Monday, June 24, 2013

ဘွားခနဲပေါ်ထွက်လာပြီဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပီအာရ်အကြံအစည်

0 comments
ဘွားခနဲ ပေါ်ထွက်လာပြီဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပီအာရ် အကြံအစည်
အခုရက်ပိုင်း လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ပီအာရ်လို့ခေါ်တဲ့ အချိုးကျကိုယ်စားပြုမှု စနစ်ကျင့်သုံးဖို့နဲ့ပတ်သက်ပြီး သတင်းတွေ တခုပြီးတခု ဆက်တိုက်ထွက်ပေါ်လာ ပါတယ်။ ဒီ သတင်းတွေကိုဆက်စပ်သုံးသပ်လိုက်ရင် ဗိုလ်ချုပ်ဟောင်းတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ သမားရိုးကျစနစ်နဲ့အနိုင်ရဖွယ်လမ်းမမြင်နိုင်တာကြောင့် ပီအာရ်စနစ်ကိုအသုံးပြုတဲ့ရွေးကောက်ပွဲဖြစ်အောငfကြံစည်လာတယ်ဆိုတာ ဘွားခနဲပေါ်ပေါက်လာပါတယ်။ သူတို့ ဘယ်လိုကြံစည်သလဲ၊ ပီအာရ်စနစ်ကျင့်သုံးရင် ဘာဖြစ်လာနိုင်မလဲဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ခုတပတ်အတွင်း ပထမဦးဆုံးထွက်ပေါ်လာတဲ့သတင်းက ပြည်ထောင်စုရွေးကောက်ပွဲaက်ာမရှင်ဆီကပါ။ ဇွန် ၁၄ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ ကော်မရှင်ရဲ့သတင်းထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ ၂ဝ၁၂ ဇူလိုင်လ ၁၃ ရက်နေ့က ဒီမိုကရေစီမိတ်ဆွေ ၁ဝ ပါတီက လက်ရှိကျင့်သုံးနေတဲ့ မဲအများဆုံးရရှိသူကိုအနိုင်ပေးတဲ့ရွေးကောက်ပွဲစနစ် (First Past The Post- FPTP System) အစား အခြေခံဒီမိုကရေစီသဘောတရားနဲ့ကိုက်ညီပြီး နိုင်ငံရေးအခြေအနေနဲ့လိုက်လျောညီထွေဖြစ်မယ့်စနစ်တရပ်ဖြစ်တဲ့ အချိုးကျကိုယ်စားလှယ်စနစ် (Proportional Representation-PR System) ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း အကြံပြုချက်နဲ့အတူ ရွေးကောက်ပွဲစနစ်ပြုပြင်ရေးနဲ့ပတ်သက်တဲ့စာတမ်းတစောင်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ တင်ပြခဲ့တယ်လို့ဖော်ပြထားပါတယ်။
နောက်ပိုင်း နိုင်ငံရေးပါတီတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးကြည့်တဲ့အခါ ပီအာရ်စနစ်ကိုလက်ခံကျင့်သုံးချင်တဲ့ပါတီရှိသလို လက်ရှိ မဲအများဆုံးသူအနိုင်ရတဲ့စနစ်ကိုပဲ ဆက်ပြီးကျင့်သုံးလိုတဲ့ပါတီတွေရှိတဲ့အတွက် အဆုံးအဖြတ်ပေးပါဆိုပြီး လွှတ်တော်ကိုတင်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တကယ်လို့သာ ရွေးကောက်ပွဲစနစ်ကို ပီအာရ်စနစ်နဲ့လုပ်မယ်ဆိုရင် ပြင်ဆင်ဖို့အချိန်တွေလိုအပ်တာကြောင့် ဒီ ၂ဝ၁၃ ခုနှစ်အတွင်းမှာပဲ လွှတ်တော်က အပြီးသတ်ဆုံးဖြတ်ပေးဖို့လိုတဲ့အကြောင်းလည်း တင်ပြထားပါတယ်။
ဒါနဲ့ပတ်သက်ရင် ဝေဖန်ဖို့လိုတဲ့အချက်ကတော့ ဒီမိုကရေစီမိတ်ဆွေ ၁ဝ ပါတီထဲပါတဲ့ တိုင်းရင်းသား ၅ ပါတီရဲ့သဘောထားပါ။ သူတို့ပါတီတွေအနေနဲ့ ပီအာရ်စနစ်ကျင့်သုံးဖို့တောင်းဆိုတာ ဘယ်တုန်းကမှ မလုပ်ခဲ့ကြောင်း၊ အစည်းအဝေးတက်ရောက်ကြောင်းလက်မှတ်ကိုအသုံးချပြီး ပီအာရ်ကိုကျင့်သုံးလိုတယ်လို့ ရွေးကောက်ပွဲကော်မရှင်ဆီ မရိုးမသားတင်ပြခဲ့တာသာဖြစ်တယ်လို့ တိုင်းရင်းသားပါတီတွေကဖြေရှင်းကြပါတယ်။ အမှန်တကယ်လည်း မကြာသေးခင်ကမှ တောင်ကြီးမှာကျင်းပပြီးစီးသွားတဲ့ တိုင်းရင်းသားပါတီတွေရဲ့ညီလာခံမှာ ပီအာရ်စနစ်ကိုလက်မခံကြောင်း အတိအလင်းထုတ်ပြန်ကြေညာလိုက်ပြီလည်းဖြစ်ပါတယ်။
ပြောရရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ၂ဝ၁၂ ခုနှစ် ဇူလိုင်ကတည်းက အန်ဒီအက်ဖ်ပါတီဦးဆောင်ပြီးတင်ပြထားတဲ့ မှန်ကန်မှုမရှိမှန်းလည်းသိတဲ့စာတမ်းကိုအခြေခံပြီး ပီအာရ်စနစ်ကို တိုင်းရင်းသားပါတီတွေအပါအဝင် ပါတီတချို့ လက်ခံကျင့်သုံးချင်သယောင် လိမ်ညာသတင်းထုတ်ပြန်ပြီး လွှတ်တော်ကိုတင်လိုက်တဲ့သဘောဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌသူရဦးရွှေမန်း အမေရိကန်နိုင်ငံရောက်နေစဉ် ၂ဝ၁၅ ရွေးကောက်ပွဲပြီးသွားတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အန်အယ်လ်ဒီပါတီနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်၊ လိုအပ်ရင် ညွှန့်ပေါင်းအစိုးရဖွဲ့သွားမယ်ဆိုတဲ့သဘောမျိုး အရိပ်အမြွက်ပြောခဲ့ပါတယ်။ ဒါဟာ ကြံ့ခိုင်ရေးအနေနဲ့ ပီအာရ်စနစ်ကျင့်သုံးရင် ဖြစ်လာနိုင်တဲ့ရလဒ်ကိုကြိုတင်မှန်းဆပြီးပြောဆိုတဲ့ စကားမျိုးလည်းဖြစ်ပါတယ်။
ပိုပြီးသေချာစေတာကတော့ သိပ်မကြာသေးခင်တုန်းကပဲ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တယောက်ဖြစ်တဲ့ တောင်သာအမတ် ဦးအောင်သောင်းရဲ့ထုတ်ဖော်ပြောဆိုချက်ပါ။ သူက တပါတီကြီးစိုးတဲ့စနစ်ပပျောက်အောင် ပီအာရ်စနစ်ကျင့်သုံးသင့်တယ်၊ နိုင်ငံတကာမှာကျင့်သုံးလာတာ နှစ်ထောင်နဲ့ချီရှိနေပြီ၊ မြန်မာပြည်သူတွေကလည်း အသိဉာဏ်နိမ့်ကျသူတွေမဟုတ်တော့ ပီအာရ်စနစ်ကျင့်သုံးနိုင်တယ်ဆိုပြီးပြောခဲ့တာပါ။ ဒီအဆက်အစပ်တွေကိုကြည့်ရင် လာမယ့်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီကို ဘယ်လိုမှအနိုင်မရနိုင်ဘူးလို့ တွက်ဆထားပြီးဖြစ်တဲ့စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ ပီအာရ်စနစ်ကိုကျင့်သုံး၊ လွှတ်တော်ထဲအဆင်သင့်ရောက်နေတဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ စစ်ဗိုလ်အမတ်တွေနဲ့ပေါင်း၊ သမ္မတရာထူးရအောင်ယူပြီး အာဏာကိုဆက်ချုပ်ကိုင်သွားမယ့်သဘော ပေါ်လွင်နေပါတယ်။
တကယ်တော့ လက်ရှိ ပီအာရ်ပြဿနာအငြင်းပွားနေတာနဲ့ပဲ အရေးကြီးတဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင်ကျင်းပနိုင်ရေးဆိုတာ မျက်ခြည်ပြတ်သွားစေနိုင်ပါတယ်။ ဒါ့အပြင် ပီအာရ်စနစ်ဆိုတာဟာ မဲရုံတခုစီအလိုက် အနိုင်ရသူ တိုက်ရိုက်မပေါ်ပေါက်တာကြောင့် မဲလိမ်၊ မဲခိုးနဲ့ မဲမသာမှုလုပ်တာတွေကိုလည်း ဖော်ထုတ်ရအလွန်ခက်ခဲစေမှာဖြစ်ပါတယ်။ ဒါကြောင့် မင်းသားကြီးမလုပ်ရ ပတ်မကြီးထိုးဖောက်မယ့်ပါတီတချို့နဲ့ အာဏာကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆက်ပြီးလုယူထားချင်တဲ့ စစ်ဗိုလ်ချုပ်တွေကြီးစိုးတဲ့ကြံ့ခိုင်ရေးပါတီရဲ့ ပီအာရ်စနစ်ကျင့်သုံးရေးအကြံအစည်ကို ဝိုင်းဝန်းကန့ကွက်ဖို့ လိုနေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ (မနေ့ကလုပ်ခဲ့တဲ့ကြံ့ဖွံ့ပါတီညီလာခံမှာ အခြားကိစ္စတွေနဲ့အတူ ပီအာရ်ကိစ္စလည်းထည့်သွငိးဆွေးနွေးသွားတယ် အဲဒါတွေကို ဗဟိုကော်မတီကဆုံးဖြတ်ပေးဖို့စောင့်နေတယ်လို့ဖတ်လိုက်ရတယ်။ မျိုးမြင့်)
http://burmese.dvb.no/archives/40831

0 comments:

Post a Comment