Saturday, January 31, 2015

ဆီမီးဆင်ဖိုနီ၊ နီတျာတျာ၊ ဘယ်သူနဲ့မှ မတွေ့ချင်ဘူးနဲ့တူတယ်ဟု ဆိုသောအခါ(ဆူးငှက်)

0 comments
ဆီမီးဆင်ဖိုနီ၊ နီတျာတျာ၊ ဘယ်သူနဲ့မှ မတွေ့ချင်ဘူးနဲ့တူတယ်ဟုဆိုသောအခါ(ဆူးငှက်)
လိုက်ကာ အဖြူစလေးက ရှားရှားပါးပါးလေမှာ ကော့ခနဲ တစ်ချက်လန်သွားသည်။ မှန်ပြတင်းက ခပ်ဝါးဝါးမြင်လိုက်ရသော စိန်ပန်းပင်အိုကြီးက သူ၏ရောင်ဝတ်စုံတွင် အနီရောင်ဘော်ကြယ်များခပ်စိပ်စိပ်ထိုးထား၏။
စိန်ပန်းပွင့်နီနီ။
ကျွန်တော်သည် မြမန္တလာဟိုတယ်၏ အရှေ့ဘက်အစွန်ခပ်ကျကျအခန်းအတွင်းမှ အပြင်ဘက်ရှိ စိန်ပန်းပွင့်များကို ငေးရီကြည့်နေမိ၏။ ဆရာဒဂုန်တာရာက ၁၉၅ဝ ခု ဒီဇင်ဘာလ စာဆိုတော်ရက်ကာလအတွင်း မန္တလေးရောက်သည့်ခရီးစဉ်ကို တူးဆွပြနေသည်။ လူထုဇနီးမောင်နှံ၊ တက္ကသိုလ်မောင်စောလွင်၊ တောင်သမန် ဦးပိန်တံတား၊
“ကျွန်တော် မန္တလေးရောက်တော့ အတွေ့ချင်ဆုံးပုဂ္ဂိုလ်က ဆရာမြို့မငြိမ်းပဲ၊ နတ်သျှင်နောင်၊ သက်ဝေ၊ ပျို့မှာတမ်းသီချင်းတွေ နားထောင်ပြီးကတည်းက တွေ့ချင်နေတာ။ ပျို့မှာတမ်းက ထပ်ဆိုအပိုဒ်မှာ အနောက်ဟန်ပါတာကိုက နှစ်သက်စရာကောင်းနေတာ။ မြန်မာသံနဲ့အနောက်သံကို လှလှပပတွဲဖက်ထားတာ သိပ်သဘောကျတယ်ဗျာ” ဟု ဆရာက ပြောပြသည်။
သည်တစ်ခေါက် မြမန္တလာမှာ ဆရာဒဂုန်တာရာက မြို့မငြိမ်းအကြောင်းအတော်ပြောချင်နေ၏။ ကျွန်တော်က ဘာမှမပြောနိုင်။
“အဲဒီအခေါက် မန္တလေးရောက်တုန်းက မိတ်ဆုံစားပွဲမှာ ဆရာမြမျိုးလွင်ကိုမေးရတယ်။ “ကျွန်တော် ဆရာမြို့မငြိမ်းကိုတွေ့ချင်တယ်။ မိတ်ဆက်ပေးစမ်းပါ” လို့ပေါ့။ ဒါပေမယ့် ဆရာမြမျိုးလွင်က ပြန်ပြောတယ်ဗျ။ အခုအခါမှာတော့ မြို့မငြိမ်းက ဘယ်သူနဲ့မှ မတွေ့ချင်ဘူးနဲ့ တူတယ်တဲ့ဗျာ။ ကျွန်တော်လည်း ဘာပြန်ပြောရမှန်းမသိဘူး၊ ဆရာမြမျိုးလွင်စကားကိုလည်း ဘယ်လိုနားလည်ရမှန်းမသိဘူး”
ဆရာဒဂုန်တာရာ၏ အသံတိုးညှင်းညှင်းတွင် အတိတ်အား လွမ်းဆွတ်မှုရီဝေနေသည်။ ဆရာက ယခုနှစ် ၅ဝ ကျော်တိုင် ထိုကိစ္စ၏အဖြေကို သိလိုစိတ်ပြင်းပြနေသည့် အားတက်သရောအသံလည်း စွက်နေ၏။
ကျွန်တော် သက်ပြင်းမျှင်းမျှင်းချမိသည်။
