Monday, February 23, 2015

ဖေဖော်ဝါရီ တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၁) မျိုးမြင့်ချို

0 comments
ဖေဖော်ဝါရီ တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၁) မျိုးမြင့်ချို
(ကျောင်းသားက ဘာကိစ္စအစိုးရဖွဲ့ရမတုန်း)
နေပါဦး ကျောင်းသားတွေက အစိုးရဖွဲ့မယ်တို့။ ကြားဖြတ်အစိုးရဖွဲ့စည်းရေးတို့၊ သိန်းစိန်အစိုးရ အလိုမရှိတို့၊ သိန်းစိန်စစ်အစိုးရထွက်ပေးတို့ဘာတို့တွေများ ပြောနေလို့လား။
သူတို့ပြောနေတာ အမျိုးသားပညာရေးဥပဒေဟာ ကျောင်းသားထုတရပ်လုံးနဲ့ဆိုင်တဲ့အရေး၊
ကျောင်းသားမိဘတိုင်းနဲ့ဆိုင်တဲ့အရေး၊ တမျိုးသားလုံးတတိုင်းပြည်လုံးရဲ့အနာဂတ်နဲ့ဆိုင်တဲ့အရေး၊
ပြည်သူတရပ်လုံးနဲ့ဆိုင်တဲ့အရေးလို့ပြောနေတာ။ ဒါ့ကြောင့်မို့ ဒါကိုပြင်လို့ပြောနေတာ။
ပြင်တဲ့နေရာမှာလည်း ကျောင်းသားထု၊ ဆရာဆရာမများ၊ NNER အပါအဝင် ပညာရေးပါရဂူများ၊ လွှတ်တော်၊ အစိုးရ စတာတွေပါ ပါရမယ်။ အားလုံးရဲ့သဘောထားကိုထင်ဟပ်ပြီး အများစု လက်ခံနိုင်မယ့်ဥပဒေဖြစ်ရမယ်လို့ပြောနေတာ။
စစ်လွှတ်တော်ဝင် အမတ်တွေ တက်တက်ကြွကြွထောက်ခံရေးဆွဲ အတည်ပြုပြဌာန်းခဲ့တဲ့ ဒီပညာရေးဥပဒေကို ဖျက်ပစ်လို့တောင်ပြောနေတာမဟုတ်ဘူး။ ပြင်ဆွဲ၊ ပြင်ရေး၊ လိုတာဖြည့်၊ မလိုတာတွေဖြုတ်လို့ပြောနေတာ။
တနည်းပြောရရင် စစ်အုပ်စုကြီးစိုးတဲ့ အစိုးရ၊ လွှတ်တော်၊ ပညာရေးဌာနစတာတွေရဲ့ တည်ရှိမှုကိုဇွတ်ငြင်းပြီး တို့ဘာသာတို့လုပ်မယ် မင်းတို့ဝင်မပါနဲ့လို့ တဘက်သတ်ပြောနေတာ တောင်းဆိုနေတာမဟုတ်ဘူး။ အစိုးရထွက် လွှတ်တော်ဖျက်လို့ပြောနေတာ မဟုတ်ဘူး။
သူတို့သွားနေတဲ့ရည်ရွယ်ချက်ကို သူတို့မျက်ခြေမပြတ်ဘူး။ သူတို့အကန့်အသတ် သူတို့သိတယ်။ အထွေထွေသပိတ်ကြီးတို့ တပြည်လုံးအုံကြွမှုဖြစ်လာမယ်တို့ ဖြစ်အောင်လုပ်မယ်တို့ တခွန်းမှ မပြောဘူး။ အစိုးရ အကိုင်အတွယ်မတတ်လို့ အခြားအခြားသော အတန်းအစားတွေ အလွှာတွေရဲ့ မကြေနပ်မှုတွေ နာကျည်းမှုတွေပေါင်းစည်းမိပြီး ပိုကြီးတဲ့လှုပ်ရှားမှုကြီးတွေဖြစ်လာမယ် အစိုးရအာဏာကိုခြိမ်းခြောက်လာမယ်ဆိုရင်တောင် ဒါ အစိုးရရဲ့ အကိုင်အတွယ်မတတ်မှုနဲ့ ညံ့ဖျင်းမှုကြောင့်ပဲဖြစ်မှာလို့ပြောနေတာ။
အထွေထွေသပိတ်ကြီးတွေ တော်လှန်ရေးတွေဆိုတာ ဘယ် လူတစုအလွှာတခုခုကမှ ဖန်တီးလို့ လုပ်ယူလို့မရဆိုတာ ကျောင်းသားတွေသိတယ်။ လူထုကိုယ်တိုင်ပါဝင်ပြီး လူထုကိုယ်တိုင်ဖန်တီးမှ အဲ့ဒီ လူမှုတော်လှန်ရေးကြီးတွေ အောင်မြင်ထမြောက်တယ်ဆိုလည်း သူတို့သိတယ်။
သူတို့ပြောနေဆိုနေတာတွေ နားထောင်ကြည့်ရင် သူတို့ ဘယ်လောက် ပါးပါးနပ်နပ် ကျင်ကျင်လည်လည် တွေးခေါ်မြော်မြင်နိုင်စွမ်း လုပ်ကိုင်နိုင်စွမ်းတယ်ဆိုတာ မုချတွေ့ရမယ်။ ဒါကို မသိကျိုးကျင်ပြုပြီး စစ်အုပ်စုလေသံလိုက်နင်းပြီး အဆုံးအစွန်ဆုံးတိုက်ပွဲတိုက်မှာလားတို့၊
ကျောင်းသားတွေက အစိုးရဖွဲ့နိုင်လို့လားတို့ပြောပြီး ကျောင်းသား ကျောင်းသားထုကြား၊ လူထုနဲ့ကျောင်းသားထုကြား သွေးမကွဲကွဲအောင် ရည်ရွယ်ချက်ပါပါ စစ်အုပ်စုအလိုကြပြောနေတာကို ဆန့်ကျင်တယ်။
ကျောင်းသားဘဝဆိုတာ၊ ကျောင်းသားဘဝနိုင်ငံရေးလှုပ်ရှားမှုဆိုတာ နိုင်ငံရေးအာဏာယူဖို့ မဟုတ်ဘူး၊ အစိုးရဖွဲ့ဖို့မဟုတ်ဘူး။ အစိုးရထဲ ဝင်ပါဖို့မဟုတ်ဘူး။ အစိုးရလုပ်ဖို့မဟုတ်ဘူး။
အေး တခုတော့ရှိတယ် မြဲမြဲမှတ်ထား မတရားတဲ့အစိုးရ လူထုမကြိုက်တဲ့အစိုးရ လူထုဆန္ဒနဲ့ဆန့်ကျင်တဲ့ အစိုးရဆိုရင်တော့ ဖြုတ်ချဖို့ ခေတ်တိုင်းမှာ တပ်ဦးကရှိတယ်။ သေစရာရှိရှေ့ဆုံးကသေတယ်။ နာစရာရှိ ရှေ့ဆုံးက အနာခံတယ်။ အာဏာငမ်းဖမ်းတဲ့အပြုအမူ လှုပ်ရှားမှု အာဏာရမက်ဇော ဘာတခုမှမပါတဲ့ ခု ဆင်နွှဲနေတဲ့ ကျေင်းသားသပိတ်ဟာ အစိုးရလုပ်ဖို့မဟုတ်ဘူး။

(ကြားပွဲစားများ)
