Saturday, February 21, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၈)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၈)
(၁၄)
တမာဇာတိုမြို့တွင်ကျန်နေသော ကျနော်တို့ရဲဘော်သုံးကျိပ်ဝင်များကို တကာအိုဆိပ်ကမ်းမှ သင်္ဘောဖြင့် ဘန်ကောက်မြို့သို့စေလွှတ်သည်။ ကျနော်တို့ရဲဘော်သုံးကျိပ်ဝင်များ တကာအိုဆိပ်ကမ်းသို့ရောက်ရှိနေသော ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဂျပန်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ပြီး အင်္ဂလိပ်နှင့်အမေရိကန်တို့ကို စစ်ကြေညာကြောင်း ကြားသိရ၏၊

ကျနော်တို့ရဲဘော်သုံးကျိပ်ဝင်များ သင်္ဘောပေါ်ရောက်သောအခါ ဂျပန်ကြည်းတပ်အရာရှိတဦးရောက်လာပြီး ကျနော်တို့အား ဂျပန်ဘာသာဖြင့် ရေးထားသော စာချုပ်တခုကိုပြသသည်။ ထိုစာချုပ်တွင် ဂျပန်တို့ တနင်္သာရီသိမ်းပြီးပါက ဂျပန်သည် ဗမာပြည်လွတ်လပ်ရေး ကြေညာပေးမည် ဟု ပါရှိသည်။ နောက်မြန်မာပြည်တွင်းသို့ ရဲဘော်သုံးကျိပ်ဝင်များအား ပြန်လွှတ်ရေးအစီအစဉ်များရေးဆွဲထားကြောင်း ကျနော်တို့ကို ရှင်းလင်း
ပြောပြသည်။

ရဲဘော်သုံးကျိပ်ဝင်များ တကာအိုဆိပ်ကမ်းမှ ဟနွိုင်းမြို့သို့ သင်္ဘောဖြင့်သွားရောက်ပြီး ဟနွိုင်းမှတဖန် ဆေးဂုံသို့ရောက်ကြသည်။ သခင်အောင်ဆန်းလည်း ဆေးဂုံမြို့သို့ ၁၉၄၁ ဒီဇင်ဘာ(၆)ရက်နေ့ကပင် ရောက်ရှိနေသည်။

ထိုအတွင်း ဂျပန်နှင့်ထိုင်းနိုင်ငံတို့ မဟာမိတ်စာချုပ်ချုပ်ရန် စိုင်းပြင်းကြသည်။ ပထမ ထိုင်းကငြင်းဆန်နေသဖြင့် ဂျပန်နှင့်ထိုင်းခေတ္တ စစ်တိုက် လိုက်ကြသေးသည်။ နောက်ထိုင်းက သဘောတူသဖြင့် ၎င်းနှစ်နိုင်ငံ မဟာမိတ်စာချုပ်ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာ(၂၁)ရက်မှာ လက်မှတ်ထိုး ကြသည်။

ထို့ကြောင့် ဆေးဂုံတွင်ရောက်နေသော ရဲဘော်သုံးကျိပ်ဝင် ကျနော်တို့သည် ထိုင်းမှတဆင့် မြန်မာနိုင်ငံတွင်းချီတက်ဝင်ရောက်ပြီး အင်္ဂလိပ်ကို တိုက်ရန် ဘန်ကောက်သို့ တသုတ်ပြီးတသုတ် ရောက်လာတော့၏၊

ရဲဘော်သုံးကျိပ်တို့က ဘန်ကောက်မြို့ရှိ ဗြိတိသျှဘိုနီယိုကုမ္ပဏီအဆောက်အဦတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်စစ်ဌာနချုပ်ကို ဖွင့်လှစ် ထားသည်။

ကျနော်တို့တတွေ ဗမာပြည်တွင်းဝင်ပြီး အင်္ဂလိပ်တို့နှင့် လွတ်လပ်ရေးတိုက်ပဆင်နွဲဖို့ စီစဉ်စိုင်းပြင်းနေသည့်နည်းတူ ဂျပန်ဘုရင့် စစ်ဌာနချုပ်သည်လည်း ပစိဖိတ်စစ်ပွဲကြီးကို စစ်ကြေညာတိုက်ခိုက်ပြီး  မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ရန် စီမံချမှတ်ထားပြီးဖြစ်လေပြီ၊