ဟိုတယ်အပြင်ဘက် ရေကူးကန်နဘေးက စိန်ပန်းပင်ဆီအကြည့်က ခပ်ငေးငေးရောက်သွားပြန်၏။
စိန်ပန်းပွင့်နီနီ။
(၁)
နီတျာတျာ၊ ရှေးစာ ရာမလေးလို၊ သန္တာသွေးနဲ့နှုတ်ခမ်းနဲ့ ဆင်တူအောင်ရယ် တစ်ကမ္ဘာလုံး နှုတ်ခမ်းနီခြယ်သကြလို့ စကြဝဠာမယ်စော်နံတယ်၊
နှင်းဆီရောင် ပါးပြင်နီမြန်းလို့ရယ်၊
မန္တလေးတရုတ်တန်းရှေ့ တော်ပြေးဝင်းမြောက်ပေါက်နှင့် ဓားလွယ်ခုတ်နေရာ ၂၈ လမ်းမြောက်ဘက်ခြမ်းတွင်ရှိသည့် ဦးရိပ်၊ ဒေါ်လေးတို့ အိမ်ဝင်းအတွင်းမှ တူရိယာသံစုံတီးမှုတ်သံများ မနက်လင်းကတည်းက ထွက်ပေါ်နေ၍ဖြစ်သည်။ ယခင်က သည်အိမ်ဝင်းအတွင်းရှိ အဆောက်အဦးမှာ စစ်ကြီးအတွင်း မီးလောင်ပြာကျသွားသဖြင့် ယခုအခါ ဝါးကပ်မိုးထရံကာ မြေစိုက်အိမ်ပဲရှိသည်။ ထိုအိမ်ဝင်းအတွင်း တီးသံမှုတ်သံတွေကတော့ ဟိုရှေးယခင်ကတည်းက အခုထိမပြောင်းမလဲရှိနေဆဲ။ ကနဦးတုန်းကတော့ မယ်ဒလင်၊ ဘင်ဂျို၊ ဗျက်စောင်း၊ မြန်မာဂီတာတွေဖြစ်မှာပေါ့။ 
အခုတော့ စန္ဒရား၊ အကော်ဒီယံ၊ ကလယ်ရီနက်၊ ထရန်ပက်၊ ဆိုက်ဆိုဖုန်းစသည့် အနောက်တိုင်းတူရိယာပစ္စည်း အသံများဖြစ်သည်။ ဦးရိပ်၊ ဒေါ်လေးတို့ကလည်း အသက်အရွယ်ကြီးရင့်၍ ရှိသည့်ဥစ္စာထုခွဲစားသောက်နေရငြား၊ မိတဆိုးမြေးကလေး ကိုဘညိန်းကို အလိုလိုက်လွန်း၏။ သူဖြစ်ချင်သည်ကို ဖြစ်အောင်ကြံဆောင်ပေးသည်။ ကိုဘညိန်းကလည်း ကျောင်းစာထက် ဂီတကို ပို၍ခုံမင်သည်။ အိမ်နီးချင်း ရွာစားစိန်ဗေဒါ ကြီးကပင် လက်ဖျားခါရသည့် ပါရမီရှင်ဖြစ်သည်။ ငယ်စဉ်ကတည်းက အနောက်တိုင်းဆင်ဖိုနီဓာတ်ပြားတွေ နားထောင်၊ နန်းတွင်းထဲက ကလပ်မှာ ဝင်တီး၊ ရွှေတိုက်ဝင်းမှာ ဂီတသင်္ကေတတွေသင်၊ ဆိုင်းတန်း ဦးတော်လုံကို ဥက္ကဌတင်ပြီး အပျော်တမ်းတူရိယာအသင်းပင် ထောင်လိုက်သေးသည်။ 
ကိုဘညိန်းဖြစ်ချင်တာက ဆင်ဖိုနီသြခက်စတြာတဲ့။ သူ့မိတ်ဆွေ သူဌေးသား ဓားတန်းကိုသန့်နှင့်ပေါင်းကာ မြဝတီမင်းကြီးဦးစ၏ “ဘုံပျံနေနန်း” ကို ဆင်ဖိုနီသြခက်စတြာဝိုင်းဖွဲ့သံစုံတီးဝိုင်းကြီးဖြင့် တီးခတ်ပြလိုသည်။ ဒါက သူတို့ရည်မှန်းချက်။ ထိုရည်မှန်းချက်ကား စစ်ကိုလည်း ကြုံ၊ ခြအုံလည်းဖြစ်၊ ဓားထစ်လည်းခံရသော်လည်း အညွန့်အညှောက်ထွက်ကာရှင်သန်နေဆဲ။ ထို့ကြောင့် စစ်ကြီးအပြီး မြို့မတူရိယာအသင်းကို ပြန်လည်စုစည်းကြတော့ လုပ်သင့်လုပ်နိုင်သည့် ကိစ္စတွေကို တစ်ထစ်ချင်းဆောင်ရွက်သည်။ ကိုဘညိန်းမှာ စီမံကိန်းရှိနေ၏။ ဘယ်သူ့မှလည်း စကား ဖွယ်ဖွယ်ရာရာပြောမနေ၊ အမြဲတွေးအမြဲငေးကာ သူစီမံကိန်းကိုရေးဆွဲနေသည်။ အသင်းတိုက်မှာ လူငယ်ဂီတဝါသနာရှင်တွေကို စုစည်းသည်။ အနောက်တိုင်းဂီတ သင်္ကေတနည်းပညာတွေကို ပို့ချသည်။ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း သူဖြစ်ချင်တာတွေပူးပေါင်းသည်။
ဂီတနှင့်ပတ်သက်လျှင် နေ့မရှိ၊ ညမရှိ၊ အိမ်မရှိ၊ အိပ်ရာမရှိ၊ ဇနီးမယားသမီးသားမရှိ။ အိမ်မှာ ညပြန်အိပ်ချင်မှလည်း အိပ်သည်။ သို့မဟုတ် အိမ်မှာပဲ အပေါင်းအသင်း တပည့်တပန်းတွေတရုန်းရုန်းနှင့် ဂီတကိုပဲ နေ့စဉ်ရက်ဆက် လုပ်ကိုင်နေတတ်သည်။
ဘယ်ဘက်မျက်လုံးက ငယ်စဉ်မှာပင် တိမ်ထိထား၍ ချိုင့်ခွက်ကာ မျက်သားဖြူဖြူတွေ များနေတတ်သည့် လူပုံစံက ဘယ်လိုမှ “ပန်တျာ” မလာသော စန္ဒရားအေးမောင်ဆိုသည့် တပည့်ကလည်း ထိုအိမ်က မပြန်တော့။ သူက စန္ဒရားခုံရှေ့ထိုင်သည်ကပင် ခပ်စောင်းစောင်း။
ဝတ်ပုံစားပုံ ဘိုဆံဆံ၊ နှစ်ထပ်ကော်လံ ဟာဝေယံရှပ် အဆင်အကွက်များကို ဘောင်းဘီရှည်နှင့်ဝတ်တတ်သူ၊ တစ်ခါတစ်ရံ ဘောင်းဘီတိုနှင့် ဝတ်တတ်သူ၊ ဘောင်းဘီနှင့်မဟုတ်ဘဲ လုံချည်နှင့်ဆိုပါက ထိုဟာဝေယံရှပ်တို လုံချည်အပြင်ဘက် ထုတ်ဝတ်တတ်သူ၊ တစ်ခေါင်းလုံး ငွေရောင်ဆံပင်၊ အသားကဖြူနီစပ်စပ်၊ ရုပ်က ဘိုကပြားရုပ်။ ရုပ်သွင်ဟန်ဟန် အမူအရာစမတ်ကျကျနှင့် ကိုဘသင်ကလည်း ထိုအိမ်က မပြန်တော့ ။ 
ဆံပင်တိုတို၊ မျက်ဆံကြောင်ကြောင် ဂယောင်ဂယင် မအူမလည်ရုပ် စန္ဒရားအေးမောင်နှင့်တွဲဖက်သူက ထိုကဲ့သို့သော စမတ်ကျကျ ဘိုဆံဆံ ကိုဘသင်။ ကိုဘသင်က ဂျပ်ဇ်နှင့် ဒယ်ဘယ်လ်ဘေ့စ်ကို တီးခတ်သည်။ သူတို့နှစ်ယောက်က ခွဲလို့မရ။ စန္ဒရားနှင့်ဂျပ်ဇ်၊ ဒယ်ဘယ်လ်ဘေ့စ်။
