Saturday, February 21, 2015

သခင် ခင်အောင်ပြောပြတဲ့ အာရှလူငယ်အစည်းအရုံး (ဗမာနိုင်ငံ)၏ ရည်မှန်းချက်ပန်းတိုင် အပိုင်း(၁) ထွန်းဝင်းငြိမ်း

0 comments
ပြည်သူ့အရေး/ facebook  မှ ကူးယူဖော်ပြပါတယ်။
၂ဝ၁၅-ဖေဖေါ်ဝါရီ ၁၁ ရက်။
သခင် ခင်အောင်ပြောပြတဲ့ အာရှလူငယ်အစည်းအရုံး (ဗမာနိုင်ငံ)၏ ရည်မှန်းချက်ပန်းတိုင် အပိုင်း (၁) နဲ့ (၂)
ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၁၊ အမှတ် - ၂၁ ဆရာဆာင်းပါး ..

သခင် ခင်အောင်ပြောပြတဲ့ အာရှလူငယ်အစည်းအရုံး (ဗမာနိုင်ငံ)၏ ရည်မှန်းချက်ပန်းတိုင်
တိုးတက်ရေးသခင်အုန်းမြင့်မကွယ်လွန်မီ နှစ်အနည်းငယ်က သမိုင်းဆိုင်ရာမှတ်တမ်းအချို့ကို သူ့ထံမှ ရရှိခဲ့ဖူးပါသည်။ ထိုစဉ်က စာနယ်ဇင်း စာမျက်နှာများပေါ်တွင်ဖော်ပြရန် ခက်ခဲသောအချိန်ဖြစ်သဖြင့် တစ်ချိန်ချိန်တွင်ဖော်ပြနိုင်ရန် ယင်းသမိုင်းဆိုင်ရာမှတ်တမ်းမိတ္တူများကို ပေးအပ်ခဲ့သည်ဟုနားလည်မိပါသည်။ ထိုအထဲတွင် သခင် ခင်အောင်၏ပြောကြားချက်များကို မှတ်တမ်းတင်ထားသည့် အာရှလူငယ် အစည်းအရုံး(ဗမာနိုင်ငံ)၏ ရည်မှန်းချက်ပန်းတိုင်ဟူသော လက်ရေးစာမူပါဝင်ခဲ့ပါသည်။ ယင်းစာမူမှာ သမိုင်းကို ကိုယ်တိုင်ထဲထဲဝင်ဝင် ဖြတ်သန်းလာခဲ့ကြသူများ၏ တန်ဖိုးရှိသော အတွေ့အကြုံများဖြစ်သည်ဟု ယူဆမိပါသည်။ တစ်ကြိမ်တစ်ခါမျှ ပုံနှိပ်ဖော်ပြခဲ့ဖူးခြင်း မရှိသေးသောစာမူလည်းဖြစ်သဖြင့် တင်ပြလိုရင်းဖြစ်ပါသည်။

