ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁ဝ)
(၈)
ဂျပန်စစ်ပညာသင် ရဲဘော်သုံးကျိပ်အဖွဲ့မှာ အဓိကသခင်အဖွဲ့ကြီးနှစ်ဖွဲ့ ပါဝင်သည်။ ပထမအများစုဖြစ်တဲ့ သခင်ကိုယ်တော်မှိုင်းအဖွဲ့မှ (၂၁) ဦးပါတယ်၊ အနည်းစုဖြစ်တဲ့ သခင်ဗစိန်-သခင်ထွန်းအုပ်အဖွဲ့မှ (၈)ဦးပါဝင်ပါတယ်၊ နောက် ကိုဆောင်းဆိုသူ ဘယ်ပါတီကမှ မဟုတ်တဲ့ ဂျပန် ပညာတော်သင်တဦး ပါဝင်ပါတယ်၊
ရဲဘော်သုံးကျိပ်နှင့် နောက်ခံပါတီများ၊
(၁) သခင်ကိုယ်တော်မှိုင်း တို့ဗမာအစည်းအရုံး္ဖ
(၁) သခင်အောင်ဆန်း-ဗိုလ်အောင်ဆန်း(ဗိုလ်တေဇ)
(၂) သခင်လှမြိုင်-ဗိုလ်ရန်အောင်
(၃) သခင်လှဖေ-ဗိုလ်လက်ျာ
(၄) သခင်ဗဂျမ်း-ဗိုလ်လရောင်
(၅) သခင်အေးမောင်-ဗိုလ်မိုး
(၆) သခင်စောလွင်-ဗိုလ်မင်းခေါင်
(၇) သခင်သန်းတင်-သာယာဝတီဗိုလ်မြဒင်
(၈) သခင်ရွှေ-ဗိုလ်ကျော်ဇော
(၉) သခင်အောင်သိန်း-ဗိုလ်ရဲထွဋ်
(၁ဝ) သခင်ထွန်းရွှေ-ဗိုလ်လင်းယုန်
(၁၁) သခင်တင်အေး-ဗိုလ်ဘုန်းမြင့်
(၁၂) သခင်စိုး-ဗိုလ်မြင့်အောင်
(၁၃) သခင်စံမြ-ဗိုလ်တောက်ထိန်
(၁၄) သခင်ခင်မောင်ဦး-ဗိုလ်တာရာ
(၁၅) သခင်စံလှို-ဗိုလ်မှူးအောင်
(၁၆) သခင်သန်းညွန့်-ဗိုလ်ဇင်ယော်
(၁၇) သခင်မောင်မောင်-ဗိုလ်ဉာဏ
(၁ဂ) သခင်ထွန်းလွင်-ဗိုလ်ဗလ
(၂) ကျောင်းသားအဖွဲ့
(၁၉) ကိုထွန်းရှိန်-ဗိုလ်ရန်နိုင်
(၂ဝ) ကိုလှမောင်-ဗိုလ်ဇေယျ
(၂၁) ကိုလှ-ဗိုလ်မင်းရောင်
မှတ်ချက်၊ ၊ ကျောင်းသားအဖွဲ့သည် သခင်ကိုယ်တော်မှိုင်းတို့ဗမာအစည်းအရုံး သြဇာခံဖြစ်သည်။
(၃) သခင်ဗစိန် သခင်ထွန်းအုပ် တို့ဗမာအစည်းအရုံး
(၂၂) သခင်ထွန်းအုပ်
(၂၃) သခင်အောင်သန်း-ဗိုလ်စကြာ
(၂၄) သခင်ရှုမောင်-ဗိုလ်နေဝင်း
(၂၅) သခင်ထွန်းခင်-ဗိုလ်မြင့်ဆွေ
(၂၆) သခင်ငွေ-ဗိုလ်စောအောင်
(၂၇) သခင်သစ်-ဗိုလ်စောနောင်
(၂၈) သခင်ကျော်စိန်-ဗိုလ်မိုးညို
(၂၉) သခင်သန်းတင်-ဗိုလ်သန်းတင် ပေါင်း (၈) ဦး၊
(၄) တသီးပုဂ္ဂလအဖွဲ့
(၃ဝ) ကိုဆောင်း-ဗိုလ်ထိန်ဝင်း (ဂျပန့် ရက်ကန်းပညာသင်ရန်ရောက်နေသူ)၊
(၅) ရဲဘော်သုံးကျိပ် ခေါင်းဆောင်ပိုင်း (၁ဝ) ဦး၊
(၁) သခင်အောင်ဆန်း-ဗိုလ်အောင်ဆန်း (ဗိုလ်တေဇ) (ကွယ်လွန်)
(၂) သခင်ထွန်းအုပ်- ( ၊ )
