Thursday, February 5, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၈)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၈)
(၆)

ဟိုင်နန်ကျွန်းတွင် ကျနော်တို့ စစ်ပညာသင်ကြားရာတွင် ကျနော်တို့အဖွဲ့တွင် ဂျပန်အရပ်သား (၅)ယောက်လောက်လည်း ပါဝင်သည်။ သူတို့က ဗမာပြည်လွတ်လပ်ရေးတိုက်ပွဲ ဗော်လံတီယာပါဝင်လိုသူတွေ ဖြစ်သည်။ ၎င်းတို့အထဲတွင် ဂျပန်စစ်သားဟောင်း စစ်ပြန်အသက် (၃ဝ)အရွယ် မစ္စတာ“ဟထရိ” ဆိုသူလည်း ပါဝင်သည်။ (ထိုသူတွေကို နောက်ပိုင်းတွင် ကျနော်တို့မတွေ့ရတော့ပေ)

ဟိုင်နန်ကျွန်းတွင် ကျနော်တို့ကို ဂျပန်များသင်ကြားပေးသော စစ်ပညာဘာသာရပ်များမှာ အောက်ပါတို့ ဖြစ်သည်။
(၁) အခြေခံစစ်ရေးပြလှုပ်ရှားမှုများ
    (က) လက်နက်မပါ စစ်ရေးပြလှုပ်ရှားမှု
    (ခ)  လက်နက်ပါ စစ်ရေးပြလှုပ်ရှားမှု
(၂) တိုက်ပွဲ။ ကွင်းပြင်စစ်ရေးတိုက်ပွဲများ။ လေ့ကျင့်မှုများ
    (က) ကိုယ်စီတိုက်ပွဲ
    (ခ)  တပ်စိတ်တိုက်ပွဲ
    (ဂ)  တပ်စုတိုက်ပွဲ (အများဆုံး)
    (ဃ) တပ်ခွဲတိုက်ပွဲတို့ကို လေ့ကျင့်သင်ကြားရသည်။
(၃) ည တိုက်ပွဲများ (အဓိက တခုထှုား သင်ကြားသည်။)
(၄) စစ် မြေပုံတိုက်ပွဲများ
    (က) တပ်ရင်းတိုက်ပွဲ
    (ခ)  တပ်မဟာတိုက်ပွဲ
    (ဂ)  တပ်မတိုက်ပွဲ
    (ဃ) အခြားတိုက်ပွဲများ
(၅) စစ်လက်နက်များ
    (က) လက်နက်ငယ်များ (ခြေလျင်တပ်ခွဲသုံးလက်နက်များ)
    (ခ)  လက်နက်ကြီးများ (စိန်ပြောင်း- အလတ်။ အကြီး။ အမြောက် - တင့်ကားပစ်။ ရိုးရိုးမြေပြင်ပစ်အမြောက်။ တပ်မသုံးအမြောက်)
(၆) အင်ဂျင်နီယာလုပ်ငန်း
    (က) တံတားဆောက်ခြင်း၊ (၎င်းမှာ ချောင်းငယ်များ မော်တော်ကားဖြတ်ရန်။ တောသစ်ပင်တို့ဖြင့် ဖြစ်သလိုယာယီတံတားထိုးခြင်း)
    (ခ)  မိုင်းများခွဲခြင်း
(၇) အထွေထွေ
    (က) ရေကူးခြင်း စသည်များ ဖြစ်သည်။
(၈) စစ်ရေးဆိုင်ရာစိတ်ဓာတ်သွင်းပေးခြင်း
    (က) စစ်သားကောင်းစိတ်ဓာတ်၊
            · အနိုင်မခံ အရှူံးမပေး ရဲရင့်ကြံ့ခိုင်သောသူရသတ္တိစိတ်ဓာတ်၊
            · အမိန့်နှင့်စည်းကမ်းကို လိုက်နာသောစိတ်ဓာတ်၊
    (ခ)  မိမိလက်နက်ကိုမိမိ အသက်လို ရိုသေဂရုစိုက်သောစိတ်ဓာတ်စသည်တို့ဖြစ်သည်။

