ဘိရမာဝါးတားဂိတ်(ညိုမြ) အပိုင်း-၁
(မြန်မာနိုင်ငံတွင် လွန်ခဲ့သော(၃၇)နှစ်က ပထမဆုံးနှင့်နောက်ဆုံးဖြစ်ပွားခဲ့သော
အစိုးရနှင့်သတင်းစာများထိပ်တိုက်တွေ့ပွဲကြီး
ပွဲကောင်းတစ်ခုအကြောင်းကို ထိုစဉ်က
ကာယကံရှင်တစ်ဦးဖြစ်သူ သတင်းစာဆရာကြီး အိုးဝေဦးညိုမြ(၁၉၁၄-၁၉၈၅)၏ မှတ်တမ်းတင်ချက်)
အကြံခက် လေသနော်
သံလျက်တော်ယူသည့် သူခိုးရယ်ကြောင့်
သူ၏အမည်ကို ထုတ်ဖော်မပြောပါရစေနှင့်
ဓားဂုတ်ပေါ်မှာ ဝဲ ...
ဤကား ပဒကုသလ, ဇာတ်မှ ငိုချင်းတစ်ပိုင်းတစ်စ ဖြစ်ပါသည်။ ဇာတ်ဆရာဦးဘိုးစိန်ကြီး၏ နာမည်ကျော်လူကြိုက်များသောဇာတ်ထုတ် တစ်ခုပါပေ။ ထိုကြောင့်လည်း (ဓားဂှတ်ပေါ်မှာဝဲ)ဟူသောအသုံးအနှုန်းမှာ (ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ်)ဟူသော စိန်အောင်မင်းဆိုသံကဲ့သို့ မြန်မာတို့နှုတ်ဖျားတွင် စကားပုံသဖွယ်စွဲမြဲနေပါသည်။
ပဒကုသလဇာတ်လမ်းအတိုချုပ်မှာ ရှင်ဘုရင်က ပဒကုသလ၏ဇနီးကို မျက်စိကျနေလေသည်။ ထိုကြောင့် လင်ဖြစ်သူကိုအကြောင်းရှာ၍ ချုပ်နှောင်ဖမ်းဆီးပြီးလျှင် မယားကိုအပိုင်စီးရန်ကြံစည်၏။ ရှင်ဘုရင်က သူ၏သံလျက်တော်ကို သူကိုယ်တိုင် ကျောက်ဖျာအောက်တွင်ဝှက်ထားပြီးနောက် သံလျက်တော်ပျောက်ဆုံးကြောင်းကြေညာ၏၊ အမတ်သုခမိန် ပဒကုသလအား ဤအမှုကို ပြေလည်အောင် စီရင်ထုတ်ဖော်ပေးရန်အမိန့်တော်ရှိ၏။ ပဒကုသလကား မဟော်သဓာကဲ့သို့ ထူးခြားသောပါရမီရှင် တစ်ဦးဖြစ်၏။ သူတစ်ပါး၏လျှို့ဝှက်ကြံစည်လုပ်ဆောင်မှုများကို ထိုးထွင်းသိမြင်နိုင်သောအစွမ်းရှိ၏။ ထိုကြောင့် ဤကိစ္စတွင် ခေါင်ကမိုးမလုံဘဲ ရှင်ဘုရင်ကိုယ်တိုင် သူတစ်ပါး၏ သားမယားကိုပြစ်မှားလွန်ကျူး လို၍ တမင်လိမ်လည်အကွက်ဆင်သောအမှုဖြစ်စေကြောင်း ကောင်းစွာသိမြင်လေသည်။
