Friday, June 28, 2013

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်(အပိုင်း၈-)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်(အပိုင်း၈-) (စာပြင်နိုင်သမျှ ပြီးသမျှတင်ပေးမယ်တွေးပါတယ်-မျိုးမြင့်ချို)
ဒဏ်ခတ်ခံ လွတ်လပ်ခြင်း
၁၉၄၃ ခု နှစ်တွင်ယန်းပေါဆာ့တ်သည် “အရှိတရားနှင့်သုညဘဝ” ကို ရေးသားထုတ်ဝေခဲ့သည်။ သူ့ဒဿနဖြစ်တည်မှုအတွက် အခြေခံလက်စွဲကျမ်းဖြစ်ပေသည်။ စာမျက်နှာ ၇၀၀၀ ကျော်မျှ ထူထဲလှသော စာအုပ်ဖြစ်သည်။ စာအုပ်အရေအတွက်အနည်းငယ်မျှသာရောင်းခဲ့ရသည်။ ထိုစဉ်က ယင်းစာအုပ်၏ဂယက်မှာလည်း ဘာမျှကြီးကြီးကျယ်ကျယ်မရှိခဲ့။ စာအုပ်ပါ အယူအဆတို့ကိုလည်း ဆေးနွေးချက်ချက်မရှိသလောက်ဖြစ်ခဲ့၏။ စီးပွားရေးအရသော်လည်းကောင်း၊ အသိပညာအရသော်လည်းကောင်း အောင်မြင်သောစာအုပ် မဟုတ်ခဲ့ပေ။ သို့သော် ယခုအခါတွင်မူ ကမ္ဘာပေါ်တွင်အကျော်ကြားဆုံး ဒဿနကျမ်းတဆူ ဖြစ်လာပေသည်။ အင်္ဂလိပ်၊ ဂျာမန်၊ ရုရှ၊ စပိန် စသည့် ကမ္ဘာ့ဘာသာစကားများစွာသို့ ဘာသာပြန်ဆိုရသောကျမ်း ဖြစ်လာ၏။ ယင်းအတွက် အဖွင့်ကျမ်းများ၊ ဝေဖန်ရေးစာအုပ်များမှာလည်း ဘာသာစကားမျိုးစုံနှင့်ထွက်ပေါ်လျှက်ရှိပေသည်။
ဒဿနတရပ်ကိုဖန်တီးခြင်းသည် လက်ရာမြောက်ဂန္တဝင်အနုပညာတရပ်ကို ဖန်တီးသကဲသို့ပပင်ဖြစ်၏။ နက်ရှိုင်းလှသည်နှင့်အမျှ သိမ်မွေ့လှသောကိစ္စများဖြစ်၏။ သာမန်အားဖြင့် ချက်ချင်းသိရှိနားလည် ချည်းကပ်ခံစားနိုင်သောအရာများမဟုတ်ပေ။ ဆာ့တ်၏ “အရှိတရားနှင့်သုညဘဝ”မှာလည်း ထို သဘောအတိုင်းဖြစ်ခဲ့ပေသည်။
“အရှိတရားနှင့်သုညဘဝ” ၏ အဓိကရည်ရွယ်ချက်မှာ ပုဂ္ဂလလူသားဟူသည် မည်သို့သောအရှိတရားဖြစ်သနည်းဟူသောပြဿနာကို ဖြေရှင်းရန်ဖြစ်သည။် ယင်းကျမ်း၏ခေါင်းစဉ်ကပင် ဖြေရှင်းချက်အနှစ်ချုပ်ဖြစ်ပေသည်။ ဆာ့တ်အလိုအရ လူသားတွင် အရှိတရားရော သုညဘဝကပါ ပါဝင်နေသည်။ ရှိခြင်းသဘော (Being) ရော၊ မရှိခြင်းသဘော (Not­ being) ပါ ပါဝင်နေပေသည်။ တနည်းအားဖြင့်ဆိုသော် လူသားသည် သူ့ပကတိအတိုင်း ရှိခြင်း (Being­ in­ itself) အနေဖြင့်လည်းကောင်း၊ ကိုယ့်အတွက်ကိုယ်ရှိခြင်း (Being­ for­ itself) အနေဖြင့်လည်းကောင်း ဖြစ်တည်နေသည်ဟု ဆာ့တ်က ယူဆပေသည်။
