Sunday, February 1, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၇)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၇)
(၅)

ကျနော်တို့ဒုတိယအသုတ် တိုကျိုမြို့တွင် တပတ်ခန့်လည်ပတ်ပြီးနောက် ထိုမှ ကျနော်တို့စစ်ပညာသင်ရမည့် တရုတ်ပြည်မှ ဂျပန်တို့သိမ်းပြီး တိုက်ယူထားသော ဟိုင်နန်ကျွန်းသို့သွားရန် ပြင်ဆင်ကြပါသည်။

ကျနော်တို့ကို စစ်ပညာသင်ရန် ဗမာပြည်မှခိုးထုတ်ကြသောဂျပန်အဖွဲ့၏ခေါင်းဆောင်မှာ စူဇူကီး(ခေါ်)ဗိုလ်မိုးကြိုး ဖြစ်ပါသည်။ ဂျပန်စစ်တပ်မှ ဗိုလ်မှူးကြီးတဦး ဖြစ်ပါသည်။

ကျနော်တို့ ဒုတိယအသုတ် ၇ ယောက်သည် ဟိုင်နန်ကျွန်းသို့ တိုကျိုမှဂျပန်ရေတပ်၏တိုက်လေယာဉ်ငယ်များဖြင့် သွားကြရသည်ထင် ပါသည်။ လေယာဉ်တွင် ကျနော်တို့အတွက်ထိုင်ခုံမရှိ ကြမ်းပေါ်တွင်လဲလျောင်းပြီးသာ စီးသွားရသည်။

ဟိုင်နန်ကျွန်းသို့ ကျနော်တို့ ၁၉၄၁ ခုနှစ် မေလ ၁ဝ ရက်မှာ ကောင်းစွာရောက်ကြသည်။ နောက်ကျနော်တို့ စစ်ပညာသင်ယူရမည့်စခန်းသို့ ကျနော်တို့ ရောက်ပါတော့သည်။ စခန်းတွင်ဂျပန်စစ်ပညာသင်ရန် စောစွာကတည်းကရောက်နေသော သခင်အောင်ဆန်း။ သခင်လှမြိုင် (ဗိုလ်ရန်အောင်)တို့နှင့် ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်သို့ ပြန်ပြီးခေါ်ယူလာသော ၁၉၄၁ ခုနှစ် မတ်လအတွင်း ဂျပန်ပြည်သို့ ရောက်လာ ကြသည့် ကျနော်တို့အရင် ပထမအသုတ်မှလူများ သခင်လှဖေ (ဗိုလ်လက်ျာ)။ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)။ သခင်အေးမောင် (ဗိုလ်မိုး)။ သခင်ဗဂျမ်း(ဗိုလ်လရောင်) တို့ကို ဝမ်းမြောက်စဖွယ်တွေ့ရတော့သည်။ ဗမာပြည်သတင်းများ အပြန်အလှန်ပြောကြတော့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်းပထမသုတ်မှလူများမှာ  ဟိုင်နန်ကျွန်းသို့ ၁၉၄၁ ခု ဧပြီလ အတွင်းကတည်းက ရောက်နေကြသည်။

ကျနော်တို့ စစ်ပညာသင်ယူရမည့်စခန်းမှာ ဟိုင်နန်ကျွန်းရှိ ဂျပန်ရေတပ်စခန်း၏အနောက် အတွင်းဘက် ၄ မိုင်လောက်ကွာသောနေရာ “စန်းယ”ဟူသောရွာအနီးတွင် ရှိပါသည်။ မော်တော်ကားလမ်း အကြမ်းရှိသည်။ ဂျပန်ရေတပ်မှ ရိက္ခာများကားဖြင့်သယ်ယူ စားသောက်ကြ ရပါသည်။

