Thursday, February 12, 2015

စစ်ဆိုတာ သေနတ်နဲ့လုပ်တဲ့နိုင်ငံရေး (မျိုးမြင့်ချို)

0 comments
စစ်ဆိုတာ သေနတ်နဲ့လုပ်တဲ့နိုင်ငံရေး (မျိုးမြင့်ချို)
လူတန်းစားအသီးသီး အလွှာအသီးသီးက ပြည်တွင်းစစ်ကို ရပ်စေ့ချင်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးရချင်တယ်။ စစ်မတိုက်ချင်ပဲတိုက်နေရတဲ့ စစ်ဗိုလ်စစ်သားအများစုကလည်း စစ်ကိုမုန်းတီးခါးသီးနေတယ်။ သူတို့ ဘာ့အတွက်သတ်နေကြ သေနေကြ ဘဝပျက်နေကြကိုလည်း အရင်ကထက် ပိုသိမြင်နားလည်လာတယ်။

စစ်ရပ်စေ့ချင် ပြည်တွင်းငြိမ်းချမ်းရေးလိုချင်ကြသူတိုင်းမှာ မိမိတို့ကိုယ်စီအကျိုးစီးပွား ရှေးရှူတာကြောင့်ဆိုတာအမှန်ပဲ။ အတန်းအစားတခုခြင်းစီ အလွှာတခုခြင်းစီရဲ့ အကျိုးစီးပွားတွေဟာ မတူနိုင်ဘူးဆိုပေမယ့် ငြိမ်းချမ်းရေးမရှိရင် ဘယ်အတန်းအစား ဘယ်အလွှာရဲ့အကျိုးစီးပွားကိုမှ ပီပီပြင်ပြင်မဖော်ဆောင်နိုင်ဘူးဆိုတာလည်း အားလုံးကသိသလို ဘုံအကျိုးစီးပွားသဘောလည်း သွားဖြစ်နေပြန်တယ်။
သဘောကတော့ တစုချင်း တတန်းခြင်းတွေရဲ့အကျိုးစီးပွားဟာ တပြည်လုံး တစုံလုံးရဲ့ အကျိုးစီးပွားဖြစ်နေတယ်။ ဒီမှာဆိုတဲ့ အားလုံးရဲ့အကျိုးစီးပွားဆိုတာက နိုင်ငံကို နိုင်ငံရေးအရ၊ ပညာအရ၊ စီးပွားရေးအရ ဘက်ပေါင်းစုံမှာ ဂုဏ်သိက္ခာရှိရှိ ထည်ထည်ဝါဝါနဲ့ နိုင်ငံတကာက လေးစားသိမှတ်ခံရတဲ့တိုင်းပြည်ဖြစ်ပြီး လူတွေကိုလည်း နိုင်ငံကြီးသားတွေဖြစ်လိုစိတ် အခံကြောင့်ပဲ။ ဒါ့ကြောင့် စစ်ရပ်ဖို့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ပြောနေကြတိုက်တွန်းနေကြ လှုပ်ရှားနေကြတာပဲ။
စစ်ဆိုတာ သေနတ်နဲ့ရှင်းတဲ့နိုင်ငံရေးပဲ။ တနည်းပြောရရင် လက်နက်နဲ့လုပ်တဲ့နိုင်ငံရေးပဲ။ နိုင်ငံရေးရဲ့အဆက်မဟုတ်သလို နိုင်ငံရေးအရမရှင်းနိုင်လို့ ကောက်ကာငင်ကာ စိတ်လိုက်မန်ပါထချကြတဲ့ကိစ္စလည်း မဟုတ်ဘူး။ သေနတ်နဲ့လုပ်တဲ့နိုင်ငံရေး သက်သက်ပဲ။ 

ဗမာပြည်မှာ စစ်အုပ်စုလုပ်တဲ့နိုင်ငံရေးဆိုတာ အဲ့ဒါပဲ။ စစ်အုပ်စုပြောတဲ့အမျိုးသားရေးဆိုတာ အဲ့ဒါပဲ။ တို့တာဝန်အရေး ၃ ပါးဆိုတာ အဲ့ဒါပဲ။ ချုပ်ပြောရရင် သေနတ်နိုင်ငံရေးနဲ့ စီးပွားရှာတာပဲ။ စစ်ဟာ သူတို့အဖို့တော့ မက်စရာပဲ။ စစ်မက်ရှိမှ အာဏာ ဓနဥစ္စာနဲ့စီးပွားဖြစ်မှာမို့ စစ်ကို မရှူံးအောင်တိုက်နေရတာပဲ။ နိုင်အောင်တိုက်ဖို့ကတော့ ဘယ်တော့မှ မဖြစ်နိုင်ဘူး။
စစ်ရှူံးတယ်ဆိုတာ နိုင်ငံရေးရှူံးတာပဲ။ ဖက်ဆစ်တွေဘာ့ကြောင့် စစ်ရှူံးလဲ။ ဖက်ဆစ်ဖြစ်လို့ကို ရှူံးတာပဲ။ ဗီယက်နမ်မှာ အမေရိကန်ဘာ့ကြောင့် စစ်ရှူံးသလဲ နယ်ချဲ့ဖြစ်လို့ပဲ။ တာလီဘန်တွေ ဘာ့ကြောင့် စစ်ရှူံးသလဲ။ အကြမ်းဖက်ဝါဒကိုင်စွဲလို့ပဲ။ ဒါ့ကြောင့် စစ်ရှူံးတယ်ဆိုတာ နိုင်ငံရေးရှူံးတာ။ စစ်နိုင်တယ်ဆိုတာ နိုင်ငံရေးနိုင်တာပဲ။ စစ်ကြီးထဲက စစ်ပွဲလေးတွေအရှူံးအနိုင်ကြ စစ်အတတ်၊ လက်နက်လူသူအင်အား၊ စစ်ခေါင်းဆောင်ရဲ့လုပ်ရည်ကြံရည်နဲ့ သတ္တိဗျတ္တိအရာပဲ။ စစ်ပညာမျှသာပဲ။
စစ်မှာ တရားရှိတယ်။ တရားမှန်ဖို့လိုတယ်။ အဲ့ဒီတရားဟာ နိုင်ငံရေးသဘောတရားရေးပဲ။ လူထုအကျိုးစီးပွားအခြေခံနိုင်ငံရေးပဲ။ နိုင်ငံရေးတရားမှန်ရင် စစ်နိုင်ပြီး တရားမှားရင် စစ်ရှူံးတာပဲ။ အမေရိကန်ပြည်တွင်းစစ်အပါအဝင် လူ့သမိုင်းအလှည့်အပြောင်းကြီးတွေကိုဖြစ်စေခဲ့တဲ့ ပြည်တွင်းစစ်ကြီးတွေမှာ တရားမှန်တဲ့ဘက်က နိုင်ခဲ့တာချည်းပဲ။ အေဗရာဟင်မ်လင်ကွန်း ကိုင်စွဲတဲ့နိုင်ငံရေးဟာ မှန်တဲ့တရား လူထုအခြေခံတရားပဲ။ ဒါ့ကြောင့် နိုင်ငံရေးနိုင်တာပဲ။ တနည်းပြောရရင် စစ်နိုင်တာပဲ။