(၃) သခင်လှဖေ-ဗိုလ်လက်ျာ ( ၊ )
(၄) သခင်အောင်သန်း-ဗိုလ်စကြာ ( ၊ )
(၅) သခင်လှမောင်-ဗိုလ်ဇေယျ ( ၊ )
(၆) သခင်ရှုမောင်-ဗိုလ်နေဝင်း ( ၊ )
(၇) သခင်ထွန်းရှိန် -ဗိုလ်ရန်နိုင် ( ၊ )
(၈) သခင်ဗဂျမ်း-ဗိုလ်လရောင် ( ၊ )
(၉) သခင်စံလှိုင်-ဗိုလ်မှူးအောင် (ရှိ)
(၁ဝ) သခင်လှမြိုင်-ဗိုလ်ရန်အောင် (ကွယ်လွန် )
(၆) အထက်ပါ (၁ဝ)ဦးတွင် အမှတ်စဉ် (၁) မှ (၆)အထိ (ဗိုလ်နေဝင်း)အထိကို ခေါင်းဆောင်လူကြီးပိုင်းသဘောထားပြီး ကျန် (၄)ဦးကို ခေါင်းဆောင်လတ် သဘောထားကြသည်။
(၇) ဗိုလ်နေဝင်း
ဗမာပြည်တွင် နာမည်ဆိုးနှင့်ကွယ်လွန်သွားသော ဗိုလ်နေဝင်းအကြောင်း အနည်းငယ်ရေးရပါမည်၊
ဗိုလ်နေဝင်းဟာ သခင်ဗစိန် သခင်ထွန်းအုပ်တို့အဖွဲ့က ဖြစ်ပြီး။ ၎င်းတို့အဖွဲ့ဟာ ဂျပန်စစ်ပညာသင်နောက်ဆုံးစတုတ္ထအသုတ်ဖြစ်ပြီး ၁၉၄၁ ခုနှစ် ဇူလိုင်လဆန်းလောက်ကမှ ဗမာပြည်က ထွက်ခွာလာခဲ့ကြတာဖြစ်တယ်၊ သူတို့အဖွဲ့တွင် ပထမခေါင်းဆောင်မှာ သခင်ထွန်းအုပ်။ ဒုတိယခေါင်းဆောင်မှာ ဗိုလ်စင်္ကြာ။ တတိယကျမှ ဗိုလ်နေဝင်းဖြစ်သည်။ သခင်ထွန်းအုပ်က ဟိုင်နန်ကျွန်းစစ်သင်တန်းမတက်ဘဲ ဂျပန်မှာပင် နေခဲ့သည်။
ထိုစဉ် ဟိုင်နန်ကျွန်းမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ပြန်ကြားရေးမှူးလိုဖြစ်နေတဲ့ဗိုလ်ရန်နိုင်က သူတို့ရောက်လာမယ်၊ နှစ်ပါတီ ချစ်ကြည်ရေး အတွက် ကောင်းစွာဆက်ဆံကြရန် သတင်းပေးပြောကြားလာပါသည်။ ထိုစဉ်က ဗိုလ်ရန်နိုင်မှာ ဗိုလ်ချုပ်အောင်ဆန်းကို များစွာလေးစား ကြည်ညိုပြီး ဒုတိယခေါင်းဆောင် ဗိုလ်လက်ျာကိုလည်း များစွာခင်မင်လေးစားပုံရသည်။ ဗိုလ်ချုပ်တို့ပြောချင်တာတချို့ကို ဗိုလ်ရန်နိုင်ကတဆင့် ပြောတတ်သည်။
ဗိုလ်နေဝင်းတို့ ဟိုင်နန်ကျွန်းသို့ စတုတ္ထအသုတ်အဖြစ်ရောက်လာပြီး လေ့ကျင့်ရေးတွေ ကျနော်တို့ကိုမီရန် အပြင်းလုပ်ကြရ၏၊ ဗိုလ်နေဝင်းမှာ ကျန်းမာရေးကောင်းသဖြင့် မှန်မှန်လိုက်နိုင်ပြီး အားလုံးက ဗိုလ်ချုပ်အောင်ဆန်းကိုလေးစားကြသလို သူကလည်း လေးစားမှုကိုပြလာပါတယ်၊ သူတို့အုပ်စုတွင် ပထမခေါင်းဆောင်သခင်ထွန်းအုပ်ကလည်း စစ်သင်တန်းကိုတက်မလာ။ ဒုတိယခေါင်းဆောင်ဗိုလ်စင်္ကြာက စစ်သင်တန်းတော့တက်သော်လည်း စစ်တိုက်ရေးခိုက်ရေးကိုသိပ်စိတ်ဝင်စားပုံမပြသဖြင့် သူတို့အဖွဲ့တွင် ဗိုလ်နေဝင်းသည် စစ်ရေးဘက်တွင် အကြီးအကဲသဘောဖြစ်လာသည်။
