Monday, February 16, 2015

ကြံ့ဖွံ့အစိုးရ၌ “နိုင်ငံရေးယဉ်ကျေးမှုသစ်” အမှန်တကယ်ရှိပါသလော (တူမောင်ညို)

0 comments
ကြံ့ဖွံ့အစိုးရ၌ “နိုင်ငံရေးယဉ်ကျေးမှုသစ်” အမှန်တကယ်ရှိပါသလော (တူမောင်ညို)(၂ဝ၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၅ ရက်)
ယနေ့သပိတ်မှောက်ကျောင်းသားလူငယ်များသည် ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်း ကို လျှောက်နေကြခြင်းဖြစ် ပါသည်။

“ခေတ်ဝန်”ကိုထမ်း၍ချီတက်လျှောက်လှမ်းရသော “ခေတ်လမ်း” ဆိုသည်မှာ သာယာဖြောင့်ဖြူးသော မင်းလမ်းမကြီး မဟုတ်။ အသံပေး ခြိမ်းခြောက်မှု၊ အင်အားပြဟန့်တားနှောင့်ယှက်မှု၊  နည်းလမ်းပေါင်းစုံသွေးခွဲမှု၊ သရုပ်ဖျက်မှု စသော အုပ်စိုးသူများကလုပ်ကြံဖန်တီးသော အဖျက်အမှောင့်ဓားတောင်များနှင့် အနှောင့်အယှက်မီးပင်လယ်အသွယ်သွယ်ကို ရင်ဆိုင်ကျော်ဖြတ် ချီတက်နေကြရခြင်းဖြစ်ပါသည်။

ဤသို့ ရင်ဆိုင်ကျော်ဖြတ်နိုင်ကြခြင်းမှာ အောက်ပါ ပကတိအခြေခံအကြောင်းတရား ၂ ခု တည်ရှိနေ၍ဖြစ်ပါသည်။

၁။ သပိတ်မှောက်ကျောင်းသားလူငယ်များ၏ မှန်ကန်တည်ငြိမ်ပြီး ခိုင်မာရဲရင့်သောကိုယ်ပိုင်ပိုင်းဖြတ်ချက်ရှိမှု
၂။ ဖြတ်သန်းချီတက်ရာလမ်းတလျှောက်ရှိမြို့ရွာများမှ ရဟန်းရှင်လူ၊ မိဘပြည်သူများ၏ အားပေး၊ ထောက်ခံ၊ ကူညီ၊ ကာကွယ် စောင့်ရှောက်မှုများကြောင့် ဖြစ်ပါသည်။

(သံလွင်၊ စစ်တောင်း ညာလက်မောင်းဟေ့၊ စစ်မောင်းသံချီ ဒုဋ္ဌဝတီ၊ မှိုင်းရည်စိမ်းမြ ရိုးမတွေသည် နောင်တော်မြတ်မို့လက်အုပ်ချီ-- ပြည်သူ့ရဲ့သွေး - ပြည်သူ့ရဲ့သွေး -- ဧရာဝတီ )
အထက်ပါ  “နိုးလော့ - ထလော့ - ဧရာဝတီ” သီချင်းထဲက လိုပင်။ အရှိန်အဟုန်ဖြင့် စီးဆင်းနေသော ဧရာဝတီမြစ်ကြီးနှင့် အလားသဏ္ဌာန်တူသည့် ကျောင်းသားသပိတ်စစ်ကြောင်းကြီးသည်လည်း အဓိကဆုံရပ်ဖြစ်သော ရန်ကုန်မြို့သို့မကြာမီ ဆိုက်ရောက်လာ ပေတော့မည်။ ရွှေတိဂုံစေတီတော်ကို ဦးခိုက်ဖူးမြော်ကြမည်။ ကုန်းတော်ပေါ်ရှိ သမိုင်းဝင် “၁၉၂ဝ ပထမကျောင်းသားသပိတ်” ကျောက်စာ တိုင်ရှေ့မှာ သံန္နိဋ္ဌာန်ချကြမည်။ အဖိုးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ပုထိုးကို ရှိခိုးတိုင်တည်ကြမည်။ ဤသည်တို့မှာ ကျောင်းသားသပိတ် အဆက်ဆက်၏ ကောင်းမြတ်သောအစဉ်အလာဖြစ်သည်။ ငြိမ်းချမ်းသောလှုပ်ရှားမှု စစ်စစ်လည်းဖြစ်သည်။ တနည်းအားဖြင့် ပြောရလျှင် တည်ငြိမ်မှုနှင့်အေးချမ်းသာယာမှုကို အထောက်အကူပြုသည့်လုပ်ဆောင်ချက်လည်းဖြစ်သည်။