စန္ဒရားဆိုရာတွင် ကိုအေးမောင်က လက်ဆယ်ချောင်းဖြင့် အသံအကွာအဝေး၊ အနိမ့်အမြင့်၊ အတိုအရှည်၊ အတိုးအကျယ်လိုသလို အတိအကျ ရိုက်ခတ်မိအောင် ထိနိုင်ဖိနိုင်တီးနိုင်သူတဲ့။ စန္ဒရားကို အနောက်တိုင်းဂီတသင်္ကေတ(notes)ဖြင့် ကျွမ်းကျင်စွာတီးခတ်နိုင်သူ။ စန္ဒရားကို “ကော့ဒ်” နှင့် ကျွမ်းကျင်စွာတီးခတ်နိုင်သဖြင့် “ကော့အေးမောင်”ဟု ဝိသေသပြုခံရသူ။ ဒီလို ဘိုဆံဆံစန္ဒရားလက်သံနှင့် ဘိုရုပ် ကိုဘသင်၏ ဂျပ်ဇ်နှင့် ဒယ်ဘယ်လ်ဘေ့စ်နှင့် ၂ ယောက်သား တီးခတ်နေကြလျှင်များ ငေးကြည့်ကြရသတဲ့။ 
ဤကဲ့သို့ လိုက်ဖက်ညီသောတပည့်များ စိတ်ရည်တူ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ကိုဘညိန်း(ဝါ)မြို့မငြိမ်းက “ဆီမီးဆင်ဖိုနီ” သီချင်းတစ်ပုဒ် ရေးထုတ်ခဲ့သည်။ သီချင်း၏ကနဦးအစ သံဖြူတန်းက မိတ်ဆွေကြီးကိုလှဒင်အိမ်မှာဖြစ်၏။ ကိုလှဒင်ဆိုတာ မြို့မငြိမ်းနှင့် မြို့မမှာ ကနဦး ထူထောင်ခဲ့သူတစ်ဦးအပါအဝင်။ သူကလည်း ဂျပ်ဇ်သမား။ ကိုလှဒင်အိမ်မှာ မြို့မငြိမ်းက စန္ဒရားအေးမောင်ကို “ရွေတညာ”လေး လုပ်စမ်းပါ ဆို၏။ “ရွေတညာ” ဆိုတာ ပြင်စည်မင်းသားကြီး၏ အလွမ်းဘွဲ့ ယိုးဒယားသီချင်းဖြစ်သည်။
“ရွေတညာ၊ ဖျော်ဖြေဘွေကြော့၊ မြန်မြေချာဝယ်၊ လွန်သာထွေလို့ ဖန်ရွှေစာငယ် မူရာပိုဖွဲ့ဆိုယောင်မှား” အစချီသီချင်းဖြစ်သည်။ အတီးသမားများ အကြိုက်တွေ့သည့် သီချင်းလည်း ဖြစ်၏။ မြို့မငြိမ်းက စန္ဒရားအေးမောင်ကို “ရွှေတညာ”တီးခိုင်းတော့ တပည့်လုပ်သူ ကလည်း စန္ဒရားခုံမှာတစောင်းလေးထိုင်ပြီး ညက်ညက်ကျေနေသော “ရွေတညာ”ကို ဒေါင်းဒေါင်းပြေး တီးခတ်တော့၏။ “အသော” ဒေါင်လို့ မချမီရပ်ခိုင်းသည်။ ထပ်တီးခိုင်းသည်။ အသော “ဒေါင်”လို့ မချမီ ရပ်ခိုင်းပြန်ပြီး လက်ထဲက နုတ်(စ်)စာရွက်တွေပေးကာ “ဒါကိုဆက်တီး” ဟု ခိုင်းသည်။ စန္ဒရားအေးမောင်က ခပ်ကြောင်ကြောင်မျက်လုံးကို ခပ်စောင်းစောင်း အားစိုက်ကာ နုတ်(စ်)တွေကိုကြည့်သည်။ 
လက်ဆယ်ချောင်းနှင့်စန္ဒရားခလုတ် အဖြူ၊ အနက်တွေကို ခပ်သွက်သွက်တို့ထိသည်။ ဘိုဆံဆံတေးသွားတစ်စ။ ရပြီ။ ခပ်သွက်သွက် တီးခတ် လိုက်သည်။ နုတ်(စ်) နှင့်အတူ ရေးမှတ်ထားသော သူ့ဆရာ၏ လက်ရေးခပ်စောင်းစောင်းတွေကို လိုက်ဖတ်ရင်းစိတ်ထဲက အသံထွက်လိုက် ဆိုမိ၏။
“ဝါရွှေညိုနီ၊ ဟို အနောက်တိုင်းဆီဝယ်
ပလက်တီနံဘလွန်း၊ ရောင်စုံခြယ်