စခန်းတွင် အရှည်ပေ ၂၅ဝ အကျယ် ၃၅ပေလောက်ရှိ လူနေ ဗဟိုတန်းလျားကြီးတခုနှင့် လက်နက်ရုံ။ မီးဖိုချောင်အဆောင်။ ထမင်းစား ဆောင်။ ရေချိုးရန်နေရာ။ မြင်းဇောင်းကလေးတခု ရှိပါသည်။ ဗဟိုလူနေတန်းလျားကြီး၏ခေါင်းရင်းဘက် အစွန်ခန်းများတွင် ဂျပန်စစ်သင်တန်း ဆရာများနေပြီး ကျန်တန်းလျားကြီးအပိုင်းတခုလုံး ကျနော်တို့သင်တန်းသားများ နေထိုင်ကြပါသည်။ တန်းလျားကြီးတွင် တဖက်လျှင် ၁၅ ပေခန့် ကျယ်သော လူ နေနိုင်။ အိပ်နိုင်သော စင်မြင့်ရှည်ကြီး၂ ခု မျက်နှာချင်းဆိုင်ရှိပြီး အလယ်တွင် ၅ ပေလောက်ကျယ်သော လမ်းလျှောက်လမ်း ရှိပါသည်။ အောက်ခြေသမံတလင်း ခင်းထား၍ စင်မြင့်မှာ ၃ ပေ လောက်သာမြင့်ပါသည်။ အခန်းတွင်း စစ်သင်တန်း ပို့ချချက်များကို ထိုလူနေပြီး အိပ်နိုင်သောစင်မြင့်ပေါ်တွင် သင်ကြားပို့ချကြပါသည်။ ၎င်းလူနေစင်မြင့်ရှည်ကြီး၂ ခုပေါ်တွင် ဂျပန်တို့ လုပ်လေ့ လုပ်ထဖြစ်သော ကောက်ရိုးမွေ့ရာခင်းထား၍ နူးညံ့သန့်ရှင်း နေပါသည်။

ကျနော်တို့ စခန်းရောက်ပြီးမကြာမီ ချက်ချင်းလိုပင် (တတိယအသုတ်နှင့် စတုတ္ထအသုတ်များ မရောက်မီ) စစ်သင်တန်းများ စရန် စီစဉ် ပါတော့သည်။

ကျနော်တို့ သင်တန်းသားများကို ၃ ဖွဲ့ခွဲဖွဲ့လိုက်ပါသည်။ “ဒိုင်းအိပန်”ခေါ် ပထမအဖွဲ့။ “ဒိုင်းနိဟန်”ခေါ် ဒုတိယအဖွဲ့။ “ဒိုင်းစန်ပန်”ခေါ် တတိယအဖွဲ့တို့ဖြစ်ပါသည်။ ထို ၃ ဖွဲ့ခွဲထားသော်လည်း စစ်ပညာအခြေခံနှင့် တပ်စုတိုက်ပွဲ။ တပ်ခွဲတိုက်ပွဲစသော ကွင်းဆင်းစစ်လေ့ကျင့်ရေး တိုက်ပွဲများမှာ အတူတူတဖွဲ့တည်းသင်ကြားရပါသည်။

ဒိုင်းအိပန်ခေါ် ပထမတပ်ဖွဲ့သည် ဗဟိုအဓိကတိုက်ခိုက်ရေး ပင်မစစ်တပ်များကို ဖွဲ့စည်းခေါင်းဆောင်ရန်အတွက်ရည်ရွယ်ပြီး သမရိုးကျ ဆန်သောတိုက်ပွဲများကို အလေးထားသင်ယူရသည်။ ဒိုင်းနိဟန်ခေါ် ဒုတတိယတပ်ဖွဲ့သည် အဓိက ရန်သူ့နယ်အတွင်းလှုပ်ရှားရသော ပြည်တွင်းသူပုန်လှုပ်ရှားမှုအတွက်ပါရည်ရွယ်ပြီး မိုင်းခွဲဖျက်ဆီးသောအတတ်ပညာများ စုံစမ်းထောက်လှမ်းရေးနည်းပညာလုပ်ငန်းများပါ အထူးသင်ကြားပေးသည်။ ဒိုင်းစန်ပန်ခေါ် တတိယတပ်ဖွဲ့သည် တော်လှန်ရေးကိုဦးဆောင်နိုင်မှုအတွက် စစ်တပ်ဖွဲ့စည်းပုံများ စစ်ဘက် နယ်ဘက် အထွေထွေအုပ်ချုပ်ရေးဆိုင်ရာတို့ကို အထူးသင်ကြားပေးသည်။