ဘာ စစ်တပိုင်းအစိုးရမှ မဟုတ်ဘူး။ အရပ်သားအယောင်ဆောင် ဒီမိုကရေစီအရေခြုံ စစ်အုပ်စု။ ဘာ ကြားနေတာမှ မဟုတ်ဘူး။ စစ်အုပ်စုနဲ့ပင်းရိုက်တဲ့ သပိတ်ဖြိုခွဲရေး အကြံအစည်။ မပါချင်ရင် မပါပဲနေလို့ရတယ်။ ဘယ်ဘက်မှ ပင်းစရာမလိုဘူး။ ဝင်မပါလို့လည်း ဘယ်သူကမှ ဘာအပြစ်မှမပေးဘူး။ ခုလို ပွဲစားဝင်လုပ်ပြီး ပင်းတဲ့ဘက်က ဟန်ပုံမပေါ်တော့မှ “ကြားကကြားက” ဆိုတဲ့စကားသုံးတာ ရိုးသားဖြောင့်မတ်မှုမဟုတ်ဘူး။ နိုင်ငံရေးသီလကြောင်တို့ရဲ့ မစင်ကြယ်တဲ့ ရှက်ဖွယ်လိလိအပြုအမူသာဖြစ်တယ်။ သတိထားရမှာက စစ်အုပ်စုရော အဲ့ဒီ “ကြားက ကြားက” ဆိုတဲ့ သီလကြောင်တွေကိုရောပဲ။

(အတ္တဘောကြီးသီတဂူ)
ပထမ စာနဲ့ ကျောင်းသားတွေကိုသပိတ်လှန်ခိုင်းပြီး ရန်ကုန်ကိုဝင်မလာဖို့ သွယ်ဝိုက်ခြိမ်းခြောက်တယ်။ လူထုနဲ့ကျောင်းသားထုကလက်မခံ ဝိုင်းနှံတော့ အရှက်ပြေ ဒီတစောင်နဲ့ မျက်နှာချိုပြန်သွေးတယ်။ ကလေးပြော ပြောရရင် “ဖါ”တာပဲ။ ဒီစာမှာလည်း ကျောင်းသားတွေကို “လူဆိုးလေးတွေ အမိုက်အမဲလေးတွေ”ဆိုတဲ့သဘော ပြောထားပြန်တယ်။ “အကြမ်းမဖက်ရ”လို့တော့ အစိုးရကိုမပြောဝံ့ဘူး။ ဒီဘုန်းကြီး နိုင်ငံရေးထဲ ဝင်ဝင်မွှေတာ ခုမှမဟုတ် ရာဇောဝါဒသုတ္တန်ကအစ ခင်ညွန့်နဲ့ပလူးတာအလယ် ဒေါ်စုနဲ့သိန်းစိန်ကြားခလောက်ဝင်ဆန်တာ အဆုံး အတော် သီလသမာဓိမတည်ကြည်တဲ့ အတ္တဘောကြီးပဲ။

(သပိတ်လာလှန်ခိုင်း ပုဆိုးသာလှန်ပြလိုက်)
ကျောင်းသားတွေ သပိတ်မလှန်ဘူး ရန်ကုန်အထိဆက်ချီတက်မယ်ဆိုတာရဲ့အဓိကအကြောင်းက စစ်အုပ်စုထားတဲ့ကတိကိုမယုံလို့ပဲ။
ဒီစစ်အုပ်စုဟာ ထွေးပြီးသားတံတွေးပြန်မြိုတာလောက်မပြောနဲ့ ယိုပြီးသားမစင်တောင် ပြန်စားမယ့်အမျိုးအစားပဲ။
စစ်အုပ်စုကို ခင်ဗျားတို့ယုံသလို လိုက်မရုံရကောင်းလားအမြင်နဲ့ ကျောင်းသားထုစည်းလုံးမှုကို ကူပြီး ဖျက်မယ်တော့မကြံလေနဲ့။ နိုင်ငံရေးဆိုတာ မျက်တောင်တဆုံးကိစ္စမဟုတ်ဘူး။ သမိုင်းကိစ္စ။
လမ်းပေါ်တက်မလာစေချင်ရိုးမှန်ရင် စကတည်းက စစ်အုပ်စုနဲ့ပင်းပြီး လွှတ်တော်ထဲမှာ ဒီဥပဒေကို မဲတင်းပေးစရာမလိုဘူး။ ပညာရေးနဲ့ကျောင်းသားထုနောက်ကျောကို ဓါးကူထိုးခဲ့ကြပြီး ခုမှ နိုင်ငံရေးကလိန်ခြုံဉာဏ်နဲ့ မသိချင်ယောင်လိုလို ရူးချင်ယောင်လိုလို ဆောင်မရဘူး။