ဂျပန်တို့စီမံကိန်းမှာ (၃)ဆင့် ဖြစ်သည်။ ပထမအဆင့်မှာ ဂျပန်တို့က မြန်မာပြည်တောင်ပိုင်း ဝင်ရောက်တိုက်ခိုက်ရန်၊ ဒုတိယအဆင့်က ဂျပန်တို့က မြန်မာပြည်ရန်ကုန်မြို့ကိုသိမ်းပိုက်ခြင်းဖြင့် ဗြိတိသျှတို့နှင့် တရုတ်ချန်ကေရှိတ်အစိုးရ၏ဆက်သွယ်မှုကို ဖြတ်တောက်ရန်၊ တတိယအားဖြင့် မြန်မာပြည်ရှိ ဗြိတိသျှတပ်များကိုချေမှုန်းပြီးနောက် တရုတ်ပြည်နှင့်အိန္ဒိယပြည်သို့ ဆက်လက်ချီတက်တိုက်ခိုက်ရန်တို့ ဖြစ်သည်။

ထို့ကြောင့် သခင်အောင်ဆန်းသည် ဂျပန်များက မြန်မာပြည်ကိုဝင်တိုက်မည့်အန္တရာယ်မှာ မလွှဲမရှောင်သာကြုံတွေ့ကြရတော့မည် ဖြစ်သောကြောင့် မြန်မာပြည်တွင်းရှိ နယ်ချဲ့အင်္ဂလိပ်ဆန့်ကျင်ရေး မြေအောက်တော်လှန်ရေးရဲဘော်များထံ ဂျပန်၏အကူအညီကိုချည့် အားမကိုးရန် ဘန်ကောက်မြို့မှ စာရေးအကြောင်းကြားပြီးသတိပေးခဲ့သည်။ ထို့ပြင်ရဲဘော်သုံးကျိပ်ဝင်ထဲမှ ကိုလှမောင် (ဗိုလ်ဇေယျ)နှင့် သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)တို့ကို မြန်မာပြည်တွင်းသို့ ကြိုတင်စေလွှတ်၍ နယ်ချဲ့အင်္ဂလိပ်တော်လှန်ရေးအတွက် ပြင်ဆင်မှုလုပ်ငန်းများကို စည်းရုံးဆောင်ရွက်စေပြီး တချိန်တည်းမှာပင် ဂျပန်ဆန့်ကျင်ရေးလုပ်ငန်းများအတွက်ပါ စည်းရုံးပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ထားရန် ညွှန်ကြားလိုက်သည်။

သခင်အောင်ဆန်း၏ရည်ရွယ်ချက်မှာ နယ်ချဲ့အင်္ဂလိပ်တပ်များကို ချေမှုန်းတိုက်ခိုက်ပြီးသောအခါ ဂျပန်တပ်များကို လွတ်လပ်သော မြန်မာနိုင်ငံ အဖြစ်နှင့် ရင်ဆိုင်နိုင်ရန်ဖြစ်သည်။ အကယ်၍ ယင်းအစီအစဉ်အတိုင်းမအောင်မြင်ပါက မြေအောက်တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုတရပ်လုံးသည် ဂျပန်က မြန်မာပြည်တပြည်လုံးသိမ်းပိုက်ခြယ်လှယ်မည့်အရေးကို အုံကြွဆန့်ကျင်ရန်နှင့် ဗမာ့လွတ်လပ်ရေး တပ်မတော်က ဂျပန်ကိုပါဆက်လက်တော်လှန်တိုက်ပွဲဝင်ရန် ဖြစ်လေသည်။

