ဖေဖော်ဝါရီ တတိယပတ်ထဲ
ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၂) မျိုးမြင့်ချို
(ဆဲရင် ဆဲတယ်မှတ်)
ကျနော့်ခံစားမှုနဲ့အတူ ကျနော်တွေးမိတာတွေ
သူများသိစေချင်လို့ ပြန်ရေးပြန်ပြောတဲ့အခါတိုင်း အမြင်တူသူ/မတူသူ၊၊
ကြိုက်သူ/မကြိုက်သူ၊ ဆဲသူ/ချီးမွမ်းသူ၊ ထောက်ပြ/ထေ့ငေါ့သူ၊
ကလိသူကလော်သူတွေရှိမှာဆိုတာ အမြဲနှလုံးသွင်းပါတယ်။ ပြောလိုက်တဲ့အကြောင်းအရာနဲ့
တိုက်ရိုက်/သွယ်ဝိုက် ဘယ်လိုမှဆက်စပ်မှုမရှိပဲ ပြောတာဆိုတာတွေကြတော့
နားလည်ဖို့ကြိုးစားတာထက် ဖတ်ပြီးမေ့ပျောက်လိုက်ဖို့ပဲ အားထုတ်ပါတယ်။
ချီးမွမ်းသံကြားတိုင်း အားတက်ပြီးကြေနပ်နှစ်သက်မိသလို ဆဲဆိုသံကြားရင်တော့
နားရောစိတ်ပါ မအီမသာ ဖြစ်ရတာလည်းအမှန်ပါ။ ကြိုက်လည်းမကြိုက်
နှစ်လည်းမနှစ်သက်ပါ။ ဒါပေမယ့် ဆဲဆိုနေစေဦး ကျနော် တုန့်ပြန်ခဲပါတယ်။ (သိတ်
အမြင်မတော်လောက်အောင် ရိုင်းပြခက်ထန်တာမျိုး ရုန့်ရင်းကြမ်းတမ်းတာမျိုးဆိုရင်တော့
တခါတည်းအပြီး Block ပါတယ်။ ကျနော့်အပေါ်လည်း မိတ်ဆွေတို့ နှုန်းစံသတ်မှတ်ချက်တွေအရ
လက်ခံလို့မဖြစ်ရင်မဖြစ်သလို ဆုံးဖြတ်လုပ်ကိုင်ကြပါ။ အားမနာစေချင်ပါ) ကျနော့်ဘက်က
ပြန်မတုန့်ပြန်တာက အရေးမလုပ်တာ ဂရုမစိုက်တာဆိုတဲ့ သဘောလုံးဝမဟုတ်သလို
ဥပေက္ခာစိတ်ထားနိုင်လောက်အောင် စိတ်ရင့်ကျက်လို့လည်း မဟုတ်ပါ။ အဓိက ကတော့
“ကိုယ်တောင် လွတ်လပ်စွာ ရေးသားပြောဆိုထုတ်ဖော်ချင်လို့ ထောင်ထဲသွား ၁၅ နှစ်လောက်
ဒုက္ခခံခဲ့သေးတာပဲ။ သူတို့လည်း လွတ်လပ်စွာ ပြောကြဆိုကြ(ကုန်ကုန်ပြောရရင်
ဆဲချင်ရင်ဆဲကြ) ပါစေဆိုတဲ့စိတ်အခံထားလို့ပါပဲ။ နောက်တချက်က အချိန်ပါ။ ကျနော့်မှာ
ဘဝလက်ကျန်အချိန်က တစတစနည်းနည်းလာပါပြီ။ ခုပဲ ၅၀ စွန်းလာပါပြီ။ အကျယ်အကျယ်
မငြိမ်းဖွယ်တွေ ပြန်တုန့်ပြန်နေတာထက် ဆက်လေ့လာစရာ ရေးစရာပြောစရာတွေအတွက်
