေးလစ်ဘရယ် ဓနရှင်လူတန်းစားကိုယ်စားလှယ်ပါ။
(၃) A.S လုပ်နေကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုများနဲ့အဖွဲ့အစည်းများဟာလည်း လူတန်းစားတရားကိုယ်အရပြောရရင် သူတို့ဟာလည်း အထူးသဖြင့် လူမျိုးစုအမျိုးသားခေါင်းဆောင်များဟာလည်း လစ်ဘရယ်ဓနရှင်လူမှုအစုကြီး တစ်စုပဲဖြစ်ပါတယ်။ သူတို့ဟာ စစ်အစိုးရအမျိုးမျိုးကို AS နဲ့ခုခံတိုက်ပွဲဆင်ခဲ့တာ ရာစုနှစ်တစ်ဝက်ရှိပါပြီ။ သူတို့ဟာ အာဏာရဗမာ ဓနရှင်ကြီးများရဲ့ Big-Burmar-Chauvinism ဗမာဓနရှင်ကြီးလူမျိုးကြီးဝါဒရဲ့ ဘက်စုံဖိနှိပ်မှုများကို A.S နဲ့ခုခံပြီး အမျိုးသားတန်းတူရေးအတွက် တိုက်ပွဲဆင်နေခဲ့ကြတာဖြစ်ပါတယ်။ တိုင်းရင်းသားအမျိုးသားများဆင်နွှဲနေတဲ့ Armed Struggle ဆိုတာဟာ စင်စစ် လယ်သမား စစ်ပွဲများသာဖြစ်ပါတယ်။ တိုင်းရင်းသားအမျိုးသားများဆိုတာဟာ တကယ်က တောင်သူလယ်လုပ်ဓါးမခုတ်တွေ ချည်းသာဖြစ်ပါ တယ်။
ဒီတော့ ဗမာပြည်ရဲ့ပစ္စက္ခနိုင်ငံရေးမှာ လူတန်းစားစည်းကြောင်းအရပြောရရင် အာဏာရစစ်ဗျူရိုကရက်များနဲ့ စိမ်ခေါ်သူ ဒီ/ချုပ် (နဲ့)တိုင်းရင်းသားမျိုးနွယ်စု လစ်ဘရယ်ဒီမိုကရက်များအကြား အာဏာခွဲဝေမှုကို ဘယ်နည်းဘယ်ပုံလုပ်ကြမှာလဲဆိုတဲ့ပြဿနာ ပါပဲ။ ဒီ/ချုပ်က စစ်မှန်တဲ့ဒီမိုကရေစီနည်းကျ လွတ်လပ်တဲ့ရွေးကောက်ပွဲများကတဆင့် သွားချင်ပါတယ်။ တိုင်းရင်းသားမျိုးနွယ်စု များကလည်း ဒီပြဿနာ Trough Political များနဲ့ ဖြေရှင်းချင်ပါတယ်။ ပြည်ခိုင်ဖြိုးအစိုးရက ၂၀၁၅ ရွေးကောက်ပွဲမှာ ရှိရှိသမျှ ဒီမိုကရေစီပါတီအဖွဲ့အစည်းများအားလုံး ပါဝင်ကြစေချင်ပါတယ်။  ရွေးကောက်ပွဲမှာ ရလာကြမယ့်ကိုယ်စားလှယ် အနည်းအများ ပေါ်အခြေပြု ဒီမိုကရေစီညွန့်ပေါင်းပုံစံ အစိုးရတစ်ရပ်ဖွဲ့စည်းပြီး လက်ငင်းတွေ့ကြုံနေတဲ့ Political Blocacle ကို ကျော်လွန်ဖို့ စိတ်ကူးကြံဆနေမလားဆိုတာ ပြောဖို့ခက်တယ်လို့ ဆိုရပါတော့မယ်။
(၄) ဗမာပြည်အလုပ်သမားလူတန်းစားပါတီဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီက ရှေ့ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုနေရာ၊ ဘယ်လိုအဆင့်အတန်းနဲ့(ဒီ)ဒီမိုကရေစီအရေးတော်ပုံအတွင်းမှာ ပါဝင်မှာလဲ။ (ဗကပ)ဟာ၊ ၁၉၄၈ မတ်လ(၂၈)ရက် နေ့ကစပြီး ဖဆပလအစိုးရနဲ့ စစ်အစိုးရအမျိုးမျိုးတို့နဲ့ ၁၉၈၉ ခုနှစ်အထိ စစ်မက်ဖတ်ပြိုင်ခဲ့တဲ့ပါတီပါ။ ဗမာပြည်မှာ သက်တမ်းအရှည်ဆုံး နိုင်ငံရေးပါတီကြီး(၁၉၃၉/၂၀၁၃)ဖြစ် ပါတယ်။ (ဗကပ) ဟာအင်္ဂလိပ်၊ ဂျပန်စတဲ့နယ်ချဲ့နိုင်ငံကြီးများရဲ့ ဆန့်ကျင်တိုက်ဖျက်မှုကို ခံရတဲ့ပါတီကြီးပါ။ ခေတ်အဆက်ဆက်မှာ ပါတီတွင်း ပါတီ အပက၊ သစ္စာဖောက်ကြီးအမျိုးမျိုး၊ အချောင်သမားအမျိုးမျိုးတို့က ဖက်စုံဆန့်ကျင်တိုက်ခိုက်မှုကို ခုခံရပ်တည်ခဲ့တဲ့ပါတီကြီးဖြစ်ပါတယ်။ ကမ္ဘာနဲ့ချီပြီး ဖြစ်ထွန်းပြောင်းလဲလာတဲ့ကမ္ဘာ့အပြောင်း အလဲများကို မိမိလူ့အဖွဲ့အစည်းရဲ့ ပကတိအခြေအနေများနဲ့လိုက်လျောညီထွေဖြစ်အောင် စီမံခန့်ခွဲနိုင်တဲ့ပါတီကြီးဖြစ်ပါတယ်။ ဒီကနေ့ဆိုရင် မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်တို့ရဲ့သက်တမ်းဟာ (၁၈၄၈/၂၀၁၃)နှစ်ပေါင်း ၁၆၅ နှစ်ရှိခဲ့ပါပြီ။ မြန်မာ့လူအဖွဲ့အစည်းအတွင်းမှာ ဗမာပြည်အလုပ်သမား လူတန်းစားပါတီဖြစ်တဲ့ဗမာပြည်ကွန်မြူနစ် ပါတီတည်ရှိနေတယ် ဆိုတာဟာ မတော်တဆမဟုတ်ပါ။ အကြောင်းတိုက်ဆိုင်မှုမဟုတ်ပါ။ ဗမာ့လူ့အဖွဲ့အစည်းကိုယ်တိုင်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးပကတိ ဘ၀ကမာ့က်စ်ဝါဒသဘောတရားနဲ့ လက်တွေ့များကိုတုန့်ပြန်ထားတာကြောင့်သာ ဖြစ်ပါတယ်။ မြန်မာ့ လူအဖွဲ့အစည်းရဲ့ပကတိဘ၀အကြောင်းအချက်များနဲ့ လိုက်လျောညီထွေဖြစ်တဲ့(Adaptability) ပေါ်လစီတစ်စုံလုံးကိုရရှိပြီဆိုရင်။ မြန်မာ့လူ့အဖွဲ့ အစည်းဟာ လောကပါလတရားကြီး(၃)ပါးနဲ့ပြီးပြည့်စုံတဲ့လူ့အဖွဲ့အစည်းဖြစ်လာမှာ မုချပဲဖြစ်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဗမာ့လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းတဲ့၊ ညီညွတ်တဲ့၊ ဖွံဖြိုးပြီး ခေတ်မီတဲ့စည်ပင်သာယာတဲ့ လူ့အဖွဲ့အစည်းဖြစ်ပြီး အမျိုးသားပေါင်းစုံမြန်မာလူထုကြီးနဲ့ လူတစ်ယောက်တည်းလို ညီညွတ်စည်းရုံးပြီး ရုန်းကန်တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ သမိုင်းတာဝန်ကျေပွန်တဲ့နိုင်ငံရေးအဖွဲ့အစည်းဖြစ်ပါမယ်။ ဒါဟာ ပစ္စက္ခကာလ၊ မြန်မာ့နိုင်ငံရေးပုံကား (အကြမ်း)ဖြစ်ပါတယ်။
အောင်သာ(ပီသုံးလုံး)မူရင်း link     http://pinyamagazine.com/index.php?option=com_content&view=article&id=246%3Aaung-thar-june-2013&catid=92&Itemid=509

0 comments:

Post a Comment