ဤသို့ကောင်းမြတ်သောအစဉ်အလာများကို၊ အပြုအမူများကို တားမြစ်ခြင်း၊ ပိတ်ပင်ကန့်သတ်မှုပြုခြင်းများကသာ တည်ငြိမ်မှုနှင့်အေးချမ်း သာယာမှုထိခိုက်ပျက်ပြားစေသော၊ အရုပ်ဆိုးအကျည်းတန်စေသော အလွန်တရာမိုက်မဲလှသည့် လုပ်ဆောင်ချက်များဖြစ်ပေလိမ့်မည်။  

ဤသို့ တစ်ဖက်မှချီတက်နေပြီး အခြားတစ်ဖက်မှာပြုလုပ်နေသည့် ဆွေးနွေးညှိနှိုင်းမှု(လေးပွင့်ဆိုင်ဆွေးနွေးမှု)ကလည်း တစုံတရာ ခရီးရောက် နေသည်။ ထိုအချိန်တွင် ရန်ကုန်သို့ ကျောင်းသားသပိတ်စစ်ကြောင်း ချီတက်မလာနဲ့၊ ချီတက်လာလျှင် “နည်းလမ်းပေါင်းစုံသုံး၍ တားဆီးမည်” ဆိုသည့်စကား အစိုးရဘက်မှပြောဆိုလာသည်၊ ထုတ်ပြန်ကြေညာလာပါသည်။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားမည်ဟုလည်း ဆိုပါသည်။

ကျောင်းသားသပိတ် ဖြတ်သန်းရာချီတက်ရာ၊ စခန်းချရာလမ်းတလျှောက်ကို ပြန်ကြည့်စမ်းပါ။ ဘယ်မြို့၊ ဘယ်ရွာမှာ တည်ငြိမ်အေးချမ်းမှု ထိခိုက်၊ ပျက်ပြားစေတာရှိခဲ့သလဲ။

ကျောင်းသားသပိတ်သည် မည်သည့်အစိုးရအာဏာပိုင်များကိုမျှ ရန်စမှု၊ စော်ကားမှု မပြုခဲ့၊ မလုပ်ခဲ့။ အာဏာပိုင်အဆင့်ဆင့်ကသာ အစိုးရညွန်ကြားချက်နဲ့အညီ  ကျောင်းသားသပိတ်ကို နည်းလမ်းပေါင်းစုံဖြင့် ဟန့်တားနှောင့်ယှက်ခဲ့ကြသည်။ ခြိမ်းခြောက်ခဲ့ကြသည်။ ကျောင်းသားအသွင်ယူ “ထောက်လှမ်းရေးများ”ထည့်သွင်း၍ ချီတက်နေသောကျောင်းသားသပိတ်ကို ဖျက်လိုဖျက်ဆီးလုပ်ရန် ကြံရွယ် ခဲ့ကြသည်မဟုတ်ပါလား။

ထို့အပြင် ဖက်ဆစ်နည်း၊ ဖက်ဆစ်ဟန်လုပ်ရပ်များဖြစ်သော ပြည်သူအချင်းချင်းအကြား၊ ကျောင်းသားအချင်းချင်းအကြား၊ ကျောင်းသားနှင့် ကျောင်းဆရာများအကြား၊ ကျောင်းသားနှင့် မိဘပြည်သူများအကြား၊ နည်းလမ်းပေါင်းစုံဖြင့် သပ်ရှိုသွေးခွဲမှုများ၊ ရန်တိုက်ပေးမှုများကို မရပ်မနား လုပ်ကြံဖန်တီးပြုလုပ်နေခဲ့ကြပါသည်။ ဤရာဇဝတ်မှုလုပ်ရပ်များကို ရပ်တန်းက ရပ်သင့်ပါပြီ။

ယင်းသို့ဘေးအန္တရာယ်မျိုးစုံ ကြုံတွေ့ရင်ဆိုင်ခဲ့ရသော်လည်း သပိတ်မှောက်ကျောင်းသားများသည် ဒေသခံ ရဟန်းရှင်လူ မိဘပြည်သူများ၏ ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကူညီမှုဖြင့် မိမိရည်မှန်းရာသို့ အရှိန်အဟုန်မပျက်၊ ဦးတည်ချက်မပျက် ငြိမ်းချမ်းစွာ၊ တည်ငြိမ်စွာဆက်လက် လျှောက်လှမ်း ချီတက်နိုင်ခဲ့ကြပါသည်။ ချီတက်နေကြဆဲဖြစ်ပါသည်။