အချိန်ဖဲ့မပေးချင်တော့တာပါ။
(အမေမခေါ်တဲ့
အာဂလူ)
မနေ့က ခုတလောခေတ်ထနေတဲ့
စစ်တိုင်းအမှတ်တံဆိပ်လေး ပရိုဖိုင်လ်ပြောင်းတင်လိုက်သူတယောက်က “ဒေါ်စုကို အမေ
ခေါ်ရအောင် ငါ့အဖေမယားမှ မဟုတ်တာ”တဲ့။ ကျနော့်ကို ချက်ဘောက်စ်ကနေပြောတယ်။
ကျနော်က “ကျနော်လည်း တခါမှတော့ သူ့ကို
အမေမခေါ်ဖူးပါဘူး။ အဖေ့မယားမဟုတ်လို့ မခေါ်တာတော့ မဟုတ်ပါဘူး။ ကျနော်တို့
ခေတ်တုန်းကတော့ အန်တီလို့ခေါ်ခဲ့ကြတာပဲ။ ခု ဒီဘက်ပိုင်းကြ သူ့ကိုအမေခေါ်ကြတာက
အသက်အရွယ်အရရော မြန်မာဆန်လိုမှုကြောင့်ရော အမေအရင်းလိုချစ်ခင်အားကိုးပြီး
ဂါဝရပြုချင်တာကြောင့်ရောနေမယ် ထင်တယ်ဗျ။ သူကိုယ်တိုင်ကလည်း တခါတခါကြရင် အမေက အမေကနဲ့ပြောသံ ကြားတာပဲ။ သူလည်း
နှစ်သက်ပုံပဲဗျ”လို့ ပြန်ပြောဖြစ်တယ်။
ဒီတော့ သူက “အိုဗျာ ကျုပ်ကတော့
ကိုယ့်အမေအရင်းလည်းမဟုတ် ကိုယ့်အဖေရဲ့ နောက်မယားလည်းမဟုတ်တဲ့ ဘယ်မိန်းမကိုမှ
အမေမခေါ်နိုင်ဘူး”တဲ့။ ဒါနဲ့“မခေါ်ချင်လည်း မခေါ်နဲ့ပေါ့ဗျာ။ မခေါ်မနေရမှ မဟုတ်တာ”လို့
ကျနော်ပြန်ပြောရင်း အတွေးပေါက်လာတာနဲ့ “ဒါနဲ့ နေပါဦး ဟိုနေ့က
ဗိုလ်ချုပ်အောင်ဆန်းရာပြည့်တွေ တခြိမ်းခြိမ်းနဲ့ ပဲပြုတ်နံပြားတွေအုံးအုံးထတော့
ခင်ဗျားလည်း ဖခင်ဗိုလ်ချုပ်တို့။ တပ်မတော်ဖခင်ကြီးတို့ခေါ်တာပဲလေ။ သူလည်း ခင်ဗျားအဖေ
ဒါမှမဟုတ် ခင်ဗျားအမေ့လင်မှ မဟုတ်တာဘဲ။ ဘာလို့ ဖခင်တွေဘာတွေ ခေါ်ရတာတုန်းဗျ“
လည်းဆိုရော
“ငါ-ိုးမသား ခြေပြတ် ဒုက္ခိတကောင်”
လို့ပြောပြီး Block သွားတယ်ဗျာ။ တကယ့်လူ။
(စစ်သားလည်း မုန်းရတယ်)
စစ်တပ်ကို မမုန်းဘူး
စစ်အာဏာရှင်စနစ်ကိုသာမုန်းတာဆိုတဲ့အပြောဟာ အင်္ဂလိပ်ကိုမမုန်းဘူး နယ်ချဲ့စနစ်ကိုသာမုန်းတာဆိုတာရဲ့
ကြောင်းတူသံကွဲမျှသာပဲ။
ခုဆို ဒီ “စစ်တပ်ကိုမမုန်းဘူး
စစ်အစိုးရကိုသာမုန်းတာ” ဆိုတဲ့ဝါဒဖြန့်ချိမှုဟာ အရပ်သားအယောင်ဆောင်
