ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၉)
ဂျပန်များနှင့် ဆက်ဆံရေးမပြေပြစ်ခြင်း
ထိုအတွင်းဂျပန်များနှင့် ကျနော်တို့ဆက်ဆံရေးမှာ စစ်သင်တန်းစောစောပိုင်းကလိုမဟုတ်တော့ဘဲ တဖြည်းဖြည်းဆိုးဝါးလာ၏၊ စောစောပိုင်းက ဧည့်သည်လိုသဘောထားသော်လည်း နောက်ပိုင်းတွင်လက်အောက်ခံ နိုင်ငံခြားသားများကဲ့သို့ဆက်ဆံလာတော့၏၊ ဤကိစ္စမျိုးနှင့်ပတ်သက်၍
ကျနော်၏ ဒိုင်ယာရီတနေရာတွင် ရေးသားထားပုံမှာ
“ဤအပြုအမူမှာ လူယဉ်ကျေးတို့၏ အပြုအမူမဟုတ်ချေ၊ တင့်ထဲရှိ ဂျပန်တိုင်းလိုပင် ထိုအပြုအမူမျိုးကို တိုက်ရိုက်မဟုတ်သော်လည်း တခါတရံမသိမသာပြုမူသည်။ ကျုပ်ဂျပန်ပြန်ရောက်ခါစ တိုကျိုမြို့ထဲလည်ပတ်စဉ်တွေ့ကြုံရသော ဂျပန်လူမျိုးတို့ယဉ်ကျေးခြင်းကို အလွန် အံ့သြမိသည်”ဟု ညည်းတွားထားပါသည်။
ဟိုင်နန်ကျွန်းမရောက်မီ ဂျပန်ပြည်တွင် ခေတ္တဝင်ရောက်လည်ပတ်စဉ်က ဂျပန်လူမျိုးများ များစွာယဉ်ကျေးဖေါ်ရွေခဲ့သည်ကို နှိုင်းယှဉ်၍ အံ့သြမိခြင်းဖြစ်သည်။ ၎င်းတို့၏ ဆက်ဆံရေးမှာ နောက်ပိုင်းကျလေပိုမိုဆိုးလေ ဖြစ်လာ၏၊ ထိုစဉ်က ကျနော်တို့ အမျိုးမျိုးစိတ်ကူးကြသည်။
ဟိုင်နန်ကျွန်း ကမ်းရိုးတလျှောက်တွင် တံငါရွက်လှေကြီးများရှိ၏၊ ယင်းလှေကြီးများကိုတိတ်တဆိတ်စီးနင်းသိမ်းပိုက်ပြီး ဗမာပြည်နှင့်နီးသော အင်ဒိုချိုင်းနားသို့ ထွက်ပြေးနိုင်မလား၊ ဟိုင်နန်ကျွန်းတွင် စခန်းချထားသော ဂျပန်ရေတပ်။ လေတပ်ကြီးအောက်မှ လွတ်မြောက်နိုင်မလား၊
တဖန်ထိုအချိန်တွင် ဟိုင်နန်ကျွန်း တောတောင်များတွင့်း တရုတ်တောပုန်းပြောက်ကျားများရှိကြောင်း တကြိမ်တွင် ထိုတောပုန်းတို့က ဂျပန်စစ်လေယဉ်ပျံတစင်းပျံသန်းသွားစဉ် တောင်ထိပ်တခုမှပစ်ချ၍ ပျက်ကျပြီး ဂျပန်လေတပ်အရာရှိကြီးတဦးကျဆုံးခဲ့ဖူးကြောင်း နားစွန် နားဖျား ပြောသံကြားခဲ့ဖူး၏၊ မတတ်သာလျှင် ၎င်းတို့ထံထွက်ပြေးရမလား စိတ်ကူးကြသည်။
မှတ်ချက်၊ ၊ ထိုတရုတ်တောပုန်းများမှာ တရုတ်ကွန်မြူနစ်ပါတီဦးဆောင်မှုဖြင့် ဂျပန်ခုခံရေးစစ်ပွဲဆင်နွှဲနေသည့် ပြောက်ကျားတပ်ဖွဲ့များ ဖြစ်ကြောင်းနောင်မှသိရသည်။
