Friday, February 27, 2015

သခင် ခင်အောင်ပြောပြတဲ့အာရှလူငယ်အစည်းအရုံး(ဗမာနိုင်ငံ)၏ ရည်မှန်းချက်ပန်းတိုင် အပိုင်း(၂) (ထွန်းဝင်းငြိမ်း)

0 comments
သခင် ခင်အောင်ပြောပြတဲ့အာရှလူငယ်အစည်းအရုံး (ဗမာနိုင်ငံ)၏ ရည်မှန်းချက်ပန်းတိုင် အပိုင်း(၂) (ထွန်းဝင်းငြိမ်း)
ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၁၊ အမှတ် - ၂၂ ဆရာထွန်းဝင်းငြိမ်းဆောင်းပါး..
သခင် ခင်အောင် ပြောပြတဲ့အာရှလူငယ်အစည်းအရုံး (ဗမာနိုင်ငံ)၏ ရည်မှန်းချက်ပန်းတိုင် အမှတ်(၂) (ထွန်းဝင်းငြိမ်း)
(ယခင်အပတ်မှ အဆက်)
လိုလားသူလား၊ ဆန့်ကျင်သူလား
ကျွန်တော်နဲ့ သခင်သန်းထွန်းတို့မှာ ကိုလိုနီခေတ်က တို့ဗမာအစည်းအရုံးနဲ့ တောင်သူလယ်သမားအစည်းအရုံးတို့မှာ အတူတူ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြပါတယ်။ ၁၉၄ဝ ပြည့်နှစ် အိန်္ဒိယပြည် ရန်းဂါးကွန်ဖရင့်သို့သွားစဉ်ကလည်း အတူတူပင်သွားခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက အဖမ်းခံကြရတော့လည်း အင်းစိန်တွဲဖက်ထောင်မှာ အထူးတန်းမှာ အတူတူနေလာခဲ့ကြပြီး အင်္ဂလိပ်အစိုးရက ဂျပန်နဲ့ စစ်ကြေညာတဲ့နေ့မှာ မုံရွာထောင်ကို ပြောင်းကြပြန်တော့လည်း အတူတူပင်။ ၁၉၄၂ ခုနှစ်၊ ဧပြီလထဲမှာ ထောင်ကလွတ်တော့လည်း အတူတူ တစ်တွဲတည်းပင်လွတ်ခဲ့ကြသည်။ သို့ရာတွင် နိုင်ငံရေးအယူအဆချင်းကျတော့ သူနဲ့ကျွန်တော်မှာ တူသည့်နေရာများတွင်တူညီ ခဲ့ကြသော်လည်း အရာရာတို့မှာတူညီသည်ဟူ၍ မရှိခဲ့ပါ။ မတူညီကွဲပြားခြားနားသော ပြဿနာများလည်း ရှိခဲ့ပါတယ်။ အထူးသဖြင့် ဂျပန်နဲ့ ပူးပေါင်းရေးမှာမတူညီကြဘဲ သဘောထားကွဲခဲ့ပါတယ်။ သခင်သန်းထွန်းနဲ့ သခင်စိုးတို့မှာ သာယာဝတီညီလာခံအပြီး ၁၉၄ဝ ပြည့်နှစ်၊ ဇွန်လ ထဲမှာအဖမ်းခံရပြီး ထောင်ထဲရောက်နေကြပါပြီ။ ကျွန်တော့်မှာ သူတို့ထက် တစ်နှစ်ခန့်နောက်ကျပြီးမှ အဖမ်းခံရပြီး အင်းစိန်တွဲဖက်ထောင်မှာ အတူတူနေခဲ့ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်အပြင်မှာကျန်နေရစ်ခဲ့စဉ်အချိန်ကာလအတွင်းမှာ သခင်အောင်ဆန်းဖွဲ့ခဲ့တဲ့ မြေအောက် တော်လှန်ရေးအဖွဲ့ယူနစ်အဖွဲ့မှာ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဆရာချစ်တို့နှင့်အတူ လုပ်လာခဲ့ရာမှ မြန်မာပြည်လွတ်လပ်ရေးအတွက် ဂျပန်ရဲ့ အကူအညီယူပြီး ဂျပန်နဲ့ ပူးပေါင်းဆောင်ရွက်ရေးကို စိတ်အားထက်သန်စွာ လုပ်လာခဲ့ပါတယ်။ ဂျပန်ဟာ ဖက်ဆစ်ဝါဒသမား တစ်ယောက် ဖြစ်တယ်ဆိုတာကိုလည်းသိပေမယ့် ဗြိတိသျှနယ်ချဲ့သမားအပေါ်မှာ မုန်းတီးစိတ်နဲ့ မြန်မာပြည်ကို အင်္ဂလိပ်၏ကိုလိုနီထမ်းပိုးအောက်မှ လွတ်မြောက်လိုသောအမျိုးသားစိတ်မှာ အလွန်ပြင်းထန်လျက်ရှိခြင်းကြောင့် ဂျပန်ထံမှလက်နက်အကူအညီရယူပြီး အင်္ဂလိပ်ကို တိုက်ခြင်းဟာ မှန်ကန်တယ်တရားတယ်လို့ပင် ရိုးရိုးသားသားယုံကြည်နေပါတယ်။ နောက် သခင်အောင်ဆန်း ဂျပန်က မြန်မာပြည်ကို ပြန်လာတော့ ဂျပန်နဲ့သဘောတူခဲ့တဲ့ နိုင်ငံရေးစီမံကိန်းထဲမှာလည်း ဂျပန်ဟာ မြန်မာပြည်ကိုဝင်ရောက်သိမ်းယူဖို့အစီအစဉ် မပါရှိပါဘူး။
၁။ မြန်မာပြည်လွတ်လပ်ရေးအတွက် အင်္ဂလိပ်ကိုတိုက်ဖို့ ဂျပန်က မြန်မာကို လက်နက်အကူအညီပေးမယ်။
၂။ ဒီလက်နက်တွေကို အသုံးပြုတတ်ဖို့ မြန်မာလူငယ်တွေကို စစ်ပညာသင်ပေးမယ်။
၃။ ငွေရေးကြေးရေးအကူအညီပေးမယ်ဆိုတဲ့ အချက် ၃ ချက်ပဲပါတယ်။ မြန်မာအနေနဲ့ကတော့ တရုတ်-မြန်မာလမ်းမကြီးမှ အမေရိကန် စစ်ပစ္စည်းတွေမပို့နိုင်အောင် နှောင့်ယှက်ဖျက်ဆီးပေးရမယ်ဆိုတဲ့အချက်ကိုပဲ တာဝန်ယူရပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ မြန်မာပြည် လွတ်လပ်ရေးအတွက် ဂျပန်နဲ့ပေါင်းတာမှန်တယ်ဆိုတဲ့အယူအဆကိုလက်ကိုင်ထားပြီး ဆောင်ရွက်ရင်း ၁၉၄၁ ခုနှစ်၊ မေလထဲမှာ ရခိုင်ပြည် အမျိုးသားကွန်ဂရက်ညီလာခံကို သခင်မြနဲ့အတူသွားတက်ရင်း စစ်တွေမှာအဖမ်းခံရပြီးနောက် အင်းစိန်တွဲဖက်ထောင် အထူးတန်းကို ရောက်လာခဲ့ရာမှ သခင်သန်းထွန်းနဲ့ တွေ့ခြင်းဖြစ်ပါတယ်။ အင်းစိန်ထောင်ထဲရောက်တော့ သခင်သန်းထွန်းနဲ့သခင်စိုးနှစ်ယောက်စလုံးက ကျွန်တော်တို့ အပြင်မှာ ဂျပန်နှင့်ပူးပေါင်းရေးလုပ်နေတာတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်။ သူတို့က ကမ္ဘာ့သေနင်္ဂဗျူဟာ အခင်းအကျင်းကိုတင်ပြပြီး ပြောကြပါတယ်။ မြန်မာပြည်ဟာ ကမ္ဘာကြီးအတွင်းက နိုင်ငံငယ်တစ်နိုင်ငံဖြစ်တယ်။ ၎င်း တစ်နိုင်ငံတည်း ထီးတည်းကြီးရှိနေတာ မဟုတ်ဘူးတဲ့။ ဒါကြောင့် ဗမာ့အရေးအခင်းကို ကမ္ဘာ့အရေးအခင်းနဲ့ဆက်စပ်ကြည့်တတ်ရမယ်တဲ့။ အခု ကမ္ဘာမှာ ဆိုဗီယက်ယူနီယံ၊ အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်နဲ့တရုတ်ပြည်တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဒီမိုကရေစီအင်အားစုတို့ရဲ့မဟာမိတ်ဂိုဏ်းနဲ့ ဂျာမနီ၊ အီတလီနဲ့ဂျပန်နိုင်ငံတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ဖက်ဆစ်ဂိုဏ်းတို့ဟာ တစ်ဖက်နဲ့တစ်ဖက် စစ်ပြိုင်တိုက်နေတဲ့အရေးအခင်းမှာ ကျွန်တော်တို့ ဗမာပြည်ဟာ ဘယ်အုပ်စုဘက်က ပါဝင်ရပ်တည်မလဲဆိုတာကို အဆုံးအဖြတ်ပေးရမှာဖြစ်ပါတယ်။ အခု ခင်ဗျား သခင် ခင်အောင်တို့လူစုဟာ ဖက်ဆစ်ဂိုဏ်းဘက်ကရပ်တည်နေတယ်ဆိုတာတော့ မြန်မာပြည်သည် ကြီးမားတဲ့ဘေးအန္တရာယ်ကိုဖိတ်ခေါ်နေတာနဲ့တူတယ်တဲ့။ တိုင်းပြည် ဒုက္ခရောက်အောင်လုပ်တဲ့ကိစ္စမို့ ကျွန်တော်တို့လူတစ်စု ဂျပန်နဲ့ပေါင်းပြီးလုပ်တာမှားတယ်လို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ကြပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ သူတို့လို ကမ္ဘာ့သေနင်္ဂဗျူဟာအခင်းအကျင်းကို သိမြင်နိုင်တဲ့အထိလည်း ဉာဏ်မမီ သေးပါဘူး။ ကျွန်တော် သိနေတာမြင်နေတာကတော့ အင်္ဂလိပ်က မြန်မာပြည်ကို ကျွန်နိုင်ငံအဖြစ်အုပ်ချုပ်ထားပြီး ဖိနှိပ်သွေးစုပ်နေတယ်။ ဒီကျွန်ဘဝက လွတ်မြောက်အောင် အင်္ဂလိပ်ကို လက်နက်ကိုင်တိုက်ရမယ်ဆိုတဲ့အချက်တစ်ခုတည်းကိုသာ သိမြင်ပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ ရန်သူဟာ အင်္ဂလိပ်သာဖြစ်တယ်။ ဂျပန်မဟုတ်ဘူးကို ယုံနေပါတယ်။ အင်္ဂလိပ်နဲ့ပေါင်းပြီး ဂျပန်ကိုတိုက်ရမယ်ဆိုတဲ့ သခင်သန်းထွန်းရဲ့ တင်ပြချက်ကို ကျွန်တော်လက်မခံနိုင်ပါဘူး။ လက်မခံနနိုင်ရုံမကဘဲ သခင်သန်းထွန်းဟာ အင်္ဂလိပ်ကဖမ်းထားလို့ အင်္ဂလိပ်ရဲ့အကျဉ်းသမား ဖြစ်နေတာတောင် အင်္ဂလိပ်နဲ့ပေါင်းဖို့ ဆွယ်တရားဟောနေသေးတာဟာ သူထောင်ကလွတ်အောင်လုပ်နေတာပဲဖြစ်တယ်လို့ အထင်လွဲပြီးတော့ ၎င်းအတိုင်း ပြန်ချေပခဲ့ပါတယ်။ သခင်သန်းထွန်းသည် ကျွန်တော့်ကို ပြောမရမှန်းသိလို့ ဆက်မပြောတော့ဘဲ “ကဲ ဒီလိုဆိုရင် စောင့်သာကြည့်နေပါ၊ ခင်ဗျားတို့လူစုဖိတ်ခေါ်ခဲ့တဲ့ ဖက်ဆစ်ဂျပန်ရဲ့အန္တရာယ်ကြီးမားပုံကို မကြာမီတွေ့ရမှာပါ၊ အဲဒီအခါကျမှပဲ အင်္ဂလိပ်နဲ့ ဂျပန်အန္တရာယ် ဘယ်ဟာကပိုကြီးတယ်ဆိုတာကို ထင်ထင်ရှားရှားသိပါလိမ့်မယ်”ဟု ပြောပြီး သခင်သန်းထွန်းသည် ဆွေးနွေးပွဲကို အဆုံးသတ်လိုက်ပါတယ်။
အဲဒီအချိန်တုန်းက ထောင်ထဲမှာ သခင်လေးမောင်၊ သခင်သန်းဟန်နဲ့ ဆရာရာဂျန်၊ ဗိုလ်မောင်ကလေး(ယိုးဒယား)တို့ဟာ အထူးတန်းမှာ ကျွန်တော်နဲ့အတူ ရှိနေကြပါတယ်။ “ဘီကလပ်”လို့ခေါ်တဲ့ “ခ” အတန်းမှာတော့ သခင်နု၊ သခင်စိုး၊ သခင်သိန်းဖေ(ဝါးခယ်မ)နဲ့ သခငတင်မြ စတဲ့ အခြားသခင်တွေလည်း အများကြီးရှိနေပါတယ်။ ကျွန်တော်တို့အယူအဆကိုထောက်ခံသူက လူများစုဖြစ်ပါတယ်။ သခင်စိုး၊ သခင်သန်းထွန်းတို့အယူအဆကိုလက်ခံသူကတော့ သခင်တင်မြ၊ သခင်တင်ရွှေ၊ သခင်သန်းမြိုင် စသည့် လူနည်းစုသာဖြစ်ပါတယ်။ ထောင်ထဲမှာ မည်ကဲ့သို့ပင် အယူအဆမတူညီဘဲ ကွဲပြားခြားနားလျက်ရှိသော်လည်း ကျွန်တော်တို့သခင်တွေဟာ ချစ်ချစ်ခင်ခင်နဲ့ပဲ နေခဲ့ကြပါတယ်။ သခင်သန်းထွန်းကတော့ စကားသိပ်မပြောတော့ဘဲ ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ (ဗော်လ်ရှီဗစ်သမိုင်း စာအုပ်ကို) ဖတ်ပြီး ဘာသာပြန်တဲ့အလုပ်၊ စာရေးတဲ့အလုပ်ကိုသာ ဖိလုပ်နေပါတယ်။ သခင်စိုးကတော့ ဂျပန်နဲ့ပေါင်းတာမှားတဲ့အကြောင်းကို “အင်းစိန် စစ်တမ်း”အမည်နဲ့ရေးပြီး သူ့အယူအဆကိုလက်ခံသူ သခင်တွေကို နိုင်ငံရေးသင်တန်းပို့ချပေးနေပါတယ်။
