ဗုဒ္ဓမြတ်စွာရှင်တော်ဘုရားက လောကီရေးကိစ္စများနှင့် ကင်းကင်းရှင်းရှင်းနေ ခဲ့သော်လည်း
သူ၏သွန်သင်ဟောကြားချက်များက နိုင်ငံရေးကျင့်စဉ် တွင် ကောင်းမွန်သောအစိုးရစနစ်နှင့်
ကောင်းမွန်သောအုပ်ချုပ်သူများ လိုအပ်ကြောင်း အလေးပေးဟောကြားထားခဲ့ပါသည်။
ဗုဒ္ဓကဟောကြားခဲ့ရာတွင် “တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများက တရားမျှတကောင်းမွန်စွာအုပ်ချုပ်သည့်အခြေအနေတွင် ဝန်ကြီးများသည်လည်း တရားမျှတ၊ ကောင်းမွန်စွာပြုမူကျင့်ကြံကြ၏။ ဝန်ကြီးများသည်လည်း တရားမျှတ၊ ကောင်းမွန်စွာ ပြုမူကျင့်ကြံကြသည့်အခြေအနေ၌ အရာရှိများလည်း တရားမျှတ၊ ကောင်းမွန်စွာပြုမူကျင့်ကြံကြလေ၏။ အရာရှိများ တရားမျှတ၊ ကောင်းမွန်စွာပြုမူကျင့်ကြံကြသည့်အခြေအနေတွင် လက်အောက်ငယ်သားများလည်း တရားမျှတ၊ ကောင်းမွန်စွာပြုမူကျင့်ကြံကြ၏။ လက်အောက်ငယ်သားများ တရားမျှတ၊ ကောင်းမွန်စွာ ပြုမူကျင့်ကြံကြသည့် အခြေ အနေတွင် ပြည်သူများလည်း တရားမျှတ၊ ကောင်းမွန်စွာ ပြုမူကျင့်ကြံကြ၏” ဟု ဟောကြားတော်မူခဲ့ပါသည်။
ဗုဒ္ဓဘာသာကို လူများစုကိုးကွယ်ကြသည့်မြန်မာနိုင်ငံတွင် သံဃာအများက ဤဟောကြားချက်များကို လိုက်နာအလေးအနက်ထားကြသည့်အခြေအနေ၌ တိုင်းပြည်အုပ်ချုပ်နေသူစစ်ခေါင်းဆောင်များနှင့် သံဃာတော်များအကြား မေတ္တာပျက်ယွင်းအစေးမကပ်နိုင်ဖြစ်နေကြရသည့်အနေအထားမှာ အံ့သြဖွယ်ရာမဟုတ်တော့ပေ။ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုတာ ကာလအတွင်း တရားဝင်စာရင်းများအရ အရေအတွက် ၄ သိန်းခန့်ရှိမည့်သံဃာထုများနှင့် တိုင်းပြည်အုပ်ချုပ်နေသောစစ်ဗိုလ်ချုပ်များအကြား ဆက်ဆံရေးမှာအဆင်မချောဘဲရှိနေခဲ့ပါသည်။ စစ်အစိုးရက နိုင်ငံရေးအရတက်ကြွသော၊ ထင်ရှားသောသံဃာအများကို ထောင်သွင်းအကျဉ်းချမှုများလည်းရှိခဲ့ပါသည်။ ၁၉၈၈ ခုနှစ် စစ်အစိုးရအာဏာရလာချိန်မှဆိုလျှင် သံဃာအပါး ၃ဝဝ ကျော်ကို အတင်းအကျပ်လူဝတ်လဲစေ ခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်များချမှတ်အပြစ်ပေးခဲ့ပါသည်။ သံဃာများကို “ဘုရားသားတော်များ”ဟု မြန်မာ့ လူမှုအသိုင်းအဝန်းကသတ်မှတ်ထားကြပြီး စစ်သားနှင့်ရဲ အရေအတွက် ၄ သိန်းခန့်ရှိသည့် လက်နက်ကိုင်တပ်မတော်မှလွဲလျှင် သံဃာ့အဖွဲ့အစည်းသည် အကြီးမားအခိုင်မာဆုံးကျန်ရှိနေသည့် လူမှုအဖွဲ့အစည်းလည်းဖြစ်သည်။ လူထုနှင့်နီးကပ်စွာနေထိုင်ကြသူများဖြစ်သည့်အားလျှော်စွာ၊ နေ့စဉ် ရပ်ရွာအတွင်းဆွမ်းခံနေစဉ်အချိန်အတွင်း၌ သာမန်မြန်မာပြည်သူအများစု၏ဆင်းရဲကျပ်တည်းလာမှုကို ကိုယ်တိုင်မျက်မြင်ကြုံတွေ့နေကြရသူများလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ယုတ်လျော့ကျဆင်းလာနေသောအနေအထားကို သူတို့က မျက်မြင်ကိုယ်တွေ့သိမြင်ခံစားနိုင်ကြပါသည်။
ပို၍ အရေးကြီးသောအချက်မှာ ရဟန်းသံဃာများ၌ ပို၍ကောင်းမွန်သောကွန်ရက်ချိတ်ဆက်မှု၊ လူမှုအဆက်အသွယ်နှင့်သြဇာလွှမ်းမိုးနိုင်မှု ရှိကြပါသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများထက်ပင် ပို၍ချိတ်ဆက်မှုကောင်းသေးသည်ဟု ဆိုနိုင်ပါလိမ့်မည်။ အကြောင်းမှာ နိုင်ငံရေးလှုပ်ရှားသူများမှာ အစဉ်သဖြင့်စောင့်ကြည့်မှုအောက်တွင်ရှိနေပြီး ထောင်သွင်းအကျဉ်းချခံရခြင်း၊ နိုင်ငံရပ်ခြားသို့ ထွက်ပြေးတိမ်းရှောင်စေခြင်းတို့ဖြင့် အစဉ်နှိပ်ကွပ်ခံနေကြရသောကြောင့်လည်းဖြစ်ပါ သည်။ဘုန်းတော်ကြီးကျောင်းပရဝုဏ်အတွင်း သီတင်းသုံးနေထိုင် နေကြသော၊ တရားဓမ္မလေ့လာအားထုတ်နေကြသောသံဃာတော်များအနေဖြင့် ဤသို့ စစ်အစိုးရကိုပုန်ကန်ရန်အတွက် ကြံစည်အားထုတ်နေကြလိမ့်မည်ဟု မည်သူက မျှော်လင့်ထားပါလိမ့်မည်နည်း။ သို့သော်လည်း မြန်မာ့နိုင်ငံရေးသမိုင်းတွင် ရဟန်းတော်များက အဓိကကျသော အခန်းကဏ္ဍက ပါဝင်လှုပ်ရှားခဲ့ကြပြီး သူတို့က ဤသို့ကြီးကျယ်ပြောင်မြောက်လှသော၊ အန္တရာယ်ကြီးမားလှသော လုပ်ငန်းမျိုးလုပ်ဆောင်ရန် အတွက်လည်း ရဲဝံ့ခဲ့ကြသူများ ဖြစ်သည်။ ဤသို့ ရဟန်းသံဃာများကိုယ်တိုင် နိုင်ငံရေးတွင်ပါဝင်သင့်/မသင့်ဆိုသည်မှာ ဆွေးနွေးအငြင်းပွား ဖွယ်ကိစ္စဖြစ်သော်လည်း နိုင်ငံရေးဘုန်းကြီးများပါဝင်နေကြသည့်အခန်းကဏ္ဍမှာ များစွာအငြင်းပွားဖွယ်ဖြစ်သကဲ့သို့ အုပ်စိုးနေသောစစ်အစိုးရအတွက်လည်း ခြိမ်းခြောက်မှုတရပ်ဖြစ်နေပါတော့သည်။
