၂ဝ၁၅ ဖေဖော်ဝါရီထဲရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ ၃ (မျိုးမြင့်ချို)
(မူအားဖြင့် အမှောက်အလှန်)
နိုင်ငံရေးသဘောမှာ မူအားဖြင့်သဘောတူပါသည်ဆိုတာရဲ့အနက်က ဘာထွက်တယ်ဆိုတာ
ကျောင်းသားတွေ ကောင်းကောင်းသိကြတယ်ဆိုတာ ယုံတယ်။ ပွဲမပြီးသေးဘူး။ သူတို့ခရီး ကျန်သေးတယ်။
အစိုးရ လွှတ်တော် အပြန်အလှန်အပုတ်ပြရင်း ပွဲချိန်ရှည်အောင်ဆန့်ပြီး သပိတ်သွေးအေးသွားအောင်
သွေးကွဲသွားအောင် ဆင်ကြံကြံတတ်တဲ့ နိုင်ငံရေးကလိန်ခြုံ စစ်အုပ်စုရဲ့ကတိကဝတ်ဟာ ဘယ်တုန်းကမှ
ယုံစားလို့မရမှန်း ကျောင်းသားတွေ နောနေအောင်သိပြီးသားပဲ။ ကားပါမစ်၊ နိုင်ခြားထွက်ခွင့်
စတာတွေနဲ့ မြှူဆွယ်ဖျားယောင်းလို့မရ၊ ပွဲစားမလို အာမခံပေးမယ့်လူမလို မိမိတို့ယုံကြည်ရာသပိတ်လက်နက်
လူထုအပေါ် ယုံကြည်ကိုးစားအားနဲ့ မဆုတ်မနစ်ပိုင်းဖြတ်ချက်ရှိရှိ တိုက်ပွဲဆင်ခဲ့လို့သာ
ခုအခြေအနေထိ တက်လှမ်းလာနိုင်ပေတာပဲ။ ကတိအကြိမ်ကြိမ်ဖျက်လေသူစစ်အုပ်စုကိုမပြောဝံ့ပဲ
ကျောင်းသားတွေကို မောင်းသလိုမဲသလိုလုပ်ခဲ့သူတို့ အရှက်မျက်နှာနဲ့ မနက်ဖြန်တွေမှာ အသက်ဆက်နေကြတော့။
(မပေါင်းဘူး စိတ်ချ။ ပေါင်းပြီးသားမို့)
ဗိုလ်ချုပ်ရာပြည့်နဲ့ ကျောင်းသားသပိတ်ပေါင်းစည်းသွားမှာ အစိုးရကလန့်နေတာဆိုတဲ့အကောက်အယူဟာ
ဘာပြောတာမှန်း ခုထိသဘောမပေါက်ဘူး။ ကျောင်းသားတွေက ကိုအောင်ဆန်းစိတ်ဓါတ်မျိုး၊ ကြံ့ခိုင်မှုမျိုး
ပိုင်းဖြတ်ချက်မျိုးနဲ့ အနာဂတ်အတွက် သူတို့ပစ္စုပ္ဗန်တွေထမ်းပြီး လမ်းလျှောက်နေကြတာ။
သပိတ်မှောက်နေကြတာ။ အရေးဆိုနေကြတာပဲ။
ဗိုလ်ချုပ်ရာပြည့်က “ကြည်..ပဲပြုတ်နဲ့နံပြား ရရင်စားချင်တယ်”ကို စာရိုက်ဝေရင်း
ဂုဏ်ပြုသီချင်းတွေ ကဗျာတွေ ပြဇာတ်တွေ အော်ပရာတွေနဲ့ ပျော်ပွဲရွှင်ပွဲသဖွယ် ဆင်နွှဲနေကြ
ဂုဏ်မွှမ်းနေကြတာပေပဲ။
ဒေါ်အောင်ဆန်းစုကြည် ဗမာ့နိုင်ငံရေးထဲ ရှိနေသေးတာကတကြောင်း စစ်ဗိုလ်တွေအပေါ်
မုန်းတီးနာကျည်းစိတ် စေ့ဆော်တာကတကြောင်း ရွေးကောက်ပွဲလုပ်ပြန်ဦးမယ့်နှစ်ကာလ ဖြစ်တာကတကြောင်းတွေကြောင့်သာ
ဒေါ်စုကရော စစ်အုပ်စု(ဗိုလ်ရွှေမန်းဂိုဏ်း)ကရော အင်န်အယ်လ်ဒီကပါ ခုလောက် သဲသဲလှုပ်ကြတာမျိုးပါ။
ဂုဏ်ပြုအပ်သူ လေးမြတ်ထိုက်သူကို ဂုဏ်ပြုလေးမြတ်တာထက် အသေအချာတွက်ချက်ပြီး နိုင်ငံရေးအကျိုးအမြတ်အတွက်