History of the Communist Party of Soviet Union (Bolshevist) စာအုပ် ၂ အုပ် ထောင်ထဲကိုရောက်လာပုံကတော့ အပြင်မှာ ကိုအုန်းမြင့်(တိုးတက်ရေး)က ထောင်ဝင်စာလာတွေ့ရင်း လူတွေကြားထဲမှာ ထောင်အာဏာပိုင်ကို ဝိုင်းပြီး ပစ္စည်းတွေပြနေတုန်းမှာ စားစရာတွေနဲ့ကြားညှပ်ပေးလိုက်ခြင်းပါ။ အဲဒီ စာအုပ် ၂ အုပ်မှာ ထိုကာလက အင်္ဂလန်တွင်သောင်တင်နေတဲ့ ပညာတော်သင် ကိုအုန်း (နောင် သံအမတ်ကြီးဦးအုန်း)က ဗမာပြည်ရှိ ဒေါက်တာဘမော်သို့ တစ်အုပ်၊ ဂျာနယ်ကျော်ဦးချစ်မောင်သို့တစ်အုပ်ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာဘမော်ရဲ့စာအုပ်ကို ကိုဗဟိန်းက ယူပြီး၊ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့စာအုပ်ကို ကိုအုန်းမြင့်ကယူပြီး ၂ အုပ်စလုံး ထောင်ထဲ ရောက်လာခြင်းပါ။ တစ်အုပ်ကို သခင်သန်းထွန်းက ဖတ်၊ ဘာသာပြန်ပြီး နောက်တစ်အုပ်ကို သခင်စိုးကကိုင်ပြီး သင်တန်းပေးခဲ့ပါတယ်။ ထောင်ထဲမှာ သခင်အုပ်စု ၂ စု ကွဲပြားနေကြခြင်းဟာ နောင်တစ်ခေတ်တွင် (၁ဝ နှစ်ခန့်)တွင် “ကွန်မြူနစ်” နဲ့ “ဆိုရှယ်လစ်”ပါတီဟူ၍ ပေါ်ပေါက်လာတော့မည့် အတိတ်နိမိတ်လက္ခဏာများ စတင် ဖြစ်ပေါ်နေခြင်းပင်ဖြစ်သည်ဟု ဆိုရပါမည်။
ကျွန်တော်တို့အုပ်စုမှာ သခင်စိုး၊ သခင်သန်းထွန်းတို့ကဲ့သို့ နိုင်ငံရေးစာပေများကိုလည်း လေးလေးနက်နက်ဖတ်ရှုလေ့လာခြင်း မရှိပါ။ မြန်မာပြည်လွတ်လပ်ရေးတစ်ခုတည်းကိုသာအလေးထားပြီး အင်္ဂလိပ်အစိုးရကိုသာ အမုန်းကြီးမုန်းတဲ့ အစွဲလမ်းကြီးမားသည့် မျက်ကန်းမျိုးချစ်များ ဖြစ်ကြပါတယ်။ သခင်စိုး၊ သခင်သန်းထွန်းတို့အစုမှာ မြန်မာပြည်လွတ်လပ်ရေးထက် ဆိုရှယ်လစ်ဝါဒနဲ့ ဆိုဗီယက် ယူနီယံအကြောင်းကိုသာ အလေးထား ပြောဆိုဆွေးနွေးနေကြသဖြင့် ၎င်းတို့ကို “အမေကျော်၊ ဒွေးတော်လွမ်းနေသူများ” ဟူ၍ပင် ကျွန်တော်တို့က ခေါ်ဆိုသမုတ်လိုက်ကြပါသေးတယ်။
