Friday, February 27, 2015

သခင် ခင်အောင်ပြောပြတဲ့အာရှလူငယ်အစည်းအရုံး(ဗမာနိုင်ငံ)၏ ရည်မှန်းချက်ပန်းတိုင် (အပိုင်း-၃) ထွန်းဝင်းငြိမ်း

0 comments
ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၁၊ အမှတ် - ၂၃၊ ဆရာထွန်းဝင်းငြိမ်း ဆောင်းပါး ...
သခင် ခင်အောင်ပြောပြတဲ့အာရှလူငယ်အစည်းအရုံး(ဗမာနိုင်ငံ)၏ ရည်မှန်းချက်ပန်းတိုင် (အပိုင်း-၃)

(ယခင်အပတ်မှ အဆက်)
သခင်သန်းထွန်းသည် ကျွန်တော်ပြောသမျှကို ဂရုတစိုက်နားထောင်နေခဲ့ပြီး ကျွန်တော့်စကားဆုံးသွားတဲ့အခါကျမှ သူ့သဘောထားကို ပြန်လည် ရှင်းပြပါတယ်။

သခင်သန်းထွန်း - “သခင်ခင်အောင် ပြောတာတွေဟာ မှန်သင့်သလောက် မှန်ကန်ပါတယ်၊ သခင်ခင်အောင်ရဲ့နိုင်ငံရေးအယူအဆ တိုးတက်ပြောင်းလဲလာတာ သိရလို့လည်း ဝမ်းသာအားရပါတယ်၊ ညက ကိုဗဟိန်းကပြောလို့သိရတာက ကျွန်တော်ဟာ ဂျပန်လိုလားသူအဖြစ်ပြောင်းလဲသွားပြီလို့ သခင်ခင်အောင်က ထင်နေတယ်ဆိုတာဟုတ်သလား”ဟု သခင်သန်းထွန်းကမေးရာ-

သခင်ခင်အောင် - “ဟုတ်ပါတယ်၊ သခင်သန်းထွန်းလို အဓိက ဂျပန်ဆန့်ကျင်ရေးသမားတစ်ယောက်ဟာ ဂျပန်ရဲ့ ရုပ်သေးအစိုးရအဖွဲ့ထဲမှာ ပါဝင်နေတာ ကျွန်တော်နားမလည်ဘူး၊ ကျွန်တော့်ဆန္ဒကတော့ ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ သခင်သန်းထွန်းကို ခေါင်းဆောင်အဖြစ်နဲ့သာ ရှိစေချင်တယ်၊ တွေ့မြင်ချင်ပါတယ်၊ အခုလို ရုပ်သေးအစိုးရထဲမှာ ဝန်ကြီးအဖြစ် ပါဝင်လုပ်ကိုင်နေတာကိုတော့ ကျွန်တော်သဘောမကျ မကြိုက်နှစ်သက်ပါဘူး”ဟု သခင်သန်းထွန်းနှင့်ပတ်သက်တဲ့ ကျွန်တော့်သဘောထားကိုလည်း ပွင့်ပွင့်လင်းလင်းပင် တင်ပြလိုက်ပါတယ်။