ယင်းသို့ မြို့အသွယ်သွယ်၊ အနှောင့်အယှက် အတားအဆီးအဖုံဖုံကို ရင်ဆိုင်ဖြတ်သန်းလာခဲ့ပြီးမှ “ရန်ကုန်မြို့သို့အဝင်မခံ” ဟူသော သမ္မတ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံအစိုးရ၏ သဘောထားကြေညာချက်သည် လူကြီးလူကောင်းမဆန်သောအပြုအမူဖြစ်ပြီး၊ ထိပ်တိုက်ရန်ပြုမည့်လုပ်ရပ် ဖြစ်နေပါသည်။

ကျောင်းသားနှင့် ကျောင်းသားလှုပ်ရှားမှုဟုဆိုတိုင်း “ ဦးချိုးပစ်မည်၊ အညွန့်ချိုးပစ်မည်၊ ချေမှုန်းပစ်မည်၊ ဓါး- ဓါးချင်း လှံ - လှံခြင်းရင်ဆိုင်မည်” ဟူသော အုပ်စိုးသူအဆက်ဆက်စွဲကိုင်ခဲ့ကြသည့် ဟောင်းအိုဆွေးမြေ့နေပြီဖြစ်သော မှားယွင်းမိုက်မဲသောရပ်တည်ချက်၊ သဘောထားနှင့် ကောက်ကျစ်မှုအပွေးထူသောအမူအကျင့်ကို အလျှင်အမြန်စွန့်လွှတ်ဖို့ အချိန်တန်ပါပြီ။

“မလိုလားအပ်သော ပြဿနာများ” လုပ်ကြံဖန်တီးခြင်းမပြုရန်၊ မဖြစ်ပွားစေရန်  ကြံ့ဖွံ့အစိုးရတွင်အဓိကတာဝန်ရှိပါသည်။

(နဝတ-နအဖ) စစ်အစိုးရ၏ အမိန့်ပေးစေခိုင်းမှုဖြင့်ပေါ်ပေါက်ခဲ့သော ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်မှ တုတ်ဓါးကိုင်လူရမ်း ကားတစ်စု၏ ရန်ပြုမှု၊ ဒီပဲယင်းအကြမ်းဖက်လူသတ်မှုများနှင့် သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရလက်ထက်တွင်ပေါ်ပေါက်လာခဲ့သော မိတ္တီလာ၊ ထန်းကုန်း၊ ဥက္ကံ၊ လားရှိုး၊ မန္တလေး စသည့်မြို့ကြီးများတွင် ဖြစ်ပေါ်ခဲ့သောအကြမ်းဖက်၊ လူသတ်၊ မီးရှို့မှုများ မပေါ်ပေါက်စေရန်၊ မဖြစ်ပွားစေရန် ကြံ့ဖွံ့အစိုးရက လက်ပိုက်ကြည့်မနေဘဲ၊ ထိထိရောက်ရောက် အကာအကွယ်ပေးရမည်။ “ ဘယ်ကလာမှန်းမသိတဲ့လူအုပ်များ” လမ်းမပေါ် ထွက်မလာစေရန် တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားဖို့၊  ကြိုးချည်ထားဖို့လိုအပ်ပါသည်။

“မင်းမဲ့စရိုက် ဆူပူ သောင်းကျန်းမှု” များကို ကျောင်းသားလူငယ်များ၊ ရဟန်းရှင်လူမိဘပြည်သူများက လုပ်ကြံဖန်တီးနိုင်သည် မဟုတ်ပါ။ ဤလုပ်ရပ်များသည် ကျောင်းသားလူငယ်များ၊ ရဟန်းရှင်လူပြည်သူများ၏ဆန္ဒပြမှု၊ လှုပ်ရှားမှုများကို သရုပ်ဖျက်ရန်၊ အကြမ်းဖက်ဖြိုခွဲနိုင်ရန် အတွက် အုပ်စိုးသူများကပြုလုပ်သော လုပ်ကြံလီဆယ်ဖန်တီးချက်များသာ ဖြစ်ပါသည်။

ကျောင်းသားလူငယ်များ၏ အမြော်အမြင်ရှိသော၊ လူကြီးလူကောင်းဆန်သော၊ ရည်မွန်ယဉ်ကျေးသော၊ ရဲရင့်သော ရပ်တည်ချက်နှင့် ပျော့ပျောင်းညင်သာသည့်သဘောထားကို “နိုင်ငံရေးယဉ်ကျေးမှုသစ်”ကို တစာစာပြောနေသည့်ကြံ့ဖွံ့အစိုးရအနေဖြင့်လည်း တူညီသော ရပ်တည်ချက် သဘောထားများဖြင့်သာ တုန့်ပြန်သင့်သည်မဟုတ်ပါလော။


0 comments:

Post a Comment