ဒါပေမယ့် ကျွန်တော်တို့အယူအဆသည် မှားပြီး သခင်စိုး၊ သခင်သန်းထွန်းတို့အယူအဆ မှန်ကန်ကြောင်း သမိုင်းကသက်သေခံခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့သည် ကျောချမှ ဓားပြမှန်းသိ ဆိုသလိုပါပဲ မြန်မာပြည်ကိုဂျပန်သိမ်းပိုက်ပြီး နှစ်လလောက်ကြာမှ ဂျပန်ရဲ့ ဖက်ဆစ်အန္တရာယ်ကို ကိုယ်တွေ့မျက်မြင် သိလာကြပါတယ်။ မန္တလေးမှာ ကိုသိန်းတန်နဲ့ တိုင်းချစ်ကိုသိန်းဖေတို့ ဂျပန်အဖမ်းခံရ အညှဉ်းဆဲ ခံရကြပုံသတင်းတွေနဲ့ တောင်ငူမှာလည်း သခင်သန်းဖေ၊ သခင်ကြွယ်၊ သခင်အုံးတို့ အဖမ်းခံရ အညှဉ်းဆဲခံကြရပုံ သတင်းတွေကို ကြားသိရပြီးမှသာ ဂျပန်ဖက်ဆစ်ရဲ့အန္တရာယ်ကိုသိမြင်လာခဲ့ပြီး မိမိရဲ့အမှားကိုပါ မြင်လာပါတယ်။ တစ်နည်းအားဖြင့် ကျွန်တော်သည် ဂျပန်လိုလားသူအဖြစ်မှ ဂျပန်ဆန့်ကျင်သူအဖြစ်သို့ ပြောင်းလဲခဲ့ပါတယ်။ မိမိ၏ အမှားကိုသိမြင်လိုသောအခါ ကျွန်တော်သည် သခင် သန်းထွန်းထံသွားပြီး မိမိရဲ့အမှားကိုဝန်ခံပြီးတောင်းပန်ခဲ့ပါတယ်။ ဂျပန်ဆန့်ကျင်ရေး၊ တော်လှန်ရေးလုပ်ငန်းတစ်ခုခုတွင် ကျွန်တော့်ကို တာဝန်ပေးဖို့ပါ တစ်ပါတည်းပြောဆိုခဲ့ရာ သခင်သန်းထွန်းက ကျွန်တော်၏အယူအဆ တိုးတက်လာစေရန် လက်ဝဲစာပေများကို လေ့လာဆည်းပူးဖို့ပြောပြီး ဆိုဗီယက်ကွန်မြူနစ်ပါတီသမိုင်းကို ဖတ်ခိုင်းခဲ့ပါတယ်။
ကျွန်တော် သခင်သန်းထွန်းနဲ့တွေ့ဆုံပြီး များမကြာမီ ကာလအတွင်း၌ပင် ဂျပန်ရဲ့ရုပ်သေးအစိုးရဖွဲ့စည်းရာတွင် သခင်သန်းထွန်းမှာ ဝန်ကြီးတစ်ဦးအဖြစ်ပါဝင်နေပြန်ရာ ကျွန်တော်သည် ဂျပန်ဆန့်ကျင်ရေးသမားတစ်ဦးအနေဖြင့် သခင်သန်းထွန်းအပေါ် မကျေမနပ် ဖြစ်မိပြန်ပါတယ်။ သခင်သန်းထွန်းဟာ အပြောနဲ့အလုပ်မကိုက်ညီတဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်လေသလားဟု သံသယဖြစ်မိပြန်တယ်။ အထင်လွဲမိပြန်ပါတယ်။
ဒါပေမယ့် ကျွန်တော် အတွက်အချက်၊ လူကဲခတ် ဒုတိယအကြိမ်လွဲခဲ့ပြန်ပါတယ်။ ကျွန်တော်သည် ပြဿနာတစ်ရပ်ကို ကိုင်တွယ် ကြည့်ရှုရာတွင် ကမ္မပိုင်းကိုသာမြင်ပြီး ကတ္တားပိုင်းကိုမမြင်ပါ။ ကတ္တားပိုင်းကို လှမ်းမျှော်မကြည့်တတ်သေးပါ။ သခင်သန်းထွန်းကတော့ ကမ္မပိုင်းရော၊ ကတ္တားပိုင်းကိုပါ ကြည့်တတ်မြင်တတ်သူ ဖြစ်နေပါပြီ။ သူ၏နိုင်ငံရေးခြေလှမ်းကို