ကျနော်တို့ ဂျပန်စစ်ပညာသင် ပထမအသုတ်နှင့် ဒုတိယအသုတ်တို့ စစ်ပညာသင်တန်းစတင်ပြီး မကြာမီပင် ဂျပန်စစ်ပညာသင် တတိယ အသုတ်ဖြစ်သော ကိုလှမောင် (ဗိုလ်ဇေယျ)။ သခင်စံမြ(ဗိုလ်တောက်ထိန်)။ သခင်ခင်မောင်ဦး(ဗိုလ်တာရာ)တို့၃ ဦး ကျနော်တို့စခန်း ဟိုင်နန်ကျွန်းသို့ ထပ်ပြီးရောက်လာသဖြင့် ကျနော်တို့နှင့်ရောနှောပြီး ကျနော်တို့နှင့် စစ်ပညာများဆက်သင်ရသည်။

ကျနော်တို့စစ်ပညာသင်ကြားမှု ၂ လလောက်ကြာပြီးသောအခါ ဂျပန်စစ်ပညာသင် စတုတ္ထအသုတ်ဖြစ်သော သခင်ထွန်းအုပ်။ သခင်ရှုမောင် (ဗိုလ်နေဝင်း)။ သခင်စံလှိုင်(ဗိုလ်အောင်)။ သခင်ထွန်းခင်(ဗိုလ်မြင့်ဆွေ)။ သခင်ငွေ(ဗိုလ်စောအောင်)။ သခင်သစ်(ဗိုလ်စောနောင်)။ သခင်ထွန်းလွင်(ဗိုလ်ဗလ)။ သခင်ကျော်စိန်(ဗိုလ်မိုးညို)။ ကိုလှ(ဗိုလ်မင်းရောင်)။ ကိုသန်းညွန့်(ဗိုလ်ဇင်ယော်)။ ကိုမောင်မောင်(ဗိုလ်ဉာဏ)။ ပေါင်း (၁၁)ယောက်တို့ နောက်ဆုံး ၁၉၄၁ ခုနှစ် ဇူလိုက်လတွင် ထပ်ပြီး ဂျပန်သို့ရောက်လာရာ ၎င်းတို့ထဲတွင် သခင်ထွန်းအုပ်မှလွဲ၍ ကျန်လူ (၁ဝ)ယောက်စလုံးတို့သည် စစ်ပညာသင်ယူရန် ဟိုင်နန်ကျွန်း ကျနော်တို့စခန်းသို့ ၁၉၄၁ ခုနှစ် သြဂုတ်လ ၁၁ ရက်တွင်ရောက်လာပြီး ဂျပန်စစ်ပညာသင် ပထမ။ ဒုတိယ။ တတိယ အသုတ်တို့နှင့်ပူးပေါင်းပြီး စစ်ပညာများသင်ယူကြသည်။ ၎င်းစတုတ္ထအသုတ်မှာ ကျနော်တို့ ရှေ့ဦးအသုတ်များနှင့် မပူးပေါင်းမီ သူတို့ (၂)လလောက်နောက်ကျနေ၍ သူတို့ချည်းနောက်ကျနေသော စစ်သင်ခန်းစာများကို သီးသန့် (၂) ပတ်ကျော်လောက် အမြန်သင်ကြားပေးပြီးမှ ကျနော်တို့ရှေ့ဦးအသုတ်များနှင့်ပူးပေါင်းပြီး သင်ကြားရသည်။