ဂျပန်များနှင့် ဆက်ဆံရေးဆိုးဝါးမှုနှင့်ပတ်သက်၍ မှတ်မိသောအဖြစ်အပျက်တခုရှိသေး၏၊ ဟိုင်နန်ကျွန်းတွင် စစ်သင်တန်းဆင်းရာ၌ ရဲဘော်များသည် “ဒိုင်းအိပန်”။ “ဒိုင်းနိဟန်”။ “ဒိုင်းစန်ပန်”ဟူသော တပ်ဖွဲ့ကလေး (၃)ဖွဲ့ ခွဲ၍ သင်ကြားရ၏၊ ထိုသို့မသင့်မတင့်ဖြစ်နေစဉ် တည၌ တပ်လှန့်လေ့ကျင့်ခန်းလုပ်၏၊ ယင်းလေ့ကျင့်ခန်းမျိုးမှာ တပ်ဖွဲ့တခုသည် ဘယ်အချိန်အခါမဆို ရန်သူအငိုက်အစီးမခံရအောင်နှင့် အချိန်မရွေးတိုက်ခိုက်ရန် အသင့်ဖြစ်နိုင်အောင်လေ့ကျင့်ခြင်း ဖြစ်သည်။
ဒိုင်းနိဟန်(ဒုတိယတပ်ဖွဲ့) မှ ဗိုလ်လင်းယုန်။ ဗိုလ်မင်းခေါင်တို့တပ်ဖွဲ့သည် ညသန်းခေါင်ကျော်အလစ်တွင် ၎င်းတို့၏ဆရာများနှင့် ကြိုတင် ညှိနှိုင်းထားသည့်အတိုင်း စစ်တန်းလျားများမှ တိတ်တဆိတ်ထွက်ခွာသွားပြီး ကျန်ကျနော်တို့တပ်ဖွဲ့(၂)ဖွဲ့ကို ပြန်၍တိုက်ခိုက်ကြသည်။ ပေါက်ကွဲသံသေနတ်သံများကြောင့် အိပ်ရာမှနိုး၍ ထလိုက်သောအခါ ဆူဆူညံညံအသံများနှင့် မျက်ရည်ယိုဗုံးအနံ့များ မွှန်လျက်ရှိ၏၊ ရဲဘော် များသည် တံခါးပေါက်များသို့ ပြေးထွက်ကြသည်။ တံခါးပေါက်များတွင်လည်း သံဆူးကြိုးခွေများပိတ်ဆို့ချထား၏၊ မျက်ရည်ယိုဗုံးများကြောင့် မွန်းလျက် သံဆူးကြိုးခွေများကို အတင်းတိုး၍ထွက်ကြရ၏၊
ထိုအတွင်း လက်နက်ရုံကြီးဆီမှ ဗိုလ်ရန်အောင်ကြီးအသံဖြင့် “ဗမာတွေ ဒီကိုစုကြ လာကြ” ဟု အော်ဟစ်နေသံကြားရ၏၊ ဤအခြေအနေ အရပ်ရပ်ကိုထောက်၍ အမှတ်တမဲ့ ဂျပန်များက ကျနော်တို့အားသတ်ဖြတ်ကြပြီဟု ထင်သွား၏၊ မျက်ရည်ယိုဗုံးသင့်နေသဖြင့် မျက်နှာသစ်ရန် မီးဖိုဆောင်အနီးရှိရေစည်များသို့ ဒယိမ်းဒယိုင်သွားကြပြီး ကပျာကယာမျက်နှာသစ်ကြ၏၊ ထို့နောက် ဗိုလ်ရန်အောင်ကြီး အော်ဟစ်သော နေရာသို့ပြေးကြ၏၊
ဗိုလ်ရန်အောင်ကြီးမှာ သူလက်ဆောင်ရထားသော ဂျပန်ဓားရှည်ကြီးကိုကိုင်လျက် လက်နက်ရုံထောင့်တွင်ရပ်နေ၏၊ ဂျပန်များက သတ်ဖြတ် ကြပြီထင်ပြီး လက်နက်ရုံသို့စီးနင်းရအောင် ဦးစွာပြေးလာပုံရသည်။ ထိုနေရာကနေပြီး ကျနော်တို့ကိုအော်ခေါ်နေပုံရ၏၊ လက်နက်ရုံမှာလည်း ဗိုလ်လင်းယုန်တို့လူစု စီးနင်းယူငင်သွားသဖြင့် ဖရိုဖရဲဖြစ်နေ၏၊