သပိတ်လှန်ဖို့အတွက် ခင်ဗျားတို့ယုံတဲ့စစ်အုပ်စုပေးတဲ့ကတိတည်အောင် နိုင်ငံရေးအရ ခင်ဗျားတို့ဘာများ ကူစွမ်းဆောင်ပေးနိုင်မှာတုန်း။ ကိုယ်တောင် အကြိမ်ကြိမ် ကတိအဖေါက်ခံရတာမို့မစွမ်းနိုင်ဘူးဆိုလည်း ပွင့်ပွင့်လင်းလင်းပြောပြီး ကင်းကင်းနေတာ နိုင်ငံရေးသီလတည်ရာ ဖြစ်နိုင်ဦးမယ်။

(တရားကိုက မှားတဲ့စစ်)
လောက်ကိုင်မှာ ဖုန်ကြာရှင်န်းတို့ကိုးကန့်အစုနဲ့တွေ့တော့ အောက်ခြေထု စစ်ဗိုလ်စစ်သားလေးတွေရဲ့ဘဝနဲ့အသက်တွေကို ပစ်ကြွေး ချ စတေးပြီး စစ်ဗိုလ်ကြီးများကောင်းစားရေး စစ်တပ်ကိုင်ပြီး ဆွေစဉ်မျိုးဆက်ချမ်းသာကြွယ်ဝရေး ဓနဥစ္စာစုဆောင်းရေးလုပ်နေတာမှန်း နိုင်ငံရေးအသိ နှမ်းစေ့လောက်ရှိသူတောင်မြင်တယ်။
ခုမှမဟုတ်ဘူး ဒီစစ်အာဏာရှင်တွေဟာ ပြည်တွင်းစစ်ထောင်ပြီး ကြီးပွားချမ်းသာကြတာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သလို ဆွေစဉ်မျိုးဆက်လည်း ထားစရာမရှိအောင် ကျိကျိတက် ကုဋေကြွယ်သူဌေးကြီးများဖြစ်ကြပြီ။
စစ်သားစစ်တိုက်ရင်းသေတာ ကျိုးတာပြတ်တာကန်းတာ ဘာမှမဆန်းပေမယ့် ဘယ်စစ်အတွက် တိုက်ရင်း သေရ ကျိုးရကန်းရပြတ်ရသလဲဆိုတာကတော့ သေချာဃဏသိဖို့လိုသလို စကားလုပ်ပြောရမယ့်ကိစ္စလည်းဖြစ်တယ်။
စစ်သားမှမဟုတ်ဘူး လူအချင်းချင်း ဘယ်သူက ဘယ်သူ့သတ်လို့ ဘယ်သူသေသေ ဝမ်းသာစရာကိစ္စမဟုတ်သလို ဂုဏ်ယူရမယ့်အကြောင်းလည်းမဟုတ်ဘူး။
ခု လောက်ကိုင်မှာ အသက်အသေခံနေကြတဲ့ စစ်သားတွေကြတော့ စစ်ပွဲမှာကျဆုံးတယ်ဆိုတာထက် စစ်အာဏာရှင်အကျိုးစီးပွားအတွက် လူသတ်ကွင်းထဲ နောက်ကျောသေနတ်တေ့ မောင်းအသွင်းခံရလို့ အသေဆိုးနဲ့သေကြရတဲ့အဖြစ်ပဲ။ ဒီ့ထက်မပိုဘူး။ ဘာ တိုင်းပြည်အတွက် ဘာနိုင်ငံအတွက်မှ အသက်ပေးကာကွယ်နေကြရတာ မဟုတ်ဘူး။ စစ်အုပ်စုအကျိုးစီးပွားကို အသေခံပြီး ဘဝတွေ ရင်းစားပေးနေကြရတာပဲ။