ဒီမိုကရေစီအရေခြုံစစ်အုပ်စုက အတော်လေး နှလုံးခွေ့နေပြီ။ ဖွဲ့စည်းပုံ၊ လွှတ်တော်၊
အရပ်ဝတ်သမ္မတ၊ ရွေးကောက်ပွဲနဲ့ပါတီတွေဖန်တီးထားပြီး ကိုယ့်ကိုယ်ကို
အရပ်သားအစိုးရတံဆိပ်ကပ်ထားသူတွေအဖို့ တကယ့်ကို နှလုံးပီတိဂွမ်းဆီထိဖြစ်လာတယ်။
ပြောလိုက်တိုင်း “အရင် အစိုးရ၊ အရင်
စစ်အုပ်ချုပ်ရေး၊ အရင်စစ်အာဏာရှင်စနစ်” စတာတွေကို ကိုယ်တိုင် လှိုင်လှိုင်သုံးရုံမက
အဖွဲ့အစည်းတချိုရဲ့ခေါင်းဆောင်တချို့ အတိုက်အခံဆိုသူတချို့ရဲ့
ပါးစပ်ထဲခွံ့မျိုချခိုင်းထားပြီး လိုအပ်တဲ့အချိန် ပြန်အန်ထုတ်ခိုင်းလို့ရသည်အထိ
စေစားထားနိုင်တာလည်း မြင်နေရတယ်။
စစ်အစိုးရကိုမုန်းတယ်ဆိုတဲ့အနက်ဟာ
လက်ရှိအစိုးရကိုမုန်းတာဆိုတဲ့အဓိပ္ဗါယ်မပေါက်အောင် ဖာထေးဖန်တီးရာရောက်ပြီး
စစ်အာဏာရှင်စနစ်လို့ပြောလိုက်ရင် လက်ရှိစစ်အစိုးရကို ကွယ်ပေးရာရောက်နေတယ်
သဘောသွားကိုက။
ခုဆို ဒီစကားကို
လက်ရှိသေနတ်ကိုင်ထားတဲ့စစ်သားကရော အရပ်ဝတ်စစ်အစိုးရကရော တွင်တွင်ဖြန့်လာတာ
သတိထားမိတယ်။ ကိုယ့်လူ(လို့ဆိုရမယ်ထင်တဲ့)တချို့လည်း
မသိသားဆိုးရွားပါလာတာတွေ့ရတယ်။ မသိမသာ ခေါင်းအကိုင်ခံနေရတဲ့သဘောများလားလို့တောင်
ထင်ချင်စရာဖြစ်ရတယ်။
အမှန်က
အင်္ဂလိပ်ရဲ့နယ်ချဲ့စိုးမိုးမှုကိုခံရလို့သာ အင်္ဂလိပ်ကို လူမျိုးအရရော နိုင်ငံရေးအရရော
မုန်းတီးရတာပဲ။ အဲ့သလို လူရောစနစ်ရောကိုမုန်းတီးလို့သာ
နယ်ချဲ့ဆန့်ကျင်ရေးလုပ်နိုင်တာပဲ။ မမုန်းရင် ဘယ်နှယ်မှ လုပ်မရဘူး။ တခုပဲ တော်လှန်ဆန့်ကျင်ရာမှာ
မုန်းတီးမှုဟာ မရှိမဖြစ် လိုကိုလိုတယ် ရှိကိုရှိမှရတယ်။ ဒါပေမယ့်
မုန်းတီးမှုတခုတည်းနဲ့တော့ အဆုံးစွန်အောင်ပွဲအထိ မျှော်လင့်တိုက်ပွဲဝင်လို့မရဘူး။
မုန်းတီးမှုကို နိုင်ငံရေး သဘောတရားရေးအတွေးအခေါ်လက်နက် တပ်ဆင်ပေးနိုင်မှသာ
လိုရာပြီးမြောက် အောင်ပွဲခံရတာမျိုးပဲ။