နောက်သခင်ဗစိန်။ သခင်ထွန်းအုပ်တို့၏ တို့ဗမာသခင်အစည်းအရုံးမှ သခင်အောင်သန်း(ဗိုလ်စကြာ)သည် တဦးတည်းလိုက်ပို့သော ဂျပန်တဦးနှင့်အတူ ဟိုင်နန်ကျွန်းသို့ တတိယသုတ်မရောက်မီကလေးတွင် ရောက်ရှိလာပြီး ကျနော်တို့နှင့်လာပေါင်းကာ စစ်ပညာသင်သည်။

နောက်ကိုဆောင်း(ဗိုလ်ထိန်ဝင်း)မှာ ရဲဘော်သုံးကျိပ်တွင်(ဖော်မိုဆာတွင်ကွယ်လွန်ခဲ့သော) သခင်သန်းတင်နှင့်သခင်ထွန်းအုပ်တို့ကဲ့သို့ ဟိုင်နန်ကျွန်းသို့ ဂျပန်စစ်ပညာသင်ရန်ရောက်မလာဘဲ စစ်ပညာမသင်ဖြစ်ကြပေ၊

ရဲဘော်သုံးကျိပ် ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ယူရာတွင် အောက်ပါအတိုင်း တပ်ဖွဲ့(၃)ဖွဲ့။ ဖွဲ့စည်းပြီး စစ်ပညာသင်ယူကြသည်။
တပ်ဖွဲ့(၁) တွင် -သခင်အေးမောင်(ဗိုလ်မိုး)၊ သခင်ဗဂျမ်း(ဗိုလ်လရောင်)၊ သခင်စံလှိုင်(ဗိုလ်အောင်)၊ သခင်စံမြ(ဗိုလ်တောက်ထိန်)၊ သခင်လှမြို(ဗိုလ်ရန်အောင်)၊ သခင်ထွန်းလွင်(ဗိုလ်ဗလ)၊ သခင်ရွှေ(ဗိုလ်ကျော်ဇော)၊ သခင်စိုး(ဗိုလ်မြင့်အောင်)၊ သခင်တင်အေး (ဗိုလ်ဘုန်းမြင့်)၊ ကိုအောင်သိန်း(ဗိုလ်ရဲထွဋ်)၊ ကိုလှ(ဗိုလ်မင်းရောင်)၊ ကိုမောင်မောင်(ဗိုလ်ဉာဏ)၊ ကိုသန်းညွန့်(ဗိုလ်ဇင်ယော်) တို့ ပါဝင်သည်။

တပ်ဖွဲ့(၂) တွင် - ကိုထွန်းရှိန်(ဗိုလ်ရန်နိုင်)၊ သခင်စောလွင်(ဗိုလ်မင်းခေါင်)၊ သခင်သန်းတင်(ဗိုလ်မြဒင်)၊ သခင်ထွန်းရွှေ(ဗိုလ်လင်းယုန်)၊ သခင်ခင်မောင်ဦး(ဗိုလ်တာရာ)၊ ကိုလှမောင်(ဗိုလ်ဇေယျ)တို့ ပါဝင်သည်။

တပ်ဖွဲ့(၃) တွင် - သခင်အောင်ဆန်း(ဗိုလ်တေဇ)၊ သခင်လှဖေ(ဗိုလ်လကျာ်)၊ သခင်အောင်သန်း(ဗိုလ်စကြာ)၊ သခင်ရှုမောင်(ဗိုလ်နေဝင်း) တို့ ပါဝင်သည်။
မှတ်ချက်(၁) - ဗိုလ်နေဝင်းကို တပ်မတော်သမိုင်းစာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းတို့၏ အဖွဲ့(၃)တွင် ထည့်ထားပါသည်။ ကျနော်မှတ်မိသလောက်က ဗိုလ်နေဝင်းဟာ တပ်ဖွဲ့(၂)  ပြည်တွင်းသူပုန်အဖွဲ့တွင်ပါဝင်သည်ဟု မှတ်မိနေပါသည်။
မှတ်ချက်(၂) - သခင်အောင်ဆန်း၏ဗိုလ်နာမည်ကို ဗိုလ်တေဇဟု နာမည်ပေးထားသော်လည်း အများက ဗိုလ်ချုပ်အောင်ဆန်းဟုသာ ခေါ်ကြ ပါသည်။
ဟိုင်နန်ကျွန်း စစ်ပညာသင်တန်းလေ့ကျင့်ရေးမှူး ဂျပန်ဆရာတို့၏ ဖွဲ့စည်းပုံမှာ