စစ်အုပ်စုက ပြည်တွင်းစစ်ကိုနိုင်အောင်မတိုက်နိုင်ဘူးဆိုတာ တရားအမှားကိုင်ထားလို့ပဲ။ နိုင်ငံတကာကိုကြည့် ကမ္ဘာ့သမိုင်းကိုကြည့် တရားအမှားနိုင်ငံရေးအမှားကိုင်ထားတဲ့ စစ်တပ်မှန်သမျှဟာ ခေါဘဏီကြီးဖြစ်ပေ့စေ နတ်စစ်သည်တွေဖြစ်ပေ့စေ ကမ္ဘာပြာကျနိုင်တဲ့လက်နက်တွေရှိပေ့စေ ဘယ်တော့မှ စစ်ကိုနိုင်အောင်မတိုက်နိုင်ဘူး။ ဘယ်တော့မှ စစ်မနိုင်ဘူး။ ဘယ်တော့မှ နိုင်ငံရေးမနိုင်ဘူး။ စစ်စီးပွားနဲ့ကြီးပွားဖို့ အောက်ခြေထုစစ်ဗိုလ်စစ်သားလေးတွေရဲ့ဘဝကို ချနင်းရင်း တပ်တွင်းပုန်ကန်မှုတွေ၊ ပြည်တွင်းတော်လှန်ရေးတွေ၊ ပြည်ပအတိုက်ခံရတွေနဲ့ မိုက်ဇတ်သိမ်းခဲ့တာချည်းပဲ။
ဗမာ့စစ်အုပ်စုလည်း ခု တဖြည်းဖြည်းနဲ့ မိုက်ဇတ်သိမ်းချိန်နီးနီးလာပြီမှတ်တယ်။ တိုင်းရင်းသားလူမျိုးစုအသီးသီးရဲ့ လက်နက်ကိုင်နိုင်ငံရေးဟာ သူတို့ရထိုက်ရအပ်တဲ့ ရပိုင်ခွင့်တွေအတွက်မို့ မှန်တဲ့ဘက် တရားတဲ့ဘက်မှာရှိနေတယ်။ အင်အားသေးတယ် အပြန့်ပြန့်အကျဲကျဲဖြစ်နေတယ် စုစည်းညီညွတ်မှုအားနည်းတယ်ဆိုပေမယ့် နိုင်ငံရေးအရ တရားအရမှန်နေတော့ မရှူံးသွားဘူး။ သူတို့ကို အပြီးအပြတ်ချေမှုန်းလို့မရနိုင်ဘူး။

ပြန်ချုပ်ရရင် တပြည်လုံးက စစ်ရပ်ငြိမ်းချမ်းရေးလိုချင်တယ်။ စစ်အုပ်စုက စစ်မက်နဲ့ကြီးပွားတာမို့ စစ်မရပ်နိုင်ဘူး။ စစ်ဟာလက်နက်ကိုင်လုပ်တဲ့နိုင်ငံရေးဖြစ်တယ်။ သေနတ်နဲ့ရှင်းတဲ့ နိုင်ငံရေးဖြစ်တယ်။ စစ်မှာ တရားရှိတယ်။ နိုင်ငံရေးတရားအမှားအမှန်ဟာ စစ်အရှူံးအနိုင်ဖြစ်တယ်။ တရားအမှားကိုင်စွဲတဲ့ စစ်အုပ်လည်း မိုက်ဇာတ်သိမ်းကိုသိမ်းရမယ်။
ကျနော်တို့လုပ်ရမှာက စစ်မတိုက်ချင်တဲ့ အောက်ခြေထု စစ်ဗိုလ်စစ်သားတွေကို ပြည်သူဘက်ထွက်ရပ်လာအောင် နိုင်ငံရေးအမှား တရားအမှားကိုင်ထားတဲ့စစ်အာဏာရှင် စစ်ခေါင်းဆောင်တွေကို ပြန်ဆန့်ကျင်အာခံပုန်ကန်ဝံ့အောင် အားပေးကြဖို့နဲ့ နွေးနွေးထွေးထွေးကြိုဆိုကြဖို့ပဲ။

မျိုးမြင့်ချို ဖေဖော်ဝါရီ ၂ဝ၁၅


0 comments:

Post a Comment