ကျွန်တော် မီအောင်မလိုက်နိုင် သေးခြင်းကြောင့်သာ သူ့ကို အထင်လွဲမှားမိခြင်း ဖြစ်မိခဲ့ပါတယ်။ ကျွန်တော်ကဲ့သို့ လူရင်းတစ်ယောက်ကပင် သခင်သန်းထွန်းသည် ဂျပန်ကို ထောက်ခံသူလို့ ထင်မိနေသေးရာ ဂျပန်က သခင်သန်းထွန်းကို သူတို့၏ရန်သူဟူ၍ထင်စရာအကြောင်း ပို၍ပင် မရှိနိုင်ပါ။ ဤသည်မှာ သခင် သန်းထွန်းရဲ့နိုင်ငံရေးပရိယာယ် ကြွယ်ဝမှု၊ ကျွမ်းကျင်ပုံကို ကျွန်တော်သည် နောက်မှ ပြန်လည်တွေးစရာ သိရှိလာခဲ့ပါတယ်။
မည်ကဲ့သို့ပင်ရှိစေကာမူ သခင်သန်းထွန်းနဲ့ ကျွန်တော်တို့နှစ်ယောက် အာရှလူငယ်အစည်းအရုံးဖွဲ့စည်းရေးကိစ္စ ဆွေးနွေးကြသည့်အခါ ကျမှသာ သခင်သန်းထွန်း၏ သဘောထားအစစ်အမှန်ကို ပွင့်ပွင့်လင်းလင်းသိရပြီး သခင်သန်းထွန်းသည် ဂျပန်လိုလားသူတစ်ဦး ဖြစ်သွားပြီဟုထင်မှတ်ခဲ့သောကျွန်တော်၏ကောက်ချက် မှားကြောင်းသိလာရပါတယ်။ ဒါကြောင့် အာရှလူငယ်အစည်းအရုံးဖွဲ့စည်းဖို့ စတင် ဆွေးနွေးသောအချိန်တွင် ကျွန်တော်သည် သခင်သန်းထွန်းအား ဂျပန်လိုလားသူအဖြစ် သံသယစိတ်အခြေခံနဲ့ ဆွေးနွေးခဲ့ပါတယ်။
သခင်သန်းထွန်း - “တစ်မြန်နေ့က သခင်နုရုံးခန်းမှာ ငပုတွေနဲ့ အာရှလူငယ်အစည်းအရုံးဖွဲ့ဖို့ ကျွန်တော်တို့ဆွေးနွေးခဲ့ပါတယ်၊ ငပုတွေက သူတို့သိမ်းပိုက်ထားတဲ့ အရှေ့တောင်အာရှနယ်တွေမှာ အာရှလူငယ်အဖွဲ့တွေ ဖွဲ့စည်းပြီးပြီဖြစ်လို့ ဗမာပြည်မှာလည်း ၎င်းအတိုင်း ဖွဲ့ချင်တယ်တဲ့၊ ကူညီပါလို့ ပြောလာတယ်၊ အဲဒီ အာရှလူငယ်အစည်းအရုံးရဲ့ရည်ရွယ်ချက်ကတော့ ၁။ ဂျပန်အစိုးရရဲ့ “ဒိုင်တိုးဝ ကျိုအေးတင်” လို့ ခေါ်တဲ့ အာရှ သာတူညီမျှဝါဒကို မြန်မာလူငယ်များသဘောပေါက်နားလည်ကြစေရန်နှင့် ၂။ ဗမာလူငယ်များရဲ့ ဗလငါးတန် တိုးတက် ဖွံဖြိုးအောင်ဆောင်ရွက်ပေးရန်တို့ ဖြစ်ပါတယ်။ အဲဒီ အာရှလူငယ်အစည်းအရုံးမှာ ကိုဗဟိန်းနဲ့ကျွန်တော်တိုင်ပင်ပြီး သခင်ခင်အောင်ကို အထွေထွေအတွင်းရေးမှူးအဖြစ် ပါဝင်ဆောင်ရွက်ဖို့လျာထားပါတယ်။ ကျွန်တော်တို့ကတော့ သခင်ခင်အောင်နဲ့ အသင့်တော်ဆုံးနေရာပဲလို့ ထင်ပြီး တာဝန်ပေးတာဖြစ်တယ်။ “ဘယ်လိုလဲ၊ လုပ်နိုင်ပါ့ မလား”ဟု သခင်သန်းထွန်းသည် အာရှလူငယ်ဖွဲ့စည်းရေးကိစ္စကို ကျွန်တော့်အား ပြောပြရင်း ကျွန်တော်၏သဘောထားကို စုံစမ်းမေးမြန်းကြည့်ပါတယ်။