၁၉၄၁ ကုန် ၁၉၄၂ ဆန်းလောက်တွင် ရဲဘော်သုံးကျိပ်တို့သည် ဟိုင်နန်ကျွန်းတွင် ဂျပန်များထံမှစစ်ပညာများသင်ကြပြီးနောက် ထိုင်းနိုင်ငံသို့ သွားကြပြီး ဗမာပြည်တွင် အင်္ဂလိပ်တို့ကိုတိုက်ခိုက်ရန် ဗမာ့လွတ်လပ်ရေးတပ်မတော် BIA  ဖွဲ့စည်းပြီး စစ်သားစုဆောင်းကြသည်။ ဗမာများ။ ထိုင်းများ။ ရှမ်းများ။ ရှမ်းတိုင်းများ စသည်တို့ကို အင်္ဂလိပ်ဆန့်ကျင်ရေးဟောပြောပြီး စစ်သားစုဆောင်းကြသည်။

ထိုစစ်သားသစ်များအား ကျနော်ဗိုလ်ကျော်ဇောကိုအပ်ပြီး စစ်သားသစ်လေ့ကျင့်ရေးစခန်းဖွင့်ပြီး ၂ လမျှ စစ်လေ့ကျင့်ရေး စစ်ပညာ သင်ကြားပေးရန်တာဝန်ပေးခိုင်းသဖြင့် ကျနော်ကထို “ရာ” အချို့ရှိသောစစ်သားသစ်တွေကို စစ်ပညာသင်ကြားပေးရသည်။ စစ်တပ်စည်းကမ်း ထိန်းရန် စစ်ဥပဒေပညာကို ရက်အနည်းငယ်အတွင်းသင်ကြားပေးပြီး အဓိက သေနက်ချိန်ရွယ်ပစ်ခတ်နည်းကိုလည်းကောင်း။ မီတာ ၃ဝ မျှ ပြေးတက်လိုက်။ ရပ်ပြီး အားလျားမှောက်ချိန်ရွယ်ပစ်ခတ်နည်း ကိုယ်စီတိုက်ပွဲကိုလည်းကောင်း။ ညအခါချီတက်လှုပ်ရှားသော ညတိုက်ပွဲ နည်းများကို အကျဉ်းရုံးပြီးသင်ကြားပေးသည်။

ထိုလေ့ကျင့်ပေးပြီး စစ်သားသစ်များကို ဗမာပြည်တွင်းချီတက်ဝင်ရောက်တိုက်ခိုက်မည့်တပ်ဖွဲ့များသို့ ခွဲဝေပေးရသည်။

ထိုသို့စစ်သားသစ်များခွဲဝေပေးပြီး နောက်ဆုံးတပ်သားသစ် (၄ဝ)မျှကျန်ရာ ထိုတပ်ကိုကျနော့်တပ်အဖြစ် ဖွဲ့စည်းရတော့သည်။ ထို တပ်သားသစ် ၄ဝ ထဲတွင်အရေးပါသော လူ ၃ ဦးပါဝင်နေသည်။ ပထမတဦးမှာ မြန်မာလူမျိုး ဗိုလ်အုံးခိုင်ဆိုသူဖြစ်သည်။ ကျနော့်ထက် အသက်နည်းနည်းကြီးပုံရသည်။ ၎င်း၏ဖခင်မှာ မြန်မာမျိုးချစ်ကြီးဖြစ်သည်။ မူလကဗမာပြည်ရွှေကျင်နယ်မှာနေထိုင်ခဲ့ရာမှ အင်္ဂလိပ်အောက် တွင် မနေလိုသဖြင့် ထိုင်းနိုင်ငံသို့ အိမ်ထောင်ပါပြောင်းရွှေ့နေထိုင်နေခြင်း ဖြစ်သည်။ အတော်အတန်ချမ်းသာကြွယ်ဝသူဖြစ်သည်။

