Saturday, February 7, 2015

New Burma စာစောင်လုပ်ကြတဲ့အကြောင်း (မျိုးမြင့်ချို)

0 comments
New Burma စာစောင်လုပ်ကြည့်ကြတဲ့အကြောင်း
၂ဝ၁၄ ဒီဇင်ဘာ တမနက်ခင်း။ ကိုရဲဝင်းလတ်နှင့် ဖေ့စ်ဘွတ်ခ်ပေါ်မှာ စကားလက်ဆုံ၏။ အမှန်က တမြို့တည်းနေသူတွေ။ စကားလက်ဆုံက အပြင်မှာလည်း ကြ ကြဖို့ကောင်း၏။ သို့သော် မကြ။ ကွန်မြူနတီကိစ္စ ဟိုကိစ္စ ဒီကိစ္စတွေဖြင့် သွားတိုင်းလာတိုင်း ရှောင်မလွတ်သူများ၊ တနေရာမဟုတ်တနေရာ ဆုံနေကြသူများ၊ နေကောင်းလား ဘာတွေလုပ်နေလဲစတာတွေနှင့် ခြေပြလက်ပြနှင့် ပြီးပြီးပြေပြေဘဝများ။ အမေရိကန်သည် လူတချို့အဖို့ အလ္လပသလ္လပပြောရန် အချိန်ဆင်းရဲ၏။ ဗမာပြည်မှာ တချိန်တုန်းက ပိုခဲ့သည့်အချိန်များ ခုနေခါ ရင်းစားပြန်လိုချင်နေမိ၏။

သူက Good Morning တလုံးပြောပြီးတလတကြိမ်ထုတ် ဒေသအခြေခံ သတင်းစာတစောင်လောက်လုပ်မလို့ စီစဉ်ကြည့်နေတာဗျ၊ အဲ့ဒါတိုင်ပင်ချင်လို့၊ ပြီးတော့ ကိုမျိုးမြင့်ကိုလည်း ပါစေ့ချင်တယ်။ အခြေခံကတော့ သတင်းပေါ့ဗျာ၊ ဖေါ့တ်ဝိန်းသတင်း၊ အင်ဒီယားနားသတင်းနဲ့ အမေရိကန်ပြည်ထောင်စုသတင်းတွေပေါ့၊ ဗမာပြည်သားတွေနဲ့ အဆက်အစပ်ရှိပြီး စိတ်ဝင်စားမယ်ထင်တာတွေပေါ့လေ။ စိတ်ကူးကြည့်တာပါ။ လွတ်လပ်ပြီးအမှီခိုကင်းတဲ့ အဖွဲ့အစည်းတခုခုရဲ့ သြဇာအရိပ်နဲ့လွတ်တဲ့ဟာမျိုးပေါ့ဗျာ၊ တနေ့လောက်ဆုံပြီး ပြောကြရအောင်ဗျာ၊ လေလောဆယ်စာစောင်ထုတ်လို့ရအောင် ပရင်န်တာလည်းဝယ်ထားတယ်ဗျ။ ထုတ်ဖြစ်ရင် စာစောင်လေးကို လီးဂယ်လ်ဆိုက်ဇ်နဲ့ မျက်နှာလောက်က စကြည့်ချင်တယ်။ အဲ့ဒီဆိုက်ဇ်ဆို ဒီပရင်န်တာနဲ့ ရိုက်လို့ဖြစ်တယ်ဗျ။ နောက်တော့လည်း အခြေအနေအရ ကြည့်ကြက်လုပ်ရမှာပေါ့လေ။ စိတ်ဝင်စားမယ့် အခြားသူတွေလည်း လက်လှမ်းမီသလောက်ဖိတ်မယ်လေ။ ခုလောလောဆယ်တော့ ခင်ဗျား၊ ကျနော်၊ ကိုစိုးချိန်၊ ကိုချိုတူး(ဆောင်းယွန်းလ) ချမ်းမှိုင်းအောင်နဲ့ ဓာတ်ပုံအတွက် ကိုခင်မောင်လေးတို့ဖိတ်ပြီး ဆုံကြရအောင်ဗျာ။ အခြား ခင်ဗျားဖိတ်ချင်တဲ့သူတွေ၊ ပါလာနိုင်မယ်ထင်တဲ့သူတွေရှိလည်း ဖိတ်ပါ။ ဆုံပြီး စကားပြောကြ ဆွေးနွေးကြည့်ကြ တာပေါ့ဟု တရစပ်ပြောချသွား၏။ သူ့ စိတ်အားထက်သန်မှု၊ ပိုင်းဖြတ်ချက်ရှိမှုနှင့် ပြင်ဆင်ထားနှင့်မှုများကြားပြီး ချီးကျူးမိသော်လည်း အံ့တော့ မအံ့သြမိ။