(၇)
ဟိုင်နန်ကျွန်း ဂျပန်စစ်သင်တန်း စတင်ခြင်းနှင့်ပြင်းထန်ပင်ပန်းဆင်းရဲခြင်း၊

ကျနော်တို့ ပထမအစီအစဉ်မှာ (၃)လမျှ စစ်သင်တန်း အပြင်းအထန်သင်ကြားပြီး မြန်မာပြည်ပြန်၍ အင်္ဂလိပ်တို့နှင့် လွတ်လပ်ရေးအတွက် ပြောက်ကျားစစ်ဆင်နွှဲရန်ဟု နားလည်ထားကြသည်။
ကျနော်တို့သည် သာမန်အားဖြင့် နှစ်နှင့်ချီ၍သင်ကြားရမည့် အထက်ဖော်ပြပါစစ်ပညာများကို အချိန်တိုအချိန် (၃)လနှင့် တက်သုတ်ရိုက်ပြီး အပြင်းသင်ကြားရမည် ဖြစ်သည်။
ကျနော်တို့ ဟိုင်နန်ကျွန်းစစ်သင်တန်းကို ၁၉၄၁ ခုနှစ် မေလအလယ်လောက်က စတင်ကြသည်ထင်ပါသည်။ ထို့ကြောင့် ကျနော်တို့သည် အချိန်ကိုလုပြီး စားချိန်။ အိပ်ချိန်အနည်းငယ်ကလေးမှတပါး နေ့ရောညပါ ဒလစပ် သင်ကြားရ၏၊ နံနက်မိုးလင်းစအချိန်မှ ညနေ နေဝင်ခါနီး အထိ ထမင်းစားချိန်မှအပ သင်ကြားရ၏၊ အချိန်လုပြီး အပြင်းအထန်သင်ကြားရသဖြင့် ကျနော်တို့မှာ များစွာပင်ပန်းကြရ၏၊ သို့သော် ကျနော်တို့မှာ စစ်ပညာကို အားတက်သရော ငန်းငန်းတက်လေ့လာကြ၏၊ ကျနော်တို့သည် ၁၃ဝဝ ပြည့် လွတ်လပ်ရေးတိုက်ပွဲအတွေ့အကြုံ အရ အင်္ဂလိပ်အောက်မှလွတ်လပ်ရေးရဖို့ ကျနော်တို့ အမျိုးသားစစ်တပ်ရှိဖို့လိုအပ်သည်မဟုတ်ပါလား၊ စစ်တပ်ဖွဲ့ဖို့ ဂျပန်သို့စစ်ပညာသင်ရန် ခဲခဲယဉ်းယဉ်းစွန့်စွန့်စားစားလာခဲ့ကြသည် မဟုတ်ပါလား၊ ထို့ကြောင့် ဘယ်လောက်ပင်ပန်းပင်ပန်း ကျနော်တို့အလုအယက် ကြိုးစားပြီးသင်ယူ ကြသည်။

စစ်လေ့ကျင့်ခန်းများတွင် အပင်ပန်းဆုံးလေ့ကျင့်ခန်းမှာ ဆုတ်ခွာထွက်ပြေးနေသောရန်သူကို အမိအရ လိုက်လံပြီးတိုက်ခိုက်ချေမှုန်းရသော လေ့ကျင့်ခန်းမှာ ခရီဝေးပြေးလွှားလိုက်ရသဖြင့် ကျနော်တို့အမောဆုံးအပင်ပန်းဆုံး ဖြစ်သည်။ ဤကဲ့သို့သောစစ်လေ့ကျင့်ခန်းတခုအကြောင်း (၁၄)ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ်ရေးသားခဲ့သော “ဖက်ဆစ်တော်လှန်ရေး” ဟူသောဆောင်းပါးတွင် ကျနော် ရေးသားထားပုံတခုမှာ (၂ဝ/၆/၄၁) နေ့ ကျနော့်ဒိုင်ယာရီတွင် ကျနော်တို့ ၁၅ ကီလို (၁ဝ မိုင်) မျှလမ်းလျှောက်ချီတက်ပြီး(၅ မိုင်)ရှည်လျား သော တိုက်ပွဲလေ့ကျင့်ခန်းတခုနှင့် ပတ်သက်၍နိဂုံးတွင်ရေးသားထားသည်မှာ “ ဤတိုက်ပွဲသည် ကျုပ်တို့အလွန်ကျေနပ်သည်။ ဤမျှ ရှည်လျားစွာ မရပ်မနားဘဲတိုက်ခဲ့ရသည်။ ကမ္ဘာပေါ်တွင်ဘယ်စစ်သားမှ မကြောက်တော့ပေ၊ ဂျပန်အကောင်းဆုံးစစ်သားမစ္စတာ ဟထရီပင် နောက်ဆုံးနေရာကို အားခဲပြီးလာရသည်။ ဗမာပြည်အတွက် ဝမ်းမြောက်သည်။ ကျုပ်တို့ပင်ပန်းသဖြင့်ကျရသော ချွေးပေါက်သည် ဗမာပြည် အတွက် အေးချမ်းဖို့အရိပ်အယောင် မိုးရေမိုးပေါက်ဖြစ်ရချေမည်၊ ကျုပ်တို့ ထိုလေ့ကျင့်ခန်းကို အကျေနပ်ကြီးကျေနပ်သည်။ ဗမာအားလုံး ၅ မိုင် စစ်တလင်းအဆုံးကို အတူတူရောက်ကြသည်။ အထူးသဖြင့် သခင်အောင်ဆန်း၏ ဇွဲသတ္တိကို လူတိုင်းဝမ်းထဲက ကျေနပ်ကြသည်။
စစ်တန်းလျားသို့ရောက်သောအခါ ၇ နာရီ ထိုးနေပြီ၊ ၎င်းလေ့ကျင့်ခန်းမှာ နံနက် (၉) နာရီခွဲတွင် စ၍ ည ၇ နာရီပြီးသည်။” ဟု ရေးထား ပါသည်။