သူ့ပကတိအတိုင်းရှိခြင်းဟူသည် မိမိတို့မူရင်းသဘောသဘာဝအတိုင်းရှိနေ ဖြစ်နေကြသော သက်မဲ့အရာဝတ္ထုပစ္စည်းများကိုဆိုလိုခြင်း ဖြစ်ပေသည်။ ယင်းတို့သည် အသိခံတရားများဖြစ်ကြသည်။ ပြင်ပလောကတွင် ဓမ္မဓိဌာန်ကျကျတည်ရှိနေကြ၏။ ယင်းတို့သည် မိမိဘာသာမိမိ ရပ်တည်နိုင်ကြ၏။ သိပ်သည်းပြည့်ဝ ခိုင်မာမှုသဘော ရှိကြ၏။ ထုထည်ပုံသဏ္ဍန်ရှိကြ၏။ သို့သော် ယင်းတို့တွင် သိစိတ်မရှိကြကုန်။ ထို့ကြောင့် ယင်းတို့တွင် စိတ်လှုပ်ရှားမှုမရှိ။  ခံစားမှုမရှိ။ လိုအင်ဆန္ဒမရှိကြပေ။ သို့ဖြစ်၍ ယင်းတို့တွင် ပူပန်သောကရောက်နေစရာလည်း မရှိကြ။ မိမိရပ်တည်မှုအတွက် စိုးရိမ်ကြောင့်ကြရန်လည်းမလိုပေ။ ဤရုပ်ဝတ္ထုပစ္စည်းတို့သည် အသိခံအရာများဖြစ်ကြ၏။ အပြုခံ၊ ပြဌာန်းခံအရာများဖြစ်ကြ၏။ ယင်းတို့၏အရွယ်အစား၊ အတိုင်းအတာ၊ ပုံသဏ္ဍန်အနေအထား၊ မည်သည့်ပစ္စည်းဖြင့်ပြုလုပ်ထားသည်၊ မည်ကဲ့သို့ အသုံးဝင်သည်တို့ကိုသိရှိထားပါက ယင်းတို့အကြောင်းကို လူတို့သည်အကဲဖြတ်နိုင်င်ပေသည်။
သို့ရာတွင် လူသားတဦးတယောက်နှင့်ပတ်သက်လာသောအခါတွင်မူ ဤသို့မဟုတ်တော့ပေ။ လူတဦးတယောက်၏ ကိုယ်ခန္ဓာရုပ်ပိုင်း အနေအထား၊ ပုံသဏ္ဍန်သဘောလက္ခဏာရပ်များနှင့် လူ့အဖွဲ့အစည်းအတွင်းသူ၏အသုံးကျမှုတန်ဖိုးကို သိနားလည်ရုံမျှဖြင့် ဤလူဤပုဂ္ဂိုလ်အကြောင်းကို ရေရေရာရာ ဇစ်ဇစ်မြစ်မြစ်သိရှိနားလည်နိုင်ပြီဟု မပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လူသားတွင် ဤသို့သောရုပ်ပိုင်းဆိုင်ရာလက္ခဏာရပ်များအပြင် အထူးအရေးပါလှပြီး လူသားတို့ ပြည့်ပြည့်စုံစုံမသိရှိရသေးသည့်ကြန်အင်လက္ခဏာရပ်တမျိုးသည် ထပ်ဆင့်တည်ရှိနေသောကြောင့် ဖြစ်သည်။ ယင်းကားလူသား၏သိစိတ်(Consciousness) ဖြစ်ပေသည်။ သိစိတ်ကို ပေတံဖြင့်တိုင်းတာ၍ မရ။ ယင်းသိစိတ်ကြောင့် လူသားသည် ကမ္မသဘောဆောင်သည့် အပြုခံအရာဝတ္ထု(ပကတိအတိုင်းရှိခြင်း)တို့၏ အဆင့်အတန်းကိုကျော်လွန်၍သွား၏။ မြင့်မြတ်သွား၏။ မိမိနှစ်သက်ရာဘဝကိုရွေးချယ်နိုင်သည့် ပုဂ္ဂလဓိဌာန် သဘောဆောင်သည့်အရှိတရား (Subjective Being)အဆင့်သို့ တက်လှမ်းရောက်ရှိလာနိုင်ပေ၏။ ယင်းသို့သော အရှိတရားကို ဆာ့တ်က ကိုယ့်အတွက်ကိုယ်ရှိခြင်းဟု ခေါ်ဆိုခဲ့ပေသည်။