ဗိုလ်ရန်နိုင်က ကျနော်တို့ကိုပြောသည်မှာ သူတို့အဖွဲ့မှဗိုလ်နေဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်းအပေါ် လေးလေးစားစားဆက်ဆံလာသဖြင့် ကျနော်တို့ကလည်း သူ့တို့အဖွဲ့ရဲ့လူကြီးတဦးအဖြစ် သူ့ကိုလေးစားစွာဆက်ဆံကြရန် တိုက်တွန်းသတိပေးသည့်အတိုင်း ကျနော်တို့ လိုက်နာ ကြသည်။
နောက်မှ ကျနော်သတိထားမိသည့် ထူးခြားချက်တခုမှာ ဗိုလ်နေဝင်းမှာ အစိုးရအမှုထမ်းတဦးဖြစ်ခဲ့ပြီး လူ့ဘဝဖြတ်သန်းမှုလည်း အတော်ရှိသူ ဖြစ်သဖြင့် မိမိအထက်လူကြီးကို မည်သို့ ချဉ်းကပ်ဆက်ဆံရမည်ကိုလည်းကောင်း။ ပတ်ဝန်းကျင်နှင့်ဆက်ဆံရေးကိုလည်းကောင်း။ အထိုက် အလျောက်ဆက်ဆံတတ်သည်။ ကျနော်တို့ကျောင်းသားများလို ရိုးရိုးစင်းစင်းကြီးမဟုတ်ပေ၊ ထို့ကြောင့်သူသည် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် လေးလေးစားစားရင်းနှီးလာပြီး ကျန်သူများနှင့်လည်း ဆက်ဆံရေးကောင်းလာသည်။ သို့ဖြင့် ကျနော်တို့လည်း သူ့ကိုလူကြီးတဦးလို ပြန်ဆက်ဆံခဲ့ကြပြီး စစ်သင်တန်းကာလ သူနှင့် ပြဿနာကြီးကြီးမားမားမရှိ။ ချောချောမောမောရှိခဲ့ကြသည်။
ဘီအိုင်အေ ပထမကာလတွင် ဗိုလ်နေဝင်းသည် မူလအစီအစဉ်အတိုင်း ဗမာပြည်တွင်း ဦးစွာရုပ်ဖျက်ဝင်သည့် အဖွဲ့ခေါင်းဆောင်အဖြစ် အတွင်းသူပုန်လုပ်ငန်းတွေ အစီအစဉ်အတိုင်းလုပ်ခဲ့သည်။ ဘီအိုင်အေ ဒုတိယကာလအဆင့်တွင် ရန်ကုန်သိမ်းပြီးနောက် အိန္ဒိယသို့ဆုတ်ခွာ နေသော ဗြိတိသျှတို့နောက် အထက်ဗမာပြည်လိုက်တိုက်ရေး။ ဘီအိုင်အေတပ်ကို ပြန်လည်ဖွဲ့စည်းရာတွင် ဗိုလ်ချုပ်အောင်ဆန်းက စစ်သေနာပတိ။ ဗိုလ်မှူးကြီးလက်ျာက ဒုသေနာပတိ။ ဗိုလ်မှူးကြီးဇေယျက တပ်မ (၁)မှူး။ ဗိုလ်မှူးကြီးနေဝင်းက တပ်မ (၂)မှူးအဖွဲ့ ဖွဲ့စည်း တိုက်ခိုက်ရာတွင်လည်း ချောမောစွာဖြစ်ခဲ့သည်။ ထိုကာလ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်နေဝင်းတို့ဆက်ဆံရေး ထူးခြားချက်မရှိ၊ သူ့ကိုလည်း အခြားပါတီအဖွဲ့ကဟုမရှုမြင်ကြဘဲ အားလုံးအတူတူတဖွဲ့တည်းလို ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်မှူးကြီးလက်ျာတို့အောက်တွင် လုပ်ကိုင် နေကြသည်။