သို့ဖြစ်ရာ ပဒကုသလအဖို့ ဤအမှုကိုမဖော်လည်းခက် ဖော်လည်းခက်ဖြစ်နေ၏။ မဖော်ပါက မိမိမှာ သုခမိန်တစ်ပါးဖြစ်ပါလျက် ပေါ့လျော့ညံ့ဖျင်းရပါမည်လားဟု ရာဇဒဏ်ခတ်မည် မလွဲ။ ဖော်ပြန်လျှင်လည်း သံလျက်တော်ကိုခိုးသူမှာအခြားမဟုတ်ဘဲ တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်တော်မူသော(ဝါ) မင်းကျင့်တရား(၁ဝ)ပါးနှင့်အညီကျင့်သုံးပါမည်ဟု သစ္စာပြုအဘိသိက်ခံယူခဲ့သော ဘဝရှင်မင်းတရာကြီး ကိုယ်တိုင်အပြစ်ရှိကြောင်းထင်ရှားနေ၏။ အမှန်အတိုင်းပြောဆိုထုတ်ဖော်ပါကလည်း ရာဇဝတ်သင့်မည်သေချာ၏။ ဤတွင် ပဒကုသလ က အထက်ပါငိုချင်းဖြင့် ညီးတွားမိခြင်းဖြစ်လေသည်။
ပဒကုသလဇာတ်မှာ နိပါတ်တော်လာဇာတ်ထုပ်တစ်ခုဖြစ်၍ ရှေးဟောင်းပဒေသရာဇ်ခေတ်နှင့်သက်ဆိုင်၏။ ထို ပဒေသရာဇ်ခေတ်တွင် ရှင်ဘုရင်များကိုယ်တိုင်လည်း ခေါင်မိုးမလုံခြင်း၊ အာဏာပိုင်များကိုယ်တိုင် တရားဥပဒေကိုချိုးဖောက်ခြင်းများပြုကျင့်တတ်ပုံကို ထင်ရှားစေပေသည်။
ဤဆောင်းပါး၏ခေါင်းစဉ်မှာ(ဘိရမာဝါတားဂိတ်)ဟုဆိုထားရာ ပဒကုသလနှင့်။ ဘာဆိုင်သလဲဟု မေးဖွယ်ရှိ၏။ ဘိရမာနှင့်ဝါးတားဂိတ်ဟူသော ဝေါဟာရတို့၏အနက်အဓိပ္ပာယ်ကိုလည်း ရှင်းရန်လို၏။ (ဘိရမာ)ဆိုသည်မှာ စစ်ကြီးအတွင်းက မြန်မာပြည်ကိုဝင်ရောက် စိုးမိုးခဲ့သောဂျပန်တို့က ဗမာများကို ဘိရမာဟု မပီမသ-ဂွကျတတ ခေါ်ဆိုခဲ့ခြင်းဖြစ်၏။
(ဝါတားဂိတ်)ဆိုသည်မှာ အမေရိကန်ပြည် ဝါရှင်တန်မြို့တော်ရှိ မိုးပျံတိုက်ကြီးတစ်ခု၏အမည်ဖြစ်၏။ အထပ်ပေါင်းများစွာရှိလျက် အလွန်လည်းကျယ်ပြန့်၏။ ဥပမာအားဖြင့် ရန်ကုန်မြို့ရှိ ခြောက်ထပ်ရုံးကြီး၏ခြောက်ဆမျှရှိပေမည်။ ဝါတားဂိတ်အရပ်တွင် တည်ရှိလေသည်။ (ဝါတား)ဆိုသည်မှာ ရေ။ (ဂိတ်)ဆိုသည်မှာ အပေါက်။ ထိုကြောင့် ရေပေါက်ရှိရာအရပ်ဟုအဓိပ္ပာယ်ရလေသည်။ ဥပမာဆိုသော် ပုဇွန်တောင်ရပ် မြောင်းကြီးလမ်းမှ တိုက်တန်းလျားကြီး စသည်ဖြင့်ဆိုလိုခြင်းပင်။ ဝါရှင်တန်မြို့တော်ရှိ ဝါတားဂိတ်တိုက်တန်းလျားကြီးတွင် ရုံးခန်းများလည်းရှိ၏။ မိသားစုများလည်း နေထိုင်ကြ၏။ ဝါးတားဂိတ်တိုက်ကြီး၌ ရုံးခန်းငှားရမ်းထားသူများတွင် အမေရိကန်ပြည်၏အတိုက်အခံပါတီလည်း