“ကိုယ့်အတွက်ကိုယ်ရှိခြင်းဟူသည် ရုပ်ဝတ္ထုများရှိနေသကဲ့သို့ရှိနေခြင်း မဟုတ်ပေ။ ယင်းအရှိတရားသည် တစုံတခုသောအရာကို သိလိုက်ခြင်းသဘောဖြစ်ပေသည်”။ “ယင်းသည်ဒြပ်အကောင်အထည်ကင်းမဲ့သောသိစိတ် ဖြစ်ပေသည်၊၊ သိမှုကတ္တား(Knowing Subject) အဖြစ် တည်ရှိနေပေသည်” ဟူ၍ ဆာ့တ်က ဖွင့်ဆိုပေသည်။ ဤသိစိတ်သည် လူသား၏ ထူးမြတ်သောသီးခြားဂုဏ်ရည်မဟုတ်ပေ။ လူဟူ၍ ဤလောကအတွင်း မွေးဖွားဖြစ်တည်သည်နှင့်တပြိုင်နက် သိစိတ်သည် တပါတည်းရှိနေပြီးဖြစ်သည်။ ယင်းသိစိတ်(ဝါ)ကိုယ့်အတွက်ကိုယ်ရှိနေခြင်းသည် ပကတိအတိုင်းရှိခြင်းတည်းဟူသော ပြင်ပဗဟိဒ္ဓရုပ်လောကရုပ်ဝတ္ထုပစ္စည်းများကဲ့သို့ ပြည့်ဝသိပ်သည်းသောဒြပ်ရှိပစ္စည်းမဟုတ်ပေ။ ထို့ကြောင့် အာရုံခံစားမှုအားဖြင့် ထင်သာမြင်သာသောတည်ရှိခြင်းမျိုး မဟုတ်ကြပေ။
ဤလောကတခွင်တပြင်လုံးတွင် နေရာယူလွှမ်းမိုးကြီးစိုးထားသည်မှာ အရာဝတ္ထုပစ္စည်းများဖြစ်ကြသည်။ ဤအဖြစ်မှာ လိုလားအပ်သည် မဟုတ်၊ စက်ဆုပ်ရွံရှာဖွယ်ရာ မသတီစရာကိစ္စဖြစ်သည်။ ဤသဘောကို ကောင်းစွာသတိပြုမိကြစေရန်အတွက် ဆာ့တ်သည် သူ၏ “အော်ဂလီ (Nausea)” ဝတ္ထုတွင်ထည့်သွင်းဖွဲ့ဆို၍ ထားပေသည်။ ထိုဝတ္ထုတွင်ဇာတ်ဆောင် ရိုကွင်တင် (Roquentin) သည် ရုပ်ဝတ္ထုပစ္စည်းများနှင့်ပတ်သတ်ပြီး ထူးထွေဆန်းပြားသည့်အတွေ့အကြုံကို ခံစားလာရသည်။ အရာဝတ္ထုများ၏ဖိစီးလွှမ်းမိုးမှုကြောင့် ယင်းတို့ကို ပုံမှန်အတိုင်းမမြင်မတွေ့နိုင်တော့ဘဲ ကြောက်လန့်စရာ၊ အော့အန်ချင်စရာကောင်းအောင် စက်ဆုပ်ရွံရှာစရာကြီးများသဖွယ် ထင်မြင်လာတော့သည်။ နောက်ဆုံးတွင်ပင်လယ်ကမ်းခြေမှ ကျောက်စရစ်ခဲကလေးများကိုပင် ကောက်မယူနိုင်လာက်အောင် စက်ဆုပ်တုန်လှုပ်လာခဲ့သည်။ သာယာသောပင်လယ်ကမ်းစပ်ရှိ လှပသောကျောက်စရစ်ခဲကလေး၏ဖြစ်တည်မှုကို သူ ကြည်ကြည်နူးနူးခံစား၍ မရနိုင်ဘဲဖြစ်လာသည်။ ယင်းကျောက်စရစ်ခဲ၏လွှမ်းမိုးကြီးစိုးမှုကို