ပလေးနေကြတဲ့သဘောက ကဲသလိုဖြစ်နေတာလည်း အထင်အရှားပဲ။
ဗိုလ်ချုပ်ရာပြည့်နဲ့ ကျောင်းသားသပိတ်ပေါင်းစည်းမိစရာ ဘာအကြောင်းမှမရှိဘူး။
ဒါပေမယ့် ဖြတ်လေရာမြို့တိုင်းက ဗိုလ်ချုပ်ကြေးရုပ် ကျောက်ရုပ်တွေတိုင်းရှေ့မှာ သပိတ်မှောက်ကျောင်းသားတွေ
ဦးညွှတ်ကြ အလေးအမြတ်ပြုကြ သစ္စာတိုင်တည်ကြတာပဲ။ ဒါ မွေးနေ့ရာပြည့်ပွဲထက် နိုင်ငံရေးအနှစ်သာရပိုတယ်
မြင်မိတာပါပဲ။
(မြအေးမို့လို့ပြောတာ)
ရှစ်ပူးငြိမ်းပွင့်ကိုမြအေးကို ပုဂ္ဂိုလ်ရေးပြောတာပါ။ လူချင်း ငယ်ပေါင်းကြီးဖော်မဟုတ်ပေသိ
၎ ရှည်မှာ၊ တောင်ငူထောင်မှာဆုံခဲ့သူတွေမို့ သူ့ထောင်ဘဝ ထိုက်သလောက်သိပါတယ်။
ဇော်သက်ထွေးပြောသလို ဘော်လုံးလေးကန်လိုက် ကော်ဖီလေးသောက်လိုက်နဲ့ သံတိုင်နောက်ကနာရီတွေကို
ဖြုန်းခဲ့သူတော့ဖြင့် မဟုတ်ရေးချမဟုတ်ပါ။
သမာဓိသယ်ယူပို့ဆောင်ရေးကြီးနဲ့ နောင်ရိုးလမ်း တခမ်းတနားဘဝကမှ နိုင်ငံ့အရေးထဲဝင်လာပြီး
နရသိန်မှာ ဒူပေဒါပေနေခဲ့သူပါ။
ဓနရှင်ပေါက်စ ကြေးရတတ်သားသမီးက ကွန်မြူနစ်တွေနဲ့အနေနီးရပါ့မလားလို့
စာပေမကျ ယဉ်နောက်လိုက်ဘဝကနေ ခြေချော်လက်ချော် နိုင်ငံရေးထဲကျလာသူကတောင် အာပြဲခြောက်လေးတဖတ်၊
ကြယ်နီလေးတဖွာ၊ ရွှေပုဇွန်နံကထိုင်လေးတဖဲ့အတွက် ပက်ပက်စက်စက်အဆန့်ကျင်ခံရ ရန်အတိုက်ပေးခံရဘဝကိုဖြတ်လာသူပါ။
ချက်ဟင်းထုတ်ကို ကိုယ့်ထမင်းပုံပေါ်ဖေါက်ချပြီးမှ ရော့မင်းတဖတ် ငါတဖတ်နဲ့
အဆီအနှစ်မှန်သမျှ ကိုယ့်ပန်းကန်ထဲကျစေပြီးမှ တန်းတူညီမျှကိုလိုလားခဲ့သူ ကျင့်သုံးခဲ့သူမဟုတ်ခဲ့။
ထောင်ဝင်စာနဲ့ မှာပေးရုံနဲ့အားမရလို့ အိမ်အထိ ထောင်ဝါဒါလွှတ်ပြီး စိတ်ပိုင်းရုပ်ပိုင်း
ချို့ငဲ့လိုအပ်နေသူတွေ လိုတဲ့ဆေးဝါး အစားအသောက်တွေပါ ခိုးခိုးသွင်းပေးခဲ့သူ။
အစ္စလာမ်ဘာသာမှာ ထဲဝင်စူးစိုက်ယုံကြည်လေးမြတ်မှု ဘယ်မျှရှိကို အတိုင်းရခက်ပေမယ့်
ဘာသာတကာလူတကာနဲ့ နူးညံ့သိမ်မွေ့လှသူ။ သိမ်မွေ့မှုမှာပျော့ပြောင်းလှသမို့ အတူနေမွတ်စလင်မ်အချို့ကတောင်
မျက်စေ့စပါးမွှေး စူးခံရသူ။
လူချစ်လူခင်များသလို အမြဲဖျတ်လတ်တက်ကြွနေသူ။ နိုင်ကျဉ်းအခွင့်အရေးနဲ့
ဂုဏ်သိက္ခာဆိုင်ရာ တောင်းပွဲတိုက်ပွဲတိုင်းမှာ ရှေ့ဆုံးကမဟုတ်တောင် နောက်တန်းမှာ ဘယ်တော့မှမနေခဲ့သူ။
