Thursday, June 13, 2013

ဆဲဗင်းဂျူလိုင်ရဲ့ အနှစ်သာရဆိုတာ(လင်းထင်)

0 comments
ဆဲဗင်းဂျူလိုင်ရဲ့ အနှစ်သာရဆိုတာ(လင်းထင်) ဆဲဗင်းဂျူလိုင်နှစ်ပတ်လည်ကို အခုလိုနှစ်မျိုးမှာ ပိုလို့တောင် အထူးသဖြင့်သဘောထားပြီး လွန်ခဲ့တဲ့ရာစုနှစ်ဝက် ကဖြစ်ရပ်ဆိုးအပေါ် သမိုင်းနီတိထုတ်ပြန်ပြောင်းဆင်ခြင်နှလုံးသွင်းသင့်တယ်။ ဘာဖြစ်လို့လဲ။ အနှစ်ငါးဆယ်ပြည့် ဘာရတု ညာရတုမို့လို့လား။ မဟုတ်ဘူး။ ဆဲဗင်းဂျူလိုင်ရဲ့ နှစ်သာရကိုက ကျောင်းသားတွေအသတ်ခံရ တကသအဆောက်အဦ မိုင်းခွဲ အဖြိုခံရခြင်းဆိုတဲ့ အောက်မေ့ဖွယ်သွေးစွန်းသောနှစ်ပတ်လည်နေ့တစ်ခုအဖြစ် ထက်များစွာပိုတယ်။စစ်အာဏာရှင်စံနစ်ကို ဘယ်လို အသွင်ပြောင်း ပုံဖော်သည်ဖြစ်စေ၊ စစ်တပ်ရဲ့ ပုံ့ပုံ့ပွပွ ဆေးသကြားချိုရဲရဲ နိုင်ငံရေးအာတာပူစီ ဘယ်လိုဟစ်ကြွေးသံတွေ ခြုံလွှမ်းဝါဒဖြန့်ထားသည်ဖြစ်စေ၊ စစ်တပ်က အာဏာ(၃)ရပ်ကိုချူပ်ကိုင်အပိုင်သိမ်းပြီး စစ်ကျွန်လက်အောက် အသွပ်သွင်းခံရခြင်း၊ ပြည်သူ့ဒီမိုကရေစီဆိတ်သုဉ်းရခြင်းအပေါ် ဆဲဗင်းဂျူလိုင်ဖြစ်ရပ်နဲ့ ကျောင်းသားလှုပ်ရှားမှုနောက်ခံဖြစ်ရပ်တွေဟာ အလွန်ပြတ်သားခိုင်မာစွာ အကြွင်းမဲ့ဆန့်ကျင်တော်လှန်သော နိုင်ငံရေးအဘိဓမ္မာကိုသယ်ဆောင်ထားတဲ့ အထိမ်းအမှတ်ဖြစ်တယ်။ ဗမာပြည် ကျောင်းသားနိုင်ငံရေး အစဉ်အဆက်လှုပ်ရှားမှုရဲ့ မသွေဖီမဖောက်ပြန် မယိမ်းယိုင်ခြင်း၊ နိုင်ငံရေးအယူ ပီပြင်ကြည်လင်ခိုင်မာမှုရဲ့ သာဓကလည်းဖြစ်တယ်။
(၆၂) မတ်လ စစ်တပ်ရဲ့အာဏာသိမ်းပွဲဟာ အဟန့်အတား ခုခံအံတုမှုမကြုံရတဲ့ သွေးမဲ့နီးပါးစစ်အာဏာသိမ်းမှု ဖြစ်ခဲ့တယ်။ စစ်တပ်ဟာ ဗမာနိုင်ငံရေးရဲ့ပင်မရေစီး လက်ဝဲနိုင်ငံရေးအရေခြုံကာ ဆိုရှယ်လစ်တော်လှန်ရေးအသွင်ယူထားသမို့၊ ဖဆဆိုရှယ်တည်မြဲက တပ်တွင်းဆိုရှယ်လစ်တွေအားကိုးနဲ့ သူတို့လက်ထဲပဲ တပ်ကအာဏာလွှဲပေးမယ့်သယောင်၊ ပမညတတပ်ပေါင်းစုဆိုလည်း အစကတည်းက နေဝင်းကို အာဏာသိမ်းဖို့ ကပ်တွန်းခဲ့တဲ့အချောင်သမာတွေ.. သဘောတရားရေးဆရာကြီးလုပ်ပြီး နေဝင်းအာဏာသိမ်းခြင်းကနေ အမြတ်ထုတ် ဆိုရှယ်လစ်ဆင်စွယ်နန်းပေါ် အခန့်သားတက်လို့ရမယ်မှတ်တဲ့သူတွေ...