ယခင်ကာလ ပုန်ကန်မှုများ
ယခင်ဗြိတိသျှကိုလိုနီ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများကာလကပင် ရဟန်းသံဃာများက ပါဝင်လှုပ်ရှားခဲ့ကြသည်။ သီပေါမင်းနန်းချခံရ၍ ပြည်ပသို့ပို့ခံရပြီးနောက်ပိုင်း လက်နက်ကိုင်ခုခံ ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင်လည်း သံဃာများက အရပ်သားများနှင့်ပူးပေါင်းကာ တော်လှန် ခဲ့ကြဖူးသည်။ သံဃာများအကြားတွင် ဆရာတော်ဦးဥတ္တမက သံဃာ့အာဇာနည်အဖြစ် စံထားခဲ့ကြသည်။ သူက စလင်းဒေသတွင် တော်လှန်ပုန်ကန်သူ ၃,ဝဝဝ ကျော်ကိုဦးဆောင်၍ မန္တလေးနန်းတော် ထီးကျိုးစည်ပေါက်ဖြစ်ခဲ့ရပြီးနောက်ပိုင်းကာလများတွင် ဦးဆောင်သူပုန်ထခဲ့သူလည်းဖြစ်သည်။ ဗိုလ်ဥတ္တမဟုထင်ရှားသော ရဟန်းတဖြစ်လဲသူပုန်ဗိုလ်ကို ၁၈၈၉ ခုနှစ်တွင် ဗြိတိသျှတို့ကဖမ်းမိကာ ကြိုးပေးကွပ်မျက်ခဲ့သည်။ စိတ်ဝင်စားဖွယ်ကောင်းသောအချက်မှာ သမိုင်းမှတ်တမ်းများအရ မိမိဆန္ဒအလျောက် လက်နက်စွဲကိုင်တော်လှန်ခဲ့ကြသော ရဟန်းသံဃာများသည် ပထမဦးစွာ မိမိကိုယ်တိုင်သိက္ခာချသင်္ကန်းစွန့်ကြပြီးမှ ခုခံတော်လှန်ရေးစစ်ပွဲတွင်ပါဝင်လာခဲ့ကြခြင်းဖြစ်သည်။ သူတို့က ရဟန်းသံဃာများအနေဖြင့် သူ့အသက်မသတ်ရဟူသော တားမြစ်ထားသည့်သီလသိက္ခာပုဒ်စည်းမျဉ်းများကို လိုက်နာသောအားဖြင့် ဤသို့ဆောင်ရွက်ခဲ့ကြခြင်းလည်းဖြစ်သည်။
အခြားသူပုန် အာဇာနည်တဦးဖြစ်သူဆရာစံမှာလည်း ရဟန်းပြုခဲ့ဖူးသူ ဘုန်းကြီးလူထွက်တဦးဖြစ်သည်။ သူက ဗြိတိသျှတို့၏ အခွန်စည်းကြပ်မှုကိုဆန့်ကျင်၍ သာယာဝတီခရိုင်တွင်လယ်သမားတို့ကိုဦးဆောင်ကာ သူပုန်ထခဲ့သူဖြစ်သည်။ ကိုလိုနီအုပ်ချုပ်သူဗြိတိသျှတို့က ဤပုန်ကန်မှုကို လက်နက်ကိုင်တပ်အင်အား ၁ဝ, ဝဝဝ ခန့်စေလွှတ်၍ချေမှုန်းခဲ့ကြရသည်။ ဆရာစံကို ဖမ်းဆီးရမိပြီး နောက်ပိုင်းတွင်လည်း သေဒဏ်ပေး ကွပ်မျက်ခဲ့ကြပြန်သည်။ (ဆရာစံဘက်မှ ရှေ့နေလိုက်ခဲ့သူထိပ်တန်းမြန်မာရှေ့နေတဦးမှာဒေါက်တာ ဘမော်ဖြစ်ပြီး ဂျပန်ခေတ်အစိုးရတွင် မြန်မာနိုင်ငံ၏အဓိပတိဖြစ်လာခဲ့သည်။) သို့သော်လည်း ရဟန်းသံဃာအားလုံးက လက်နက်ကိုင်တော်လှန်ရေးအတွက် စည်းရုံးဆောင်ရွက်ခဲ့ကြသည် မဟုတ်ပါ။ မြန်မာရဟန်းတော် ၂ ပါးကမူ အကြမ်းမဖက်သည့် အဟိံဿနည်းကိုတိုက်တွန်း အားပေးခဲ့ကြသည်။ ဦးဝိစာရနှင့် တခြားဦးဥတ္တမအမည်ရသည့်ရဟန်းတပါးတို့ကမူ ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုများအတွက် ထောင်တွင်း နှစ်ပေါင်းများစွာအကျဉ်းချခံခဲ့ကြရသည်။ သူတို့ကိုလည်း မြန်မာ့သမိုင်းတွင်သူရဲကောင်းများအဖြစ် ကဗျည်းတင်ထားခဲ့ကြပါသည်။ကမ္ဘာအနှံ့ ခရီးဆန့်လာခဲ့သောဦးဥတ္တမမှာ ရခိုင်ပြည်နယ်မှ လူအများလေးစားကြည်ညိုကြသောရဟန်းတော်ဖြစ်ပြီး၊ အဟောအပြောကောင်းသူလည်း ဖြစ်သည်။ သူ၏လွတ်လပ်ရေးတောင်းဆိုသည့်ဟောကြားချက်များကို သူရိယသတင်းစာတွင် ရဲရဲတောက်ဖော်ပြခဲ့ကြပြီး သူက တကြိမ်တွင် ဗြိတိသျှဘုရင်ခံဆာရယ်ဂျီနယ် ကရက်ဒေါက်ကို အင်္ဂလန်ပြန်သွားရန်ဟောကြားခဲ့သည့်မိန့်ကြားချက်မှာလည်း သမိုင်းတင် ထင်ရှား ကျန်ရစ်ခဲ့ဖူးသည်။ ဤသို့ ကိုလိုနီအရှင်များကို ဆန့်ကျင်ဟောပြောချက်ကြောင့်လည်း ထောင်သွင်း အကျဉ်းချခံခဲ့ရသူဖြစ်သည်။ ဦးဥတ္တမကဲ့သို့ပင် ဆရာတော်ဦးဝိစာရမှာလည်း ရဲရဲတောက်ဟောကြားချက်များကြောင့် အကြိမ်များစွာထောင်သွင်းအကျဉ်းချခံခဲ့ရပြီး ရက်ပေါင်း ၁၆၆ ရက်ကြာ အစာအငတ်ခံဆန္ဒပြပြီးနောက် ၁၉၂၉ ခုနှစ်တွင် ထောင်တွင်း၌ပင် ပျံလွန်တော်မူခဲ့ရသည်။ သူ့ကိုအကျဉ်းချခဲ့ရာ၌ အလုပ်ကြမ်းနှင့်ထောင်ဒဏ် အပြစ်ပေးခံခဲ့ရခြင်းဖြစ်ပြီး ဗြိတိသျှအာဏာပိုင်များက အတင်းအကျပ်လူဝတ်လဲခံခဲ့ရသည်။
ဤသို့သော ရဟန်းတော်များ၏ပြောင်မြောက်သည့်လှုပ်ရှားမှုများသည် လွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်လာခဲ့ကြသည့်လှုပ်ရှားသူများနှင့် ကျောင်းသားများအတွက် စံပြုအားကျဖွယ်ဖြစ်စေခဲ့သည်။
ပညာရှင်တဦးဖြစ်သူ မိုက်ကယ် မင်ဒဲလ်ဆင် (Michael Mendelson) က သူ၏ “သံဃာများနှင့်မြန်မာနိုင်ငံတော်” (Sangha and State in Burma) ဟု အမည်ရသောစာအုပ်တွင် ကိုလိုနီအုပ်ချုပ်သူများက နိုင်ငံရေးအရတက်ကြွထက်သန်ကြသောရဟန်းသံဃာများကို “အဝါရောင် သင်္ကန်းဝတ်ဆူပူလှုံ့ဆော်သူများ”ဟု ခေါ်ဝေါ်သမုတ်ခဲ့ကြကြောင်းရေးသားထားပြီး