၂၇/၇/၄၂ တွင် ဘီအိုင်အေဖျက်ပြီး ဗမာ့ကာကွယ်ရေး (ဘီဒီအေ)တပ်ဖွဲ့စည်းသောအခါ ဗိုလ်နေဝင်းဟာ တပ်ရင်း (၁)မှူး (မေဂျာ) ရာထူးကို ခေတ်အခေါ်အရ ဗိုလ်မှူးကလေးအဖြစ်လည်းကောင်း။ ဗိုလ်ရန်နိုင်။ ဗိုလ်ဇေယျတို့လည်း အလားတူရာထူးနှင့် တပ်ရင်း (၂)။ တပ်ရင်း (၃) မှူးတွေ ဖြစ်လာကြသည်။ ထိုစဉ် ပျဉ်းမနား ဘီဒီအေဌာနချုပ်တွင် ဗိုလ်မှူးကြီး(ကာနယ်)အောင်ဆန်းက စစ်သေနာပတိဖြစ်ပြီး ဗိုလ်စင်္ကြာ။ ဗိုလ်လက်ျာတို့က (လက်ဖတင်နင်ကာနယ်) ထိုခေတ်အခေါ် ဗိုလ်မှူးရာထူးတွေဖြစ်ပြီး စစ်ဦးစီးမှူးများဖြစ်လာကြသည်။ နောင် ဗိုလ်လက်ျာ ပြောပြချက်အရ ထိုစဉ်ကတည်းက ဗိုလ်နေဝင်းဟာ စစ်ဦးစီးအဖြစ် ဗိုလ်လက်ျာကပေးတဲ့အမိန့်တွေကို မနာခံမှုတွေလုပ်လာပြီး နောက်လည်း ဤအတိုင်း တလျှောက်လုံးဖြစ်ခဲ့တယ်လို့ ပြောပြပါသည်။ ဤတွင် သူ့(ဗိုလ်နေဝင်း)စိတ်တွင် အနာဂတ် ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် သူသာ ဒုတိယဖြစ်လာရမည်ဟု ကိုယ်ရေးကြီးပွားရေးစိတ်သို့ ပြောင်းလာပြီဖြစ်သည်။
ဗိုလ်နေဝင်းအကြောင်းမှာ အထက်ပါကိစ္စမှတပါး ၁၉၄၃ ခုနှစ် နှစ်လယ်လောက်အထိ ဘာမှကြီးကြီးမားမားထူးခြားချက်မတွေ့ရ၊ သူ့တာဝန်ကို ဂျပန်အကြံပေးများ အကူအညီဖြင့် ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း ၁/၈/၄၃ ခုနှစ် ဂျပန်က လွတ်လပ်ရေးပေးပြီးနောက် သီးခြားစစ်ဦးစီး ဌာနချုပ်ဖွဲ့ရာတွင် သူ့ကိုဗိုလ်မှူးကြီးရာထူးဖြင့် စစ်ဦးစီးချုပ်ရာထူးကို စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်းက ခန့်ထားလိုက်သည်။
၎င်းမှာထိုရာထူးအတွက် အရည်အချင်းမရှိလှသော်လည်း သခင်နှစ်ပါတီ ညီညွတ်ရေးအတွက်သဘောတူကြသည်။ အထက်တွင် ဗိုလ်ချုပ် အောင်ဆန်းရှိနေသောကြောင့်လည်း ဖြစ်သည်။
ယင်းကာလနောက်တွင် ထူခြားချက်တွေမြင်တွေ့လာရသည်။ ပထမထူးခြားချက်က သူ(ဗိုလ်နေဝင်း)အပျော်အပါး လိုက်စားလာပြီး စာရိတ္တ ယိမ်းယိုင်ချို့တဲ့မှုတွေ တွေ့သိလာကြရသည်။ နောက်ပိုင်း စစ်ဦးစီးချုပ်ရုံးပင် မှန်မှန်မတက်ဘဲနေတတ်လာသည်။ အပျော်အပါးနှင့် လောင်းကစားဘက် အာရုံစိုက်လာသည်။ နည်းနည်း တည်ငြိမ်အေးချမ်းပြီး ရာထူးဌာနန္တရ ခိုင်မြဲလာသောအခါ သူ၏မူရင်းဇာတိစရိုက်တွေ ပေါ်လာတော့တာဖြစ်သည်။