ပါဝင်၏။ ပါတီကြီး(၂)ခုအဓိကရှိရာတွင် (ရီပါဘလီကင်န်)ခေါ်ဆင်တံဆိပ်ပါတီနှင့် (ဒီမိုကရက်)ခေါ်မြင်းပျံတံဆိပ် ပါတီတို့ ဖြစ်၏။ ဆင်တံဆိပ်ပါတီ(ရီပတ်ဘလီကင်န်)က ရွေးကောက်ပွဲတွင်အနိုင်ရခဲ့၍ သမတနစ်ဆင်က အိမ်ဖြူတော်သို့ရောက်ရှိအာဏာရရှိ နေချိန်တွင် အတိုက်အခံမြင်းပျံတံဆိပ်(ဒီမိုကရက်) သမားတို့မှာရာထူးလက်မဲ့ဖြစ်ကာ ဝါတားဂိတ်တိုက်ကြီးတွင်အခန်းငှားကာ ဌာနချုပ်ဖွင့်လှစ်ထားခြင်း ဖြစ်လေသည်။
(၁၉၇၂)ခုနှစ်က ရွေးကောက်ပွဲကျင်းပခါနီးတွင် ထိုဝါတားဂိတ်တိုက်ခန်းရှိ အတိုက်အခံရုံးခန်းကို လူဆိုးများက ညအချိန်၌ဖောက်ထွင်းကြလေသည်။ ရုံးခန်ရှိ ဗီရို၊ စားပွဲစသည်တို့ကိုမွှေနှောက်ကာ လျှို့ဝှက်သောပါတီစာရွက်စာတမ်းများကို ခိုးယူကြလေသည်၊ သို့သော် သူခိုးတို့က လက်နှိပ်ဓာတ်မီးတဝင့်ဝင့်ဖြင့်မွှေနှောက်ဆဲမှာပင် ရဲအဖွဲ့ဝင်များရောက်ရှိလာပြီး လူဆိုး(၅)ဦးစလုံးကို ဖမ်းမိလေသည်။ ထိုသူတို့မှာ သာမန်သူခိုးဓားပြများမဟုတ်ဘဲ အမေရိကန်သမ္မတ၏အိမ်ဖြူတော်မှ ခိုင်းစေချက်အရ ပြစ်မှုကျူးလွန်သူများဖြစ်ကြောင်းသိရှိရလေသည်။
ဤတွင် အမေရိကန်တစ်ပြည်လုံးမျက်လုံးပြူးကာ ပွက်လောရိုက်ကုန်ကြတော့သည်။ အမှိုက်ကစ၍ ပြာသာဒ်မီးလောင်တော့သည်။ ဤဝါတားဂိတ်အမှုမှာ သာမန်ဖောက်ထွင်းမှုမျိုးမဟုတ်ဘဲ ပဒကုသလဇာတ်၌(သြော် .. သူခိုးကလည်း မျက်နှာကြီးပေမို့)ဆိုသကဲ့သို့ ဖြစ်နေလေသည်။
အမေရိကန်ပြည်၌ ၄ နှစ်တစ်ကြိမ်သမ္မတရွေးကောက်ပွဲပြုလုပ်လေ့ရှိရာ သမ္မတနစ်ဆင်မှာ (၁၉၆ဝ)ခုရွေးပွဲ၌ အနိုင်ရခဲ့သူဖြစ်၏။ (၁၉၇၂)ခု ရွေးကောက်ပွဲ၌ မီးကုန်ယမ်းကုန်ကြဲကြရာတွင် အာဏာလက်ရှိအစိုးရပါတီက တရားလက်လွတ်ဖြစ်လေတော့သည်။ (တရားဥပဒေစိုးမိုးရေး) ဟု တဖွဖွဝါဒဖြန့်နေသူများပင် ဤဝါတားဂိတ်ဖောက်ထွင်းမှုဖြင့် တရားဥပဒေကိုချိုးဖောက်ပြ သကဲ့သို့ဖြစ်ချေသည်။ အာဏာလက်ရှိများက အာဏာမူးယစ်ကာ အာဏာလက်မဲ့များအပေါ်တွင် အနိုင်ကျင့်ခြင်းဖြစ်၍လည်း ပို၍အရုပ်ဆိုးလေသည်။