အလားတူပင် လက်ရှိစစ်ခေါင်းဆောင်များကလည်း ဆန္ဒပြနေကြသောရဟန်းသံဃာများကို ဖော်ပြခေါ်ဆိုခဲ့နေပုံမှာလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ အထက်ဖော်ပြပါသမိုင်းပညာရှင်ကရေးသား ခဲ့ရာ၌ ဗြိတိသျှအုပ်ချုပ်သူတို့က ရဟန်းသံဃာများ၏လူမှုအဖွဲ့အစည်းအတွင်းသြဇာကြီးမားမှုကို အံ့အားသင့်ခဲ့ကြရသည်ဟုဆိုသည်။ ဤသို့ဖြင့် ၁၈၈၅ ခုနှစ် မြန်မာနိုင်ငံကိုကျူးကျော်သိမ်းပိုက်ပြီး မကြာမီမှာပင် “သာသနာပိုင်”ဟူသော ဖွဲ့စည်းပုံကိုပယ်ဖျက်ခဲ့ကြသည်။ အတိတ်ကာလများက မြန်မာဘုရင်များက သံဃာများကို ကြီးကြပ်ထိန်းကွပ်နိုင်ရန်အတွက် သာသနာပိုင်ရာထူးကိုခန့်အပ်ခဲ့ကြပြီး၊ ရဟန်းတော်များ ဝိနည်းနှင့်အညီကျင့်ကြံစေရေး၊ ဓမ္မစာပေပို့ချသင်ကြားရေးအတွက် တာဝန်ပေးခဲ့ကြသည်။ သို့သော်လည်း ဤတာဝန်ရှိသူကို ရဟန်း သံဃာများအားလုံးကလက်ခံခဲ့ကြသည်မဟုတ်ပါ။ တိုးတက်သည့်အယူရှိသည်ဟုယူဆရသည့်ရွှေကျင်ဂိုဏ်းက ဆန့်ကျင်ခဲ့ကြဖူးသည်။ ထို့အပြင် မြန်မာနိုင်ငံရှိသံဃာဂိုဏ်းကွဲများအကြားတွင်လည်း အငြင်းပွားဖွယ်ကိစ္စများ၊ အယူအဆရေးရာကွဲပြားမှုများရှိနေခဲ့ပြီး သံဃာများ အချင်းချင်းအကြားတွင်လည်း ဂိုဏ်းအလိုက် အားပြိုင်မှုပဋိပက္ခများရှိခဲ့ကြသည်။ ၁၈ ရာစု ကုန်းဘောင်မင်းစိုးစံစဉ် ကာလတွင် ရဟန်းသံဃာများ သင်္ကန်းမည်သို့မည်ပုံစည်းရမည်နှင့်ပတ်သက်၍ သံဃာများအကြားအချင်းများခဲ့ကြဖူးသည်။ ဤသို့အငြင်းပွားခဲ့ကြသော သံဃာဂိုဏ်း ၂ ခုအကြား တုံဂိုဏ်းနှင့်ရုံဂိုဏ်းဟူ၍လည်း ပေါ်ပေါက်ခဲ့ ဖူးသည်။ မြန်မာပညာရှင် ဦးတင်မောင်မောင်သန်း၏မှတ်တမ်းများအရ တောင်ငူမင်းဆက်နှင့် ကုန်းဘောင်မင်းဆက်ကာလများတွင် သံဃာဂိုဏ်းတခုခုအပေါ် ဆည်းကပ်ကိုးကွယ်မှုအပေါ် အခြေခံ၍လည်း သံဃာထုအကြားအားပြိုင်မှုများကြီးထွားခဲ့ဖူးသည်။ ၁၇၈၂ ခုနှစ်တွင် ဘိုးတော်ဘုရားက ဤအငြင်းပွားနေမှုများအကြား ဝင်ရောက်စွက်ဖက်ရန်ဖြစ်လာစေခဲ့ပြီး တုံဂိုဏ်းဘက်မှ ရပ်တည်ပေးခဲ့တော့သည်။ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးကာလတွင် ဝါရင့်အရာရှိတဦးဖြစ်သူ ဗိုလ်မှူးကြီးအက်ဒ်ဝပ်ဆလေဒင် (Col. Edward