လျှို့ဝှက်တဲ့ပန်းတိုင်
အာရှလူငယ်အစည်းအရုံး(ဗမာနိုင်ငံ)မှာ ဂျပန်ခေတ် ၄၂ ခုနှစ် ဇွန်လထဲမှာဖွဲ့စည်းခဲ့တဲ့ အစည်းအရုံးဖြစ်ပါတယ်။ ဒီ အာရှလူငယ် အစည်းအရုံးရဲ့ရည်ရွယ်ချက်က မြန်မာလူငယ်များရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တနစတဲ့ ဗလငါးတန်တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်လုပ်ကိုင် ပေးဖို့ တကယ်ကို အတိအလင်းကြေညာထားပါတယ်။ သို့ပေမယ့် လူသိနတ်ကြားကြေညာထားတဲ့ရည်ရွယ်ချက်အပြင် မကြေညာဘဲ ဖုံးကွယ်ဝှက်ထားတဲ့ နိုင်ငံရေးရည်ရွယ်ချက်လည်း ရှိပါသေးတယ်။ အဲဒီ နိုင်ငံရေးရည်ရွယ်ချက်မှာလည်း ၂ မျိုး ရှိပါတယ်။ တစ်ခုက ဂျပန်ဘက်က သူ့အကျိုးစီးပွားအတွက် အဓိကထားရှိတဲ့ ဂျပန်သဘောထားရည်ရွယ်ချက် ဖြစ်ပါတယ်။ နောက်ရည်ရွယ်ချက်တစ်ခုကတော့ မြန်မာ့အမျိုးသားရေး၊ မြန်မာ့အကျိုးစီးပွားကိုအဓိကထားတဲ့ မြန်မာဘက်ကနိုင်ငံရေးရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ အဲဒီ နိုင်ငံရေး ရည်ရွယ်ချက်(၂)ရပ်ဟာ တစ်ခုနဲ့တစ်ခု မတူညီကြဘဲ ပဋိပက္ခဖြစ်နေသော်လည်း ဗလငါးတန်ဆိုတဲ့ရည်ရွယ်ချက်အပေါ်မှာတော့ အလားတူညီနေကြတဲ့အတွက် ဂျပန်နဲ့ဗမာဟာ ယာယီအားဖြင့်ပူးတွဲလုပ်လို့ ဖြစ်ခဲ့ပါတယ်။

အဲဒီ အချိန်တုန်းက အာရှလူငယ်အစည်းအရုံးကို စတင် ဖွဲ့စည်းစဉ်ကာလက ဖုံးကွယ်ထားသည့်နိုင်ငံရေးရည်ရွယ်ချက် ၂ ရပ်စလုံးကို အာရှလူငယ်အစည်းအရုံးမှာ ပါဝင်လုပ်ကိုင်ခဲ့တဲ့ အမှုဆောင်တစ်ဖွဲ့လုံးဟာ လုံးဝမသိခဲ့ကြပါဘူး။ Top Secret လို့ ခေါ်တဲ့ ထိပ်ပိုင်း ခေါင်းဆောင် နှစ်ဦးသုံးဦးလောက်သာသိတဲ့ အလွန် လျှို့ဝှက်တဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ အဲဒီ မကြေညာဘဲ ဖုံးကွယ်ထားတဲ့ အာရှလူငယ် အစည်းအရုံးရဲ့ နိုင်ငံရေးပန်းတိုင်ကို အောင်မြင်အောင် နိုင်ငံရေးနည်းပရိယာယ် (နည်းဗျူဟာ)ကို လိမ္မာပါးနပ်စွာအသုံးပြုပြီး ဘယ်လို ဆောင်ရွက်လုပ်ကိုင်သွားသလဲဆိုတဲ့ အကြောင်းအရာများကို တင်ပြလိုတာဖြစ်ပါတယ်။