သခင်သန်းထွန်း - “သခင်ခင်အောင်ဟာ နိုင်ငံရေးအယူအဆမှာ အရင်ကနဲ့စာရင် တိုးတက်ပြောင်းလဲလာခဲ့ပေမယ့် စိတ်ကူးယဉ်နယ်ထဲက မကျော်လွန်နိုင်သေးတာ တွေ့နေရပါတယ်၊ ဖြစ်စေချင်တာတွေဟာလည်း မဖြစ်ဘဲနေခဲ့ပါတယ်၊ ဂျပန်ကို ကျွန်တော်ဟာ မကြိုက်ဘူး၊ ဗမာပြည်ကို ဂျပန်ရောက်လာမှာကို မလိုလားပါဘူး။ ဒါပေမယ့် ကျွန်တော့်စိတ်ကြိုက်အတိုင်းမဖြစ်ဘဲ ကျွန်တော့်ဆန္ဒနဲ့ဆန့်ကျင်ဘက် ဖြစ်လာခဲ့ပါတယ်၊ အခုလည်း ဂျပန်အစိုးရအဖွဲ့ထဲမှာ ကျွန်တော်ပါဝင်ဖို့ မရည်ရွယ်ခဲ့ပါဘူး၊ ဒါပေမယ့် ရုပ်အခြေအနေအရ ကျွန်တော့်ဆန္ဒနဲ့ ဆန့်ကျင်ပြီး ဂျပန်ရဲ့ရုပ်သေးအစိုးရထဲမှာ ပါဝင်လာခဲ့ရပါတယ်၊ အစိုးရအဖွဲ့အစည်းမှာပါဝင်ဖို့လူရွေးကြတဲ့အခါမှာ သခင်နုနဲ့သခင်မြဟာ ကျွန်တော်တို့အထဲမှာ အသက်အကြီးဆုံးမို့ သူတို့ ၂ ဦး ပါဝင်လုပ်ကြဖို့ရွေးခဲ့ပါတယ်၊ သခင်မြကလက်ခံခဲ့ပေမယ့် သခင်နုကလက်မခံဘဲ ငြင်းပြီး သူ့နေရာမှာ ကျွန်တော့်ကိုထားဖို့ အဆိုပြုလာပါတယ်၊

“အကြောင်းကတော့ တို့ဗမာအစည်းအရုံးဟာ ဗမာပြည်လွတ်လပ်ရေးအတွက် ဂျပန်နဲ့ပေါင်းပြီးတိုက်တာ မှားကြောင်း၊ သခင်နု၊ သခင်မြ၊ သခင်အောင်ဆန်းအပါအဝင် အားလုံးကသဘောပေါက်နားလည်ကြပြီးဖြစ်တဲ့အပြင် အဲဒီအမှားဖြစ်တဲ့ ရာဇဝင်ကြွေးကိုပြန်ဆပ်ဖို့နည်းဟာ ကလည်း ဂျပန်ကို ဗမာပြည်က ပြန်လည်မောင်းထုတ်ရမယ်ဆိုတဲ့သဘောကိုလည်း ခေါင်းဆောင်ကြီးတွေအားလုံးက သဘောပေါက် နားလည်ပြီးဖြစ်ကြပါတယ်၊ ဒါပေမယ့် အခုအချိန်မှာ ဂျပန်ရဲ့စစ်အင်အားဟာ အားကောင်းတုန်း ခိုင်ခံ့တုန်းအချိန်မှာရှိနေသေးလို့ ယခု လောလောဆယ်ပြန်တိုက်ဖို့မှာ မဖြစ်နိုင်သေးကြောင်း၊ ဂျပန်စစ်ရှုံးအောင်၊ စစ်ပန်းလာအောင် အချိန်ယူပြီးစောင့်နေရဦးမည်ဟုလည်း သဘောတူကြပါတယ်။ ဒါကြောင့် ယခု လောလောဆယ်မှာ ဂျပန်နဲ့ ပူးကပ်ပေါင်းသင်းနေမှ ဖြစ်မယ်၊ ခွာနေရင် ကျွန်တော်တို့အားလုံး အဖမ်းခံရ၊ အညှဉ်းဆဲခံကြရ ဖြစ်ကုန်လိမ့်မယ်လို့ မြင်ကြပါတယ်။