Sladen) က သံဃာတော်များ၏စွမ်းပကားကို နားလည်သဘောပေါက်သူဖြစ်ပြီး ဗုဒ္ဓဘာသာကိုလူများစုကကိုးကွယ်ကြသည့်မြန်မာနိုင်ငံကို အုပ်ချုပ်စဉ်ကာလအတွင်း ဗြိတိသျှအစိုးရအနေဖြင့် သံဃာများနှင့်ထိပ်တိုက်တွေ့ရမှုကိုရှောင်လွှဲနိုင်ရန် အတွက် သာသနာပိုင်စနစ်ကို ပြန်လည်ထားရှိရန် အကြံပြုခဲ့ဖူးသေးသည်။ သာသနာပိုင်အဖြစ် တာဝန်ထမ်းဆောင်ရသည့် သံဃာ့အချုပ်အကြီးအမှူး၏အခန်းကဏ္ဍမှာ ရှုပ်ထွေးပြီးတာဝန်များမြောင်လှ သည်။ သူက ဘုရင်စနစ်နှင့်သံဃာထုအကြားဆက်သွယ်ထားသူ ပေါင်းကူးလည်းဖြစ်သည်။ သာသနာပိုင်အနေဖြင့် သြဇာတိက္ကမကြီးမားလှပြီး ရံဖန်ရံခါ တိုင်းရေးပြည်ရေးများတွင်ပင် ဝင်ရောက် စွက်ဖက်ခွင့်ရှိသည်။ လူအများ လေးစားကြည်ညိုကြသည့်ဆရာတော်တပါးက မင်းတုန်းမင်းကို ၎င်း၏ ဆည်မြောင်းများတည်ဆောက်ရေးလုပ်ငန်းများတွင် လူအများကိုဆင့်ဆိုခိုင်းစေနေခြင်း ရပ်တန့်စေရန်တိုက်တွန်းနိုင်ခဲ့သည့် အစဉ်အလာလည်းရှိခဲ့သည်။ သို့သော်လည်း လက်ရှိစစ်အစိုးရက အဓမ္မလုပ်အားပေးရန်စေခိုင်းနေမှုသည် မြန်မာ့ရိုးရာအစဉ်အလာဖြစ်သည်၊ လူအများအတွက်ကောင်းကျိုးကုသိုလ်ဖြစ်စေသည်ဟု ဆင်ခြေပေးပြောဆိုနေခြင်းမှာ အထူးကွဲလွဲနေပြီးပျက်ရယ်ပြုဖွယ်ကောင်းသောကိစ္စလည်းဖြစ်နေသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ဗုဒ္ဓဘာသာကို နှစ်နှစ်ကာကာယုံကြည်ကိုးကွယ်သူယခင်ဝန်ကြီးချုပ်ဦးနု အုပ်စိုးစဉ်ကာလများမှလွဲ၍ ဗုဒ္ဓဘာသာနှင့်သံဃာအများ၏သြဇာသက်ရောက်နိုင်မှုမှာ ကျဆင်းသွားခဲ့သည်ဟုဆိုနိုင်သည်။ ဦးနုကိုယ်နှိုက်က အကြိမ်ကြိမ်သင်္ကန်းစည်း ရဟန်းခံခဲ့ဖူးသူဖြစ်သကဲ့သို့ ၎င်း၏နိုင်ငံရေးရည်ရွယ်ချက်အတွက် ဗုဒ္ဓဘာသာကိုကောင်းစွာအသုံးချနိုင်ခဲ့သူဖြစ်သည်။ သူ၏အစိုးရ လက်ထက်တွင် ဆဌမသင်္ဃာယနာတင်ပွဲကို ၁၉၅၄ ခုနှစ်တွင် စီစဉ်ကျင်းပနိုင်ခဲ့ပြီး သူက ဗုဒ္ဓသာသနာ့ကောင်စီကိုဖွဲ့စည်းပေးခဲ့သူလည်း ဖြစ်သည်။ ဦးတင်မောင်မောင်သန်းက သူ၏ “မြန်မာနိုင်ငံတွင် သံဃာထုအတွင်းပြုပြင်ပြောင်းလဲမှုများနှင့် သာသနာပြန်လည်ထွန်းသစ်စေမှု။ သမိုင်းအစဉ်အလာနှင့်လက်တွေ့ကျင့်သုံးနေမှုများ” (Sangha