လွတ်ချိန်မှာ အမေနဲ့ကျနော် သူ့အိမ်သွား နှုတ်ဆက်အားပေးစကားပြောတော့ ဝေနှင်းပွင့်သုန်လေးက
အပျိုတောင် မဖျန်းသေး။ ပိန်ပိန်သွယ်သွယ် ဟေဇယ်လ်နတ်မျက်လုံးဝိုင်းကြီးတွေနဲ့မိန်းကလေးဟာ
တောက်လျှောက်ဂါဝန်လေးနဲ့ ထောင်ဆိုတာဘာပါလိမ့်လို့ မျက်လုံးလေးကလယ်ကလယ် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့
စူးစမ်းတတ်နေပြီ။
မျက်ရည်ကြည်တွေဝေသီနေတဲ့ နွမ်းနွမ်းနယ်နယ်သူ့ဇနီးမျက်နှာဟာ ကျနော့်အားပေးစကားတွေကို
ဖျော့တော့လျော့ရဲစွာ သိမ်းထုပ်လို့။ “တနေ့တော့ လွှတ်လာမှာပါဗျာ မပူပါနဲ့” ပြောနေချိန်မှာ
တနေ့ကိုသိချင်သူဟာ သူ့ဇနီးတယောက်တည်းတော့ မဟုတ်ချေဘူး။
အဲ့ဒီကိုမြအေးကို ခု ကျနော် ပြန်မရတော့ဘူး။ ခု အဲ့ဒီကိုမြအေး ကျနော့်အတွက်
ပျောက်သွားပြီ။ အတိတ်မှာကျန်ခဲ့ပြီ။ ကိုကိုကြီးကြဲသမျှ နောက်ကလိုက် ရိပ်သိမ်းပေးသူ။
အန္တေဝါသိကနှယ် ကာကွယ်ဖေးမနေရသူ။ ရိုဟင်ဂျာကိစ္စအစ မင်္ဂလာဆောင်အလယ် ပန်းခြံနိုင်ငံရေးအဆုံး
အရိပ်သြဇာ ကြီးမားလွှမ်းမိုးခံရလေရော့သလား။
ရိုဟင်ဂျာအရေးမှာ အနှိမ်ခံမျက်နှာမွဲတွေကို ဖြဲချောက်လေရော့သလား။ ဝီရသူလို
အစွန်းရောက်အကြမ်းဖက်သမားနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အမည်ခံပြီး မိုက်မိုက်ကန်းကန်း
ပွဲဝင်ခံကြေညာချက်ထုတ်ဝံ့လေရော့သလား။ မွတ်စလင်မ်တို့ရဲ့ အမြင်အစောင်းခံရသလို ဗုဒ္ဓဝါဒီတို့ရဲ့အယုံအကြည်အကိုးစားလည်း
ပျက်ရလေရော့ထင့်။
တဖြည်းဖြည်းနဲ့ နူးညံသိမ်မွေ့မှုပျော့ပြောင်းနှိမ့်ချမှုထက် ခက်ထန်ဝေါဟာရတွေ
လေသံတွေ Tone တွေနဲ့ ဆွေ့ဆွေ့ခုန်လွန်း ဆတ်ဆတ်ခါလွန်းတွေ များများလာတယ်။ အသက်အရွယ်
ဖြတ်သန်းမှု အတွေအကြုံတွေအရ ရင့်ကျက်တည်ငြိမ် လေးနက်ရမယ့်အချိန်မှာမှ ကလေးဆန်ရလေတယ်လို့
နှမျောမိတာပါပဲ။
ဒီလိုနဲ့ ကျနော် လေးမြတ်နှစ်လိုခဲ့သူ ကိုမြအေးဟာ.......
ဒါ ကိုမြအေးကို ကျနော့်ပုဂ္ဂိုလ်ရေးအမြင်ပါ။ သူ ပြန်ပြောမှာကို ကျနော်မျှော်ပြီး
ရေးတာပါခင်ဗျား။ ဒါတွေ့ပြီး ကာယကံရှင်မဟုတ်သူတွေ မခံမရပ်နိုင်ဖြစ်မှာ စိတ်ဆိုးမှာလည်း
တွေးမိပါတယ်။ စိတ်တော့မကောင်းပါ။ မိတ်ဆွေချင်းမို့ ဆိုရေးရှိက ဆိုအပ်ရပါတယ်။
0 comments:
Post a Comment