တဘက်ကိုကြတော့လည်း စစ်တိုက်နေတာမဟုတ်ဘူး။ လူလိုက်သတ်ပေးနေရတာ။ စစ်တိုက်ရင် လူသေတာမှန်ပေသိ စစ်တိုက်တာနဲ့လူသတ်တာ မတူဘူး။ ခုက စစ်တိုက်နေတာ မဟုတ်ဘူး လူသတ်ပေးနေရတာ။ ကျဆုံးနေတာမဟုတ်ဘူး အသေဆိုးနဲ့ သေပွဲဝင်ပေးနေကြရတာ။
တိုက် သေအောင်တိုက်။ ဘယ်တော့မှ ဒီပြည်တွင်းစစ်ကို နိုင်အောင်တိုက်မရဘူးမှတ်ပါ။ မှားတဲ့တရား မှားတဲ့နိုင်ငံရေးကိုင်စွဲထားသရွေ့ ဒီစစ်အာဏာရှင်တပ် ကြိုက်သလောက်ကြီး ကြိုက်သလောက် လက်နက်ကောင်း ကြိုက်သလောက် စစ်သားသစ်တွေစုဆောင်းနိုင် စုဆောင်းနိုင်၊ ဘယ်တော့မှ နိုင်အောင်တိုက်မရဘူး။
မှားတဲ့တရားဆိုတာက စစ်တပ်ဆိုတာ အမျိုးသားရေးကိုဦးဆောင်ရတယ်ပြောပြီး အာဏာစောင်မန်ခုတ် ကယ်တင်ရှင်လုပ်တာပဲ။ မှားတဲ့နိုင်ငံရေးဆိုတာ တို့တာဝန်အရေး ၃ ပါးပြောပြီး အမျိုးသားသွေးစည်းညီညွတ်ရေးကို ဖြိုခွဲဖျက်ဆီးတာပဲ။
နိုင်ငံရေးအာဏာစောင်မန်ခုတ် ကယ်တင်ရှင်လုပ်ပြီး အမျိုးသားသွေးစည်းညီညွတ်ရေး အသိုက်ဖျက်တဲ့စစ်တပ်ဟာ ဒီပြည်တွင်းစစ်ကို ဘယ်နည်းနဲ့မှ နိုင်အောင်တိုက်မရဘူးမှတ်ပါ။

(ကိုမြအေးဖို့ရေးတဲ့စာ)
ရှစ်ပူးငြိမ်းပွင့်ကိုမြအေးကို ပုဂ္ဂိုလ်ရေးပြောတာပါ။ လူချင်း ငယ်ပေါင်းကြီးဖော်မဟုတ်ပေသိ ၄ ရှည်မှာ၊ တောင်ငူထောင်မှာဆုံခဲ့သူတွေမို့ သူ့ထောင်ဘဝ ထိုက်သလောက်သိပါတယ်။
ဇော်သက်ထွေးပြောသလို ဘော်လုံးလေးကန်လိုက် ကော်ဖီလေးသောက်လိုက်နဲ့ သံတိုင်နောက်ကနာရီတွေကို ဖြုန်းခဲ့သူတော့ဖြင့် မဟုတ်ရေးချမဟုတ်ပါ။
သမာဓိသယ်ယူပို့ဆောင်ရေးကြီးနဲ့ နောင်ရိုးလမ်း တခမ်းတနားဘဝကမှ နိုင်ငံ့အရေးထဲဝင်လာပြီး နရသိန်မှာ ဒူပေဒါပေနေခဲ့သူပါ။
ဓနရှင်ပေါက်စ ကြေးရတတ်သားသမီးက ကွန်မြူနစ်တွေနဲ့အနေနီးရပါ့မလားလို့ စာပေမကျ ယဉ်နောက်လိုက်ဘဝကနေ ခြေချော်လက်ချော် နိုင်ငံရေးထဲကျလာသူကတောင် အာပြဲခြောက်လေးတဖတ်၊ ကြယ်နီလေးတဖွာ၊ ရွှေပုဇွန်နံကထိုင်လေးတဖဲ့အတွက် ပက်ပက်စက်စက်အဆန့်ကျင်ခံရ ရန်အတိုက်ပေးခံရဘဝကိုဖြတ်လာသူပါ။