Reforms and Renewal of Sasana in Myanmar: Historical Trends and Comtemporary Practice) ဟူသောစာအုပ်တွင်ရေးသားခဲ့ရာ၌ “ဂိုဏ်းကွဲများအမျိုးမျိုး တည်ရှိနေမှုကြောင့် ဦးနုအနေဖြင့် ဗုဒ္ဓဘာသာကို နိုင်ငံတော်၏အထက်အဆောက်အဦဖွဲ့စည်းပုံတွင် စနစ်တကျထည့်သွင်းဖွဲ့စည်းနိုင်ရန်နှင့် ၁၉၅၄ ခုနှစ်တွင် ဆဌမသင်္ဃယနာတင်ပွဲကို ကျင်းပကြိုးစား ခဲ့သော်လည်း ထိရောက်သောပြုပြင်ပြောင်းလဲမှုများမလုပ်ဆောင်နိုင်ခဲ့ပါ” ဟု သုံးသပ်ဖော်ပြခဲ့သည်။ ထို့အပြင် ဦးနုက ၁၉၆၁ ခုနှစ်တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဌာန်းရန် ကြိုးပမ်းခဲ့ ပါသေးသည်။ ဤကြိုးပမ်းမှုကို လွဲမှားသောကြိုးပမ်းဆောင်ရွက်မှုအဖြစ်သတ်မှတ်ခဲ့ကြပြီး နောက်တနှစ်တွင် ဗိုလ်ချုပ်နေဝင်းက စစ်အာဏာသိမ်းကာ ဦးနုကိုဖယ်ရှားခဲ့သောကြောင့် လက်တွေ့ဆက်လက်၍ အကောင်အထည်မဖော်နိုင်ဘဲ ရှိခဲ့ပါတော့သည်။
ဦးနေဝင်းက ရဟန်းသံဃာများကို ၎င်း၏အတိုက်အခံဖြစ်လာနိုင်သူများဟုသတ်မှတ်ထားခဲ့ပြီး ရဟန်းသံဃာများကိုထိန်းချုပ်ထားနိုင်ရန် မတူကွဲပြားသောနည်းဗျူဟာများချမှတ်ခဲ့သည်။ ၁၉၆ဝ ခုနှစ်များအလယ်ပိုင်းကာလတွင် စစ်အစိုးရက သံဃာ့စုံညီ ညီလာခံကို ခေါ်ယူကျင်းပ ပေးခဲ့ပြီး ရဟန်းသံဃာများကို သံဃာ့မှတ်ပုံတင်ကတ်ပြားများထုတ်ပေးခဲ့သည်။ ရဟန်းပျိုများနှင့်ကျောင်းထိုင် ဆရာတော်များက ဤအစည်းအဝေးနှင့် ခပ်ကွာကွာနေခဲ့ကြပါသည်။ ၁၉၈ဝ ပြည့်နှစ် နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဖွဲ့စည်းမပြီးစီးမီကာလအထိ ဦးနေဝင်းက သံဃာများကို ကောင်းစွာထိန်းချုပ် ထားနိုင်သည်ဟု မဆိုနိုင်ခဲ့ပါ။ နောက်ပိုင်းတွင် သံဃာများကို သိက္ခာချ သြဇာကျဆင်းစေရန်အတွက် စနစ်တကျစီမံဆောင်ရွက်ထားသောလှုပ်ရှားမှုများကိုလည်း ဆောင်ရွက်လာခဲ့ပါသည်။ ဤစီမံကိန်းများအနက်မှတခုမှာ သြဇာတိက္ကမကြီးမားသောဆရာတော်သံဃာတော်များကို သိက္ခာကျဆင်းစေရန်ဆောင်ရွက်ခြင်းဖြစ်ပြီး သိမ်ဖြူဆရာတော်ကို အမျိုးသမီးတဦးနှင့် ငြိစွန်းသည်ဟု စွပ်စွဲကာသိက္ခာချလူဝတ်လဲစေခဲ့ပါသည်။ ဤစီမံချက် မဆောင်ရွက်မီကာလအတွင်းတွင် အစိုးရ၏ ထောက်လှမ်းရေး အရာရှိများ၊ သတင်းပေးများက ရဟန်းများအဖြစ်အယောင်ဆောင်၍ ဘုန်းကြီးကျောင်းများအတွင်းထိုးဖောက်ဝင်ရောက်ကာ ရဟန်းများနှင့် ကျောင်းထိုင်ဆရာတော်များ၏ သတင်းအချက်အလက်များကို စုဆောင်းရယူစေခဲ့ပါသည်။