ဒုတိယ နိုင်ငံရေးအရထူးခြားချက်တခုမှာ ၁၉၄၄ ခုနှစ်။ ပဲခူးမြို့တွင် ကျနော် စံပြတပ်ရင်းမှူးအဖြစ်ဆောင်ရွက်နေစဉ် ဘီအိုင်အေ အနောက်တိုင်း “အာလံ”ဘက်မှ ဗိုလ်ကြီးစိန်မှန် (၎င်းမှာ ကျနော့်ဇာတိရပ်သား။ ဘီအိုင်အေ ဗိုလ်သင်တန်းဆင်းပြီး စံပြတပ်ရင်းသို့ ဧပြီလ ကုန်လောက် ရောက်လာသူ)က ပြောသည်မှာ အနောက်တိုင်းတွင် ဗိုလ်နေဝင်းနှင့်ဗိုလ်အောင်ကြီးတို့အဖွဲ့သားတွေက ယခုစစ်တပ်တွင်း ထိပ်ပိုင်းရဲဘော်သုံးကျိပ်ကစပြီး အလကားပဲ။ ဘာမှလုပ်ကြတာမဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းလည်း ဘာမှမလုပ် ထိုင်နေတာပဲဟု လျှောက်ပြောနေကြသည်။ အထူးသဖြင့် ပညာတတ်လူငယ်ပိုင်းတွေကို တိတ်တဆိတ်စည်းရုံးပြောဆိုနေသည်ဟု ဆိုပါသည်။
ကျနော်လည်း ထိုကိစ္စ။ ဗိုလ်ချုပ်အောင်ဆန်းပါထိခိုက်လာသဖြင့် နောင် တပ်တွင်းထိခိုက်ပြိုကွဲလာမှာစိုးပြီး ထိုစဉ်စံပြတပ်ရင်းကိုလေ့လာရန် ရောက်ရှိနေသော ဗိုလ်မှူးအောင်ကိုခေါ်တိုင်ပင်ပြီး နှစ်ယောက်စလုံးရန်ကုန်ဆင်းပြီး ဗိုလ်ချုပ်အောင်ဆန်းကို တိုင်ကြားသတိပေးကာ အမြန် ဖြေရှင်းရန်တင်ပြသည်။ ဗိုလ်ချုပ်က အေးအေးပင်။ သူဒီကိစ္စတွေသိထားပုံရတဲ့ သဘောရသည်။ လာပြောတာကောင်းတယ်၊ ဒီကိစ္စ တခြား ဘယ်သူ့မှလျှောက်မပြောဖို့။ သူစီစဉ်လုပ်ဆောင်သွားမယ်၊ ကိုယ့်အလုပ်သာ အေးအေးလုပ်ကြ။ တပ်အတွက်လည်း ဘာမှမစိုးရိမ်ကြနဲ့ဟု နှစ်သိမ့်စကားပြောပါသည်။ ကျနော်တို့လည်း ဗိုလ်ချုပ်ပြောပုံဆိုပုံအရ စိတ်အေးချမ်းသွားပြီး ပဲခူးသို့ပြန်ခဲ့သည်။
နောက် (၂)ရက်လောက်ကြာသောအခါ ဗိုလ်ချုပ်အောင်ဆန်းက အနောက်တိုင်း “အာလံ”ဘက်ရောက်နေသော ဗိုလ်မှူးကြီးနေဝင်းထံ စာတစောင်ပို့သည်။ ထိုစာကိုပို့သူမှာ ဗိုလ်အောင်ကြီးတို့နှင့်ရင်းနှီးသော ဗိုလ်ဝင်းဖြစ်သည်။ သူက“အာလံ”အသွား ပဲခူးဝင်လာပြီး စာသွားပေး ရမည့်အကြောင်း ကျနော်တို့သိအောင် သတင်းလွှင့်သွားသည်။
