Thursday, February 5, 2015

ပြာတောကလူတွေ (မျိုးမြင့်ချို)

0 comments
(ပြာတောကလူတွေ)
ကျနော်တို့ငယ်ငယ်က ရှားမီးသကြားလုံးရှိပါသည်။ အလုံးကြီးများကြီးသလို ချိုလည်းချို မွှေးလည်းအလွန်မွှေးပြီး အရသာလည်းကောင်းပါသည်။ နယ်မှ အမျိုးများလာလည်လျှင် ရွှေတိဂုံကအစ တိရိစ္ဆာန်ရုံအဆုံးလည်ပတ်ပြီး နောက်ဆုံးဂိတ်ထိုးသည့်နေရာများတွင် ရှားမီးမုန့်တိုက်လည်း ပါပါသည်။ ရှားမီးကိတ်၊ ဖွာလူဒါနှင့်မုန့်မျိုးစုံမှာ ရန်ကုန်ရောက်လျှင်စားကြမည့်အစား စာရင်းတွင်ပါပါသည်။ “ရှားမီးမှာလည်းသွားစားမယ် ရုပ်ရှင်လည်းပြမယ်”ဟု သီချင်းထဲ ထည့်စပ်ရလောက်အောင် နံမည်ကြီးပါသည်။ ပြည်သူပိုင်အသိမ်းရခံလိုက်ရသောအခါ ရှားမီးသည် သကြားခဲကြီးသက်သက်ဖြစ်သွားပါသည်။ ချိုရုံထက် မပိုတော့ပါ။ ထို့နောက် သိတ်မကြာလိုက် ကော်ဖီသကြားလုံး လိမ္မော်သကြားလုံး ဒူးရင်းသကြားလုံးစသည်ဖြင့် ပလပ်စတစ်အခွံလှလှလေးများပတ်ထားပြီး အတွင်းသားအနှစ်နေရာတွင် စေးပျစ်ပျစ်ယိုလေးများပါသည့်သကြားလုံးများ ဝင်လာပါသည်။ ဈေးလည်းပေါပါသည်။ စားလို့လည်းကောင်းပါသည်။ အရသာနှင့်အနံ့လည်း အစုံရှိပါသည်။ ရပ်ကွက်ထဲက စတိုးဆိုင်ပေါက်စလေးတိုင်းတွင် ဖန်ပုလင်းကြီးများနှင့် ထည့်ထည့်ပြီးရောင်းပါသည်။ နောက်တော့ တုတ်ထိုးသကြားလုံးတို့ ဘာတို့တွေပါပေါ်လာပါသည်။ ဤတွင် “ချစ်ချစ် တို့ချစ်ခြင်း ယိုးဒယားသကြားလုံးများထက် စားလို့ချိုတယ်”ဟု သီချင်းလည်း ထွက်လာပါသည်။

ကျနော်တို့ငယ်ငယ်က ဆွဲခြင်းဆိုသည်မှာ ကျောင်းဆရာမသင်္ကေတဖြစ်ပါသည်။ ဖက်ရှင်မဟုတ်ပါ။ ဆွဲခြင်းမှာမှ ကြိမ်ခြင်း မာမာတောင့်တောင့်လေးများဖြစ်ပါသည်။ ဆရာမကိုင် သီးသန့်ယက်တာလည်းဖြစ်ပါလိမ့်မည်။ ထောင့်ကျကျမို့ အထဲတွင် သတ္ထုထမင်းဗူး၊ ကွန်ပါဗူး၊ ပေတံ၊ ဖြေဖြူဖာ စသည်တို့ မကျိုးမကြေမပွန်းမပဲ့ထည့်လို့ ရပါသည်။ ကျနော်တို့ကြောက်သည့်ကြိမ်လုံးလည်း ပါတတ်ပါသည်။ အမေကိုင်သည့် ဈေးဝယ်ကြိမ်ခြင်းကြတော့ လက်ကိုင်မှလွဲ၍ ပျော့စိစိနှင့် လျော့တိလျော့ရဲကြီး ဖြစ်ပါသည်။ ဈေးမှပြန်လာလျှင် ခြောက်ထောင့်ကွက်လိုယက်ထားသည့် အပေါက်လေးများမှ အမေ ဘာတွေဝယ်လာသည်ကို မြင်ရပါသည်။ အသားငါးများမှာ အောက်ဆုံးမှနေပြီး နံနံပင်လို ကန်စွန်းရွက်လိုအရွက်များမှာ အပေါ်ဘက်တွင် ထိုးထိုးထောင်ထောင်နေပါသည်။ ကြိမ်လုပ်ငန်းတွင် လက်ဆွဲခြင်းထုတ်လုပ်မှုပမာဏ သေးမည်မထင်ပါ။ နောက်တော့ ပလပ်စတစ်လက်ဆွဲခြင်းတွေ ပေါ်လာပါသည်။ ဆရာမကိုင်၊ အိမ်ရှင်မကိုင်၊ ရုံးစာရေးမကိုင်၊ စက်ရုံအလုပ်သမကိုင် စသည့်ဖြင့် ဒီဇိုင်းစုံ အရောင်စုံ လှတပတလေးများဖြစ်ပါသည်။ တချို့ခြင်းလေးတွေဆိုလျှင် အဖုံးလေးများပါပြီး အဖွင့်အပိတ်ပင် လုပ်လို့ရပါသည်။ ထိုအခါ ကြိမ်ဆွဲခြင်းယက်ဆရာတို့က ပလပ်စတစ်ခြင်းလက်ကိုင်နှင့်အနားကို ကြိမ်ကွပ်သည့်အလုပ် ပြောင်းလုပ်ကြပါသည်။ ဤတွင် ဆရာမ အများလည်း ပလပ်စတစ်ခြင်းဘက် ရောက်ကုန်ကြပါသည်။ တခါတခါ ခြင်းများထွေးနေသဖြင့် ဘယ်သူကဘာဟု အခွဲရခက်တတ်သော်လည်း အစိမ်းအဖြူဝတ်ထားလျှင်မူ ဆရာမမှန်းသိသာပါသည်။ အဝေးပြေးကားလမ်းများတွင် ခြင်းကိုင်၍ ကိုယ်ရောင်းစားရသည့် ဘဝများလည်းရှိကြပါသည်။