ရုပ်သေး အစိုးရခေတ်
၁၉၄၂ ခုနှစ်၊ မေလကုန်လောက်မှာ ဂျပန်စစ်တပ်ဟာ မြန်မာတစ်နိုင်ငံလုံးကို လုံးဝသိမ်းယူပြီး ဖြစ်နေပါတယ်။ အင်္ဂလိပ်နဲ့ မဟာမိတ်တပ် တွေဟာလည်း မြန်မာနယ်စပ်ကိုကျော်လွန်အောင် ဆုတ်ခွာသွားခဲ့ကြပြီး အိန်္ဒိယပြည်နဲ့တရုတ်ပြည်နယ်ထဲကို ရောက်ကုန်ကြပါပြီ။ ရန်ကုန်မှာ လည်း ဒေါက်တာဘမော်ရဲ့ဆင်းရဲသားဝံသာနုအဖွဲ့နဲ့ တို့ဗမာအစည်းအရုံးမှသခင်များပါ ပါဝင်တဲ့ ဂျပန်ရဲ့ ရုပ်သေးအစိုးရကိုလည်း ဖွဲ့စည်းပြီးစ အချိန် ဖြစ်ပါတယ်။ နောက် ဆင်းရဲသားဝံသာနုအဖွဲ့ (ဓါးမ)နဲ့ တို့ဗမာအစည်းအရုံး (သခင်)အဖွဲ့အစည်း ၂ ရပ်စလုံးကိုဖျက်သိမ်းပစ်ပြီး “တို့ဗမာ ဆင်းရဲသားအစည်းအရုံး”အမည်နဲ့ နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ကာလလည်း ဖြစ်ပါတယ်။ တို့ဗမာဆင်းရဲသား အစည်းအရုံးဖွဲ့စည်းဖို့ကိစ္စကို သခင်နုက စည်းရုံးရေးမှူးအဖြစ်တာဝန်ယူပြီး သခင်ချစ်နဲ့အတူကြိုးပမ်းနေတဲ့ကာလလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီနှစ် မိုးဦးကျစ ဇွန်လထဲမှာ သခင်စိုးနဲ့သခင်တင်မြတို့ကလည်း ဂျပန်တော်လှန်ရေးအတွက် ကွန်မြူနစ်ပါတီကို အသစ်ပြန်လည် ဖွဲ့စည်းဖို့ မြေအောက်စည်းရုံးရေးလုပ်ငန်းတို့ကို စတင်လုပ်ကိုင်နေတဲ့ကာလလည်း ဖြစ်ပါတယ်။ ကိုသိန်းဖေနဲ့ သခင်တင်ရွှေတို့ နှစ်ယောက်ကလည်း မဟာမိတ်နဲ့ အဆက်အသွယ်လုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ အိန်္ဒိယပြည်ကို ကုန်းလမ်းခရီးမှထွက်ခွာသွားပြီဖြစ်တဲ့ အချိန်လည်းဖြစ်ပါတယ်။

ဗိုလ်အောင်ဆန်းကလည်း ဗမာ့တပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော်အမည်နဲ့ စနစ်တကျ ပြန်လည်ဖွဲ့စည်းနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ အစိုးရအဖွဲ့ထဲမှာ ဝန်ကြီးအဖြစ် ပါဝင်ဆောင်ရွက်နေကြတဲ့ သခင်မြနဲ့သခင်သန်းထွန်းတို့ဟာလည်း အုပ်ချုပ်ရေးကိစ္စတွေနဲ့ ပျားပန်းခပ်မျှအလုပ်များနေချိန်လည်း ဖြစ်ပါတယ်။ အဲဒီလို ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးတွေမှာ ကိုယ့်တာဝန်နဲ့ကိုယ် အလုပ်များနေ ကြတာချင်းအတူတူမှာ ဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်နေကြရတဲ့ သခင်မြနဲ့သခင်သန်းထွန်းနှစ်ယောက်ကတော့ အလုပ်မရလို့ မကျေမချမ်းဖြစ်နေကြတဲသခင်အချို့ရဲ့ အဆဲအဆိုအကြိမ်းကိုပါ ခံနေကြရတယ်။

ဒါ့အပြင် ဂျပန်ဟာ မြန်မာပြည်ကို လွတ်လပ်ရေးပေးမယ်ဆိုပြီး မပေးသည့်အပြင် မြန်မာပြည်သူတစ်ရပ်လုံးကို ညှဉ်းပန်းနှိပ်စက်နေတဲ့ ဂျပန်နဲ့ပူးပေါင်းပြီး ၎င်းရဲ့ ရုပ်သေးအစိုးရထဲမှာ ပါဝင်ဆောင်ရွက်နေတာကိုမကျေမလည်ဖြစ်နေတဲ့ လူငယ်အချို့ရဲ့ အထင်သေး အထင် လွဲမှားခြင်းတို့ကိုပါ ခံနေကြရပါတယ်။