ချက်ဟင်းထုတ်ကို ကိုယ့်ထမင်းပုံပေါ်ဖေါက်ချပြီးမှ ရော့မင်းတဖတ် ငါတဖတ်နဲ့ အဆီအနှစ်မှန်သမျှ ကိုယ့်ပန်းကန်ထဲကျစေပြီးမှ တန်းတူညီမျှကိုလိုလားခဲ့သူ ကျင့်သုံးခဲ့သူမဟုတ်ခဲ့။
ထောင်ဝင်စာနဲ့ မှာပေးရုံနဲ့အားမရလို့ အိမ်အထိ ထောင်ဝါဒါလွှတ်ပြီး စိတ်ပိုင်းရုပ်ပိုင်း ချို့ငဲ့လိုအပ်နေသူတွေ လိုတဲ့ဆေးဝါး အစားအသောက်တွေပါ ခိုးခိုးသွင်းပေးခဲ့သူ။
အစ္စလာမ်ဘာသာမှာ ထဲဝင်စူးစိုက်ယုံကြည်လေးမြတ်မှု ဘယ်မျှရှိကို အတိုင်းရခက်ပေမယ့် ဘာသာတကာလူတကာနဲ့ နူးညံ့သိမ်မွေ့လှသူ။ သိမ်မွေ့မှုမှာပျော့ပြောင်းလှသမို့ အတူနေမွတ်စလင်မ်အချို့ကတောင် မျက်စေ့စပါးမွှေး စူးခံရသူ။
လူချစ်လူခင်များသလို အမြဲဖျတ်လတ်တက်ကြွနေသူ။ နိုင်ကျဉ်းအခွင့်အရေးနဲ့ ဂုဏ်သိက္ခာဆိုင်ရာ တောင်းပွဲတိုက်ပွဲတိုင်းမှာ ရှေ့ဆုံးကမဟုတ်တောင် နောက်တန်းမှာ ဘယ်တော့မှမနေခဲ့သူ။
လွတ်ချိန်မှာ အမေနဲ့ကျနော် သူ့အိမ်သွား နှုတ်ဆက်အားပေးစကားပြောတော့ ဝေနှင်းပွင့်သုန်လေးက အပျိုတောင် မဖျန်းသေး။ ပိန်ပိန်သွယ်သွယ် ဟေဇယ်လ်နတ်မျက်လုံးဝိုင်းကြီးတွေနဲ့မိန်းကလေးဟာ တောက်လျှောက်ဂါဝန်လေးနဲ့ ထောင်ဆိုတာဘာပါလိမ့်လို့ မျက်လုံးလေးကလယ်ကလယ် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ စူးစမ်းတတ်နေပြီ။
မျက်ရည်ကြည်တွေဝေသီနေတဲ့ နွမ်းနွမ်းနယ်နယ်သူ့ဇနီးမျက်နှာဟာ ကျနော့်အားပေးစကားတွေကို ဖျော့တော့လျော့ရဲစွာ သိမ်းထုပ်လို့။ “တနေ့တော့ လွှတ်လာမှာပါဗျာ မပူပါနဲ့” ပြောနေချိန်မှာ တနေ့ကိုသိချင်သူဟာ သူ့ဇနီးတယောက်တည်းတော့ မဟုတ်ချေဘူး။
အဲ့ဒီကိုမြအေးကို ခု ကျနော် ပြန်မရတော့ဘူး။ ခု အဲ့ဒီကိုမြအေး ကျနော့်အတွက် ပျောက်သွားပြီ။ အတိတ်မှာကျန်ခဲ့ပြီ။ ကိုကိုကြီးကြဲသမျှ နောက်ကလိုက် ရိပ်သိမ်းပေးသူ။ အန္တေဝါသိကနှယ် ကာကွယ်ဖေးမနေရသူ။ ရိုဟင်ဂျာကိစ္စအစ မင်္ဂလာဆောင်အလယ် ပန်းခြံနိုင်ငံရေးအဆုံး အရိပ်သြဇာ ကြီးမားလွှမ်းမိုးခံရလေရော့သလား။