တော်လှန်ရေးအတွက် မုန်းတီးမှုဟာ
မရှိမဖြစ်လိုသလို ဖိနှိပ်သူကို မုန်းတီးမုန်းတီးတတ်အောင် သင်ပေးပြပေးရှင်းပေးရတာ
ဖွင့်ချပြရတာတွေလုပ်ရတာပဲ။ ဖိနှိပ်အုပ်စိုးသူကို လူအရရော နိုင်ငံရေးအရ(စနစ်အရ)ရော
မုန်းတတ်မှရတယ်။
ဆိုတော့ ဖိနှိပ်အုပ်စိုးသူဟာ စစ်တပ်ကိုင်ပြီး
ဖိနှိပ်ဗိုလ်ကျတာဆို သူ့အတွက်အသုံးတော်ခံနေတဲ့၊ လူထုကိုဖိနှိပ်နေတဲ့
စစ်တပ်စစ်သားကိုပါ မုန်းမှရလိမ့်မယ်။ ဒီစစ်တပ် ဒီစစ်သားဟာ အစိုးရရဲ့
ဖိနှိပ်ရေးယန္တယားထဲမှာ တက်တက်ကြွကြွ ပင်စည်ပင်မဒေါက်တိုင်ဖြစ်နေတယ်ဆို
အဲ့ဒီစစ်တပ်နဲ့ အဲ့ဒီစစ်သားကို မုန်းမှကိုရမယ်။ အဲ့ဒီ
ဖိနှိပ်ရေးစစ်တပ်နဲ့စစ်သားတွေရှိနေလို့ ဒီ စစ်အာဏာရှင်စနစ်နဲ့
စစ်အစိုးရသက်ဇိုးရှည်နေတာပဲ။
ဆိုတော့ နိုင်ငံရေး၊ စည်းရုံးရေးအမြင်အရ
နည်းနာအရ စစ်တပ်ထဲက လူထုဘက်ရပ်တဲ့ အစိတ်အပိုင်း(စစ်ဗိုလ်စစ်သား)တွေကို စည်းရုံးတာ၊
ပူးပေါင်းလာရင်နွေးနွေးထွေးထွေး ကြိုဆိုတာတွေ၊ လှိုက်လှိုက်လှဲလှဲလှဲတွေနဲ့ တကယ့်ကို
နှစ်နှစ်ကာကာချစ်ရမှာဖြစ်သလို လူထုဖိနှိပ်နေတဲ့ ဘယ်စစ်တပ်
ဘယ်စစ်ဗိုလ်စစ်သားကိုမဆို ခါးခါးသီးသီးမုန်းမှဖြစ်မယ်။ မမုန်း မုန်းတတ်အောင်တောင်
ပြောပြရှင်းပြ ခွဲခြမ်းစိတ်ဖြာတောင်ပြရမှာပဲ။
ကျနော်လည်း စစ်သားလုပ်ခဲ့တာပဲ။ ကျနော်လည်း
စစ်အာဏာရှင်တွေအတွက် ဒေါက်တိုင်ဖြစ်ခဲ့တာပဲ။ ဒါပေမယ့် လူဒဏ်ရာစိတ်ဒဏ်ရာတွေနဲ့အတူ
ပြည်တွင်းစစ်ရဲ့အနိဌာရုံတွေ ကိုယ်တိုင်တွေ့ကြုံခံစားရပြီး သိမြင်သွားတဲ့အချိန်မှာ
စစ်အာဏာရှင်၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တယားကိုချိုးဖဲ့ရာမှာ နိုင်သလောက်
ပါခဲ့တာပါပဲ။ စစ်သားတွေအကုန် ကျနော်ပါသလိုပါရမယ်လို့ မတောင်းဆိုသလို
ပါလာလိမ့်မယ်လို့လည်း ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။ လူထုဘက်က အပြတ်ရပ်ခံပါဝင်တာ