မအံ့သြရတာက အကြောင်းရှိ၏။ ကျနော် အမေရိကန်ရောက်ပြီး လတွင် လူမှုကူညီရေး လုပ်ငန်းများ စလုပ်၏။ အစုအဖွဲ့တွေနှင့်လုပ်ရမှာမို့ အစုဖွဲ့ဆိုင်ရာအစည်းအဝေးတွေ ဆွေးနွေးပွဲတွေ လှိုင်လှိုင်တက်ရသွားရ၏။ ဤတွင် သူနှင့် စဆုံ၏။ လူငယ်။ နိုင်ငံရေးအမျိုး။ အင်ဒီယားနားပြည်နယ်တက္ကသိုလ်(ဘလူမင်တန်)တွင် ကျောင်းတက်နေဆဲ။ လူမှုရေးလုပ်ငန်းများ အားသွန်ခွန်စိုက်လုပ်နေသူ စသည်ဖြင့်။ နောက်တော့ လူမှုရေးလုပ်ငန်တွေမှာ ကျနော်က စေတနာ့ဝန်ထမ်းအဖြစ် တနေ့ နာရီနှင့် တပတ် ရက်လုပ်သလို သူတို့ကလည်း Burmese Advocacy Center (မြန်မာပြည်သားများအကျိုးတော်ဆောင်အသင်း)အမည်နှင့် လူမှုကူညီရေး Non-Profit အေဂျင်စီလုပ်ကြ၏။ ရုံးကလည်း စုပေါင်းရုံးကြီးတရုံးတည်း၏ တမိုးတည်းအောက်မှာ လုပ်ကြတာဖြစ်သလို ကူညီကြသည့် အလုပ်တွေကလည်းမနီးရိုးစွဲမို့ တဦးနှင့်တဦး တဖွဲ့နှင့်တဖွဲ့ ယိုင်းယိုင်းပင်းပင်း။ မြို့နှင့်ဆိုင်သည့် မြန်မာကွန်မြူနတီ နှင့်ဆိုင်သည့်အစည်းအဝေးများ ဆွေးနွေးပွဲများ အခမ်းအနားများ အထိမ်းအမှတ်နေ့များ လှုပ်ရှားမှုများ ရန်ပုံငွေရှာပွဲမျာ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ  ပျော်ပွဲရွှင်ပွဲများပါမကျန် သူနှင့်အမြဲလိုလိုဆုံ၏။

ကျနော်က လူမှုရေးသာလုပ်နေသော်လည်း စိတ်က နိုင်ငံရေးဘက် အတိမ်းအညွှတ်ပိုများ၏။ မှတ်တမ်းရုပ်ရှင် ကိစ္စကလည်း ရှိနေ၏။ဖူးပွင့်ဝေမဂ္ဂဇင်းကိစ္စလည်းရှိနေ၏။ ဂိုးလ်ဒင်န်းမွန်း တီဗီတွင်လည်း ထူထောင်သူတွေထဲတဦး ဖြစ်နေသဖြင့် အလုပ်ပိ၏။ ဒီကြားထဲ အသောက်အစား ကလည်းရှိသေး၏။ အဆိုးဆုံးက ဘယ်တုန်းကရခဲ့မှန်း မသိခဲ့သည့် စိတ်ကျဝေဒနာ တချက်ချက်ဝင်လာလျှင် အလုပ်ပျက်အကိုင်ပျက် အတွေးပျက် ပျက်ကာ စိတ်သောင်စဉ်ရေမရ လူကြိုးမဲ့စွန်လို လွင့်ချင်ရာလွင့်ကာ မျောချင်သလောက်မျောနေတတ်၏။ အိမ်ထောင်လည်း မကျသေး။ ပြီးတော့ ခရီးသွားရတာလည်း ဝါသနာထုံ၏။ သွားလည်းသွား၏။ တနေရာရာတွင် ကျောက်မချပဲ အမေရိကန်တဝှမ်းလှည့်ရင်း လူ့အခွင့်အရေးကိစ္စ ပြည်တွင်းနိုင်ငံရေးကိစ္စတွေပြောရင်း လည်နေတာများ၏။ သူက ထိုသို့မဟုတ် ဖင်မြဲ၏။ ငြိမ်နေအောင်လုပ်တတ်သူ။ စိတ်နောက်ကိုယ်ပါ နည်း၏။