မြန်မာလုံမယ်၊ မင်ညိုပိတုန်းရောင်ခြယ်
သွယ်သွယ်ပျော့ပျောင်း၊ ယဉ်ကေဆံသီနွယ်
အနက်ရောင်တစ်မျိုးနဲ့ ဒို့မယ်၊ ကြက်တောင်ဆံရစ်ဆံပတ်ထုံးတယ်
ဒေါက်ချာမြင်းမိုရ် ကြီးငယ်၊ အိုးစည်ခေတ်မီသုံးတယ်
ဗျာပါဆံကေသွယ်၊ ဘောင်ဘောင်ဗွေထဲဆီဝယ်
စွန်တောင်ကိုဆွဲ၊ မူရာတော်တွေကြွယ်”
(၂)
“လှကြစမ်းပါဗျာတို့” သီချင်း၏အစ“နီတျာတျာ၊ ရှေးစာ ရာမလေးလို သန္တာသွေးနဲ့” မှ “နှင်းဆီရောင်၊ ပါးပြင်နီမြန်းလို့ရယ်” အထိမှာ “ရွေတညာ” ယိုးဒယားအသွား ဖြစ်သည်။ စာလုံးအရေအတွက်၊ အသံအကွာအဝေးကြောင့် စည်းဝါးတော့နည်းနည်းကွာသည်။ “ဝါရွှေညိုနီ” မှသည် “စွန်တောင်ကိုဆွဲ” အထိအပိုဒ်က စန္ဒရားအကော်ဒီယံတွေကို “ဂျပ်ဇ်”၊ “ကော့ဒ်”တွေနှင့် ဘိုသံညက်ညက် တီးခတ်ရသည်။ “ယဉ်တစ်ကိုယ် ပါးကျပ်ကိုလဲ” မှ “လှကြစမ်းဗျာတို့ လွတ်လပ်တယ်”ထိက မြန်မာသံ မြန်မာအသွားပြန်ဝင်လာ၏။ 
ထိုအပိုဒ်တွင်ပို၍ မြန်မာဆံလာအောင် ပန်းချီဦးဘသက်က ဝါးပတ္တလားအသံကျဲကျဲလေးနှင့် ဆော့ကြည့်ချင်သေးတယ်ဟု ဆိုသည်။ ၂၈ လမ်းအိမ်ကလေးမှာ “လှကြစမ်းပါဗျာတို့”ကို အပြန်ပြန်အလှန်လှန် အညက်ကြီးညက်အောင် စိတ်လိုလက်ရ နှစ်နှစ်သက်သက် တီးမှုတ် နေကြတာ နေ့စဉ်ရက်ဆက်။ မြို့မငြိမ်း၏ အဘွားဒေါ်လေးကလည်း သူ့မြေးနှင့် အပေါင်းအသင်းတွေ ပျော်ရွှင်နေကြတာကြည့်ပြီး ကျေနပ် နေသည်။ မြေးဖြစ်သူ ဘာလိုသလဲ၊ လိုသမျှဆောင်ကြဉ်းပေးရတာကိုပဲ အဘွားအိုက ဝမ်းသာနေ၏။ “လှကြစမ်းပါဗျာတို့” ကို မြန်မာ ဝါးပတ္တလားသာမက အခြားအနောက်တိုင်းတူရိယာတွေ ကြိုးတတ်တူရိယာတွေနှင့်ပါ အသံတွေထပ်မံ ဖြည့်စွက်ကြဦးမည်။ တူရိယာပစ္စည်း အသီးသီးနှင့် ပိုင်နိုင်ကျွမ်းကျင်မှုကို နာရီမလပ်မပြတ် လေ့ကျင့်နေကြသည်။ မကြာမီ ဆရာမြို့မငြိမ်းလိုချင်သော ဆီမီးဆင်ဖိုနီကို အကောင်အထည် ဖော်နိုင်ကြတော့မည်။
“ယဉ်တစ်ကိုယ်၊ ပါးကျပ်တိုပဲ
ဆိုးလက်သဲလက်သဲ၊ ရဲနီမြန်းနီမြန်း။ ပန်းနွယ်ကော့သွယ်
စင်အောင်နှုတ်လို့သာပေး၊ ရေးမင်ရေး မင်ရေး
ကွေးကောက်ကွေးမျက်ခုံးသုံးရက်လနှယ်
အစ်မကြီးတို့ရဲ့ ဓနဉ္စရူပံ၊
ကြံဖန်ထင်သလို၊ လှကြစမ်းဗျာတို့ လွတ်လပ်တယ်”