လက်နက်ကိုင်ရပြီ၊

ဟိုင်နန်ကျွန်းစစ်သင်တန်းတွင် ကျနော်တို့ လက်နက်စပြီးကိုင်ရသောနေ့ကို ကျနော်တို့အမှတ်ရနေ၏၊ ထိုကိစ္စ ၁၄ ကြိမ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့ ကျနော့်ဆောင်းပါးတွင် ကျနော်ရေးသားထားပုံမှာ “ကျနော်တို့စစ်သင်တန်းစ၍ဆင်းပြီး တပတ်လောက်ကြာသောအခါ(၄ မိုင်) မျှဝေးသော ဂျပန်ရေတပ်မှ ကျနော်တို့ကိုင်စွဲရမည့် လက်နက်သေတ္တာကြီးများကိုထမ်း၍ လက်နက်တိုက်သို့သွင်းရ၏၊ လက်နက် ကိုင်ရတော့မည်ဖြစ်၍ ကျနော်တို့ရဲဘော်များဝမ်းမြောက်နေကြ၏၊ နောက်နေ့တွင် စစ်လေ့ကျင့်ခန်းဆင်းရန် စစ်သားတယောက်အဖြစ် ကိုယ်ပိုင်ကိုင်စွဲရမည့်ရိုင်ဖယ်သေနတ်များကို အခမ်းအနားဖြင့် လက်ခံယူရ၏၊”

“ထိုနေ့စစ်သင်တန်းမှ ခေတ္တရပ်ပြီး ရှိသမျှ ဝတ်ကောင်းစားလှများဝတ်ဆင်၍ လက်ခံရ၏၊ အမဲဆီများပေကျံနေသော ချက်ကိုစလိုဗက်လုပ် ရိုင်ဖယ်နှင့်လှံစွပ်များကို အစီအစဉ်ဖြင့် တဦးစီခေါ်၍ပေး၏၊ နေပူထဲတွင်တန်းစီ၍ အခမ်းအနားဖြင့်လက်ခံကြရ၏၊”

“ကျနော်သည် ပူအိုက်ပြီး ချွေးများစိုရွှဲနေသည်ကိုဂရုမပြုနိုင်။ လက်ထဲသို့ ပထမဆုံးရောက်လာသော ရိုင်ဖယ်သေနတ်နှင့်လှံစွပ်တို့အပြင် ပခုံးကြိုးသိုင်းတို့ကို လက်နှစ်ဘက်နှင့်ကိုင်လျက် မိမိတန်းစီရာသို့ ပြန်ရပ်နေ၏၊ ရဲဘော်အားလုံး မျက်လုံးများဝင်းတောက်နေကြ၏၊ ပျော်ရွှင် နေကြ၏၊ ကျနော့်မှာ ဝမ်းသာခြင်း တုန်လှုပ်ခြင်းဖြင့် ကတုန်ကယင်ဖြစ်ခဲ့၏၊ ယင်းကိုယခုအထိ သတိရနေမိ၏၊”