ကျနော်တို့လူပျိုပေါက်လောက်က ဇီးရိုးဇီးရီုးဆဲဗင်န်းဟုခေါ်သည့် အတွင်းခံဘောင်းဘီများ ခေတ်စားခဲ့ဖူးပါသည်။ နိုင်လွန်သား အရောင်စုံ အစင်းကျားလေးများဖြစ်ပြီး အလွန်လှပါသည်။ ရှေ့ဘက်တွင် 007 ဂျိမ်းစ်ဘွန်းသေနတ်ကို ဖေါင်းကြွဖော်ထားသည့်သတ္ထုပြားလေးနှင့် ကွင်းလေးလည်းပါပါသည်။ တထည်ခြင်းစီကို နှိပ်စေ့တပ် ပလပ်စတစ်အိပ်ဖြင့်ထည့်ပြီး အိပ်အပေါ်တွင် “ရနောင်းမြို့မှ တစ်ဦးတည်းကိုယ်စားလှယ် မခင်ရီမှတင်သွင်းသည်”ဟု ရေးထားပါသည်။ ယောက်ျားဝတ်လား မိန်းမဝတ်လားမသိသော်လည်း အမျိုးသားရော အမျိုးသမီးများပါ ဝတ်ကြသည်ဟုထင်ပါသည်။ ချုပ်ရိုးခိုင်ပြီးအသားထူသဖြင့် ဒူပေဒါပေခံပြီး တထည်ဆို ဆိုသလောက် မုန်းအောင်ဝတ်ရပါသည်။ ဈေးလည်း တော်ပါသည်။ သို့သော် အလွန်ပူပါသည်။ ရယ်စရာပြောတတ်သည့် ကျောင်းဆရာက “နွေရာသီမှာ ထက်ထရွန်ပုဆိုးနဲ့ အဲ့ဒီဘောင်းဘီခံဝတ်လို့ကတော့ ကြက်ဥပြုတ်သလိုနေသည်”ဟု အရွှန်းဖေါက်ပါသည်။ ကျနော်တို့က ရေကူးဘောင်းဘီဟုခေါ်ပြီး ကျောင်းပြေး ရေကူးတိုင်း သူနှင့်ကူးကြပါသည်။