သတင်းစာလုပ်ချင်သည်ကို ကျနော် စိတ်ဝင်စားတာအမှန်။ ဆုံပြီးပြောချင်တာလည်းအမှန်။ မြန်မာပြည်သား ထောင်နီးပါး စုစုခဲခဲနေသည့်အရပ်တွင် ဗမာစာဖြင့် မြို့ခံသတင်းစာလေး တစောင် ဖြစ်စေ့ရှိစေ့ချင်တာလည်း အမှန်။ လုပ်မည်ဆို နိုင်သလောက်လုပ်ရင်း ဖြစ်တန်သလောက်တော့ဖြစ်မည်ထင်တာလည်း အမှန်။ လုပ်ချင်ကိုင်ချင်စိတ် ရှိတာလည်း အမှန်။

သို့သာ် တွေးရမှာတွေများ၏။ မြန်မာလူ ထောင်တွင် မြန်မာစာ ဘယ်နှယောက်ဖတ်သနည်း။ သတင်းတွေ အလျှံပယ်နေသည့်အရပ်တွင် ဗမာလိုသတင်းဆို့ဇ်တခု ထပ်လိုပါဦးမလား။ လောလောဆယ် အိတ်စိုက်မှန်သော်လည်း ရေရှည်ဖို့ဆိုတာ နောက်က ငွေ၊ လုပ်အားနှင့် ပါဝင်ရေးသားလုပ်ဆောင်သူတွေအတွက် ခံစားခွင့်လေးရှိမှဖြစ်မည်။ ထို ငွေအတွက် ကွန်မြူနတီအပေါ် လူတွေအပေါ်မှီခိုလို့မဖြစ်။ ဖူးပွင့်ဝေတုန်းက အတွေ့အကြုံလည်း ရှိထားနှင့်၏။ တခြားကိစ္စတွေလည်း ရှိသေး၏။ ဖြစ်ပါ့မလားစိတ်က နေရာဝင်ဝင်ယူသော်လည်း ကိုရဲဝင်းလတ်၏ စိတ်ထက်သန်မှုနှင့် စိုက်ထုတ်ကြိုးပမ်းမှုက ကျနော့် သို့လောသို့လောတွေအပေါ် ယတိပြတ်ဆုံးဖြတ်ချက်ချရန် တွန်းအားဖြစ်နေ၏။ ဤတွင် ဆုံကြတာပေါ့ဗျာ။ ဘယ်နေ့ ဘယ်နေရာဆိုကာ စကားဖြတ်လိုက်ကြ၏။