ကျွန်တော် ဆိုလိုတာကတော့ ၁၉၄၂ ခုနှစ် မိုးဦးကျအချိန်လောက် မြန်မာပြည်ကို ဂျပန်သိမ်းပြီးစမှာ ဒီမိုကရေစီမှောင်ကျပြီး မြန်မာပြည်ရဲ့ နိုင်ငံရေးအုပ်ချုပ်မှုနဲ့ စီးပွားရေးပြဿနာအရပ်ရပ်တို့ကို ရင်ထဲမှာရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း လွတ်လပ်စွာမပြောနိုင်မလုပ်နိုင်တဲ့ အခြေအနေအောက်မှာ ရောက်နေရတဲ့အပြင် ဂျပန်လုပ်ချင်တာလုပ်နေခြင်းကိုလည်း ဟန့်တားကန့်ကွက်နိုင်တဲ့ နိုင်ငံရေးတန်ခိုးသြဇာ မရှိတဲ့အတွက် ကျွန်တော်တို့အချင်းချင်းအကြားနဲ့ အောက်ခြေကြားမှာ နိုင်ငံရေးအရမကျေမလည်ဖြစ်တာကို ပေါ်ပေါက်နေခြင်းကို ဆိုလိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အချင်းချင်းကြားမှာပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေးပြဿနာဟာ ဂျပန်က မြန်မာပြည်မှာ အာရှလူငယ် အစည်းအရုံးဖွဲ့စည်းပေးဖို့ လာခိုင်းတဲ့အချိန်ကျတော့မှ တစ်စုံတစ်ရာ အတိုင်းအတာအထိ ပြေလည်မှုရရှိခဲ့ပါတယ်။ ဒါကတော့…

ကြောင်လက်သည်းဝှက် စည်းရုံးရေး
ဂျပန်ကင်ပေတိုင် (ထောက်လှမ်းရေး) အဖွဲ့မှ ၁။ မစ္စတာ တိုမိုရား၊ ၂။ ကပ္ပတိန်ကာဝနဲ့ ၃။ မစ္စတာနာဂါအိဆိုတဲ့ ဂျပန်သုံးယောက်မှာ ၁။ Mr.Tomora ၂။ Captain Kawa ၃။ Mr. Nagaii တို့ ဖြစ်သည်။ ၁၉၄၂ ခု၊ ဇွန်လ အလယ်လောက်မှာ ရန်ကုန်ကိုရောက်လာပါတယ်။ ယင်း ဂျပန်သုံးယောက်သည် ဒေါက်တာဘမော်နဲ့ ပထမ တွေ့ဆုံပြီး မြန်မာပြည်မှာ အာရှလူငယ်အစည်းအရုံးတစ်ခု ဖွဲ့စည်းလိုကြောင်းပြောကြားရာ ဒေါက်တာဘမော်က ယင်းပြဿနာမှာ စည်းရုံးရေးကိစ္စဖြစ်၏။ တို့ဗမာဆင်းရဲသားအစည်းအရုံးဖွဲ့ရေးကိုလုံးပမ်းနေတဲ့သခင်နုနဲ့ တွေ့ဆုံ တိုင်ပင်၍ ဆောင်ရွက်ရန်အကြံပေးလိုက်သဖြင့် ဂျပန် ၃ ဦးသည် သခင်နုနဲ့ လာရောက်တွေ့ဆုံကြပြန်ပါတယ်။ သခင်နုမှာ တို့ဗမာဆင်းရဲသား အစည်းအရုံး ဖွဲ့စည်းနိုင်ရေးအတွက် လုံးပန်းနေရသဖြင့် ယင်း အာရှလူငယ်ဖွဲ့စည်းရေးကိုတာဝန်မယူလို၍ ၎င်း၏ကိုယ်စား ယင်းကိစ္စကို ဆောင်ရွက်ပေးရန် သခင်သန်းထွန်းအား တာဝန် ထပ်မံလွှဲလိုက်ပြန်ပါတယ်။ အာရှလူငယ်အဖွဲ့အစည်းကို ဂျပန်တွေ လာတွေ့လိမ့်မယ် ဆိုတာကို ဒေါက်တာဘမော်ထံမှတစ်ဆင့် သိပြီးဖြစ်လို့ သခင်နုက သခင်သန်းထွန်းကို ဂျပန်တွေလာတွေ့မယ့်အချိန် သူနဲ့အတူအတွေ့ခံဖို့ အလံပြဘုရားလမ်းမှာရှိတဲ့ သခင်နုရုံးခန်း (နိပွန်ကုတ်) အဆောက်အအုံကို ကြိုတင်ဖိတ်ခေါ်ထားနှင့်ပြီး ဖြစ်ပါတယ်။ သခင်သန်းထွန်းမှာ သူ့ရဲ့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနတာဝန်တွေကို မအားမလပ်အောင် လုပ်ကိုင်ဆောင်ရွက်နေရတဲ့ကြားမှပင် အာရှလူငယ်အစည်းအရုံး ဖွဲ့စည်းဖို့ကိစ္စကို တာဝန်ယူဆောင်ရွက်ပေးခဲ့ရပြန်ပါတယ်။ သခင်သန်းထွန်းဟာ ကိုလိုနီခေတ်က ရန်ကုန်မြို့ ကန်တော်ကြီးစောင်းမှာရှိတဲ့ မူဆလင်ကုလားကျောင်းမှာ ကျောင်းဆရာလုပ်ကိုင်ရင်း ရန်ကုန်စီရင်စု တို့ဗမာအစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ်နဲ့လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံးမှာလည်း ကျွန်တော်နဲ့အတူ တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက် လုပ်ကိုင်လာခဲ့သူဖြစ်တော့ အာရှလူငယ်စည်းရုံးရေးကိစ္စကို ၎င်းအား ရွေးချယ်ရန် သခင်နုက တာဝန်ပေးလိုက်တာဟာ တကယ့် နေရာမှန် လူမှန် အံကိုက်ဖြစ်သွားခဲ့ပါတယ်။