နန်းရှေ့အောင်ပင်လယ်ကန်ပေါင်ရိုးအနီးက ကျွန်တော့အိမ်ကလေးသို့ အန်တီဒေါ်တင်ကြည်က သူ့ခြံကိုလာကြည့်ရင်း ဝင်ဝင်လာတတ်သည်။ အန်တီဒေါ်တင်ကြည်ဆိုတာ ဆရာမြို့မငြိမ်း၏သမီးကြီး၊ ပန်းချီဆရာပေါ်ဦးသက်၏ဇနီးဖြစ်သည်။ သူ့ခြံက ကျွန်တော့အိမ်၏ အရှေ့ဘက်မှာ ကပ်လျှက်။ အန်တီဒေါ်တင်ကြည်က ကျွန်တော့အိမ်မှာ စိမ်ပြေနပြေထိုင်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြသည်။ 
အကြောင်းအရာ အစပ်အဟပ်တည့်သွားပြီဆိုမှဖြင့် သူ့သားကိုမိုးကြီးကို ကားနှင့်ပြန်လွှတ်လိုက်ပြီးနောက် ၁ နာရီကျော်မှ ပြန်လာခေါ်လှည့်ဟု ပြောတတ်၏။ အန်တီဒေါ်တင်ကြည်သည် သူ့ဘဘ ဆရာမြို့မငြိမ်းအကြောင်း၊ သူ့ဘဘ၏ သီချင်းတွေအကြောင်းကို မမောနိုင်မပန်းနိုင် ပြောသည်။ တခါတရံ သီချင်းတွေလည်း သံနေသံထားနှင့်ဆိုပြ၏။ သီချင်းသံကြားတော့ အိပ်ရာထဲက အသက် ၉ဝ ကျော်အရွယ် ကျွန်တော့ အမေကလည်းထလာပြီး ကျွန်တော်တို့ဆီထွက်လာ၏။ အန်တီဒေါ်တင်ကြည်က အမေ့ကိုမြင်တော့ “သြော် အမေ ကန်တော့နော် ကန်တော့” ဟု ဆိုသည်။ အမေက “ရတယ် ပြောပြော၊ အမေလည်း နားထောင်ချင်လို့”ဟု ဆိုသည်။ 
“အိမ်မှာက မနက်လင်းတာနဲ့ တရုန်းရုန်းပဲကွယ့်၊ အန်တီတို့ ဘေးမကြီးကလည်း အဘွားကြီးလုံးလုံးဖြစ်နေတာတောင် သူ့မြေး၊ အန်တီတို့ ဘဘကို မျက်နှာအညှိုးမခံရဘူး၊ လိုတာကို မရှိတဲ့ကြားက ထုခွဲပေးနေတာ။ စစ်ကြီးမှာ အိမ်လည်းပြာကျ၊ လုပ်ငန်းလည်းပျက်ဆိုတော့ ဘယ်မှာဝင်ငွေရှိမှာတုန်း၊ မေမေကလည်း ဈေးထွက်တယ်ဆိုပေမယ့် အရောင်းအဝယ်ဖြစ်လှတယ်မှမဟုတ်ဘဲ။ အန်တီက အပျို မဖြစ်တဖြစ်ပေါ့။ လွတ်လပ်ရေးရပြီးတော့လည်း တိုင်းပြည်က ငြိမ်တာမှမဟုတ်တာ။ ကရင်ဝင်လိုက်၊ ဟိုနားဒီနားပစ်လိုက်ခတ်လိုက် ဆိုတာတွေကြားနေရတာ။ အန်တီတို့ ဘဘမှာ ညီအစ်ကိုအရင်းအချာလို အလွန်ချစ်တဲ့ညီတစ်ယောက်ရှိတယ်၊ သူက အဲဒီတုန်းက အလံနီကွယ့်။ တစ်နေ့တော့။
(၃)