ကျနော် ဆေးလိပ်သောက်တတ်စလောက်မှာ ဂက်စ်မီးခြစ်တွေပေါ်လာပါသည်။ ကျနော်တို့အိမ်ဘေးမှ သနပ်ဖက်နှင့် လက်စဉ်းဆေးရိုးနှင့် လက်လုပ်ဖင်စီခံလုံးနှင့် သတင်းစာစက္ကူကြီးပတ်ကာ ကိုယ်ပိုင်ဆေးပေါ့လိပ်အကြီးစားကြီး လိပ်လိပ်သောက်သော ဒေါ်ကြည်ဆိုသည့်အမယ်ကြီးတွင် ၆ နှစ်သားကလေး လက်ထွာဆိုင်ခန့်ဗျက်ကျယ်သည့် ကြေးဝါမီးခြစ်ကြီးရှိပါသည်။ ပတ်လည်တွင် ဗုဒ္ဓဝင်ထဲကပုံတွေဖော်ထားပြီး ကနုတ်တွေ ခြူးပန်းခြူးနွယ်တွေနှင့် အလွန်လှပါသည်။ လေးလည်း အလွန်လေးပါသည်။ ထူးခြားသည်မှာ မီးခြစ်တိုင် (မဏ္ဍိုင်)၃ တိုင်ရှိပြီး အလယ်တွင် မီးဇာတပ်ထားခြင်းဖြစ်ပါသည်။ ဘယ် မီးခြစ်တိုင်ကခြစ်ခြစ် မီးဇာမီးကူးပြီးတောက်ပါသည်။ အပေါ်ပိုင်းအရစ်နေရာမှ ဖွင့်ကြည့်လျှင် အတွင်းထဲမြင်ရပြီး ဓာတ်ဆီဝနေသည့်ဆန်စေ့များ အပြည့်ရှိပါသည်။ “ဆန်တွေက ဘာလို့ ထည့်ရတာလဲ ခါလာ” ဟု ကျနော်မေးတော့ “ဓာတ်ဆီ အကြာကြီးခံအောင်”ဟုပြန်ဖြေတာ မှတ်မိပါသည်။ ဓာတ်ဆီထည့်ရ မီးဇာလဲရ အလုပ်ရှုပ်တာမှန်သော်လည်း မီးခြစ်ကြီးမှာ စတိုင်ကျပြီး ဂန္တဝင်ဆန်ပါသည်။ ကျနော်ဂက်စ်မီးခြစ်မကိုင်ခင်က စက္ကူမီးခြစ်နှင့်သတ္ထုမီးခြစ် သုံးရပါသည်။ တချို့ကလည်း စက္ကူမီးခြစ်ကို သစ်သားမီးခြစ်ဟုခေါ်ပါသည်။ ခင်မောင်ထူးဆိုသည့်သီချင်းသည်က “ဘာကိုနင်ထင်သလဲ ငါဆိုလိုတာက ခြစ် ခြစ် မီးခြစ်ပါ။ သစ်သားမီးခြစ်ကလေးကို”ဟုဆိုတာ ကြားဖူးပါသည်။ ဂက်စ်မီးခြစ်တွေက လှသည်။ ပေါ့သည်။ ဝမ်းခြစ် ဝမ်းတောက်တွေဖြစ်သည်။ မီးတောက်အခြေမှ ပြာလဲ့လဲ့လေးကိုက အနုပညာဆန်သည်။ ဂက်စ်ကုန်လို့ ဖြည့်လျှင်ဖြည့်၊ မဖြည့်ချင်လျှင် လွှင့်ပစ်ပြီးအသစ်ဝယ်ရုံပင်။ စက်ရုံထွက်ကတည်းကထည့်ပေးလိုက်သည့်ဂက်စ် ကုန်ချိန်တွင် ကျောက်လည်းပါးသွားသလို မီးခတ်ဘီးကပန်းတွေလည်း ပျောက်သလောက်ဖြစ်ပြီ။ ဆိုတော့ သဘောက တခါသုံးမီးခြစ်။ ဘောလ်ပင်န်နှင့်
အခြားတခါသုံးပစ္စည်းများလို ရောင်စုံဂက်စ်မီးခြစ်ပျက်တွေလည်း တောင်ပုံရာပုံ။

နောက်တော့ တဖြည်းဖြည်းနှင့် ပလပ်စတစ်ယဉ်ကျေးမှုကြီး ရောက်လာပါသည်။ အချိုမှုန့်တွေ၊ ခေါက်ဆွဲခြောက်တွေ၊ မိတ်ကပ်တွေ၊ လက်ပွေ့အိတ်တွေ၊ အဝတ်အထည်တွေ၊ ထီးဖိနပ်တွေ၊ လူသုံးကုန်ပစ္စည်းတွေ စသည်ဖြင့်စသည်ဖြင့် တောင်ဥက္ကလာ ၁ဝ ရပ်ဈေး၊ စိန်ဂျွန်းဈေး၊ လေဟာပြင်ဈေးနှင့် မင်္ဂလာဈေးတို့တွင် အယုဒ္ဓယပြည်ကြီး ရွှေ့လာသလားမှတ်ရအောင် မှောင်ခိုခေတ်ကြီး ဟီးဟီးထပါတော့သည်။ မှောင်ခိုလောကသားတို့ ကြီးပွားကြသည့်နည်းတူ စစ်ယဉ်တန်းများ၊ ကလသဖနှင့် အစိုးရယဉ်တန်းမောင်းသူများ၊ “လူကြီး”ကား မောင်းသူများပါမကျန် ရွှေခေတ် ရောက်ကြပါသည်။