ရိုဟင်ဂျာအရေးမှာ အနှိမ်ခံမျက်နှာမွဲတွေကို ဖြဲချောက်လေရော့သလား။ ဝီရသူလို အစွန်းရောက်အကြမ်းဖက်သမားနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အမည်ခံပြီး မိုက်မိုက်ကန်းကန်း ပွဲဝင်ခံကြေညာချက်ထုတ်ဝံ့လေရော့သလား။ မွတ်စလင်မ်တို့ရဲ့ အမြင်အစောင်းခံရသလို ဗုဒ္ဓဝါဒီတို့ရဲ့အယုံအကြည်အကိုးစားလည်း ပျက်ရလေရော့ထင့်။
တဖြည်းဖြည်းနဲ့ နူးညံသိမ်မွေ့မှုပျော့ပြောင်းနှိမ့်ချမှုထက် ခက်ထန်ဝေါဟာရတွေ လေသံတွေ Tone တွေနဲ့ ဆွေ့ဆွေ့ခုန်လွန်း ဆတ်ဆတ်ခါလွန်းတွေ များများလာတယ်။ အသက်အရွယ် ဖြတ်သန်းမှု အတွေအကြုံတွေအရ ရင့်ကျက်တည်ငြိမ် လေးနက်ရမယ့်အချိန်မှာမှ ကလေးဆန်ရလေတယ်လို့ နှမျောမိတာပါပဲ။
ဒီလိုနဲ့ ကျနော် လေးမြတ်နှစ်လိုခဲ့သူ ကိုမြအေးဟာ.......
ဒါ ကိုမြအေးကို ကျနော့်ပုဂ္ဂိုလ်ရေးအမြင်ပါ။ သူ ပြန်ပြောမှာကို ကျနော်မျှော်ပြီး ရေးတာပါခင်ဗျား။ ဒါတွေ့ပြီး ကာယကံရှင်မဟုတ်သူတွေ မခံမရပ်နိုင်ဖြစ်မှာ စိတ်ဆိုးမှာလည်း တွေးမိပါတယ်။ စိတ်တော့မကောင်းပါ။ မိတ်ဆွေချင်းမို့ ဆိုရေးရှိက ဆိုအပ်ရပါတယ်။

(လာပြန်ပြီလား ရွှေညဝါ)
ဦးဇင်း ရှေ့ဆုံးကနေ တပ်ဦးကနေအလံကိုင်ပြီးကြွချီတော်မူပါ။ ဦးတော့မဆောင်ပါနဲ့ ဘုရား။ ကလေးတွေ လုပ်ကြပါစေ။ ဦးဇင်းပါဝင်အားဖြည့်တာ ကိစ္စကောင်းပေမယ့် ရှုပ်ထွေးမှုတွေဖြစ်လာရင် တဘက်လူများအဖို့ ကြိုက်လုံးတွေ့သွားမှာတွေလည်း ရှိပါတယ်ဘုရား။ နောက်ပြီး သူတို့က တည်ဆဲမတရားဥပဒေတွေကိုချိုးဖေါက်ပြီး ဖီဆန်အာခံနေကြတာပါဘုရား။ တည်ဆဲဥပဒေလိုက်နာနေမှဆို ဘာကိစ္စ ဒီအမျိုးသားပညာရေးဥပဒေကိုဆန့်ကျင်စရာ လမ်းပေါ်ထွက်စရာလိုလိမ့်မလဲဘုရား။ သူတို့ အကြမ်းမဖက်အေးချမ်းတဲ့နည်းနဲ့ တိုက်ပွဲဝင်နေကြတာပါဘုရား။ သူတို့သွားပြီး တည်ဆဲဥပဒေတော့မလိုက်နာခိုင်းပါနဲ့ ဘုရား။ ဦးဇင်း သပိတ်တခုလုံးရဲ့ရည်ရွယ်ချက်နဲ့ သပိတ်ကိုဝန်းရံပေးပါ။ ဦးဇင်း ကလေးတွေကိုကာကွယ်ပေးပါ။ ဦးဇင်းသင်္ကန်းအရိပ်အာဝါသနဲ့ ကလေးဘေးမသီရန်မခအောင် စောင့်ရှောက်တော်မူပါ ဘုရား။ ကျေးဇူးတင်ပါတယ်။