၊ မြေပေါ်နိုင်ငံရေးသမားတို့ ကိုယ်စီနိုင်ငံရေး ဖောက်ပြန်ပြီး လေထဲတိုက်အိမ်ဆောက်မိကြတာချည်းပဲ။ အဓိကအမှားက စစ်တပ်ကအာဏာသိမ်းတာကို စစ်တပ်ကအာဏာသိမ်းတာလို့ တည့်တည့်မမြင်၊ နိုင်ငံရေးအချောင်လိုင်းလိုက် ဖောက်ပြန်ကြတာပဲ။
စစ်အာဏာသိမ်းခြင်းဆိုတဲ့ ဒီလောက် အခြေခံကစ လွဲမှားတဲ့ဖြစ်ရပ်အပေါ် ပေါ်ထင်စွာမဆန့်ကျင်၊ ကိုယ်စီ နေရာဝင်ယူမယ့်အချောင်သမား အတွေးအခေါ်ဖြစ်ထွန်းကာ ကိုယ့်နိုင်ငံရေးအပေါ် ကိုယ်သစ္စာမဲ့ရခြင်းအပေါ် အထောက်အမတ်ပြုဖို့ရာ ဘယ်ပုံနိုင်ငံရေးအမြင်အကြံအယူတွေ တည်ဆောက်ပြပြ၊ တကယ်တမ်းကြ စစ်တပ်ကို ဒူးညွတ်ဦးကျိုးပြန်မလှန်ရဲတဲ့စိတ်အခံကိုဖုန်းကွယ်ခြင်းကလွဲပြီး တခြားအရာ မဟုတ်ဘူး။ ရှင်းအောင်ပြောရရင် စစ်တပ်ကိုကြောက်လို့ပဲ။
“(၆၂)အာဏာသိမ်းတာကိုထောက်ခံပါတယ်” စာထုတ်တဲ့ ဗကသဥက္ကဌခင်မောင်အုန်းကို ချက်ခြင်းဖယ်ရှား၊ ဗကသဥက္ကဌကိုသက် တကသဥက္ကဌဗဆွေလေးတို့ဦးဆောင်မှုနဲ့ စစ်တပ်အာဏာသိမ်းခြင်းကို ပေါ်ထင်စွာဆန့်ကျင်ပြခြင်းဟာ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ ကျောင်းသားသမဂ္ဂရဲ့ပါဝင်ပတ်သက် ရပ်တည်မှုရဲ့အဆင့်အတန်းကို မှတ်ကျောက်တင်လိုက်တာပဲ။
ဆဲဗင်းဂျူလိုင်ဟာ ဒီလို ကျောင်းသားသမဂ္ဂနိုင်ငံရေးရပ်တည်မှုရဲ့ နောက်ဆက်တွဲဖြစ်ရပ်တစ်ခုတင်မက၊ စစ်တပ်ရဲ့ ဗမာပြည်ပညာရေးကို တိုက်ရိုက်စွက်ဖက်ဖျက်ဆီးခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်လည်းဖြစ်တယ်။ တက္ကသိုလ်အက်ဥပဒေများ အာဏာသိမ်းစစ်ဦးဘီလူးရဲ့ အဖျက်ခံရ၊ တက္ကသိုလ်ရဲ့ လွတ်လပ်သောကိုယ်ပိုင်အုပ်ချူပ်ခွင့်ကို အဖျက်ခံရ၊ ကျောင်းသားအခွင့်အရေးကို တိုက်ရိုက်အထိပါးခံရသမို့ ဗမာပြည်ပညာရေးပျက်စီးခြင်းအစကို