“နောက်ပြီးတော့ မဟာမိတ်အဖွဲ့နဲ့ဆက်သွယ်ဖို့ အိန္ဒိယပြည်ကိုစေလွှတ်ထားတဲ့ ကိုသိန်းဖေနဲ့ သခင်တင်ရွှေတို့ထံမှ သတင်းကိုလည်း သိအောင် စောင့်ဖို့လိုသေးတယ်၊ ဒါကြောင့် ယခုလောလောဆယ် ကျွန်တော်တို့ရဲ့သဘောဟာ အစစ်အမှန်ကို အပြင်သို့မထုတ်သေးဘဲ ဂျပန်လိုလားသူအဖြစ်နဲ့သာ ဂျပန်နဲ့မခွာဘဲ ပူးပေါင်းလုပ်ကိုင်ရင်း ကိုယ့်အင်အားကို တဖြည်းဖြည်းစုဆောင်းထားကြဖို့ သဘောတူကြပါတယ်၊ အဲဒီလို ဂျပန်ဆန့်ကျင်ရေးသဘောထားကို ဂျပန်မသိအောင်၊ မရိပ်မိအောင်ဖုံးကွယ်ထားရာမှာ သခင်နု၊ သခင်မြ၊ သခင်အောင်ဆန်းတို့မှာ မူလ အစကတည်းကပင် ဂျပန်လိုလားသူအဖြစ်ထင်ရှားနေခဲ့ပြီးဖြစ်သော်လည်း ကျွန်တော် (သခင်သန်းထွန်း)မှာ ဂျပန်ဆန့်ကျင်သူအဖြစ်နဲ့ ပေါ်လွင်နေသဖြင့် ကျွန်တော်တို့ ဂျပန်ဆန့်ကျင်သူအဖြစ် ဂျပန် မရိပ်မိ၊ မသိရှိအောင် အကာအကွယ်ယူဖို့ နည်းလမ်းမှာ ဂျပန်ရဲ့ ရုပ်သေးအစိုးရအဖွဲ့မှာ ပါဝင်လုပ်ကိုင်ခြင်းသာအကောင်းဆုံးဖြစ်တယ်ဟု အားလုံးကသဘောတူညီကြပါတယ်၊ ဒီရုပ် အခြေအနေကြောင့် ကျွန်တော်ဟာ မိမိရဲ့ဆန္ဒနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ အစိုးရအဖွဲ့ထဲမှာ မလွှဲမရှောင်သာ ပါဝင်လာခဲ့ခြင်းဖြစ်ပါတယ်”ဟု သခင် သန်းထွန်းသည် ထိပ်ပိုင်း လျှို့ဝှက်ချက်တစ်ရပ်ကို မပြောရင်မဖြစ်တဲ့အတွက် ကျွန်တော့်ကိုပြောပြပြီး ယင်းလျှို့ဝှက်ချက်ကိုလည်း အပြင်သို့မပေါက်ကြားရန် သတိပေးခဲ့ပါတယ်။ နောက် အာရှလူငယ်အစည်းအရုံးနှင့်ပတ်သက်ပြီး သခင်သန်းထွန်းက ဆက်လက်ပြောပြပါတယ်။

“အာရှလူငယ်အစည်းအရုံးအပေါ်မှာ သခင်ခင်အောင်ရဲ့အမြင်ဟာ မဆိုးပါဘူး၊ မှန်ပါတယ်၊ ကျွန်တော်တို့လည်း ဒီအတိုင်းပဲမြင်ထားပါတယ်၊ ဒါပေမဲ့ ရုပ်အခြေအနေအရ ဒီအာရှလူငယ်အစည်းအရုံးကို မဖွဲ့လို့လည်း မဖြစ်ပါဘူး၊ ပါဝင် မဆောင်ရွက်ဘဲနေလို့လည်း မဖြစ်ပါဘူး၊ ကျွန်တော်တို့ဖွဲ့စည်းမပေးလည်း ဖွဲ့ပေးမယ့်လူ ရှိလာမှာပဲ အကြောင်း မထူးဘူး၊ ထူးလာမှာက ကျွန်တော်တို့ရဲ့ ဂျပန်ဆန့်ကျင်ရေး သဘောထားကို ရန်သူကရိပ်မိသွားပြီး ဂျပန်တော်လှန်ရေးလုပ်ငန်းဟာ အချိန်မရောက်ခင်က ကြိုတင်နှိမ်နင်းတာကိုခံရမှာပဲ ထူးပါတယ်၊ ဒါကြောင့် အာရှလူငယ်ဖွဲ့စည်းပေးဖို့ ကျွန်တော်တို့သဘောတူလက်ခံခဲ့တာ တော်လှန်ရေးအကျိုးစီးပွားအတွက်သာ ဖြစ်တယ်၊ ဂျပန်ကို လိုလားလို့လည်း မဟုတ်ဘူး၊ ကြောက်လို့လည်း မဟုတ်ပါဘူး။ နောက်ပြီး ဒီအာရှလူငယ်ဖွဲ့စည်းရေးကို ကျွန်တော်တို့ဖွဲ့မပေးဘဲ အခြားလူတွေနဲ့ဖွဲ့ခဲ့ရင် သခင်ခင်အောင်ပြောသလို ဗမာလူငယ်တွေရဲ့မျက်စိထဲကို သဲပက်တဲ့အလုပ်ကိုပဲ လုပ်ကြမှာပါ၊