၁၉၄၉-၅ဝ ဝန်းကျင်တွင် ဆရာမြို့မငြိမ်းက ညီအရင်းတစ်ယောက်ကဲ့သို့ချစ်ခင်ရင်းနှီးသော ဝမ်းကွဲညီတစ်ယောက်သည် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုထဲပါဝင်နေသဖြင့် အစိုးရစစ်တပ်က ဖမ်းဆီးမိသွားသည်။ မန္တလေးအရှေ့ဘက် ပုသိမ်ကြီးရေထွက်စခန်းတွင် တပ်စွဲထားသော အစိုးရစစ်တပ်ကဖမ်းဆီးမိသဖြင့် လက်နက်ကိုင်တိုက်ပွဲ အရှိန်အဟုန်ပြင်းထန်သောကာလမို့ ရန်ကင်းတောင်ခြေ၌ပင် ကွပ်မျက်သည်ဟုဆို၏။ မြို့ကိုပင် မောင်းထုကြေညာသော ကွပ်မျက်သည့်ပွဲကို ဆရာမြို့မငြိမ်းက သူ့မိတ်ဆွေဦးလေးစိန်တို့နှင့် သွားကြည့် မိသည်ဆို၏။ 
ရန်ကင်းတောင်က ပြန်လာကတည်းက ဆရာမြို့မငြိမ်း ငူငူငေါင်စင်းစင်းဖြစ်နေသည်။ အလွန်နုနယ်သော အနုပညာသမား၏ဦးခေါင်းမှာ ရက်စက်ကြမ်းကြုတ်မှုအမည်းကွက်က ရုတ်ချည်းစွဲထင်သွားခြင်းဖြစ်၏။ ဘယ့်နှယ်ခံနိုင်ပါ့မလဲ။ အစကတော့ သတိမထားမိ။ သူ့နဂိုနေ ပုံစံပဲထင်ကြ။ ဖြည်းဖြည်းချင်းမှ သိသာလာသည်။ သမီးဖြစ်သူ၏ အိမ်မှာလှန်းထားသော အင်္ကျီအနီကိုမြင်တော့ ရုတ်ချည်းဆွဲယူကာ ဆုတ်ဖြဲလွှင့်ပစ်လိုက်သည်။ တဘက်အနီကိုမမြင်ရဲ။ အိမ်ရှေ့က ဖြတ်သွားလေ့ရှိသည့် အိန်္ဒိယအမျိုးနွယ်များ၏ ဘင်ခရာနှင့်လှည့်လာသော မင်္ဂလာဆောင်အခမ်းအနားများတွင် အနီရောင်ရဲရဲဝတ်ဆင်လာသော သတို့သားသတို့သမီးကို တွေ့ရာခဲနှင့် ပစ်ခတ်တတ်သည်။ 
သည်ကြားတွင် အစစအလိုလိုက်သော ဘွားအေကြီးကလည်းဆုံးပါးသွားတော့ တစ်ပူပေါ်နှစ်ပူဆင့်လာ၏။ အိမ်မှာအမြဲ စုစည်းဝိုင်းဖွဲ့ နေကြသည့်အပေါင်းအသင်းများ၊ တပည့်များက လက်သားကျနေသော “လှကြစမ်းပါဗျာတို့” ကိုလည်း မတီးမှုတ်ရဲ။ “နီတျာတျာ” ဆိုသည်နှင့် ဆရာမြို့မငြိမ်းက ပိုသည်းလာသည်။ ပိုဆိုးလာသည်။ အားလုံးလည်း လူစုကွဲသွား၏။ ဓားတန်း အသင်းတိုက်သို့လည်း မသွားနိုင်တော့။
တစ်ခါတစ်ရံ တစ်ယောက်တည်းထွက်သွားပြီး နန်းဦးလွင်က ဦးလေးစိန်ဆီ ရောက်ချင်ရောက်သွားသည်။ တစ်ခါတစ်ရံ ဝါးတန်းမှာ တစ်ယောက်တည်း၊ တစ်ခါတစ်ရံ ဒေါင်းရိုးမှာ၊ ဆရာငြိမ်းကို တစ်ယောက်တည်းတွေ့သည့်သူတိုင်းက အိမ်သို့ပြန်ပို့ပေးသည်။ မန္တလေးဆိုတာကလည်း တောင်ပြင်၊ မြောက်ပြင်၊ အရှေ့ပြင်၊ အနောက်ပြင် ဘယ်နေရာသွားသွားမသိသူမရှိ။ ဆရာငြိမ်းလို ပုဂ္ဂိုလ်မျိုးမို့ လူတိုင်းကသိသည်။ ဝိုင်းဝန်းသည်။ စောင့်ရှောက်သည်။ မြို့မအသင်းကတော့ ဓားတန်းမှာ ဆရာမြို့မငြိမ်းမရှိတော့သော်လည်း သူ့နည်းသူ့ဟန် ဆက်လက်ချီတက်နေဆဲ။