(ကိုယ်ရေးကိုယ်ကြော်ငြာ)
“အပြင်လူရဲ့ဘားမားရုဒ်"အမည်နဲ့ ကျနော် စာအုပ်လေးတအုပ် ထုတ်ဖို့ရှိနေပါပြီ။ ပြီးလုပြီးခင်ပါပဲ။ ၁ဝ ရက်လောက်အတွင်း ထွက်လာဖို့ စိုင်းပြင်းနေပါတယ်။ ရေးခဲ့တာတွေထဲ သင့်မယ်လို့(ကိုယ့်ဘာသာ)ထင်တဲ့ အက်ဆေးနဲ့ဆောင်းပါး အပုဒ်(၃ဝ)ရွေးပြီး စုထားတာ ဖြစ်ပါတယ်။ အမှာစာကို ဒေါက်တာလှကျော်ဇောက ရေးပေးပါတယ်။ စာမျက်နှာ ၁၃ဝ ဝန်းကျင်ရှိပြီး ၁ဝ ချိုးဆိုက်ဇ်ပါ။ ဦးချစ်ညွန့်(ဇင်ရတနာစော)စာပေကထုတ်ဝေပြီး နှင်းဆီနီစာပေက တန်ဘိုး ၁၅ဝဝ နဲ့ဖြန့်ချိပါမယ်။ စာအုပ်လေးဘာ့ကြောင့်လုပ်ဖြစ်သွားတာကို ရေးသူ့စကားအနေနဲ့ ကျနော်ရေးထားတာပါခင်ဗျား။
“ရေးသူ့စကား”
ဒီစာအုပ်မှာပါတာတွေက ပြောချင်တာလည်းရှိ မရေးရမနေနိုင်လည်းဖြစ်တာနဲ့ ရေးဖြစ်သွားတာတွေချည်းပါပဲ။ တနေရာရာပို့ဖို့ ဒါမှမဟုတ် တနေရာရာကတောင်းလို့ရေးတာ တပုဒ်မှ မပါပါ။
ကြိုက်လို့သုံးချင်တယ်ဆို ခွင့်တောင်းဖို့အခန့်မသင့်ရင် တောင်းတောင်မနေနဲ့ဗျလို့ပြောပြီး ကျနော့်ဘလော့ဂ်နဲ ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့တာတွေပါပဲ။
တချိန်ချိန်ကြ ခုလို စာအုပ်လေးတအုပ် ထုတ်ထုတ်ထည်ထည်ဖြစ်လာဖို့များတော့ စိတ်ကူးမယဉ်မိခဲ့တာလည်း အမှန်ပါ။
ခုလိုလုပ်ဖြစ်သွားအောင် တတောင်နဲ့တွတ်တွတ်ပေးတဲ့မသီတာမြင့်နဲ့ တွန်းတွန်းထိုးထိုးလုပ်တဲ့ ကိုရဲမော်ထူးတို့ကို အဓိကကျေးဇူးတင်ရတာပါပဲ။
တူမလေး မရင်နှစ် ကြီးတဲ့အခါ မတတ်လို့မဖတ်တောင် “ဒါ ဘဘ စာအုပ်”လို့ ပြောဖော်ရတယ်ဆို ကြေနပ်ပါပြီ။
တချို့စာတွေရဲ့ တချို့နေရာတွေမှာ ပြင်ဆင် ဖြည့်စွက် ဖြုတ် ဖြည့်တာလေးတွေရှိပါတယ်။
ရင်းရင်းချာချာဖြင့်
မျိုးမြင့်ချို

0 comments:

Post a Comment