နောက်ဂျပန်ဆရာ (၂) ယောက်ခပ်လှမ်းလှမ်းမှ လာနေသည်ကိုလည်း မြင်တွေ့လိုက်ရသည်။ ဤတွင်ကျနော်တို့သည် အခြေအနေမှန်ကို လျင်မြန်စွာ အကဲခတ်နားလည်မိတော့သည်။ ဒါဟာ လေ့ကျင့်ရေးပဲဆိုတာ သိလိုက်တော့၏၊ ချက်ချင်းပင် ကိုယ်ရှိန်သတ်ပြီး ယခင် သင်ကြား ထားသည့်အတိုင်း စစ်လေ့ကျင့်ခန်းကို ဆက်၍လုပ်ကြတော့၏၊
သို့ရာတွင် ဂျပန်များ ဗိုလ်ရန်အောင်၏အပြုအမူကို ကောင်းစွာနားလည်သွားကြပြီဖြစ်၏၊
နောက်တခု ဂျပန်များနှင့် ကျနော်တို့ ပဋိပက္ခဖြစ်ရပြန်၏၊
ဖြစ်ရပုံမှာ - ဂျပန်၏စစ်သင်တန်းတွင် ရဲဘော်သုံးကျိပ်ဝင်ရဲဘော်တဦး ဂျပန်တယောက်၏ပါးရိုက် ခံရခြင်းဖြစ်သည်။ ပါးရိုက်ခြင်းမှာ ဂျပန်လူမျိုးတို့အတွက် သိပ်အရေးမကြီးဟု ယူဆဖွယ်ဖြစ်သော်လည်း ကျနော်တို့မြန်မာလူမျိုးအတွက် အလွန်အရေးကြီး၏၊ ရိုင်းစိုင်း ယုတ်မာစွာ အလွန်ဆိုးဝါးစွာစော်ကားလိုက်သည့်သဘော ဆောင်ပေသည်။ ထိုရဲဘော်မှာ ဝမ်းနည်းခြင်း။ ရှက်ခြင်းတို့ဖြင့် မျက်ရည်များ စိုရွဲလျက်ရှိသည်။ ကျနော်တို့မှာလည်း မုန်းတီးရွံရှာစိတ်။ ဒေါသစိတ်တို့ဖြင့် မျက်ရည်များဝဲလျက် ဤအတိုင်းဆိုက ကျနော်တို့သည် ဂျပန်များနှင့် တနေ့တွင် စာရင်းရှင်းကြရမည်ဟု စိတ်တွင်ပိုင်းဖြတ်လာကြတော့သည်။ ကျနော်တို့သည် တော်လှန်ရေးအတွက် စစ်ပညာ တတ်ဖို့အတွက် သည်းခံရုံမှတပါး အခြားမရှိတော့ပေ၊ သို့သော်ကျနော်တို့အသည်းတွင် ဂျပန်မုန်းတီးရေးစိတ်ဓာတ်မှာ တဆင့်တိုး၍ စွဲထင်လျက်ရှိပေတော့သည်။
ဂျပန်တို့က ကျနော်တို့အပေါ်ရိုင်းစိုင်းစွာဆက်ဆံလာခြင်းအပေါ် ကျနော်တို့တွေးဆရာတွင် ပထမက ဂျပန်စစ်တပ်အတွင်း ဆက်ဆံရေးမှာ လည်း ခပ်ရိုင်းရိုင်းဆက်ဆံကြသည်။ အထက်လူကြီးက အောက်လူကို စိတ်မထင်လျှင် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတတ်သည်ဟုလည်း ကျနော်တို့ တဖက်ကသိရ၏၊ သို့သော် ဧည့်သည်တော်လှန်ရေးသမားများကို ဤမျှအထိရိုင်းစိုင်းဖို့ မသင့်ချေ၊
နောက်တမျိုးစဉ်းစားစရာမှာ ဂျပန်တို့သည် ဗမာပြည်ကို နောင်အုပ်စိုးဖို့ရည်ရွယ်ချက် စီမံကိန်းရှိပြီးဖြစ်ရာ ယခုကတည်းက သူတို့၏ အရင်းခံလူများဖြစ်သော ကျနော်တို့က သူတို့ကိုကြောက်ရွံ့နေအောင်ဦးချိုးထားဖို့ ရည်ရွယ်ချက်နှင့် ရိုင်းစိုင်းစွာဆက်ဆံနေကြသလား ဟုလည်း ထင်စရာရှိသည်။