ကျနော်တို့ငယ်ငယ်က ထိုင်းကို ယိုးဒယားဟုပဲခေါ်ကြပါသည်။ ဖာနိုင်ငံဟုခေါ်သူများလည်း ရှိပါသည်။ “သမီး မိန်းကလေးက မိဘကို ခန္ဓာကိုယ်ရင်းပြီးရှာကြွေးတာ ကုသိုလ်အရဆုံး အမွန်မြတ်ဆုံး”ဟု ယိုးဒယားမတွေကခံယူကြသည်ဟု ဘယ်သူကစ တည်ထွင်မှန်းမသိသည့် ပါးစပ်စကားလည်း အလွန်ကားပါသည်။ ပြီးတော့ အလောင်းဘုရားဝါးရင်းတုတ်တို့၊ ဘုရင့်နောင်က ဘယ်သို့ဘယ်ချမ်းသာတွေပြောပြီး လက်မောင်းကြွက်သားညှစ်သူ ခါးတောင်းမြှောင်အောင်ကျိုက်သူများလည်း ပေါပါသည်။

ကျနော်ကြီးလာတော့ ဗမာပြည်ကထွက်ပြေးပြီး ယိုးဒယားကိုရောက်လာပါသည်။ မဲဆောက်မှာနေသည့် ဘယ် ဗမာကမှ ထိုင်းကို ယိုးဒယားဟုမခေါ်ကြတော့ပါ။ အလောင်းဘုရားတို့ ဘုရင့်နောင်တို့ထက် ထိုင်းဘုရင်ကြီးကို ပြာနေအောင်ချစ်ကြသူများ ချစ်ကြပါသည်။ ချစ်ပြကြရသည့်ဘဝများလည်း ဖြစ်ပါသည်။ ဖူးခက်တို့၊ ဘန်ကောက်တို့၊ ချင်းမိုင်တို့တွင်တော့မသိ မဲဆောက်ကအနှိပ်ခန်း၊ ကာရာအိုကေဘားနှင့် ပြည့်တန်ဆာတန်း ရဲဝင်ဖမ်းပလားဆို အချုပ်ကားပေါ် မျက်ရည်လည်ရွဲနှင့်ပါသွားကြသည်မှာ မြန်မာပြည်ကမိန်းကလေးများဖြစ်တာ တွေ့ရပါသည်။ အစစချို့တဲ့ပြီး နွမ်းပါးသည့်ထိုင်းမလေးများလည်း ဖာဖြစ်ကြမှာသေချာပါသည်။ သို့သော် ကိုယ်ရင်းပြီး လုပ်ကြွေးရတာအမွန်မြတ်ဆုံးဆိုကာ မိဘကိုဖာခံကြွေးသည့် ထိုင်းသူဌေးသမီးများတော့ ရှိမည်မထင်ပါ။ အကာအကွယ်မဲ့ အထောက်အထားမဲ့ဘဝတွေနှင့် မြန်မာပြည်သား ၂ သန်းကျော်လောက် ယိုးဒယားမှာ သဏ္ဍန်စုံဖြင့် နိုင့်ထက်ကလူ အပြုခံနေရတာ လူတိုင်းသိသည်။ မထင် မထင်သလို ပစ်သတ် ရိုက်သတ် မသေ့တသေကို ကားတာယာစွပ်ပြီးမီးရှို့ထားသည့်အလောင်းကို ကိုယ်တိုင်လည်းတွေ့ခဲ့ဖူးသည်။ ဗမာပြည်တွင်ဒုက္ခမျိုးစုံခံခဲ့ရပြီး ထွက်ပြေးလာသည့် ဗမာပြည်သားဒုက္ခသည်တွေ ထိုင်းဘက်က ဒုက္ခသည်စခန်းတွေမှာပြည့်နေသည်။

ပြောရလျှင် ထိုင်းမှာ မြန်မာပြည်သားတွေ ဒုက္ခမျိုးစုံရောက်သည်။ သို့သော် ကိုယ့်အစိုးရကပေးသည့် ဒုက္ခထက်စာလျှင် ထိုင်းကပေးသည့်ဒုက္ခက ခံသာသည်။ ဒုက္ခချင်းအတူတူ ခံသာသည့်ဒုက္ခမို့ ယိုးဒယားမှာ မြန်မာပြည်သားတွေ ဒုက္ခခံနေရသည်။ ငရဲကလူတွေမို့ ပြာပူမှာ နွေးကြရသည့်ပမာပင်။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂ဝ၁၅

0 comments:

Post a Comment