နောက်ပိုင်းကျနော်သိရသည်မှာ ကျနော်တို့တွေ ဂျပန်တော်လှန်ရေး ဘာမှမလုပ်ကြဟုလည်း ပြောကြသည်ဆိုသည်။ သူတို့လည်း ဒီကိစ္စ ဘာများ ထိထိရောက်ရောက်လုပ်ကြသလဲ၊ ကျနော်တို့နောက်ဆုံး ၁၉၄၂ ခုနှစ်ကတည်းကစပြီး ဂျပန်တော်လှန်ရေးအတွက် မြေအောက်မှ လှုပ်ရှားစည်းရုံးနေကြသော ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ၁၉၄၄ ခုနှစ် သြဂုတ်လတွင်ပူးပေါင်းမိကြမှ တော်လှန်ရေးလမ်းကြောင်းပွင့်သွားပြီး ထိုလမ်းကြောင်းအတိုင်းသာ တော်လှန်ရေးလုပ်သွားနိုင်ကြသည် မဟုတ်ပါလော၊
နောက်ကျနော်တို့စဉ်းစားမိကြသည်မှာ ဗိုလ်အောင်ကြီးတို့ဂိုဏ်းသည် တပ်တွင်းအာဏာကို ကျော်လွှားလှမ်းတက်ယူလိုကြသည်။ သို့ရာတွင် သူတို့အပေါ်က ထင်ရှားတဲ့ခေါင်းဆောင်တယောက်ကို မှီခိုဖို့လိုရာ ဤတွင်ဗိုလ်နေဝင်းကိုရှာဖွေတွေ့ရှိပြီးနောက် ၎င်းတို့သည် တလျှောက်လုံး ဗိုလ်နေဝင်းကို တဖက်က မြေတောင်မြှောက်ပေးပြီး တဖက်ကလည်း သူ့အရိပ်ခိုကာ တပ်တွင်းဗိုလ်ကျလာကြသည် မဟုတ်ပါလား၊ ဤတွင်ဗိုလ်နေဝင်းကလည်း ပထမ ဗိုလ်ချုပ်အောင်ဆန်းအောက် ဒုတိယအဆင့်လူဖြစ်ရန် ဗိုလ်လက်ျာကိုဆန့်ကျင်အာခံပြီး ကျော်တက်နိုင်ရန် အားထုတ်ခဲ့သည်။ နောက်ဗိုလ်နေဝင်းသည် ဗိုလ်ချုပ်အောင်ဆန်းကိုပါဝေဖန်လာသော ဗိုလ်အောင်ကြီးတို့ လူငယ်ဂိုဏ်း တွေနဲ့ ပေါင်းဖက်ဂိုဏ်းဖွဲ့လာသည်။ နောက်သူဟာ သူ့ရဲ့အရည်အချင်းမရှိမှုနှင့် အကျင့်စာရိတ္တ အားနည်းချို့တဲ့မှုတို့ကြောင့် ရဲဘော်သုံးကျိပ်နှင့် တပ်တွင်းအများစုရဲ့လေးစားခြင်းမခံရလို့ မိမိရပ်တည်တိုးတက်ရေးအတွက် ဒီလူတွေကို မှီခိုအားထားဖို့လိုအပ်သည်ဟုလည်း ထင်ရပါသည်။
၁၉၄၄ ခုနှစ် ဧပြီလလောက်က ဗိုလ်အောင်ကြီး။ ဗိုလ်နေဝင်းတို့က တပ်တွင်း ကတောက်ကဆလုပ်မှုများကို ကျနော်နှင့် ဗိုလ်မှူးအောင်တို့က ဗိုလ်ချုပ်အောင်ဆန်းထံသွား၍ တိုင်ကြားသတိပေးမှုသည် အချည်းနှီးမဖြစ်ဟု ထင်ပါသည်။ ယင်းနောက်ပိုင်းကစပြီး ဗိုလ်ချုပ်အောင်ဆန်း သည် ဗိုလ်နေဝင်းကိုပို၍ သတိထားလာပုံရသည်။ နောက်ဆုံး ၁၉၄၅ ခုနှစ် မတ်လ ဂျပန်တော်လှန်ရေးနီးလာသောအခါ ဗိုလ်ချုပ်အောင်ဆန်း က ဗိုလ်နေဝင်းအပေါ် စတင်ပြီး ပဋိပက္ခပေါက်ကွဲလာတော့သည်။
0 comments:
Post a Comment