ဤသို့ကြောက်ရွံ့အောင်ဆက်ဆံလျှင်မူ သူတို့မှားပေလိမ့်မည်၊ အင်္ဂလိပ်၏ကျွန်မဖြစ်လိုသော တော်လှန်ရေးသမားတို့သည် နောက်လူမျိုး တမျိုး၏ကျွန်လည်း အဖြစ်ခံမည်မဟုတ်သည်ကို သူတို့နားမလည်ကြခြင်းဖြစ်သည်။
ကျနော်တို့သည် ကြေးစားတွေမဟုတ် တော်လှန်ရေးသမားမျိုးချစ်တွေဖြစ်သည်ကို နောင် သူတို့ သိကြရမည်ဖြစ်သည်။ သူတို့၏ ရက်စက်ကြမ်းကြုတ်မှုအဖြစ် ကျနော်တို့စိတ်ထဲစွဲနေသည့် ပြယုဂ်နောက်တခုမှာ သူတို့ စစ်ပွဲမှဖမ်းမိလာသည့် တရုတ်သုံ့ပန်းတယောက်ကို ခေါ်လာပြီး တိုင်တတိုင်တွင်ကြိုးနှင့်ချည်ကာ ကျနော်တို့ကို အရှင်လတ်လတ် လှံစွပ်ထိုးလေ့ကျင့်ခန်း ပြုလုပ်ခိုင်းခြင်းပင် ဖြစ်သည်။
ကျနော်တို့သည် ဂျပန်များနှင့်ဆက်ဆံရေးမှာ စစ်သင်တန်းတလျှောက်လုံး ကောင်းမွန်သည်မရှိ။ ကျနော်တို့ ဗမာပြည်ပြန်ရောက်မှ ရောက်ပါဦး မလားဟု အမြဲစိုးရိမ်နေကြရ၏၊ နောက်ပိုင်းတွင် ရဲဘော်အချို့သည် စက်ပစ်ကွင်းမှာ သေနတ်ပစ်လေ့ကျင့်စဉ် ကျည်ဆံတတောင့်စ နှစ်တောင့်စ ခဲရာခဲဆစ်ခိုးဝှက်သိမ်းဆည်းကြ၏၊
ဗိုလ်ချုပ်အောင်ဆန်းသည်လည်း များစွာစိတ်မချမ်းမသာ ဖြစ်ပုံရ၏၊ အားပေးစကားပြော၏၊ “ဟေ့..သေလဲဗမာပီပီ ဇာတိမာန်နဲ့သေကြပါ၊ ရန်သူကမိရင် ‘လက်အားရင် လက်နဲ့ထိုး။ ‘ခြေအားရင် ခြေနဲ့ကန်ပါ၊ နောက်ဆုံး ‘ပါးစပ်အားနေရင် ပါးစပ်နဲ့ကိုက်ပြီးမှ ရဲရဲသာ သေပြလိုက် တာပေါ့၊”ဟုအားပေးညွှန်ကြား၏၊
ဗိုလ်ချုပ်သည် ဤကိစ္စမျိုးကြုံတိုင်း ဤသို့ပြောတတ်၏၊
ထိုစကားသည်အပေါ်ယံကြည့်တော့ မိုက်ရူးရဲစကားဟု ထင်စရာရှိ၏၊ သို့ရာတွင် တော်လှန်ရေးသူရသတ္တိအပြည့် ပါဝင်၏၊ ကြမ်းတမ်းသော နယ်ချဲ့စနစ်ကိုတိုက်ရာတွင် ဤကဲ့သို့စိတ်ဓာတ်သတ္တိမျိုးပြမှသာ နယ်ချဲ့စနစ်က အရှုံးပေးမည်၊ လက်ရွံ့မည် မဟုတ်ပါလော၊ အကယှု မိမိကျဆုံးရလျှင်လည်း ကျန်ရစ်ခဲ့မည့်မျိုးချစ်များ တော်လှန်ရေးသမားများအတွက် ဆက်လက်တိုက်ပွဲဝင်ရန် စိတ်အားတက်ကြွဖွယ် မဟုတ်ပါလော၊
0 comments:
Post a Comment