“ကျနော်တို့ လက်နက်ကိုင်ကြရပြီမဟုတ်လား၊ ဤလက်နက်သည် ဘယ်သူကပေးပေး။ ဘယ်ကရရ အကြောင်းမဟုတ်၊ ဤလက်နက်ဖြင့် နယ်ချဲ့စနစ်ကြီးကိုတိုက်ရဖို့သာလျှင် မဟုတ်လော၊ ဤလက်နက်သည် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေး လက်နက်ကိုင်တိုက်ပွဲ အတွက် မျိုးစေ့ပင်မဟုတ်ပါလော၊”

ဂျပန်များက ကျနော်တို့ကိုပြောသည်မှာ မိမိလက်နက်ကို အမြဲရိုသေလေးစားစွာကိုင်တွယ်ရန်နှင့် အမြဲသန့်ရှင်းစင်ကြယ် ပြောင်လက်နေ အောင် တိုက်ချွတ်ထိန်းသိမ်းထားရမည်ဟု ဖြစ်ပါသည်။ ကျနော်တို့ လက်နက်ကိုင်ရပြီးနောက် မကြာခဏ ဂျပန်ဆရာတို့က လက်နက် စစ်ဆေးပွဲများ လုပ်တတ်သည်။ မိမိလက်နက် ပြောင်လက်သန့်ရှင်းနေပြီး သေနတ်ပြောင်းကို ထောင်ကြည့်သောအခါ သေနတ်ပြောင်းဟာ ပြောင်လက်နေရမည်၊ မဲမှောင်နေသော အကွက်မရှိရ၊ နောက်ဆုံး လက်နက်မသန့်ရှင်းလျှင် ကိုင်စွဲသူမှာ စစ်သားကောင်းမပီသဟူသော အယူအဆဖြင့် ထိုသူ၏ဂုဏ်သိက္ခာပင် ထိခိုက်စေတော့သည်။
လက်နက်ရိုသေမှုနှင့် ပတ်သက်၍ ကျနော်တို့ ယခုအထိစွဲမှတ်နေသောအဖြစ်အပျက်တခုကို ကျနော်မှတ်မိနေ၏၊ တနေ့စစ်လေ့ကျင့်ခန်းတွင် ကျနော်တို့ထဲမှ ရဲဘော်တယောက် သူကိုင်သောစက်သေနတ်ကလေးမှ ဝက်အူတခုပြုတ်ကျပြီး လက်နက်မှာ ကိုင်လို့မကောင်းဖြစ်နေ၏၊ ထိုရဲဘော်က ထိုကိစ္စကို ထိတ်လန့်စွာနှင့်သတင်းပို့၏၊ ဤတွင် ဆရာက သင်တန်းတခုလုံးကိုရပ်စဲစေပြီး ထိုဝက်အူကလေးကို ရှာဖွေရန် လုပ်တော့၏၊ ကျနော်တို့စစ်လေ့ကျင့်နေသော ဘောလုံးကွင်းလောက်ကျယ်သည့် မြေကွက်လပ်ပေါ်တွင် ကွက်လပ်အစွန်းတဖက် နှုတ်ခမ်းစပ် တွင် ကျနော်တို့အားလုံး လက်တကမ်းတန်းစီရပ်ပြီး မြေကြီးပေါ်လေးဘက်ထောက်စေကာ မိမိရှေ့တည့်တည့်ကွက်လပ်မြေကြီးပေါ် လက်ဖြင့် ကိုင်တွယ်စမ်းသပ်စေပြီး တဖြည်းဖြည်း လေးဘက်ထောက်သွားကာ ရှာဖွေခိုင်း၏၊ ကွက်လပ်ဆုံး၍မတွေ့သေးရင် ကျန်သေးသော ကွက်လပ် ဘက်သို့ တဆင့်တိုးချဲ့တန်းစီပြီး လေးဘက်ထောက် ချီတက်ရှာဖွေခိုင်း၏၊ ဤနည်းဖြင့် ကွင်းအဆုံးနားရောက်သောအခါ ထိုဝက်အူကို ရဲဘော် တယောက်က ရတော့၏၊ ဤတွင်မှ လက်နက်ရှာဖွေရေးလုပ်ငန်းပြီးတော့၏၊