အော်ဂလီဆန်လာအောင်ပင် စက်ဆုပ်ရွံရှာလာခဲ့သည်။ သူ့ခံစားမှုကို ရိုကွင်တင်က ဤသို့ပြောပြသည်။ “အရာဝတ္ထုပစ္စည်းများကိုအလေးထားပြီး ဆက်ဆံသင့်သည် မဟုတ်ပါ။ ယင်းတို့သည်သက်ရှိများ မဟုတ်ကြ။ ယင်းတို့ကို အသုံးချ၍ရသည်။ ယင်းတို့သည် အသုံးဝင်သည်။ ဒါပါပဲ။ ဒါ့အပြင် ဘာမှ မဟုတ်။ သို့သော် ယင်းတို့က သူတို့ကိုဂရုတမထားဆက်ဆံဖို့ မိမိကိုတောင်းဆိုသည်။ ဒါကတော့ဆိုးဝါးလှသည်။ သည်းခံ၍မရနိုင်အောင် ဖြစ်ရသည်။ ယင်းတို့သည် သက်ရှိ သားရဲတိရိစ္ဆန်များသဖွယ်ဖြစ်လာကြပြီး၊ ယင်းတို့နှင့်ဆက်စပ်ရမှာကိုပင် ကျွန်တော်လန့်လာသည်။ အခုတော့ ကျွန်တော်သိပါပြီ။ ကျောက်စရစ်ခဲကလေးကို ပင်လယ်ကမ်းခြေမှ ကောက်ယူလိုက်တဲ့အချိန်မှာ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို ကျွန်တော် ပြန်ပြီးမှတ်မိပြီ။  ချိုရဲရဲ စက်ဆုပ်ရွံရှာစရာ မသတီစရာကြီးပါ။ ဘယ်လောက်များ အော့နှလုံးနာစရာကောင်းလိုက်ပါသလဲ။ ကျောက်စရစ်ခဲဆီကပါ။ သေချာပါသည်။ ကျောက်စရစ်ဆီကနေ ကျွန်တော့်လက်ထဲရောက်လာတာပါ။ ဟုတ်ပါသည်။ ဒါဟာ သိပ်ကိုသေချာလှပါသည်။ လက်ထဲရောက်လာသော အော်ဂလီဆန်ခြင်းပါ” ရုပ်ဝတ္ထုပစ္စည်းများကပေးသော အော်ဂလီဆန်ခြင်း။ ယင်းအတွေ့အကြုံများကို ရိုကွင်တင်သည် အကြိမ်ကြိမ်ပင် မချိတင်ကဲခံစားခဲ့ရသည်။ ယင်းတို့ကိုတင်ပြရင်း ဆာ့တ်သည် ဖြစ်တည်မှု၏အစိုးမရခြင်းသဘော (Contingency of Existence) ကို ခံစားစေခဲ့သည်။ ရိုကွင်တင်သည် အရာဝတ္ထုတို့၏ဖြစ်တည်မှုကို ရှင်းလင်းပြသနိုင်သော အကြောင်းပြချက် ဘာမျှမရှိကြောင်း တဖြည်းဖြည်းသဘောပေါက်လာသည်။ ဖြစ်တည်မှုကို အကြောင်းပြပေးနိုင်တဲ့အရာ ဖြစ်တည်မှုမှာဘာမှမရှိဘူးဆိုသည်ကိုလည်း နားလည်လာသည်။ အရာဝတ္ထုတွေ ရှိနေဖြစ်နေကြသည်။ ဒီလိုပဲ ရှိနေဖြစ်နေကြခြင်းဖြစ်သည်။ ဤသို့ ရှိနေဖြစ်နေကြခြင်းအတွက် ဘာမျှရှင်းလင်းပြချက်မရှိပေ။ မလိုအပ်ပေ။ မသေချာ မရေရာခြင်းသဘော၊ အစိုးမရခြင်းသဘောသည် ယင်းတို့၏အခြေခံဇာစ်မြစ် ဖြစ်သည်။ ဤသည်ကို ရိုကွင်တင် တွေ့သိပြီးနောက် ဤသို့ပြောပြသည်။