“အခု ကျွန်တော်တို့ဖွဲ့ရင် မဟာအမျိုးသားအကျိုးစီးပွားနဲ့ ဆန့်ကျင်တာတွေကိုမလုပ်ဘဲ ရှောင်ကွင်းလုပ်လို့ရတယ်။ အာရှလူငယ် အစည်းအရုံးဖွဲ့တာ ဖုံးကွယ်ထားတဲ့ ဂျပန်သဘောထားရည်ရွယ်ချက်ကတော့ ဖက်ဆစ်အုပ်စိုးမှုကို ဗမာလူငယ်တွေက မဆန့်ကျင်အောင် (အာရှ သာတူညီမျှဝါဒ) နဲ့ မှိုင်းတိုက်ထားဖို့ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့မြင်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ကလည်း အာရှလူငယ် အစည်းအရုံးကိုထူထောင်ဖွဲ့စည်းရာမှာ ဗမာ့အမျိုးသားအကျိုးစီးပွားအတွက် အပြင်ကိုမဖော်ထုတ်ဘဲထားတဲ့ နိုင်ငံရေးရည်ရွယ်ချက် သဘောထားရှိရပါမယ်၊ ဒါကတော့ ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ခိုက်ဖို့ပဲ ဖြစ်ပါတယ်၊ အဲဒီနိုင်ငံရေးရည်ရွယ်ချက်ကို အခုလောလော ဆယ်မှာ မဖော်ထုတ်သေးဘဲ လျှို့ဝှက်ထားရမယ်။ ဒါဟာ အလွန်အရေးကြီးပါတယ်။ ဂျပန်သိသွားရင် ကျွန်တော်တို့တစ်ပြုံလုံး တစ်စုလုံး ဒုက္ခရောက်ကုန်မှာပါ။ ဂျပန်ဟာ ကြမ်းတမ်းတဲ့ဖက်ဆစ်ဖြစ်တော့ အင်္ဂလိပ်အစိုးရလက်ထက်တုန်းက လုပ်နည်းလုပ်ဟန်မျိုးနဲ့ လုပ်လို့မရဘူး။ အစစ အရာရာမှာ သိုသိပ်လျှို့ဝှက်တဲ့နည်းကိုပဲ ပြောင်းလဲသုံးရမယ်။ အပေါ်ယံလူမြင်ကွင်းမှာ ဂျပန်လိုလားသည့်ဟန်အမူအရာကိုသာပြပြီး နောက်ပိုင်း တော်လှန်ရေးအတွက်မဖော်ပြသေးဘဲ ရည်မှန်းချက်ဖြစ်သဘောထားပြီး လူငယ်တွေကိုစည်းရုံးထားရမယ်။ ဂျပန်ဟာ ဗမာ့ရန်သူ အဖြစ် တိုက်ကွင်းတိုက်ကွက်ထားပြီး စည်းရုံးတဲ့နည်းကိုရှောင်ပြီး ဂျပန်ရဲ့နေရာမှာ နယ်ချဲ့အင်္ဂလိပ်အစိုးရကို ဗမာအမျိုးသားရန်သူအဖြစ် တိုက်ကွင်းတိုက်ကွက်ထားပြီး ပြောဆိုစည်းရုံးတဲ့နည်းကို သုံးရမှာဖြစ်တယ်။