ထိုင်းနိုင်ငံတွင် ရဲဘော်သုံးကျိပ်က အင်္ဂလိပ်တော်လှန်တိုက်ခိုက်ရေး စစ်သားစုဆောင်းသောအခါ သူပါဝင်လာပြီး စစ်သားစုဆောင်းရေးကို အားတက်သရောကူညီလုပ်ဆောင်ပေးသည်။ နောက်တပ်ဖွဲ့များ ဗမာပြည်သို့ချီတက်ကြသောအခါ သူ၏တဦးတည်းသောသား ဗိုလ်အုံးခိုင်ကို ငါ့သား ငါတို့ဟာ အင်္ဂလိပ်တော်လှန်တိုက်ခိုက်ရေးကို တသက်လုံးကြံစည်စိတ်ကူးခဲ့သူများဖြစ်သည်။ ယခု ဒီအခွင့်အရေးကြီးရလာပြီ ငါကတော့ အသက်ကြီးပြီ။ ငါ့သားက အင်္ဂလိပ်တိုက်ရေးတာဝန်ဆက်ထမ်းပေတော့ဟုပြောပြီး ဗိုလ်အုံးခိုင်ကို ကျနော်တို့တပ်တွင်း ထည့်လိုက်ပေသည်။ ဤသို့ဖြင့် ဗိုလ်အုံးခိုင်ကျနော့်တပ်ထဲပါလာပြီး ကျနော်က လက်ထောက်တပ်မှူးတယောက်အဖြစ်ခန့်ထားသည်။ နောင် ကျနော်တို့ များစွာအားကိုးရသောတပ်မှူးဖြစ်လာသည်။ စစ်ပညာဆို၍ ကျနော့်စစ်သားသစ်စစ်ပညာ ၂ လသင်တန်းလောက်သာ တက်ခဲ့ဖူးသည်။ သို့သော်သူသည် သူ့မိဘလက်အောက်တွင် သစ်တောလုပ်ငန်းများလုပ်ခဲ့သဖြင့် စစ်ချီတက်ရာတွင်များစွာအကျိုးရှိခဲ့သည်။

ကျနော့်တပ်တွင် နောက်တယောက်မှာ ထိုင်းတွင်ကိုယ်ပိုင်စီးပွား ကျပန်းလုပ်ကိုင်နေသော ဗိုလ်လှဖေဆိုသူ ဗမာတယောက်ဖြစ်သည်။ သူသည် ဗိုလ်အုံးခိုင်လို မျိုးချစ်စိတ်နိုင်ငံရေးဖြင့် တပ်ထဲဝင်ခဲ့သူမဟုတ်၊ ဘဝအခွင့်အလမ်းအရ ဝင်ရောက်လာသူဖြစ်သည်။ သို့သော်သူနှင့် ဗိုလ်အုံးခိုင်တို့မှာ လူဂုဏ်တန် (လူကုံထံ)များဖြစ်ကြ၍ လက်ထောက်တပ်မှူးပေးထားသည်။

နောက်တတိယတယောက် ကျနော့်တပ်သားတယောက်မှာ ကျနော်ယခုအထိ နံမည်မှတ်မိနေသော ကိုထွန်းတင်ဟူသော ထိုင်းတွင် နေထိုင်သောမြန်မာလူငယ်ဖြစ်သည်။ ၎င်းမှာ ဗမာစကား။ ထိုင်းစကား ၂ မျိုးလုံး ကောင်းစွာတတ်သဖြင့် ကျနော့်ကိုယ်ရံရဲဘော်အဖြစ် ကျနော့်အနီး ခေါ်ယူထားသည်။ ၎င်းသည် ကျနော့်ကိုယ်ရံရဲဘော်ဖြစ်လာသဖြင့် များစွာစိတ်အားတက်ကြွပြီး ကျနော့်ကိုများစွာ ဂရပြုလုပ်ကိုင်ဆောင်ရွက် စောင့်ရှောက်ပေးသည်။ နောင် ၎င်း၏ကျေးဇူး များစွာကြီးမားလှပေသည်။

ကျနော့်တပ်ခွဲမှာ မူလက လူ (၄ဝ) မျှသာရှိရာမှ ဗိုလ်အုံးခိုင်စုဆောင်းပေးသော စစ်သားများဖြင့် လူ (၁ဝဝ) ကျော် ဖြစ်လာပေသည်။


0 comments:

Post a Comment