မလုပ်နိုင်သေးရင်တောင်၊ မပါနိုင်ရင်တောင် လူထုကိုဖိနှိပ်နေတဲ့
စစ်တပ်ကစစ်သားတယောက်အဖြစ် ကိုယ့်ကိုယ်ပြန်မြင်ပြီး ပြုမူပြောင်းလဲမယ်ဆိုရုံနဲ့တင်
လူထုက စစ်သားကိုချစ်မှာပဲ။ စစ်တပ်ကို ချစ်မှာပဲ။
အဲ့ဒီအချိန်နဲ့အခြေအနေကြတော့မှ လူထုကနေ
“စစ်တပ်နဲ့စစ်သားတွေကို မမုန်းဘူး” လို့ပြောတဲ့နေရာမှာ
“စစ်တပ်နဲ့စစ်သားတွေချစ်တယ်” လို့ အတိအလင်း မသွယ်မဝိုက်ပြောမှာဖြစ်သလို
“စစ်အာဏာရှင်စနစ်ကို ခုထက်ကို ပိုမုန်းတယ်”လို့ပြောသံ ခင်ဗျားတို့နားနဲ့
မုချဆတ်ဆတ်ကြားရလိမ့်မယ် စစ်သားတို့။
ကျနော်ကတော့ စစ်အာဏာရှင်စနစ်ရဲ့
ပင်စည်ပင်မဒေါက်တိုင်နေရာကနေ လူထုဖိနှိပ်ရေးကို စိတ်ပါလက်ပါ
တက်တက်ကြွကြွအကောင်အထည်ဖော်ပေးနေတဲ့ ဘယ်စစ်သားဘယ်စစ်တပ်ကိုမဆို မုန်းတယ်။
(သစ်ပင်ငိုသံ)
သစ်ပင်တွေ ညည်းပါတယ်။ အသံထွက်ပြီးကို ညည်းတာမျိုးပါ။
ဒီမှာ Ever Green လို့ခေါ်တဲ့
ထင်းရှူးလိုအပင်မျိုးတွေဟာ
ဟေမန္တမှာ
ဆောင်း ဘယ်လောက်အေးအေး၊
နှင်း ဘယ်လောက်ဖုံဖုံ၊
ရေ ဘယ်လောက်ခဲခဲ၊
လေ ဘယ်လောက်စိမ့်စိမ့်၊
ကျောက်သားလို့ ခန့်ထည်မှုမျိုး၊
ပေလို တေတေပေပေပေခံနိုင်ရည်မျိုးနဲ့ ကျောက်ထီးတန္တုပမာပြု ရှင်သန်နေထိုင်ကြတာပဲ။
ဟေမန္တမှာ
ဆောင်း ဘယ်လောက်အေးအေး၊
နှင်း ဘယ်လောက်ဖုံဖုံ၊
ရေ ဘယ်လောက်ခဲခဲ၊
လေ ဘယ်လောက်စိမ့်စိမ့်၊
ကျောက်သားလို့ ခန့်ထည်မှုမျိုး၊
ပေလို တေတေပေပေပေခံနိုင်ရည်မျိုးနဲ့ ကျောက်ထီးတန္တုပမာပြု ရှင်သန်နေထိုင်ကြတာပဲ။
တခြားအပင်တွေလို နွေမှာဝေ၊ Fall မှာ ကြွေ၊
Winter မှာ အသေကောင်လို ယော်ယော်ရွေရွေ မနေတာဆိုလို့ သူတို့သာပဲ။ ဘယ်တော့မှ
ကိုင်းမခြောက်တာဆိုလို သူတို့သာပဲ။ ရာသီကို လှန်နိုင်သူဆိုလို့ သူတို့သာပဲ။
စိမ်းလန်းခြင်းနဲ့ နှင်း၊ နွေ၊ ရေခဲ၊
လေခဲ၊ မြေခဲ အရာရာခဲကျသွးချိန်မှာ သူတို့ ပင်စည်ကို သွားထိကြည့် ခင်ဗျားခန္ဓာမှာ
