Thursday, June 13, 2013

သုတစာပေအဆင့်မြှင့်ရန်(ဘိုဘိုလန်းစင်) ခေတ်မောင်းအတွဲ (၁)

0 comments
လူထုစိန်ဝင်း ကြည်မင်းစသည့်စာရေးဆရာကြီးများက မြန်မာရသစာ နိမ့်ကျတိမ်ကောလာမှုကို သတိပေးပေါင်းများပီ။ ဖေတော့မောင်တော့ ဆူလွယ်နပ်လွယ်နှင့် မော်ဒန်အမည်ခံစာယောင်စူးများ
တိုင်းပြည်တွင်ထွန်းကားနေသည်မှာ အနှစ် ၂ဝ ချဉ်းတော့မည်။ တိုင်းပြည်၏ပစ္စက္ခအခြေကိုအမြင်ယွင်းမှားပီး လူမှုအဆောက်အအုံပြိုကွဲမှုကို အများအာရုံမစိုက်နိုင်အောင် မယ်ဘွဲ့မောင်ဘွဲ့ စိတ္တဇတကိုယ်တော်ဝါဒဘက်ယိုင်အောင် ညှပ်ပီးပုံသွင်းသလိုရှိနေခဲ့သည်။ စာပေစိစစ်ရေးမရှိသည့်နောက် တောနယ် မြိ့ပြမြန်မာနှင့်လူမျိုးပေါင်းစုံတို့ လူမှုသရုပ်မှန်ကိုဖော်ကျူးမည့်စာကြေးမုံမျိုး ပြန်မှ ထွက်လာပါ့မလား သံသယပင်ကြီးရသည်။
ထိုထက် သုတစာပေချွတ်ချော်မှုကိုထောက်ပြသူ နည်းသည်ထင်ပါသည်။ ဗမာကဲ့သို့ ယဉ်ကျေးမှုကြီးတို့၏လက်ဝေခံတိုင်းပြည်မျိုးတွင် ပါဠိ၊ သက္ကတ၊ ထိုင်း၊ အင်္ဂလိပ်၊ ပြင်သစ် စသည့် ပြင်ပယဉ်ကျေးမှုစာပေမှ ဉာဏ်သစ်လောင်းမှ တခေတ်ပြောင်းယဉ်ကျေးမှုတဆင့်တက်ရသည်မှာ ဟိန္ဒူနှင့်ဗုဒ္ဓဝါဒများ၊ အနောက်တိုင်းနိုင်ငံရေးစနစ်နှင့် ယဉ်ကျေးမှုများမှသည် နောက်ဆုံးဝင်နေသော ရွှေပြည်အေးဝါဒ (ဝင်း-ဝင်း အထိုင်) ၊ နီယိုလစ်ဘရယ်စသည့် အမေရိကန်သွင်းကုန်ဝါဒများထိပင်။ ထို့ကြောင့် တိုင်းပြည်ကို ကြာရှည်တံခါးပိတ်ပီး ဝါဒကွဲပြားမှုလက်မခံသောခေတ်မျိုးတွင် ပြင်ပမှ ဝါဒသစ်ဝင်ဖို့မှာ များစွာသွေးတိုးစမ်းရသောစွန့်စားခန်းဖြစ်သည်။ ထို့ကြောင့် မြန်မာတွင် ရှေးအမြင်စွဲများလည်းမပျောက်၊ ခေတ်အမြင်ဆန်းစုံစုံလည်းမရောက်ဆိုသည့် ယောင်ယားကာလမှာ လက်သင့်ခံနိုင်သည်ထက် ပိုမိုများစွာရှည်လျားနေရသည်။

ဖြစ်ပုံမှာ ပြည်တွင်းမှ အဖြူစာဖတ် စာချစ်သူတို့ထံ ပြည်ပမှစာဝေနေယျများက ကူးလူးဖြန့်ချိမှ ဖတ်ဖွယ်ရာရာမှာ ပြည်တွင်းသို့ရောက်ကာ ဆီလျော်ရာ တို့ကာ ပင့်ကာ ရေးချွတ်ကာ ထိုမှ သံရုံးနှင့်စာအုပ်သည်များ အာလျရှိလျှင် လုံးချင်းရိုက်နှိပ်ကာနှင့် အထုံကူးရသောသဘောရှိသည်။ ထို့ကြောင့် စစ်လက်ဆုပ်မဖြေခင်က တချို့အကြောင်းရပ်တို့မှာ တို့မရတဲ့ရွှေပန်းကန်ဖြစ်ခဲ့သည်မို့ နှောင်းလူများအဆက်ပြတ် မဟပ်မိသည်တို့ရှိပါသည်။