ဖက်ဆစ်နိုင်ငံ၊ အာဏာရှင်နိုင်ငံများအဖို့ ဤအဖြစ်မျိုးမှာ မဆန်းသော်လည်း (ကမ္ဘာပ်ါတွင် စစ်မှန်သောဒီမိုကရေစီဝါဒထွန်းလင်းရာ အမေရိကန်ပြည်ထောင်စုကြီး)ဟု တဖွဖွဝါကြွားလေ့ ရှိသောမောင်ကန်တို့အတွက် ဤကိစ္စမှာဧရာမရှက်ဖွယ်ကြီးဖြစ်နေ၏။
ဤတွင်(လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်)ဟူသော အခြေခံစည်းမျဉ်း၌ပါရှိသည့် ပြည်သူ့အခွင့်အရေးကို သတင်းစာများကအပြည့်အဝကျင့်သုံးကာ နစ်ဆင်အစိုးရလုပ်သမျှကို အလစ်မပေးဘဲ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေရေးသားကြကုန်၏။ (တရားဥပဒေစိုးမိုးရေး)ကို နိုင်ငံရေးသမားများက-ကပျက်ယပျက်လုပ်စေကာမူ တရားသူကြီးများကအလျှော့မပေးဘဲ တည်ကြည်တည့်မတ်စွာ စစ်ဆေးစီရင်ကြလေသည်။ ၂ နှစ်ကြာမျှ ဂယက်ရိုက်ခဲ့ပြီးနောက် သမ္မတနစ်ဆင်ကိုယ်တိုင် မကြုံစဖူးရာထူးမှနုတ်ထွက်ပေးခဲ့ရလေသည်။ သူ၏အပေါင်းပါ ဝန်ကြီး- အရာရှိများနှင့်တကွ ဝါတားဂိတ်တရားခံပေါင်း(၂ဝ)ကျော်တို့မှာ အပြစ်ဒဏ်အသီးသီး ခံယူကြရပေသည်။
ဤကား အမေရိကန်ဝါတားဂိတ်အမှုကြီး၏ ဖြစ်ရပ်အတိုချုပ်ပေတည်း။ (ဘိရမာဝါးတားဂိတ်) ဟုဆိုရာတွင် မြန်မာပြည်၌လည်း အလားတူ ဝါတားဂိတ်အမှုမျိုးပေါ်ပေါက်ခဲ့ပုံကို တင်ပြလို၍ဖြစ်ပေသည်။
မြန်မာပြည်သည် တိုင်းပြည်အနေဖြင့်သေးငယ်သော်လည်း အမေရိကန်ပြည်ထက် ဝါရင့်၏။ မြန်မာပြည်ကို လွန်ခဲ့သောနှစ်ပေါင်း(၂ဝဝဝ) ခန့်က တကောင်းအဘိရာဇာတို့က စတင်ထူထောင်ခဲ့သည်။ အမေရိကန်ပြည်ကား ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း(၂ဝဝ)ပင် မပြည့်တတ်သေးပေ။ အမရပူရမြို့တော်၌ ထီးနန်းစံသူဘိုးတော်ဘုရားနှင့်ထီးပြိုင်နန်းပြိုင်ဖြစ်သော သမ္မတဝါရှင်တန်လက်ထက်၌သာလျှင် အမေရိကန်ပြည်ပေါ်ပေါက်ခဲ့ခြင်းဖြစ်၏။ ဝါကြီးသောမြန်မာပြည်သည် အမေရိကန်ပြည်ထက် ရာဇဝင်အတွေ့အကြုံများ ပိုမိုကြွယ်ဝသည်ဖြစ်ရာ ဝါတားဂိတ်အမှုမျိုးမှာလည်း မြန်မာတို့အဖို့ အဆန်းမဟုတ်ချေ။ ကြံခဲ့ဖူးလေပြီ။ နာခဲ့ဖူးလေပြီ။ ရှက်ခဲ့လေပြီ။ ရှင်းခဲ့ပြီးလေပြီ။