ဦးနုက ၁၉၄၇ ခုနှစ်တွင် ဝိပဿနာတရားကျင့်စဉ်များသင်ကြားပေးပါရန်ဖိတ်ကြားခံခဲ့ရသော ကမ္ဘာ့အလည်တွင် ထင်ရှားကျော်ကြားသည့် မဟာစည်ဆရာတော်အပါအဝင် အခြားထင်ရှားသည့် သံဃာများကိုလည်း ဤစီမံချက်တွင် ပစ်မှတ်ထားဆောင်ရွက်ခဲ့ပါသည်။
မနုဿဗေဒပညာရှင် ဂုစတပ် ဟောက်တ်မင်း (Gustaaf Houtmann) က သူ၏ “မြန်မာနိုင်ငံ၏ပဋိပက္ခနိုင်ငံရေးတွင်းရှိ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု” (Mental Culture in Burmese Crisis Politics) ဆိုသောစာတမ်းတွင်ဖော်ပြရေးသားခဲ့ရာ၌ မြန်မာအစိုးရအနေဖြင့် “မဟာစည်ဆရာတော်ကို သိက္ခာချရန်ရည်ရွယ်ဖြန့်ချိသောစာရွက်စာတမ်းများ၌ ဆရာတော်က နတ်ကိုးကွယ်ကြောင်းစွပ်စွဲ ထားပြီး၊ မြန်မာနိုင်ငံရှိဗုဒ္ဓစာပေကျမ်းဂန်၌တဖက်ကမ်းတတ်ကျွမ်းသူ တြိပိဋက မင်းကွန်းဆရာတော် ဘုရားကြီးကိုလည်း ရဟန်းပြုပြီး ၂ နှစ်အကြာတွင် မလျှော်ကန်သောဖြစ်ရပ်ကျူးလွန်ပတ်သက်မှုရှိခဲ့ကြောင်း စွပ်စွဲအပုတ်ချခဲ့သည်” ဟုရေးသားထားခဲ့သည်။ အမှန်မှာ ဤဆရာတော် ၂-ပါး လုံးက စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်ငြင်းဆန်ခဲ့မှုကြောင့် ယခုကဲ့သို့ စွပ်စွဲခံခဲ့ရခြင်းလည်းဖြစ်သည်။ သို့သော်လည်း ပညာရှင်များနှင့် သမိုင်းပညာရှင်အများစုကဆိုခဲ့ကြရာတွင် အစိုးရကစွပ်စွဲအရေးယူခံခဲ့ကြရသော ရဟန်းများမှာ အမှန်ပင် မကောင်းကျော်စောမှုများတွင် ပတ်သက်ခဲ့မှုရှိကြောင်း၊ အမျိုးသမီးများ၊ သီလရှင်များနှင့်ငြိစွန်းပတ်သက်ခဲ့မှုရှိကြောင်းလည်း မှတ်တမ်းပြုဖော်ပြခဲ့ကြပါသည်။

(တွေ့တာနဲ့ယူတာက
ဒီနေရာကဖြစ်ပါတယ)http://aungzwa.blogspot.co.uk/2007/10/blog-post_624.html
(ဖတ်ကြည့်ဆင်ခြင်တွေးဆနိုင်ဖို့ပါ။
ရေးခဲ့စဉ်ကာလကိုသတိပြုမိမှဖြစ်မယ်တွေးပါတယ်။ မျိုးမြင့်ချို)
0 comments:
Post a Comment