သခင်ခင်အောင် - “ကျွန်တော်ဟာ နိုင်ငံရေးသမားပါ၊ နိုင်ငံရေးလုပ်ဖို့ကိုသာ စိတ်အားထက်သန်ပါတယ်၊ ဒါကြောင့် ဗလငါးတန် သက်သက်ကိုသာလုပ်ကိုင်ခဲ့တဲ့ အင်္ဂလိပ်ကိုလိုနီခေတ်က “လူငယ်များကြီးပွားရေးအသင်း”ဆိုတာကို ကျွန်တော် မပါဝင်ခဲ့ပါဘူး၊ သခင်လေးမောင်တို့ခေါင်းဆောင်တဲ့ မြန်မာ့နိုင်ငံရေးဆိုင်ရာလူငယ်များအစည်းအရုံးရဲ့ နိုင်ငံခြားဖြစ်ရှောင်ကြဉ်ရေးနဲ့ တိုင်းရင်းဖြစ်အားပေးရေး အမျိုးသားလှုပ်ရှားမှုတွေမှာသာ ပါဝင်ခဲ့ပါတယ်၊ နောက်ပြီးတော့ “အာရှ သာတူညီမျှဝါဒ”ဆိုတာကလည်း ဆိုရှယ်လစ်တံဆိပ်ကပ်ထားတဲ့ ဂျပန်အရင်းရှင်ဝါဒသာဖြစ်တယ်လို့ မြင်ပါတယ်။ ဒါကြောင့် အာရှလူငယ်အစည်းအရုံးဆိုတာကတော့ ဂျပန်စစ်ဝါဒီတွေနဲ့ ဂျပန် အရင်းရှင်ကြီး တွေရဲ့အကျိုးစီးပွားကိုကာကွယ်ပေးရမယ့် အစည်းအရုံး၊ ဗမာလူငယ်တွေက ဂျပန်စစ်ဝါဒီတွေရဲ့အကျိုးစီးပွားကိုမဆန့်ကျင်အောင် ဂျပန်ကို ကာကွယ်ပေးရမယ့်ဒိုင်းကြီးသာဖြစ်တယ်လို့ ကျွန်တော်မြင်နေပါတယ်၊ ဒီလို ဗမာလူငယ်တွေရဲ့ မျက်စိထဲ သဲပက်သွင်းရမယ့်အလုပ်မျိုးကို ကျွန်တော်မလုပ်ချင်ပါဘူး၊ အရင်လထဲတုန်းကပဲ သခင်သန်းထွန်းကို ပြောခဲ့ပြီးပါပြီ၊ ကျွန်တော်ဟာ အင်္ဂလိပ်ကိုမုန်းလွန်းအားကြီးပြီး ဂျပန်နဲ့ ပေါင်းပြီး အင်္ဂလိပ်ကိုတိုက်ခဲ့တဲ့အမှားကို ကျူးလွန်မိခဲ့တဲ့အပြစ် ရှိနေပါတယ်လို့ ဒီရာဇဝတ်ကြွေးကိုဆပ်ဖို့သာ ငပုတွေကို ဗမာပြည်က ပြန်လည်မောင်းထုတ်နိုင်မှ ကြွေးကြေမယ်လို့ယုံကြည်နေပါတယ်၊ ဒါကြောင့် ဂျပန်ဆန့်ကျင်ရေး၊ ဂျပန်ကိုတိုက်ခိုက်ရေးကလွဲပြီး အခြား ဘာကိုမှလုပ်ဖို့ စိတ်မပါ ပါဘူး”ဟု ကျွန်တော့်ရင်ထဲရှိသရွေ့ကို ပြောင်ပြောင်ဝင်ပြောပြီး အာရှလူငယ်အစည်းအရုံးတွင် ပါဝင်လုပ်ကိုင်ရန် ငြင်းဆိုခဲ့ပါတယ်။
ထွန်းဝင်းငြိမ်း
(ဆက်လက် ဖော်ပြပါမည်)

0 comments:

Post a Comment