အနွေးဓာတ် စိမ့်ဝင်လာစိမ့်။
ခင်ဗျားသွေး နိုးကြားလေစိမ့်။
ခင်ဗျားအတွေး မအေးခဲလေစိမ့်ငှာ သူတို့သာ စွမ်းသာတယ်။
ခင်ဗျားသွေး နိုးကြားလေစိမ့်။
ခင်ဗျားအတွေး မအေးခဲလေစိမ့်ငှာ သူတို့သာ စွမ်းသာတယ်။
ကြိုက်သလောက်အေး သူတို့ မငိုဘူး၊ သူတို့
မညည်းဘူး၊ သူတို့ သွေးမခဲဘူး။
သူတို့ဟာ ကျနော့် စံ၊ သူတို့ဟာ ကျနော် မာန်။ သူတို့ မငို သူတို့မညည်း လောကဓံသည်းသမျှ ခံနိုင်ရည်ရှိလိမ့်။
သူတို့ဟာ ကျနော့် စံ၊ သူတို့ဟာ ကျနော် မာန်။ သူတို့ မငို သူတို့မညည်း လောကဓံသည်းသမျှ ခံနိုင်ရည်ရှိလိမ့်။
လောကဓံကြံ့ကြံ့ခံနေနိုင်သူတွေမို့
သူတို့ကြည့်ပြီး အားမွေးရအားကျရနဲ့ ကိုယ့်ဘဝကို “တည်”ယူခဲ့ရ။ ကိုယ့်စံပြုရာတွေမို့
ကြုံသမျှအဆိုး မညည်းမငြူခံရှာလေလိမ့်မယ် အတွေးအထင်ဟာ မှောက်မှားမှုဖြစ်ကြောင်း
ခုသိပြီ။ တက်တက်စင်အောင်လွဲပြီ။
ဒီမနက် အအေးချိန် ၂၀ လောက်ကနေ ရေခဲမှတ်နား
ဖြတ်ကနဲကပ်သွားချိန်၊ကြက်ပေါက်လေးတွေကြည့်ရင်း အပြင်ထွက်လိုက်တော့ သစ်ပင်တွေ။
ကျနော် ဘယ်တော့မှ မငိုဘူးထင်ခဲ့တဲ Ever Green တွေ ငိုသံကြားတယ်။ ငိုသံကြားခဲ့တယ်။ ငိုသံတွေ ချုံးချုံးချပဲ။ ငိုသံတွေ ဝက်ဝက်ကွဲပဲ၊ ငိုသံတွေ ရှိုက်ကြီးတငင်ပဲ။
ကျနော် ဘယ်တော့မှ မငိုဘူးထင်ခဲ့တဲ Ever Green တွေ ငိုသံကြားတယ်။ ငိုသံကြားခဲ့တယ်။ ငိုသံတွေ ချုံးချုံးချပဲ။ ငိုသံတွေ ဝက်ဝက်ကွဲပဲ၊ ငိုသံတွေ ရှိုက်ကြီးတငင်ပဲ။
ငိုသံတွေ။
ငိုသံတွေ။
ငိုသံတွေ။
ငိုသံတွေ။
ငိုသံတွေ။
သံပြိုင်
အသံတွေအပြိုင်
အသံတွေပြိုင်တယ်။
အသံတွေအပြိုင်
အသံတွေပြိုင်တယ်။
သစ်ပင်တွေကို ထိရင်း
သူတို့သွေးခုန်သံနားထောင်ရင်း
သူတို့နဲ့အတူ ဘဝကိုချရင်း
ကျနော်ငိုတယ်။
သူတို့သွေးခုန်သံနားထောင်ရင်း
သူတို့နဲ့အတူ ဘဝကိုချရင်း
ကျနော်ငိုတယ်။
ငိုတာမှ ရှိုက်ကြီးတငင်။
ငိုတာ မှ သိမ့်သိမ့်လှိုက်။