သခင်သန်းထွန်းကို ရဲဘော်တို့အနေနှင့် လူပုဂ်္ဂိုလ်အရလည်းကောင်း သူ့ရဲ့ နိုင်ငံအေယူအဆသဘောထားတို့ကိုလည်းကောင်း ကြိုက်ချင်မှ ကြိုက်ကြပေမယ့် မြန်မာပြည်လွတ်လပ်ရေးနှင့် မြန်မာတစ်မျိုးသားလုံးရဲ့အကျိုးစီးပွားအတွက် ကောင်းကျိုးပြုသွားတဲ့ သူ့ရဲ့ လုပ်ကိုင် ဆောင်ရွက်ချက်တွေကိုတော့ မေ့ပျောက်ပစ်လို့မရနိုင်ပါဘူး။ မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်ရန် ငြင်းပယ်ထားလို့လည်း မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာ့သမိုင်းမှာထင်ရှားခဲ့တဲ့ ၁၃ဝဝ ပြည့်အရေးတော်ပုံကြီးဖြစ်ပေါ်လာအောင် အစအဆုံး ခေါင်းဆောင်မှုပေးခဲ့တဲ့ သခင်မြ၊ သခင်အောင်ဆန်း၊ သခငနု၊ သခင်သိန်းမောင်၊ သခင်လေးမောင် စတဲ့ သခင်ခေါင်းဆောင်တွေနဲ့ တန်းတူ ပါဝင်ဆောင်ရွက်လာခဲ့တဲ့ သခင်ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ နောက် ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာလည်း သူသည် ဗိုလ်အောင်ဆန်းနဲ့ သခင်စိုးတို့နဲ့အတူ ပါဝင် ဆောင်ရွက်ခဲ့တဲ့အပြင် ပဲခူး စံပြတပ်ရင်းမှ ပထမဆုံးဖွဲ့တဲ့ ဖတပလအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးလည်း ဖြစ်ခဲ့ပါတယ်။

အခု သခင်သန်းထွန်း တာဝန်ယူဖွဲ့စည်းပေးရတဲ့ အာရှလူငယ်အစည်းအရုံးဆိုတာဟာလည်း ဂျပန်တော်လှန်ရေးလုပ်ဖို့ ပထမဆုံး စတင် တည်ဆောက်တဲ့ကတုတ်ကျင်း သို့မဟုတ် မြေအောက်အဖွဲ့အစည်းကလေးတစ်ခု ဖြစ်ပါ တယ်။