(၁) စစ်လေ့ကျင့်ရေးမှူးချုပ်အဖြစ် (ကပ္ပတိန်)ဗိုလ်ကြီးကာဝါရှီးမား ဖြစ်သည်။ သူသည် ဂျပန်ပြည် ဂျပန်တပ်မတော်တွင် စစ်သူရဲကောင်း အမှတ်(၆)ဘွဲ့ရ သူရဲကောင်းဖြစ်သည်။ တရုတ်တို့နှင့်တိုက်ပွဲမှာ မျက်နှာတွင်ဒဏ်ရာရသဖြင့် ပါးတဖက်စောင်းပြီး အရုပ်ဆိုးနေသည်။ ဂျပန်ပြည်သူနှင့် ဂျပန်စစ်တပ်၏ချစ်ခင်လေးစားခြင်း ခံရသူဖြစ်သည်။ စိတ်သဘောထား ကြံ့ခိုင်တည်ငြိမ် ပြေပြစ်သူဖြစ်ပြီး တကယ့် စစ်သားကောင်းတယောက်၏ သွင်ပြင်လက္ခဏာရှိသူဖြစ်သည်။ သူ့ကိုကျနော်တို့ကအရုပ်ဆိုး၍“သူရဲ” ဟု နာမည်ဝှက်ပေးပြီး ခေါ်ဝေါ်ကြ သည်။ လေးလည်းလေးစားကြသည်။

(၂) ကျနော်တို့အမှတ်(၁)တပ်ဖွဲ့ ဂျပန်လေ့ကျင့်ရေးမှူးမှာ လက်ဖတင်နင် (ဗိုလ်)ဟာတိုရီ ဖြစ်သည်။ သူသည်စကားနည်းပြီး အေးအေး ဆေးဆေးနေတတ်သူ ဖြစ်သည်။ စစ်ပညာသင်ကြားရေးတွင် များစွာအာရုံစိုက်ပြီးလုပ်ကိုင်သူ ဖြစ်သည်။ တိုက်ပွဲ စစ်သင်တန်းများပြီးလျှင် ထိုတိုက်ပွဲနှင့်သင်တန်းအားလုံးအပေါ် ရှည်လျားစွာ ဝေဖန်သုံးသပ်ချက်များပေးတတ်သည်။ ကျနော်တို့ ဂျပန်စကားနားမလည်လို့သာ နားလည်ကြရင် တန်ဖိုးများစွာရှိမည်ဖြစ်သည်။ သူသည် ကာဝါရှီမားလို မခန့်ညားသော်လည်း အေးဆေးသော ဂျပန်စစ်သားကောင်း၏ သွင်ပြင်လက္ခဏာရှိသူဖြစ်သည်။ သူဒေါသထွက်တာကို မတွေ့ဖူးချေ၊ သူ့ကိုကျနော်တို့က “မင်းသားကြီး”ဟု နာမည်ဝှက်ပေးထားပြီး ချစ်ခင် ကြသည်။