ဆရာမြို့မငြိမ်း၏ စိတ်မကျန်းမာမှုသတင်းက တစ်မြို့လုံးသိထားပြီး တစ်မြို့လုံးက စာနာထောက်ထားနေကြသည်။ ထိုစဉ်ကာလမှာပဲ ဆရာဒဂုန်တာရာ မန္တလေးရောက်လာပြီး စာပေမိတ်ဆုံညစာစားပွဲတွင် ဆရာမြမျိုးလွင်အား “မြို့မငြိမ်းကို တွေ့ချင်တယ်ဆရာ၊ မိတ်ဆက် ပေးစမ်းပါ” ဟု ပြောလိုက်ခြင်းဖြစ်၏။ 
ဆရာဒဂုန်တာရာကတော့ သူအလွန်တွေ့ချင်သော မြို့မငြိမ်းကို မတွေ့ခဲ့ရဟုဆိုသည်။ ဆရာကြီး မြမျိုးလွင်၏စကားရပ်ကိုလည်း ကေင်းစွာ နားမလည်ဟု မြို့မစိန်ရတုမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ ဆရာဒဂုန်တာရာ၏ဆောင်းပါးကိုဖတ်ပြီးနောက် ကျွန်တော်တို့လည်း ဆရာကြီး မြမျိုးလွင်၏စကားကို နားမလည်ခဲ့။ ကျွန်တော်တို့အချင်းချင်းပင် အငြင်းပွားမိကြသေးတော့။ အမြင်အမျိုးမျိုး။ 
ကဲ၊ တစ်မြို့လုံးသိနေသော ကိစ္စမှာ နာမည်ကျော်စာရေးဆရာကြီးမြမျိုးလွင်က ဧည့်သည်စာရေးဆရာကို ဘယ်လိုအဖြေပေးရပါ့မလဲ။ ဝတ္ထုတိုင်းတွင် ဖွယ်ရာယဉ်ကျေးလွန်းလှသည့် အပြန်ပြန်အလှန်လှန် စကားပြောများကြောင့် လက်ကမချချင်အောင် စွဲမက်ကြ၊ ချီးမွမ်းခဲ့ကြ ရသည့် မန္တလေးသား ဆရာကြီးမြမျိုးလွင်က အလွန်ဖွယ်ရာယဉ်ကျေးသောအသုံးအနှုန်းဖြင့် ဆရာဒဂုန်တာရာကို အဖြေပေးခဲ့သည်။ 
“ယခုအခါမှာတော့ မြို့မငြိမ်းက ဘယ်သူနဲ့မှ မတွေ့ချင်ဘူးနဲ့တူတယ်” တဲ့။
စာလုံးတစ်လုံးချင်းကို ရေရွတ်ကြည့်လိုက်ပါဘိ။ အလွန်ယဉ်ကျေးဖွယ်ရာသော အဖြေစကားပါပေ။ ဘယ်သူ့ကိုမှလည်း မထိခိုက်။ ဆရာကြီး မြမျိုးလွင်၏စကားရပ်ကို ကျွန်တော်စိတ်ဝင်စားသည်။ ထိုအချိန်က ဆရာမြို့မငြိမ်းက ဘယ်သူနှင့်မှ မတွေ့ချင်သောအနေအထားကို စေ့ငု ကြည့်မိသည်။ သည်လိုနှင့်။ 
(၄)
မြမန္တလာတွင် ဆရာဒဂုန်တာရာလာသည့်အခေါက်က ထိုအကြောင်းကို မပြောမိလိုက်။ ဘာပဲပြောပြော သည်ကိစ္စက ဆရာဒဂုန်တာရာ့ကိုသာ မက အားလုံးကိုပြောပြချင်မိသည်။ ကွယ်လွန်သူ အန်တီဒေါ်တင်ကြည်ကလည်း သူ့ဘဘအကြောင်းသူပြောပြတာ ကျွန်တော်ကတဆင့် မိတ်ဆွေတို့ကို အခုလို ပြန်ဖောက်သည်ချခြင်းကိုလည်း ခွင့်ပြုမှာသေချာသည်။
ဆူးငှက်

0 comments:

Post a Comment