သွေးနဲ့ရင်းဆန့်ကျင်ပြရခဲ့တာမျိုးလည်းဖြစ်တယ်။ ဒီတော့ ဆဲဗင်းဂျူလိုင်ဆိုတာ စစ်တပ်က တကသအဆောက်အဦကြီးထဲ ဗမာပြည်နိုင်ငံရေးနဲ့ပညာရေးကိုထည့်သွင့်ပြီး ဖြိုချပြစ်လိုက်တာမျိုးလို့ပြောရင် မမှားဘူး။၊ အခုထိ နလံမထူနိုင်တော့ဘူး။
ပြင်ပ ရုပ်ဝတ္ထုပစ္စည်းကိုသာဖျက်ဆီးလို့ရမယ် စိတ်ဓာတ်ကိုတော့မဖျက်ဆီးနိုင်ဘူးလို့ ပြောသံဆိုသံတွေကြောင့် ဒီစာကို အဓိကရေးရတယ်။ စစ်တပ်က မဖျက်ဆီးနိုင်ဘူးဆိုတဲ့စိတ်ဓာတ်ဆိုတာကို ကြားကောင်းရုံ၊ ကြားတုန်းခဏတော့ စိတ်ထဲတက်ကြွသလိုလို ဖိန်းတိန်းတိန်း ရှိန်းတိန်းတိန်းဖြစ်သလိုလို ဒြပ်မဲ့အခြေအနေ၊ ဒီအတိုင်း ပစ်ထားလို့မရဘူး။ အဓိပ္ပာယ်အတိအကျဖွင့်ရလိမ့်မယ်။ ဒီတော့ ဆဲဗင်းဂျူလိုင်ရဲ့ အနှစ်သာရကို တစ်ခွန်းတည်းအရှင်းဆုံးပြောရရင် စစ်တပ်ကအာဏာသိမ်းတာကို စစ်တပ်ကအာဏာသိမ်းတာလို့ တိတိကျကျမသွေမဖီ မျက်မှောက်ပြုခြင်းမျိုးနဲ့ ခွေးကတက်နိုင်ငံရေးဘဝ မသက်ဆင်းခြင်းပဲ။ ဒီအနှစ်သာရကို အခုနှစ် ပိုနှလုံးသွင်းရမယ်ဆိုတာ စစ်အာဏာရှင်စံနစ်ဟာ မြွေများအရေခွံအသစ်လဲသည့်နှယ် ဒီမိုကရေစီဝတ်ရုံကျပ်ချွတ်နဲ့မို့ဖြစ်တယ်။
(၆၂)ကာလတုန်းကလိုပဲ မြေပေါ်နိုင်ငံရေးသမားများ ယောင်တောင်ကန်းတန်း လုပ်နေကြပြန်ပြီ၊ ဆင်စွယ်နန်းနိုင်ငံရေးအိမ်မက် မက်နေ ကြပြန်ပြီ။ မျက်မှောက်ကာလဟာ (၆၂)နိုင်ငံရေးအဆင့်အတန်း၊ (၇၄)နိုင်ငံရေးအဆင့်အတန်းနဲ့ ဘာမှမထူးဘူး။ စစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ လူတွေရဲ့ဘဝတွေကို ချနင်းစတေးပြီး ဇွတ်တင်းအဓမ္မဖော်ဆောင်ရတာမို့ စစ်ဖွဲ့စည်းပုံ အသက်ဝင်ချိန်မှာ ကျောမွဲတွေ အကြပ်အတည်း အဆင်းရဲဆုံးကာလနဲ့တိုက်ဆိုင်ကာ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားတို့ ထကြွကြတာနဲ့ကြုံရတာပဲ။