(ဘီရမာဝါးတားဂိတ်)ဆိုသည်မှာ အခြားမဟုတ်။ (၁၉၄၈)ခု မြန်မာပြည်လွတ်လပ်ရေးရပြီးခါစအချိန်တွင် အာဏာရအစိုးရပါတီဖြစ်သော ဖဆပလအဖွဲ့ဝင်များကိုယ်တိုင် သတင်းစာတိုက်များကို ဝင်ရောက်ရိုက်ချိုးကြသော သမိုင်းဝင် ဟိုးလေးတကျော်အမှုကြီးပင်ဖြစ်ပါသည်။
ဂိမ္မန္တရာသီဟူသောနွေခေါင်ခေါင်တွင် ရန်ကုန်မြို့တော်၌ (၁၉၄၈)ခု မတ်လ (၁၂၊)နေ့နံနက်ခင်းတွင် ချမ်းစိမ့်စိမ့်ဖြစ်နေ၏။ ထိုဆီးနှင်းများအကြားမှ“ရွှေမြို့တော်အထက်တန်းလွှာများသည် သမ္မတအိမ်တော်ပွဲသို့ ကားတဝီဝီနှင့်သုတ်ခြေတင်နေကြ၏”ဟု မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြပါရှိ၏။
နံနက် (၁ဝ)နာရီခွဲအချိန် ရာဇပလ္လင်အပ်နှင်းပွဲရှိ၏။ ဘုရင်ခံချုပ်မောင့်ဘတ်တန် ဇနီးမောင်နှံတို့သည် မြန်မာပြည်မှ အင်္ဂလိပ်တို့သိမ်းယူခဲ့သောရာဇပလ္လင်ကို လွတ်လပ်သောခေတ်၏ လက်ဆောင်အဖြစ် သမ္မတကြီးစပ်ရွှေသိုက်၏ လက် ပြန်လည်အပ်နှံပွဲဖြစ်၏။ ဘုရင်ခံချုပ်မောင့်ဘတ်တန်က မိမိသည်ဂျပန်တို့ကို မြန်မာနယ်မြေမှမောင်းထုတ်ပြီးခါစ စစ်ပြီးချိန်က ဤခန်းမကြီးသို့ ပထမအကြိမ်အောင်ပွဲဆင်ရန်ရောက်ရှိခဲ့ပြီး ယခုတစ်ဖန် မြန်မာ့ပလ္လင်တ်ာကို အခမ်းအနားနှင့်အပ်နှင်းခွင့်ရရှိပြန်ရာ နှစ်ကြိမ်စလုံးပင် မင်္ဂလာရှိသောကိစ္စများဖြစ်သောကြောင့် အထူးဝမ်းသာသည်ဆို၏။ ထိုအချိန်၌ပင် "အမင်္ဂလာပွဲ"တစ်ခုကား ရန်ကုန်မြို့လယ်ကောင်၌ စင်ပြိုင်ကျင်းပနေသည်ကို မောင့်ဘက်တင်တို့မသိကြစေကာမူ ထိုအိမ်တော်ပွဲပရိတ်သတ်၌ ခေါင်းပေါင်းစတလူလူနှင့် တောက်ပြောင်စွာပါဝင်ဆင်နွှဲနေကြသော ဆိုရှယ်လစ်ဝန်ကြီးများက ကြိုတင်သိရှိကြပြီးဖြစ်၏။ ယမန်နေ့က လျှို့ဝှက်ပါတီစည်းဝေးပွဲတွင် သူတို့ကိုယ်တိုင်စီစဉ်ဆုံးဖြတ် ခွင့်ပြုခဲ့ပြီးမဟုတ်ပါလော။