သခင်သန်းထွန်းဟာ အာရှလူငယ်အစည်းအရုံးမှာ ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးနေရာအပြင် အမှုဆောင်အဖွဲ့မှာပါ လုံးဝမပါခဲ့ပါဘူး။ ဒါပေမယ့် ကွင်းထဲမှာ ကိုယ်တိုင်ပါဝင်မကစားဘဲ နောက်ပိုင်းကနေပြီး သွန်သင်ညွှန်ကြားစီစဉ်ပေးရတဲ့ ဘောလုံးအသင်းရဲ့ နည်းပြဆရာလိုပါပဲ။ သခင် သန်းထွန်းဟာ အာရှလူငယ်အစည်းအရုံးမှာ ကိုယ်တိုင်မပါဝင်ခဲ့ပေမယ့် နောင်ဖြစ်ပေါ်လာမယ့်နိုင်ငံရေးအခြေအနေကို ကြိုတင်သိမြင်ပြီးတော့ အဲဒီ အာရှလူငယ်အစည်းအရုံးကို ဂျပန်တော်လှန်ရေးအတွက် အရန်တပ်ခွဲတစ်ခုအဖြစ်ရည်ရွယ်ပြီး ဖွဲ့ပေးခဲ့ပါတယ်။ အရေးကြီးတဲ့ နေရာတွေမှာ ဂျပန်ဆန့်ကျင်ရေးစိတ်ဓာတ်ရှိသူ လူငယ်တွေ၊ ရာထူး၊ ဂုဏ်ပကာသနတွေကိုမမက်မောဘဲ ဖက်ဆစ်ကိုလိုနီကျွန်ဘဝက မြန်မာပြည်လွတ်လပ်အောင် အသက်ကိုအသေခံပြီး ရဲရဲဝံ့ဝံ့တိုက်ခိုက်မယ့် လူငယ်တွေကိုရွေးပြီး စည်းရုံးရေးမှူးတွေအဖြစ် နေရာချထား ပေးခဲ့ပါတယ်။ ဒါကြောင့် စောစောကကျွန်တော်ပြောခဲ့တဲ့ အာရှလူငယ်အစည်းအရုံးရဲ့ မကြေညာဘဲဖုံးကွယ်ထားတဲ့ နိုင်ငံရေး ရည်ရွယ်ချက်ဆိုတာဟာ ဖက်ဆစ်ဂျပန်ကိုတော်လှန်ဖို့ဆိုတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် “ဂျပန်တော်လှန်ဖို့ အာရှလူငယ်အစည်းအရုံးကို ဖွဲ့တယ်” ဆိုတာကိုတော့ သခင်သန်းထွန်းက ဘယ်သူ့ကိုမှဖွင့်မပြောဘဲ ကြောင်လက်သည်းဝှက်သလို အပြင်မထုတ်ဘဲဝှက်ထားခဲ့ပါတယ်။ ကျွန်တော့်ကိုဖွင့်ပြောရတာကလည်း မပြောရင်မဖြစ်တဲ့ အခြေအနေရောက်လာလို့ ပြောရတာ ဖြစ်ပါတယ်။ အဲဒီအခြေအနေက ဘာလဲဆိုတာကတော့ -