(၆ဝ)ကျော်ကာလ၊ (၇ဝ)ကျော်ကာလနဲ့ အခု (၂ဝဝ၈)ဖွဲ့စည်းပုံအသက်ဝင်တဲ့အချိန်အခါသမယ စစ်တပ်က နိုင်ငံရေးကိုပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်သယောင်ကာလမှာ တိုင်းပြည်နေရာအနှံ့ အခြေခံလိုအပ်ချက်ကိုယ်စီနဲ့ ပွက်ပွက်ဆူကြတာ ဘယ်ဆန်းမလဲ။ ပွက်ပွက်ဆူမှု လမ်းပ်ါရောက်လို့ နိုင်ငံရေးနောက်ကြောင်း ပြန်လှည့်မှာလား၊ လူတွေရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ဦးတည်တဲ့ နိုင်ငံရေးအာမခံချက်မျိုးကင်းမဲ့နေသမို့သာ ပွက်ပွက်ဆူမှု လမ်းပ်ါရောက်ရတာလားဆိုတာ ကြပ်ကြပ်ဆင်ခြင်ကြည့်ကြစေချင်တယ်။ ဗမာ့နိုင်ငံရေးကိုသုံးသပ်တိုင်း စစ်အာဏာအသိမ်းခံရမှုကို ဆဲဗင်းဂျူလိုင်မျိုးဆက်တွေ ရှင်းရှင်းသဘောပေါက် မျက်မှောက်ပြုသည့်သဖွယ် ကိုယ်စီမျက်မှောက်ပြုကြပြီး၊ အနှစ်ငါးဆယ်ကိုယ်တွေ့ ကျောနဲ့ရင်းခံခဲ့ရတဲ့ စစ်အရင်းရှင်စံနစ်လက်သည်ကို မျက်ခြေမပြတ်ဖို့အရေးကြီးဆုံးပဲ။

ဒီမိုကရေစီအရေခွံလဲ စစ်အရင်းရှင်စံနစ်ကိုအသိအမှတ်ပြု တရားဝင်မှုပေးခြင်းလမ်းကြောင်းကသာ အသင့်အလျော်ဆုံး သူမနာကိုယ်မနာ အဖြစ်ဆုံး တိုင်းပြည်တိုးတက်ဖို့ရာအဖြစ်ဆုံးဆိုတဲ့ လက်တွေ့အလုပ်ဖြစ်ဝါဒ အစစ်အမှန် တကယ်တမ်းရောဟုတ်ရဲ့လား။ ဒီဌဓမ္မဖြစ်ရပ် အမှန်ကို လျစ်လျူရှူခြင်း၊ စစ်တပ်ကြောက်ရောဂါ ဒူးထောက်ခြင်းသွင်ပြင်လက္ခဏာသာဖြစ်ပြီး၊ စိတ်ကူးအယဉ်ဆုံးအဖောက်ပြန်ဆုံးပဲ။ စစ်အရင်းရှင်ယန္တယားအတွက်သာ လက်တွေ့အလုပ်ဖြစ်၊ အနှစ်ငါးဆယ် စစ်တရားခံဘဝကနေ ပြုပြင်ပြောင်လဲရေး မိုးကျရွှေကိုယ်တွေ ဖြစ်ကုန်တယ်မဟုတ်လား။
စစ်အာဏာသိမ်းတိုင်း ရပ်ရွာအေးချမ်းသာယာရေးနဲ့တရားဥပဒေစိုးမိုးရေးဆိုတာ စစ်တပ်ရဲ့လက်သုံးအကြောင်းပြချက်တည်ဆောက်ပြရာ စကားလုံးတွေပဲ၊ အဆန်းမဟုတ်။ ဒါကို ရူးလ်အော့ဖ်လောလို့ အင်္ဂလိပ်လိုပြောင်းသုံးရုံနဲ့ အနှစ်သာရက တပါတည်းယှဉ်တွဲဖြစ်ထွန်းလာရိုး လား။ ကိုယ်စားပြုနိုင်ငံရေး မဖွံ့ဖြိုးမရင့်မှည့်ခင်ကာလမှာ၊ ကိုယ့်ကြမ္မာကိုယ်စီရင်ခွင့်ရှိလာအောင် နိုင်ငံသားများ နိုင်ငံရေးမှာတိုက်ရိုက်ပါဝင် စွက်ဖက်ခြင်းမျိုးနဲ့ အနှစ်သာရရှိတဲ့အပြောင်းအလဲဖော်ဆောင်ဖို့ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်တောင်းဆို တိုက်ပွဲဝင်ထိုက်တယ် မဟုတ်လား။