“ကဲ ကျွန်တော်ပြောတာလည်း အတော်ကြာသွားပြီး ကျွန်တော်ပြောပြီးသမျှကို ပြန်ပြီးချုပ်လိုက်ရင်

၁။ အချက်က ကျွန်တော်တို့ ဂျပန်ရဲ့ရုပ်သေးအစိုးရထဲမှာ ပါဝင်လုပ်ကိုင်နေတာရယ်၊ အာရှလူငယ်အစည်းအရုံးဖွဲ့ဖို့ ကျွန်တော် တာဝန်ယူလာခဲ့တာရယ်၊ သခင်နုက တို့ဗမာဆင်းရဲသားအစည်းအရုံးဖွဲ့ဖို့ ကြိုးပမ်းနေတာရယ်၊ ဗိုလ်အောင်ဆန်းက ဗမာ့ကာကွယ်ရေး တပ်မတော် ပြန်လည်ဖွဲ့စည်းရေးလုပ်ကိုင်နေတာရယ် ဒီလုပ်ရပ်တွေအားလုံးဟာ ကျွန်တော်တို့ရဲ့ အမျိုးသားလွတ်မြောက်ရေး၊ ဂျပန်တော်လှန်ရေးအကျိုးစီးပွား စာမျက်နှာဖြစ်တယ်။

၂။ အချက်က ဂျပန်ဟာ ကြမ်းတမ်းရက်စက်တဲ့ ဖက်ဆစ်ဖြစ်တော့ အင်္ဂလိပ်နယ်ချဲ့သမားကိုတိုက်တဲ့ တိုက်နည်းပုံစံမျိုးနဲ့ တိုက်လို့မရပါဘူး။ တိုက်နည်းတိုက်ဟန် ပုံစံ နည်းပရိယာယ်ပြောင်းရပါမယ်။ ကျွန်တော်တို့ရဲ့အမျိုးသားလွတ်မြောက်ရေး၊ ဂျပန်တော်လှန်ရေးရည်ရွယ်ချက်ကို ဖော်ထုတ်ကြေညာပြီးတိုက်တဲ့နည်းကို အသုံးပြုလို့ မရပါဘူး။ ရန်သူမသိအောင် ဖုံးကွယ်ထားရပါမယ်။ စစ်တိုက်ရာမှာ တစ်ဖက်ရန်သူက ပစ်လိုက်တဲ့ကျည်ဆန်ဟာ တိုက်ရိုက်မထိမှန်နိုင်အောင် ဘန်ကာလို့ခေါ်တဲ့ ကတုတ်ကျင်းတူးပြီး တိုက်ရသလိုပါပဲ။ အခုလည်း ဂျပန်က တရားဝင်အသိအမှတ်ပြုပြီးခွင့်ပြုထားတဲ့ ရုပ်သေးအစိုးရအဖွဲ့၊ ဗမာ့ကာကွယ်ရေးတပ်မတော်၊ အာရှလူငယ်အစည်းအရုံးနဲ့ တို့ဗမာဆင်းရဲသား အစည်းအရုံးတွေဟာ ဂျပန်ကိုတိုက်ရာမှာ ကျွန်တော်တို့ရဲ့ ဘန်ကာတွေကတုတ်ကျင်းတွေ ဒိုင်းတွေအဖြစ် အသုံးပြုတတ်ရမယ်။
ထွန်းဝင်းငြိမ်း

0 comments:

Post a Comment