သာတူညီမျှဆိုတဲ့ဝါဒအောက်မှာ
ရန်ကုန်မြို့ အလံပြဘုရားလမ်းမှာရှိတဲ့ သခင်နုရဲ့ရုံးခန်း နိပွန်ကုတ်အဆောက်အအုံမှာ ဂျပန်တွေနဲ့တွေ့စဉ်အခါက အာရှလူငယ်အစည်းအရုံး ဖွဲ့ပေးဖို့တာဝန်ကို သခင်သန်းထွန်းက သဘောတူလက်ခံလာခဲ့ပါတယ်။ မြန်မာပြည်မှာ အာရှလူငယ်အစည်းအရုံးဖွဲ့ဖို့ ဂျပန်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မစ္စတာတိုမိုးရားက ရှင်းပြတာကတော့ အာရှလူငယ်အစည်းအရုံးကို မြန်မာပြည်တစ်ပြည်တည်းမှာသာဖွဲ့စည်းတာ မဟုတ်ပါဘူးတဲ့။ ၎င်းတို့ သိမ်းပိုက်ထားပြီးဖြစ်တဲ့ တရုတ်ပြည်၊ ကိုရီးယား၊ ယိုးဒယား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားနိုင်ငံတွေမှာ အလားတူ အာရှလူငယ်အစည်းအရုံးများ ဖွဲ့စည်းပြီးပါပြီတဲ့။ ဒါကြောင့် အာရှလူငယ်အစည်းအရုံးတစ်ခု မြန်မာပြည်မှာလည်း အမြန်ဆုံး ဖွဲ့စည်းနိုင်ရန် ၎င်းတို့ လာရောက်ကြခြင်းဖြစ်တယ်တဲ့။ အဲဒီ လူငယ်အစည်းအရုံးဖွဲ့နိုင်အောင် ဝိုင်းဝန်းကူညီဖို့တိုက်တွန်းပါတယ်တဲ့။ အာရှ လူငယ်အစည်းအရုံးမှာ နိုင်ငံတကာ လူငယ်အစည်းအရုံးတစ်ခုဖြစ်ခြင်းကြောင့် ၎င်း၏အမည်ကိုလည်း မြန်မာပြည်လူငယ်များအသင်းဟူ၍ မခေါ်သင့်ကြောင်း၊ “အာရှလူငယ်အစည်းအရုံး(ဗမာနိုင်ငံ)”ဟု ခေါ်တွင်ရမည်ဖြစ်ကြောင်း၊ ၎င်း လူငယ်အစည်းအရုံး၏ရည်ရွယ်ချက်မှာ ၂ ခုရှိကြောင်း၊ ပထမရည်ရွယ်ချက်မှာ ဂျပန်အစိုးရကချမှတ်ထားတဲ့ အရှေ့တောင်အာရှ သာတူညီမျှဝါဒသဘောတရားကို မြန်မာလူငယ်များ သဘောပေါက်နားလည်စေရန်ဆောင်ရွက်ပေးဖို့ ဖြစ်ကြောင်း၊ ဒုတိယရည်ရွယ်ချက်မှာ မြန်မာလူငယ်များ၏ ဗလငါးတန်တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း စသည်ဖြင့် ပြောပြပါတယ်။

သခင်သန်းထွန်းသည် အာရှလူငယ်အစည်းအရုံးဖွဲ့စည်းပေးဖို့တာဝန်ကို လက်ခံလာပြီးနောက် ယင်းအဖွဲ့အစည်းမှာ ပါဝင်လုပ်ကိုင်မယ့် ခေါင်းဆောင်တချို့ကို တွေ့ဆုံဆွေးနွေးပါတယ်။ ကျွန်တော့်ကိုလည်း သခင်သန်းထွန်းသည် သူ့အိမ်မှာ ခေါ်ယူတွေ့ဆုံပြီး ဆွေးနွေးပါတယ်။ သခင်သန်းထွန်းနှင့်မတွေ့မီ တစ်ရက်ကပင် သခင်ဗဟိန်းက ကျွန်တော့်ကို သခင်သန်းထွန်း အာရှလူငယ်အစည်းအရုံး ဖွဲ့စည်းမည့်အကြောင်းနဲ့ ၎င်း အစည်းအရုံးမှာ ပါဝင်လုပ်ကိုင်ဖို့ကိစ္စကို ပြောပြဆွေးနွေးရန်အတွက် သခင်သန်းထွန်းနဲ့ နောက်တစ်နေ့နံနက်တွင် လာရောက်တွေ့ရန် ပြောထားပါတယ်။
(ဆက်လက် ဖော်ပြပါမည်)


0 comments:

Post a Comment