ဤသို့ဖြင့် ကိုစိုးချိန်(သစ္စာမဂ္ဂဇင်း) ကိုရဲဝင်းလတ်၊ မမင်းမြင့်နန်းတင်နှင့် ကျနော်တို့()ဦးသား မျက်နှာချင်းဆိုင်ကြ၏။ ကိုရဲဝင်းလတ်က သူ နမူနာ အစမ်းပရင်န့်ထုတ်လာသည့် မျက်နှာ လီးဂယ်လ်ဆိုက် New Burma monthly ထုတ်ပြတော့ ကျနော် သူ့စိတ်ထက်သန်မှုနှင့် ပြင်ဆင်ထားမှုအတွက်ကိုအောင်မြင့်ထွန်း(ဘုန်းကြီးလေး)က ခနဝင်ထိုင်ပြီး သူလည်း နိုင်သည့်ဘက်မှဝင်ကူမည်ဟုဆိုပြီး ထက်ထက်သန်သန်တိုက်တွန်းကာ ကိစ္စရှိသဖြင့် ပြန်သွား၏။ အခြား ဖိတ်ကြားထားသူများ ခရီးလွန်နေသူလွန်နေ၏။ မအားမလပ်သူ မအားကြ။ ရှိသည့်လူဖြင့် ဖြစ်အောင် စကြမယ်ဟုတွေးကာ ကျနော်တို့ စကားတွေပြောကြ၏။ အလုပ်တွေခွဲကြ၏။ ဤစာစောင်လေးကို လောလောဆယ် တလတကြိမ်ထုတ်မည်။ အယ်ဒီတာများအဖြစ် ကိုစိုးချိန်၊ ကိုရဲဝင်းလတ်နှင့် ကျနော်တို့တာဝန်ယူ မည်။ မမင်းမြင့်နန်းတင်က ထုတ်ဝေသူအဖြစ်နေမည်။ ကြော်ငြာကိစ္စ မားကတ်တင်န်းကိစ္စတွေ သူတာဝန်ယူလုပ်မည်။ သူက လက်ရှိလည်း မြန်မာအကျိုးတော်အသင်းတွင် အမှုဆောင်ညွှန်မှူး၊ ပြီးတော့ မြို့ နိုင်ငံရေးအဝန်းအဝိုင်းနှင့်ရော အေဂျင်စီပေါင်းစုံ ကွန်မြူနတီပေါင်းစုံနှင့်ပါ မပြတ်ထိတွေ့နေရပြီး အဆက်အသွယ်လည်းများ၏။

ခုတော့ ရှိသမျှ ဤလူဖြင့်စမည်။ နောက်ပိုင်း အခြားသူတွေလည်း ထပ်ဖိတ်ခေါ်မည်။ တိုးချဲပြင်ဆင်မည်ဟု ဆုံးဖြတ်ဖြစ်ကြ၏။ နည်းပညာကိစ္စကျင်လည်သူတွေ အကူအညီလည်း လိုသည်။ ဤသို့ဖြင့် ကျနော်တို့ အိပ်မက်တွေထဲက အိပ်မက်ငယ်တခုအဖြစ် New Burma လစဉ်ထုတ်စာစောင်လေး ထွက်လာ၏။ ပုံနှိပ်အနေဖြင့် စောင်ရေ (၁ဝဝ) အီးဗားရှင်န်းအနေနှင့် အီးမေးလ်တွေကနေဖြန့်မည်။ နောက်ပိုင်း ဝဘ်ဆိုက်လေးတခုပါ လုပ်ကြမည်ဟုတွေးကြ၏။

အယ်ဒီတာအဖွဲ့အီးမေးလ်မှာ thenewburmaeditor@gmail.com ဖြစ်ပြီး ဓါတ်ပုံများအတွက် ကိုခင်မောင်လေး၊ ကိုမင်းရေအဦး၊ ကိုအာယုနှင့် ကိုအောင်မြင့်ထွန်း။ ဒီဇိုင်းအတွက် ဂဖါး၊ ငြိမ်းချမ်းကျော်၊ ဝဏ္ဍိုင်း။ ဖြန့်ချိရေးအတွက် ကိုဇော်လင်းဦး၊ ကိုရဲထွဋ်နိုင်၊ ကိုအာယု၊ ကိုအောင်မြင့်ထွန်းတို့ တာဝန်ယူကြပါတယ်။ လောလောဆယ်မှာတော့ တာဝန်ယူ လုပ်နေကြသူတွေရော၊ စာဝင်ရေးပြီး မြေတောင်ကူမြှောက်သူတွေကိုရော စာမူပူဇော်ခများ မချီးမြှင့် နိုင်သေးပါ။ ဝိုင်းဝန်းကြသူအားလုံးကို ကျေးဇူးတင်ပါသည်ဆိုသည့်စကားထက် ပိုလေးမြတ်ပြီး ဂုဏ်ပြုအပ်သည့်ဝေါဟာရှိလျှင် ဖော်ပြချင်သော်ငြားမစွမ်းသာသဖြင့် ကျေးဇူးတင်ပါကြောင်းထပ်ပြောပါရစေဟု ခွင့်တောင်းပါ၏။
မျိုးမြင့်ချို

ဖေဖော်ဝါရီ ၂ဝ၁၅

0 comments:

Post a Comment