စစ်လွှတ်တော်အတွင်းက နိုင်ငံရေးကိုသာ အထိအခိုက်မခံ ပိုးမွေးသလိုမွေးပါမှ အပြောင်းအလဲဆီဦးတည်နိုင်မယ်ဆိုတဲ့အတွေးအမြင်ဟာ ဆဲဗင်းဂျူလိုင်စိတ်ဓာတ်နဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းပဲ။ အခြေခံဥပဒေကိုပြင်မယ်ဆိုသူတွေ အခြေခံဥပဒေကြိုးနဲ့အချည်ခံပြီး နိုင်ငံရေးသေ ချိန်မှာ စစ်တပ်သတ်လို့မရတာ လူထုနိုင်ငံရေးပဲဆိုတာ မြဲမြဲမှတ်ကြစေချင်တယ်။ ဒီမိုပျားရည်ဆမ်းကာလအလွန် ကျားဥပုသ်စောင်တဲ့ရာသီ ကုန်ချိန်မှာတော့ အာဏာကိုထိပါးပြီဆို သည်းညည်းမခံတဲ့ စစ်ဗီဇကို၊ နိုင်ငံရေးသမားထက် ကဗျာရေးတဲ့ကျောင်းသားကို ပိုအငြိုးကြီးတဲ့ စစ်သရုပ်သကန်ရုပ်အမှန်ကို (၂ဝ၁၂)ဆဲဗင်းဂျူလိုင်မှာ စတင်တွေ့နေရပြီပဲ။
ရူးချင်ယောင်အဆောင်လွန်နေတဲ့ အတိတ်မေ့ သမိုင်းမေ့ လွှတ်တော်တက်နိုင်ငံရေးသမားများအတွက် မဟုတ်၊ ကိုယ့်အခွင့်အရေးအတွက် ကိုယ်ရည်မှန်းပြီးသာ လွှတ်တော်ထဲမှာ နိုင်ငံရေးမရှိ၊ လယ်ကွင်းထဲ စက်ရုံထဲ ကျောင်းဝင်းထဲ လူကြားထဲနဲ့လမ်းပေါ်မှာသာနိုင်ငံရေးရှိကြောင်း ကို ဆဲဗင်းဂျူလိုင်အနှစ်သာရအပေါ်ဆင်ခြင်ရင်း နိုင်ငံရေးမျက်စေ့မလည် တောမမှောက်ခြင်းဂုဏ်ရောင်မြောက်ကြပါစို့။
(အခုဆောင်းပါးနဲ့ ဆက်စပ်ဖတ်ရှူ့နိုင်ဖို့ရာ အရပ်ဘက်လူ့အဖွဲ့အစည်း၊ လူထုအခြေပြုလူမှုအဖွဲ့အစည်း စသဖြင့် ဘာသာပြန်ခေါ်ဆိုတဲ့ ဆစ်ဗယ်လ်ဆိုဆိုင်ရတီရဲ့အနက်အဓိပ္ပာယ်ဖွင့် ချဉ်းကပ်ပုံများကိုတင်ပြရင်း လွှတ်တော်ပြင်ပလှုပ်ရှားမှုတွေအနေနဲ့ ဆစ်ဗယ်လ်ဆိုဆိုင်ရတီ ထွန်းကားရေးလုပ်ဆောင်နေတယ်ဆိုတဲ့လှုပ်ရှားမှုတွေအပေါ်  ခေတ်မောင်းက ဝေဖန်သုံးသပ်တင်ဆက်သွားပါ့မယ်)

0 comments:

Post a Comment