“ယုတ္တိမတန်ခြင်း (ဝါ) အဓိပ္ပါယ်ကင်းမဲ့ခြင်း(The Absurd) ဟူသောစကားလုံးသည် ကျွန်တော့်ကလောင်ဖျားမှ ပေါ်ထွက်လာပါသည်။ ဒီ အဓိပ္ပါယ်မဲ့ခြင်းဆိုတာ ကျွန်တော့်ဦးခေါင်းထဲမှာရှိနေသောအယူအဆမဟုတ်ပါ။ လွင့်ပျံ့လာသောအသံတသံလည်း မဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင် ပြည့်ပြည့်ဝဝကြီးကို တွေ့ကြုံခံစားလိုက်ရတဲ့အတွေ့အကြုံပါ”
ရိုကွင်တင်ကြုံတွေ့သိရှိလိုက်ရသော အဓိပ္ပါယ်မဲ့ခြင်းဟူသည် အစိုးမရခြင်းသဘော၏အဓိပ္ပါယ်မရှိမှု၊ ယုတ္တိမတန်မှုဖြစ်ပေသည်။ စကားလုံးများဖြင့်ဖော်ပြရှင်းလင်း၍မရနိုင်သည့် အရာဝတ္ထုတခုစီတခုစီ၏ ဖြစ်တည်မှုဖြစ်၏။ ကမ္ဘာလောကကြီးတခုလုံးကို လွှမ်းမိုးထားသည့် မည်သည့်အနက်အဓိပ္ပါယ်မျှမပါရှိသည့် အရှိတရားဖြစ်၏။ လူသားတဦး၏ဖြစ်တည်မှုဘဝသည်လည်း ယုတ္တိမတန်သောဘဝ၊ အဓိပ္ပါယ်ကင်းမဲ့သည့်ဘဝ ဖြစ်သည်။ အဘယ်ကြောင့်နည်း။ လူ၏ဖြစ်တည်မှုတွင် သူ့ပကတိအတိုင်းရှိနေသောအရှိတရား(Being ­in­ itself) ရော၊ ကိုယ့်အတွက်ကိုယ်ရှိနေသောအရှိတရား (Being­ for­ itself) ပါ ပါဝင်နေသည်။ လူတွင်သူ့ပကတိအတိုင်းရှိခြင်းသဘောအားဖြင့် ရုပ်ခန္ဓာကိုယ်ရှိသည်။ ကိုယ့်အတွက်ကိုယ်ရှိခြင်းသဘောအားဖြင့် သိစိတ်ပါရှိသည်။ ထို့ကြောင့် လူသားတွင် ဘယ်လိုမှကန့်သတ်ဆုံးဖြတ်၍မရသည့် အစိုးမရခြင်းသဘော၊ မရေရာမသေချာခြင်းသဘော ရှိနေပေသည်။ ထိုအတွက်ကြောင့် လူသား၏ဖြစ်တည်မှုသည်လည်း အဓိပ္ပါယ်မရှိခြင်း၊ ယုတ္တိမတန်ခြင်းဖြစ်ရပေသည်။
ဆာ့တ်၏အမြင်၌ အရှိတရားများဖြစ်ကြသော သူ့ပကတိအတိုင်းရှိခြင်းနှင့် ကိုယ့်အတွက်ကိုယ်ရှိခြင်းတို့သည် တခုနှင့်တခု လုံးဝမတူဘဲခြားနားကြ၏။ သို့သော် ကိုယ့်အတွက်ကိုယ်ရှိခြင်း(သိစိတ်)သည် သူ့ပကတိအတိုင်းရှိခြင်း(ရုပ်)ခန္ဓာအပေါ်တည်ရှိသည်။ သူ့ပကတိအတိုင်းရှိခြင်းက ကိုယ့်အတွက်ကိုယ်ရှိခြင်းအပေါ် မှီခိုရန်မလိုပေ။ သူ့ဘာသာသူ ဓမ္မဓိဌာန်ကျကျ ပကတိအတိုင်းရှိနေနိုင်ပေသည်။ သိစိတ်တည်းဟူသော ကိုယ်စားပြုအရှိတရားသည် ဆက်နွယ်မှုတခုဖြစ်သည်။ ဆက်နွယ်မှုတခုဖြစ်ရန်အတွက် ဆက်နွယ်ခံအရာလိုအပ်ပေသည်။ ဆက်နွယ်ခံအရာတည်းဟူသော ပြင်ပလောက (ဝါ) ဓမ္မဓိဌာန်ကျကျတည်ရှိနေသောအရာများမှသာလျှင် ဆက်နွယ်မှုသဘောသည် ဖြစ်လာနိုင်ပေသည်။ ထို့ကြောင့် ကိုယ့်အတွက်ကိုယ်ရှိခြင်း Pour Soi ဖြစ်ပေါ်ရန်အတွက် သူ့ပကတိအတိုင်းရှိနေသည့်အရှိတရား En Soi တည်းဟူသော ပြင်ပလောကလိုအပ်၏ ဟု ဆာ့တ်ကယူဆခဲ့ပေသည်။