မြန်မာအတွက် အနုပညာနှင့်စာပေဝါဒ၊ စီးပွားကူးသန်း၊ သတင်းပညာဘက်တွင် ဖြည့်တင်းပေးမည့်သူကများသော်လည်း ဝိဇ္ဇာတွေးခေါ်မှု သိပ္ပံကျမ်းရင်းဘက်တို့တွင် အထူးချို့တဲ့ခဲ့ပါသည်။ ထို့ကြောင့် သမိုင်းအမည်ခံ အပျော်ဖတ်စာများ၊ ဘာသာရေးအမည်ခံ အစွန်းရောက်ဝါဒဖြန့်များ၊ အမျိုးသားရေးဆိုသောလူမျိုးကြီးလူမျိုးစွဲများကို ရဟန်းရှင်လူပြည်သူကျားမ အဆင့်အတန်းစုံက ကိုးကွယ်စုံမက်နေကြပါသည်။ သိပ္ပံဘက်အဆင့်နိမ့်၍လည်း အထူးတဆန်းကို အင်မတန်ယုံလွယ်သော ကြောင်းကျိုးချိတ်ဆက်ကို ပုစ္ဆာန်းမထုတ်တတ်သော ဘိုးသုညသာသာအဆင့်တွင်
အများစုရပ်နေကြသည်။ အတွေးတိမ်ပီး မှောက်မှားလွဲချော်သောစာဆိုးပေညံ့တို့မှာ ဘာသာရေး၊ လူမျိုးရေး၊ ကျင့်ဝတ်သိက္ခာပိုင်းတို့တွင်လွဲချော်သိမ်ဖျင်းပီး ရန်လိုမုန်းတီးမှု စော်ကားရန်စ အာဃာတများကို မဖုံးနိုင်ဟန်မလုပ်နိုင်အောင်ပင် အကြမ်းအရိုင်းကြီးထွားလာခဲ့ပါသည်။

စာနယ်ဇင်းတို့ကိုစီမံတင်ဆက်နေသော စာသူကြီးတို့ မျက်စိမပွင့်ခြင်း၊ တွန့်ဆုတ်ခြင်း၊ မရိုးမသားကျင့်နှင့်အမြတ်ထုတ်တတ်ခြင်း စသည့်ညံ့ကွက်များကြောင့် တိုးတက်ထွန်းကားရမည့်ဘက်တို့တွင် များစွာဖျော့တော့နေပါသည်။ ထို့ကြောင့် တိုင်းပြည်မှာ ယဉ်ကျေးမှုပစ္ဆန္တရာဇ်သဖွယ် မတိုးတက်သည့်အပြင် ရှိပီးအလိမ္မာသိပညာများပင် ဆိတ်သုဉ်းရပ်ဆိုင်းနေပါသည်။
ထိုအပျက်မှရုန်းထွက်လိုလျှင် အဘယ်သို့အားထုတ်သင့်သည်ဆိုရာကား ယခင် သီးပွင့်မှုနှင့် ကမ္ဘာ့မျက်ပွင့်စာတောပေတော ကို ပြန်စောင်းငဲ့ကြည့်မှမြင်ပေလိမ့်မည်။ အဘယ်သည် စံညီပေကိုက် အသိပညာနည်း၊ အဘယ်က ဖွဲနည်း ဂဃနဏသိချင်က ဆောက်ချင် ဖောက်ချင်သည့်ဘက်က တံတိုင်းကိုမျှော်ကြည့်မှ၊ အပျက်ပုံအောက်ခြေကအုတ်မြစ်ကို တိုက်ချွတ်သန့်စင်မှသာ လင်းပေရှင်းပေအံ့။

တက်ကျမ်းဆန်ဆန် ဘဝကထာများ၊ နိုင်ငံရေးမှိုင်းတိုက်လူကြော်ငြာ ဇာတ်ပိုစတာများ၊ လူသား၏ကြီးမြတ်သောစွမ်းအားကို အစွဲအနှောင်အချုပ်အချယ်အောက်တွင် အလယ်ခေတ်ပုံစံပျပ်ဝပ်ကျိုးနွံအောင် သွေးဆောင်စာများဘေးမှကင်းဝေးရန် မြန်မာတွင် တကယ်လိုနေသော လူမျိုးဘာသာ နိုင်ငံရေးအမြင်မတူသူချင်း ဥစ္စာဓနကွာဟသူချင်း တန်းတူရည်တူဆက်ဆံနိုင်
သည်းခံရှုမြင်နိုင်သောစာ ထိုမှ ကမ္ဘာ့ ဂန္ထန္တရ ပညာသုတတို့ကို ကမ္ဘာရွာသားချင်း နှီးနှောလက်ဆုံကျနိုင်သောအဆင့်ထိတက်ဖို့က သုတစာသမားတို့ တာဝန်သာ။
ဘိုဘိုလန်းစင် ခေတ်မောင်းအတွဲ (၁)
http://www.mediafire.com/?rtpu9ctn2bs7kn8

0 comments:

Post a Comment