ငိုတာမှ ကြူကြူပါ။
ငိုတာ မှ သိမ့်သိမ့်လှိုက်။
ငိုတာမှ ကြူကြူပါ။
ကျနော်မှားပြီ။ အေးလွန်းလို့
ခဲကျရသွားတဲ့သစ်ပင့်ငိုသံ ဗြစ်ဗြစ် ဗြစ်ဗြစ်တွေ ကျနော်ကြားပြီ
ရုတ်ချည်းအေးခဲသွားတဲ့ သစ်ကြွက်သားတွန့်လိမ်ကွေးကောက် ကြွက်တက်သံတွေ ကျနော်ကြားတယ်။
ရုတ်ချည်းအေးခဲသွားတဲ့ သစ်ကြွက်သားတွန့်လိမ်ကွေးကောက် ကြွက်တက်သံတွေ ကျနော်ကြားတယ်။
သစ်ပင်တွေ သေပြီ။
ခု
ခု
သစ်ပင်တွေတွေသေပြီ
ခု
ခု
သစ်ပင်တွေသေပြီ
သေနေပြီ။
(လောက်ကိုက်တဲ့ကြက်ခြေနီ)
ဟိုတလောက သတင်းတခုမှာ တွေ့လိုက်တယ်။
ဗမာနိုင်ငံကြက်ခြေနီကို သူ့မူလကောင်းမြတ်တဲ့ရည်ရွယ်ချက်တွေလုပ်ဆောင်တဲ့နေရာမှန်မှာ
ပြန်ထားဖို့ပြောထားတာ။ ကောင်းတယ် ကောင်းတာမှအလွန့်ကို ကောင်းတာမှန်တာပဲ။
ထောက်ခံတယ် အဲ့ဒီအဆိုကို။
နိုင်ငံတကာကြက်ခြေနီအဖွဲ့ကြီးလို မွန်မြတ်တဲ့ရည်ရွယ်လုပ်ဆောင်ချက်တွေအတွက်ဖြစ်ရမယ့်
ဗမာ့ကြက်ခြေနီဟာ စစ်အုပ်စုအဆက်ဆက်မှာ လူထုဖိနှိပ်ရေးယန္တယားကြီးထဲ အရံအင်အားအဖြစ်
မသိမသာကနေ သိသိသာသာသွတ်သွင်းအယူခံလိုက်ရတာ အထင်အရှားပဲ။ မီးသတ်တပ်ဖွဲ့လည်း
အလားတူပဲ။ ဘာလေးဖြစ်လိုက်ဖြစ်လိုက် ကြက်ခြေနီနဲ့မီးသတ်၊
အရန်မီးသတ်တွေအပါအဝင် လုံခြုံရေးအကြောင်းပြချက်နဲ့ လူထုလူထုခြင်း
သွေးခွဲခြိမ်းခြောက် အင်အားပြအနိုင်ကျင့်ဖို့ ထုတ်သုံးခဲ့တာချည်းပဲ။
ကြက်ခြေနီအဖွဲ့ခေါင်းဆောင်တွေကြည့်လိုက်ရင်လည်း အစိုးရကတိုက်ရိုက်ခန့်တဲ့
အစိုးရဝန်ထမ်းတွေအများစုပဲ။ တနည်းပြောရရင် လူသားထု လူမှုကောင်းကျိုးချမ်းသာ
အနာရောဂါသက်သာစေရေး ဒါနပြုကောင်းမှုရွက်အဖွဲ့အစည်းကြီးဟာ
စစ်အုပ်စုအဆက်ဆက်အုပ်စိုးမှုအောက်မှာ ဖိနှိပ်ရေးကိရိယာတခုသဖွယ် အသုံးချခံခဲ့ရတာပဲ။
ခုလောက်ကိုင်မှာ ကြက်ခြေနီအပစ်ခံရတယ်။
စစ်ပွဲသွား စစ်မြေပြင်သွားပြီး အရပ်သူအရပ်သား ကလေးသူငယ် သက်ကြီးရွယ်အို ဘယ်သူ့မှမကျန်