ပုဂ္ဂလလူသားတဦးသည် လူအဖြစ်မွေးဖွားဖြစ်တည်လာသည်နှင့်တပြိုင်နက် ကိုယ့်အတွက်ကိုယ်ရှိခြင်း (သိစိတ်) ကို သူ့ပကတိအတိုင်းအရှိတရား(ရုပ်ခန္ဓာ) မှ ခွဲထုတ်လိုက်သောသတ္တဝါ ဖြစ်ပေသည်။ သို့ရာတွင်လူ့ဘဝဟူသည်မှာ ဤသို့လုံးဝခြားနားနေသည့် ကိုယ့်အတွက်ကိုယ်ရှိခြင်းနှင့် သူ့ပကတိအတိုင်းရှိခြင်းတို့ကို ပေါင်းစည်းညီညွတ်မှုရရှိလာစေရန် အမြဲထာဝစဉ်လှုပ်ရှားကြိုးပမ်းမှုပြုနေရသောဘဝ ဖြစ်သည်။ သို့ရာတွင်ပုထုဇဉ်လူသားများအနေဖြင့် ယင်းတို့လိုလားသော Pour Soi နှင့် EnSoi ပေါင်းစည်းညီညွတ်မှုကို ဘယ်သောခါမှမရနိုင်ပါ။ ဤသို့သောပေါင်းစည်းညီညွတ်မှုသည် စိတ်ကူးထဲမှာသာဖြစ်နိုင်သည်။ ဘယ်တော့မှ လက်တွေ့မရှိနိုင်ဟု ဆာ့တ်ကဆိုခဲ့ပေသည်။
“ဤသို့သော စိတ်ကူးထဲတွင်ပေါင်းစည်းမှုသည် ဘုရားသခင်ဟုခေါ်တွင်ကြသောအရာ၌သာ ရှိနိုင်ပေမည်။ လူသားများမျှော်မှန်းတောင့်တကြသည့် လူ့အရှိတရား၏အခြေခံအစီအမံပရိုဂျက်(Project)မှာ ဘုရားသခင်ဖြစ်ရေးဟုဆိုရပေမည်။ လူတို့သည် အခြေခံအားဖြင့် ဘုရားသခင်တပါးလိုဖြစ်ချင်ကြသောဆန္ဒ ရှိကြပေသည်။”
သို့ရာတွင် ယင်းဆန္ဒ၊ ယင်းရည်မှန်းချက်ကို ဘယ်သောအခါမျှ အောင်မြင်ရရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူသားများထားရှိကြသည့် အစအစီအမံပရိုဂျက်ဆိုသည်မှာလည်း မည်သည့်အဓိပ္ပါယ်မျှမရှိပေ။ လုံးဝ ယုတ္တိမတန်ဟု ဆာ့တ်က ခံယူပေသည်။ အဓိပ္ပါယ်ကင်းမဲ့မှု၊ ယုတ္တိမတန်မှုဟူသည် လူက ထွင်လိုက်၍ဖြစ်လာသောအရာ မဟုတ်ပေ။ တကယ်ကြုံတွေ့ ခံစားရသောအစစ်အမှန်တရားဖြစ်သည်။ ဆာတ့်အလိုအရ ပြင်ပလောကသည်လည်း အဓိပ္ပါယ်ကင်းမဲ့၏။ လူ့ဘဝသည်လည်း အဓိပ္ပါယ်မရှိ၊ ယုတ္တိမတန်ဟုဆိုသည်။ သို့ဆိုလျှင် ပြင်ပလောက အရာဝတ္ထုများနှင့် လူသား ဘာများခြားနားကြသနည်းလုံးဝ ခြားနားလေသည်။

0 comments:

Post a Comment