(၃) အမှတ်(၁)တပ်ဖွဲ့၏ ဒုတိယလေ့ကျင့်ရေးမှူးမှာ လက်ဖတင်နင် (ဗိုလ်)အီဇူးမီးယား ဖြစ်သည်။ သူက ကျနော်တို့နှင့် သင်တန်းချိန်အတွင်းမှာ ရော သင်တန်းချိန်အပမှာရော ရင်းနှီးစွာဆက်ဆံတတ်သောသူ ဖြစ်သည်။ သူသည် စစ်ဗိုလ်ရုပ်လက္ခဏာထက် ကျောင်းဆရာတယောက်၏ သွင်ပြင်လက္ခဏာရှိသူ ဖြစ်သည်။ အပြောအဆို ပြေပြစ်ချောမောသူဖြစ်သည်။

(၄) ကျနော်တို့အမှတ်(၁)တပ်ဖွဲ့တွင် ဂျပန်တပ်ကြပ်ကြီးလေ့ကျင့်ရေးဆရာ “မောရိ”နှင့် “ကိုနိုဆု” ဟူသောဆရာ ၂ ယောက်လည်းရှိသည်။ မောရိမှာ နည်းနည်းခက်ထန်ပြီး ကိုနိုဆုမှာ ဆက်ဆံရေးပြေပြစ်သူဖြစ်သည်။

(၅) အမှတ်(၂)တပ်ဖွဲ့၏ ဂျပန်လေ့ကျင့်ရေးဆရာတွေကိုတော့ ကျနော်ကောင်းစွာ မသိချေ၊ လေ့ကျင့်ရေးမှူးမှာ လက်ဖတင်နင် (ဗိုလ်)ဟာရာ ဖြစ်သည်။ ထူးခြားသောအသွင်အပြင်မတွေ့ရ။ သာမန်ဂျပန်စစ်ဗိုလ်ပဲဟုသာ အဝေးမှထင်ရသည်။

(၆) အမှတ်(၃)တပ်ဖွဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့တပ်ဖွဲ့၏လေ့ကျင့်ရေးမှူးမှာ လက်ဖတင်နင် (ဗိုလ်)ဆူဇူကီး ဖြစ်သည်။ လူနည်းနည်းပိန်ပြီး အရပ်ပုသည်။ သူသည် တည်တည်ကြည်ကြည်မနေတတ် သွက်သွက်လက်လက်သွားလာ လှုပ်ရှားတတ်သည်။ ရယ်ရယ်မောမောနှင့် ရောရောနှောနှော ပေါ့ပေါ့ပါးပါးပြောဆိုနေထိုင်တတ်သည်။ ၎င်းသည်ဂျပန်စစ်ဗိုလ်နှင့်မတူ ကုန်သည်နှင့်ပိုပြီးတူသည်။
သူသည် စစ်ကြီးပြီးနောက် ဗမာပြည်သို့ အလုပ်ကိစ္စနှင့်တခေါက်ရောက်လာရာ ကျနော့်မှာတပ်မတော်မှပင်စင်ယူပြီး ရန်ကုန်။ စမ်းချောင်းအိမ် တွင်နေစဉ် ကျနော့်အိမ်သို့လာရောက်လည်ပတ်သဖြင့် ကျနော်က နောက်နေ့ ညစာဖိတ်ကျွေးလိုက်သည်။ ဖော်ဖော်ရွေရွေနှင့် လာရောက်စား သောက်သွားသည်။

(၇) ဂျပန်စစ်ပညာသင်ဆရာများအကြောင်း အမျိုးမျိုးအဖုံဖုံရှိနေကြသော်လည်း ၎င်းတို့တွင် တူညီသောစိတ်ဓာတ်အခြေခံတခု ရှိနေပုံရသည်။ ၎င်းမှာ ကာနယ်ဆူဇူကီး (ဗိုလ်မိုးကြိုး)မှအစ အားလုံးလိုလိုတွင် မိမိတို့ဂျပန်လူမျိုးများသည် အခြားလူမျိုးများထက်မြင့်မြတ်သည်ဟူသော အယူအဆလွဲမှုတခု အနည်းအများရှိနေကြပုံရ၍ အခြေခံမောက်မာကြသည်။

0 comments:

Post a Comment