လက်နက်ကို ရိုသေလေးစားမှုမှာ အရေးကြီး၏၊ စစ်ပွဲတွင်လက်နက်တခုချွတ်ယွင်းသွားလျှင် ထိုလက်နက်ကိုင်သူ ရဲဘော်သာ ကြီးစွာထိခိုက် သွားရုံမက တခါတရံအဆင်မသင့်လျှင် တတပ်လုံးနှင့်စစ်ပွဲကိုပါ ထိခိုက်နိုင်သည်ဖြစ်၍ မိမိလက်နက်ကို မိမိအသက်လို ဂရုစိုက်ထိန်းသိမ်း စေရ၏၊

“၁၄ ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့”ကျနော်၏ဆောင်းပါးတွင် အောက်ပါအတိုင်းရေးသားထားသည်ကို ဖော်ပြလိုက်ပါသည်။
“ထိုအတွင်း (ဟိုင်နန်ကျွန်း စစ်သင်တန်းအတွင်း) ဂျာမဏီက ရုရှားကိုစစ်ကြေညာကြောင်း သတင်းကြားရ၏၊ ဂျပန်ဆရာများ မျက်နှာ မကောင်းလှ၊ ၎င်းတို့သည် ၁၉၃၆-၃၉ ခုနှစ်များအကြားတွင် ရုရှားတို့နှင့် မွန်ဂိုးလီးယား-မန်ချူးနယ်စပ်တို့ နယ်ခြားစစ်ပွဲများ ပြင်းထန်စွာ ဖြစ်ခဲ့ဖူး၏၊ ထိုကတည်းက ရုရှားတို့ကို တုန်လှုပ်ခဲ့ဟန်တူ၏၊ ၎င်းတို့၏ အာရှစစ်ဆင်ရေး မူလအစီအစဉ်များကို ပြန်လည်ချိန်ဆနေရဟန်တူ၏၊ ထို့ကြောင့် ကျနော်တို့ ဗမာပြည်ပြန်ရေးပြဿနာမှာ တမျိုးတဖုံဖြစ်လာ၏၊ ယင်းနှင့်ပတ်သက်၍ ကျနော်၏မှတ်တမ်းတွင်….(၂၂/၆/၄၁) ဂျာမန်နှင့်ရုရှား စစ်ဖြစ်သောသတင်းကြားရ၏၊ ထိုကိစ္စကြောင့် ကျုပ်တို့လုပ်ငန်းကြီး ရှေ့မည်မျှရှည်လျားဦးမည်ကို မခန့်မှန်းနိုင်ချေ၊ ၎င်းတို့ ကိုယ်တိုင် ဝမ်းတွင်းသဘော အတော်စိုးရိမ်ပူပန်လျက်ရှိသည်။ သို့ရာတွင် ၎င်းတို့က ထိုကိစ္စဘာမှပူစရာမရှိ၊ ဂျာမဏီက ရုရှားကို လျင်မြန်စွာ နိုင်လိမ့်မည်၊ ကျုပ်တို့အလုပ်သာလုပ်ဟု ဟန်ပြစကားပြောသည်။

နောက်မကြာမီ မစ္စတာမီနာမီ (ဗိုလ်မိုးကြိုး)ဟိုင်နန်ကျွန်းသို့လာပြီး “ရုရှားဂျာမန်စစ်ကြောင့် ကမ္ဘာကြီးအလွန်အလုပ်ရှုပ်နေကြောင်း။ ကျနော်တို့စစ်သင်တန်းကို ရှေ့သို့တိုးပြီးသင်ကြားရမည်”ဟုပြောသွားသည်။ ဤကိစ္စကိုထိုစဉ်က ကျနော်တို့ပူပင်သောကရောက်ခဲ့ရသည်။ အကယ်၍ တစုံတခုသောအကြောင်းကြောင့် ကျနော်တို့ကို(ဗမာပြည်) ပြန်မလွှတ်ခဲ့သော် လက်စတုံးဖျောက်ဖျက်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့အရိပ်အခြေကို ထိုစဉ်က အမြဲ အကဲခတ်နေခဲ့ရ၏၊”

0 comments:

Post a Comment