ကူညီစောင့်ရှောက်လိုက်မယ် ဖေးမလိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်
စစ်စစ်မှန်မှန်နဲ့သွားလို့ ခုလိုဖြစ်ရတာဆို ကျူးလွန်သူကို
ပြစ်တင်ရှုတ်ချဆန့်ကျင်ထိုးနှက်ဖို့ပဲ။ အဲ့သလို မဟုတ်ပဲ ကြက်ခြေနီအလံတင်
ကြက်ခြေနီလက်ပတ် ပတ်ပြီး အရပ်သားတွေထဲဝင် ကလိန်းကလက်လုပ်ဖို့ သတင်းနှိုက်ဖို့
ကေလဟလလွှင့် ဝါဒဖြန်ဖို့ဆိုရင်တော့ အဲ့သလိုကြက်ခြေနီ သေနတ်မှန်ရုံမကလို့
ဘာဖြစ်ဖြစ် သိတ်တော့စိတ်ထိခိုက် ခံစားစရာမရှိဘူး မှတ်ထားပါ။
စစ်နဲ့တိုက်ရိုက်မသက်ဆိုင်တဲ့
လက်နက်မဲ့အရပ်သားကို ဘယ်စစ်တပ်က ဘယ်စစ်သားက ပစ်လို့မှန်မှန် ထိထိ သေသေဖြစ်တယ်ဆို
အပြတ်ဆန့်ကျင်တယ်။ ခုလည်း လက်နက်မဲ့အရပ်သား (ကြက်ခြေနီ)တယောက် အပစ်ခံရတာအတွက်တော့
ရှုတ်ချတယ်။ ကြက်ခြေနီဖြစ်ခြင်း မဖြစ်ခြင်းထက် လက်နက်မဲ့အရပ်သားဖြစ်နေခြင်းအတွက်ပဲ။
ပြည်တွင်းစစ်တလျှောက်လုံးမှာ စစ်ကြောင့်၊
စစ်တပ်ကြောင့် လူသူမနီးတောတောင်တွေထဲမှာ စစ်တပ်ရဲ့ အနိုင်ကျင့်နှိပ်စက် မုဒိန်းကျင့်လူသတ်
ပစ္စည်းလုယက် ရွာမီးလောင်တိုက်သွင်းခံရတဲ့ အရပ်သူအရပ်သားတွေ နည်းလှမို့လား။ အနမတဂ္ဂ
ရေလို့တောင်မနိုင်ဘူး။ ဒါမျိုးတွေကြ ထုတ်ဖော် ပြစ်တင်ဆန့်ကျင်ရှုတ်ချဖော်မရပဲ
ဘာရည်ရွယ်ချက်နဲ့သွားမှန်း သေချာဃဏမခန့်မှန်းနိုင်တဲ့ ကြက်ခြေနီတဦး သေနတ်မှန်တာကြ
ပုံကြီးချဲ့လွန်းနေတာ သွေးရိုးသားရိုးမှဟုတ်ပါလေစ။
အဲ့သလို ပုံကြီးချဲ့ပြီး
နိုင်ငံတကာကြက်ခြေနီတို့ လခြမ်းနီတို့လိုအဖွဲ့အစည်းကြီးတွေဆီ မျက်ရည်ချူဆီထိုးပြီး
အကူအညီလက်ဝါးဖြန့်ဖို့ရည်ရွယ်ချက်ရော ဘယ်လောက်ပါမပါ တပ်အပ်သေချာ မပြောနိုင်ဘူး။
တခုပဲ လက်နက်မဲ့အရပ်သူအရပ်သား
ဘယ်သူ့ကိုမဆို ဘယ်ဘက်က ပစ်ပစ် ပစ်တယ် သေတယ် ဒဏ်ရာရတယ်ဆို ဆန့်ကျင်တယ်။
ကြက်ခြေနီမှမဟုတ်ဘူး။
0 comments:
Post a Comment