ထို အမင်္ဂလာကိစ္စကို သတင်းစာဆရာများက တိုင်းပြည်သို့ဖော်ပြရာတွင် (၁၉၄၈)ခု မတ်လ(၁၂)ရက်နေ့ နံနက်(၁ဝ)နာရီအချိန်မှစ၍ ဗန္ဓုလပန်းခြံတွင်စည်းဝေးသော မြန်မာနိုင်ငံတောင်သူလယ်သမားအဖွဲ့၊ စီးပွားကုန်သွယ်ရေးအဖွဲ့၊ လွတ်လပ်ရေးအမျိုးသမီးအဖွဲ့ စသော ဆိုရှယ်လစ်အစည်းအရုံးဝင် လူထုအင်အားစုတို့ကို ထိုပါတီခေါင်းဆောင်များကလှုံ့ဆော်ဦးဆောင်ကာ (၁)ဟစ်တိုင် (၂)အိုးဝေ စီးပွားရေးသတင်းစာတိုက်များသို့ချီတက်ကာ လူစုလူဝေးနှင့်ဝင်ရောက်ဖျက်ဆီးကြ၏။ ဆန္ဒပြဟန်နှင့် ထိုသို့ သတင်းစာတိုက်များကို ဖက်ဆစ်ဆန်စွာတိုက်ခိုက်ရာတွင် ကိုယ်ထိလက်ရောက်ပါဝင်သူများကား (၁)ပါလီမန်အတွင်းဝန်သခင်ချစ်မောင်၊ (၂)ပါလီမန်အမတ်သခင်လှကျွေ၊ (၃)သခင်ကြီးမြင့် ဝန်ကြီးသခင်တင်၏အပါးတော်မြဲ။ (၄)အမတ် သခင်ကျော်ထွန်းနှင့် (၅)ကိုဦးခင်-အမတ်-အင်းစိန်တို့ ပါဝင်ကြ၏။ ယင်းသို့ဖျက်ဆီးကြရာတွင် ပုံနှိပ်စက်များ၊ စာစီခုံများ၊ စားပွဲ၊ ကုလားထိုင်စသည် တို့ကို ကြေမွဲသွားအောင်ဖျက်ဆီးသွားရုံမက၊ ပုံနှိပ်တိုက် အလုပ်သမားအချို့ကို သွေးထွက် သံယိုဖြစ်စေခြင်း။ ပုံနှိပ်တိုက်များကိုမီးရှို့ရန်ကြိုးစားခြင်း၊ ပုံနှိပ်အလုပ်သမားပိုင်အဝတ်အစားများနှင့် ပိုင်ဆံကြေးငွေများကိုယူသွားခြင်း စသည်တို့လည်း ပြုမူကြကြောင်း။
ထိုမျှမက တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးနှင့်တိုင်းသူပြည်သားများအခွင့်အရေးတို့ကို တမင်သက်သက် မတရားသောနည်းအားဖြင့် စော်ကားဖောက်ဖျက်လုပ်ကြံခြင်းသည်၊ အာဏာကိုသိမ်းပိုက်ထားသောခေါင်းဆောင်တစ်စုက မိမိတို့၏ သိက္ခာကိုမထောက်ထားဘဲ ဟော့ရမ်းခြင်းဖြစ်သည်။ ဤအချက်သည် တိုင်းပြည်တရားဥပဒေနှင့်ငြိမ်ဝပ်ပိပြားရေးကိုဖောက်ဖျက်သည်သာမက ကမ္ဘာ့တံတွေးခွက်တွင် ပက်လက်မျောစေပြီး၊ ထိုသို့ရိုင်းပြစွာပြုမူကြပြီးနောက် ကျူးလွန်ရာတွင်ခေါင်းဆောင်သောသူများသည် မဖွယ်မရာမဟုတ်မမှန်လုပ်ကြံလည်ဆယ်၍ တိုင်းပြည်အား သတင်းစာများအပေါ်တွင် အထင်အမြင် မှားစေရန်ရည်ရွယ်ချက်ဖြင့် ကြေညာချက်များထုတ်ပြန်ခြင်း၊ တရားပွဲများပြုလုပ်ခြင်း၊ အသံလွှင့်ခြင်း၊ စသည်ဖြင့် ဒုတိယအကြိမ်မြောက် တိုင်းပြည်ကိုထပ်မံလှည့်စား၊ စော်ကားလိုက်ကြလေပြီ။ ထိုကဲ့သို့ သတင်းစာတိုက်များအား အကြမ်းဖက်၍ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခြင်းပြုနေစဉ် အချိန်တွင် ပြည်သူ့အသက်စည်းစိမ်ဥစ္စာတို့ကိုအသက်ပေး၍ကာကွယ်ရန်ဝတ္တရားရှိသော ဆိုင်ရာ ရဲဗမာအဖွဲ့ကို အချိန်မီအဖန်တစ်လဲလဲ တိုင်တန်းအကူအညီတောင်းသော်လည်း အသက်နှင့်ပစ္စည်းဥစ္စာများကို ကာကွယ်ရန်ပျက်ကွက်ခဲ့ခြင်းမှာလည်း ဝမ်းနည်းဖွယ်ပင်ဖြစ်ပေကြောင်း။
သတင်းစာတိုက်များအား ဖျက်ဆီးစော်ကားသူများသည် မိမိတို့၏ခေါင်းဆောင်ကို ထိပါးရေးသားသည့်အတွက် သတင်းစာတိုက်များ အနီးသို့ရောက်ခါမှ ဒေါသအမျက်ကို မချုပ်တည်းနိုင်သဖြင့် အထက်ပါအတိုင်းလက်ရောက်ကျူးလွန်ခြင်းဖြစ်သည်ဆိုခြင်းမှာ ယုတိ္တမတန်ချေ။ အကြောင်းမူ ဗန္ဓုလပန်းခြံတွင်ပြုလုပ်သောအစည်းအဝေး၌ပင် ခေါင်းဆောင်လုပ်သူများက ချ-ရဲလား၊ တိုက်ရဲလား၊ လူမိုက်ထွက်ခဲ့စသည်ဖြင့် သွေးထိုးလှုံ့ဆော်ပေးခြင်းသည်လည်းကောင်း၊ ထိုလူထု၏လက်ထဲတွင် လက်ပစ်ဗုံး၊ ရဲတင်း၊ သံတူနှင့်ဓားများပါ တစ်ပါတည်း အစကပင် အသင့်ယူဆောင်လာကြခြင်းသည်လည်းကောင်း၊ လက်နက်အချို့မှာ ဖျက်ဆီးခံရသော သတင်းစာတိုက်များတွင်ကျန်ရစ်ခဲ့ခြင်းသည်လည်းကောင်း ထောက်ရှု၍ ဤအချက်များမှာ ကြိုတင်စီစဉ်လာသောလုပ်ကြံမှုကြီးဖြစ်ကြောင်း ထင်ရှားသည်။

(အပိုင်း ၂- ကို ဆက်လက်ဖော်ပြပါမည်။)
(မြန်မာ့အလင်း - ၁၄-၃-၄၈)
ပြည်သူ့ခေတ်ဂျာနယ် မှ ကူးယူဖော်ပြပါသည်။
(မြန်မာ့အလင်း - ၁၄-၃-၄၈)
ပြည်သူ့ခေတ်ဂျာနယ် မှ ကူးယူဖော်ပြပါသည်။
http://cmmdjschool.blogspot.co.uk/2012/06/blog-post_06.html
0 comments:
Post a Comment